Friday, February 25, 2011

သေးငယ်သော အပြုအမူလေးများ၏နောက်ကွယ်

တစ်ခါတစ်လေ ကျွန်တော်တို့တွေ ကြုံဖူးတတ်ကြပါတယ်။ ကိုယ်လုပ်လိုက်တဲ့ဟာလေးက ဘာမှမပြောပလောက်ပဲနဲ့ တစ်ဖက်လူက စိတ်ဆိုးသွားတဲ့ကိစ္စမျိုးတွေ။ ဥပမာ- အရမ်းခင်တဲ့ သူငယ်ချင်းက ကိုယ့်ကိုဂျီတော့မှာတွေ့လို့ စကားလာပြောတယ်။ ကိုယ်က မသိလိုက်လို့ ပြန်မပြောလိုက်ရဘူး။ အဲဒီမှာ သူကစိတ်ဆိုးသွားပါလေရော။ လူတော်တော်များများကြုံဖူးကြပါတယ်။ ဖုန်းဆက်တာကို မအားလိုက်လို့မကိုင်တာ။ ပြန်လဲမဆက်ဖြစ်လိုက်တာ။ မက်ဆေ့ဂ်ျမပြန်ဖြစ်တာ အဲဒါတွေကို စိတ်ဆိုးတာ စတာတွေပေါ့။

တွေးကြည့်လိုက်ရင် နစ်နာစေတဲ့ ကိစ္စတွေမှမဟုတ်တာ။ စိတ်ဆိုးစရာမရှိပါဘူးလို့ ပြောချင်စရာပါ။ တစ်ကယ်ကတော့ မဟုတ်ပါဘူး။ အဲဒီအပြုအမူလေးတွေက တစ်ဖက်လူကို အလွန်အင်မတန်စိတ်ထိခိုက်စေပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီအပြုအမူလေးတစ်ခုရဲ့နောက်ကွယ်က အဓိပ္ပါယ်တွေကို အများကြီးတွေးယူလို့ရလို့ပါ။ သူဆက်တဲ့ဖုန်းကို မကိုင်လိုက်ဘူး။ ပြန်လဲမဆက်ဘူးဆိုတာက သူ့ကိုဂရုစိုက်စရာမလိုဘူး။ အရေးတယူလုပ်ပြီး ပြန်ဆက်ဖို့အဆင့်မရှိဘူးလို့ ဆိုလိုရာရောက်ပါတယ်။ တစ်ဖက်လူရဲ့ ခံစားချက်ကို ထိခိုက်သွားနိုင်ပါတယ်။ ဂျီတော့မှာလဲ အားနေရင်ပြန်ပြောသင့်ပါတယ်။ မအားရင်တောင် ဘာလို့မအားလဲ ရှင်းပြထားရမှာပါ။ ကိုယ့်ကိုချစ်တဲ့ခင်တဲ့ ကိုယ့်ရဲ့ သူငယ်ချင်းတစ်ယောက်ကို စိတ်မပျက်သွားစေအောင်ပါ။ သူများစကားပြောနေတာကို ပြန်ပြောချင်မှပြော၊ မပြောချင်နေလုပ်တာဟာ ခဏ၊ ခဏဆိုရင် အလွန်အင်မတန်ခံရခက်ပါတယ်။ ဒီလူက ငါ့ကိုအမြဲဒီလိုအချိုးမျိုးနဲ့ဆက်ဆံတယ်ဆိုပြီး ကိုယ့်အပေါ်ခင်မင်မှုလျော့သွားတတ်ပါတယ်။ လူတိုင်းက ကိုယ့်ကိုဂရုစိုက်တာပဲ လိုချင်ကြလို့ သတိထားသင့်ပါတယ်။

ကျွန်တော် ကြုံဖူးပါတယ်။ ရန်ကုန်မှာနေတုံးက စင်ကာပူက သူငယ်ချင်းတစ်ယောက်ကိုတွေ့ချင်လို့ အွန်လိုင်းလာပါတယ်။ ကျွန်တော်ကသူနဲ့ ပြောဖို့လာပေမယ့် သူကတော့ကျွန်တော့ကို မေ့လောက်မှတစ်ခါ စကားပြန်ပြန်ပြောပါတယ်။ မေးကြည့်တော့ တံမြက်စည်းလှဲနေလို့တဲ့။ အိမ်အလုပ်တွေလိုက်လုပ်နေလို့တဲ့။ ကျွန်တော်တကူးတကလာပြီးသူ့ကိုစကားပြောရပေမယ့် သူ့အတွက်တော့ ကျွန်တော်ကအရေးမပါဘူးလို့ နားလည်လိုက်ရပါတယ်။ စိတ်တော့ထိခိုက်ပါတယ်။ နာရီဝက်၊ တစ်နာရီလေးထိုင်ပြီး အချိန်ပေးလိုက်ရင် ရတာကို အရေးမစိုက်လုပ်တာပါလားလို့ ခံစားလိုက်ရလို့ပါ။ စကားပြန်မပြောတာဆိုတဲ့အကြောင်းအရာသေးသေးလေးရဲ့ နောက်ကွယ်က အရေးစိုက်စရာမဟုတ်ဘူးလို့သဘောထားခံရတယ်ဆိုတဲ့ လူ့ခံစားချက်ကိုထိခိုက်စေတဲ့ အကြောင်းအရာ အစစ်အမှန်အကြီးကြီးပါ။

နောက်ထပ်အဲလိုမျိုး အဖြစ်အပျက်သေးသေးလေးနောက်ကွယ်က စိတ်ကိုနာစေတဲ့ အကြောင်းအရာတစ်ခု ကျွန်တော့မှာရှိပါသေးတယ်။ ကျွန်တော်တို့တွေ ရန်ကုန်မှာ ကျောာင်းတက်နေကြတုံးကပါ။ စာမေးပွဲကာလဆိုရင် အရမ်း ဖိစိမှုများပြီး စိတ်ညစ်ရတတ်ပါတယ်။ ကျွန်တော့အတွက်ကတော့ အဲဒီအချိန်မှာ ခင်မင်တဲ့ သူငယ်ချင်းတွေနဲ့ ဖုန်းပြောတာ၊ အဆက်အသွယ်လုပ်နေရတာတွေက လူကိုသက်သာစေပါတယ်။ ဒါကြောင့် ကျွန်တောခင်တဲ့ သူငယ်ချင်းတွေစာမေးပွဲရှိရင်လဲ ဖုန်းလေးတော့ဆက်ပြီး စာရလား၊ အဆင်ပြေလားလောက်တော့ အားပေးလေ့ရှိပါတယ်။

အဲလိုနဲ့ စာမေးပွဲတွင်းတစ်ခုကို ရောက်လာပါတယ်။ ကျွန်တော်လဲ ဖုန်းတစ်ချက်လောက်ဆက်ပြီး သူငယ်ချင်းတစ်ချို့ ကို အားပေးပါတယ်။ ၁မိနစ်၊ ၂ မိနစ်လောက်ပဲ ပြောတာပါ။ အဆင်ပြေလား..ကြိုးစားကွ ဆိုတာလောက်ပါပဲ။ အဲ...သူငယ်ချင်းတစ်ယောက်ရဲ့ တုန့်ပြန်ပုံလေးက တော်တော်သင်းပါတယ်။ ကျွန်တော်လဲ ဖုန်းဆက်လိုက်ရော သူ့အိမ်ကကိုင်ပါတယ်။ ဖုန်းလာနေတယ်လို့ လှမ်းပြောလိုက်တော့ ဘယ်သူလဲမေးပြီး မအားသေးဘူးပြောလိုက်ပါတဲ့။ ဟားဟား။ ကျွန်တော် တော်တော်တင်းသွားခဲ့ပါတယ်။ ကိုယ့်ရဲ့ ခင်မင်တဲ့သူငယ်ချင်းလို့ သတ်မှတ်ထားတဲ့သူတစ်ယောက်က ကိုယ့်ကိုအဲလို ဆက်ဆံလိုက်လို့ပါ။ တစ်မိနစ်လောက်သူ့ကို အားပေးဖို့ဆက်တာဆိုတာသိသိကြီးနဲ့ အဲလိုပြောထွက်ရက်တဲ့သူငယ်ချင်းကိုလဲ စိတ်နာသွားပါတယ်။ သူနဲ့ပက်သက်တဲ့ ခင်မင်မှုတွေအားလုံး စိတ်ထဲမှာ ဘာမှကို မကျန်တော့တာပါ။ ဖုန်းလဲနောက်ဘယ်တော့မှ မဆက်ဖြစ်တော့ပါဘူး။ သူကစာမေးပွဲပြီးတော့ လာတောင်းပန်ပေမယ့် ကျွန်တော့မှာ ခံစားချက်တွေမရှိတော့ပါ။ နားပဲထောင်နေလိုက်ပြီး ဘာမှမပြောဖြစ်လိုက်တော့သလို အရင်လိုသူရောငါရော အပြန်အလှန်ခင်တဲ့သူငယ်ချင်းဆိုတဲ့ ခံစားချက်ကို ဘယ်လိုမှပြန်မရနိုင်ခဲ့တော့ပါဘူး။ ဖုန်းလေးတစ်ခါမဖြေတာပဲ၊ ဘာဖြစ်လဲလို့တော့မပြောပါနဲ့။ အဲဒီမဖြေဘူးဆိုတဲ့ လုပ်ရပ်ရဲ့  နောက်ကွယ်ကသူ့ရဲ့ စိတ်နေစိတ်ထားကို လှမ်းမြင်လိုက်ရလို့ပါ။

နောက်တစ်ခါကတော့ ကျွန်တော့အမေနဲ့ ဖြစ်တာပါ။ ကျွန်တော်ကျောင်းသွားရင် မေမေကမုန့်ဖိုးထုတ်ပြီး စားပွဲပေါ်မှာတင်ထားပေးလေ့ရှိပါတယ်။ တစ်နေ့တော့ မေမေကမေ့ပြီး မုန့်ဖိုးထုတ်ထားပေးဖို့မေ့သွားပါတယ်။ ကျွန်တော်လဲ ငါ့မေမေတော့ ဒီနေ့မေ့နေတယ်ဟဆိုပြီး ဘာမှမပြောပဲကျောင်းသွားလိုက်ပါတယ်။ စိတ်ထဲတော့ ဘယ်လိုမှမနေပါ။ နောက်တစ်ရက်ကျတော့လဲ မေမေထပ်မေ့ပြန်ပါတယ်။ သြော်၂ ရက်ဆက်တိုက်မေ့တယ်ပေါ့လို့တွေးမိတယ်။ တောင်းတော့ မတောင်းဖြစ်ပါဘူး။ နောက်နေ့သူသတိရမှယူမယ်ဆိုတဲ့ စိတ်နဲ့ပါ။ ၃ ရက်မြောက်နေ့မေ့တာကျတော့ ကျွန်တော်နည်းနည်းစခံစားရပါတယ်။ မေမေတော့ ငါ့ကိုမေ့နေပြီ။ အရင်လိုဂရုမစိုက်တော့ဘူးဆိုတဲ့ အတွေးနဲ့ပါ။

ငါးရက် တစ်ပတ်ကြာသွားတဲ့အထိ မေမေမေ့လာတဲ့အခါမှာတော့ ကျွန်တော့ခေါင်းထဲမှာ အတွေးတွေစီနေပါပြီ။ မေမေက ငါ့ကိုမချစ်တော့ဘူး။ ဂရုမစိုက်တော့ဘူး ဆိုပြီးတော့ပါ။ ကျွန်တော်ကလဲ တောင်းမှပေးတာထက် ကိုယ့်ကိုဂရုတစိုက်နဲ့ထုတ်ပေးထားတာလေးကိုပဲ တန်ဖိုးထားပြီး လိုချင်တာပါ။ ခုတော့ နေ့စဉ်ရက်ဆက် မေမေ မေ့လာတဲ့အခါ အမေက ကိုယ့်ကိုစွန့်ပစ်ထားပါတယ်ဆိုတဲ့ ခံစားချက်ထိဝင်လာပြီး မေမေ့ကိုလဲ စကားပြောချင်စိတ်မရှိဖြစ်လာပါတယ်။ အဲဒီတော့မှ မေမေကရိပ်မိပါတယ်။ သားဘာဖြစ်နေလဲလို့ မေးပါတယ်။ ဟုတ်ကဲ့..မုန့်ဖိုးမပေးလို့ စိတ်ကောက်နေတာပါ လို့ဖြေရမှာလား။ အဲလိုလဲ မဟုတ်ပါဘူး။ တော်တော်ပြောရခက်တဲ့ကိစ္စကြီးပါ။ မုန့်ဖိုးမပေးလို့ စကားမပြောတာဆိုရင်လဲ ဒါလေးနဲ့များလို့ အပြောခံရမှာပါ။ အဲဒီနောက်ကွယ်က သက်ရောက်သွားတဲ့အဓိပ္ပါယ်တွေ၊ ထိခိုက်သွားစေတဲ့စိတ်ဓါတ်တွေကို ကျွန်တော်မေမေနားလည်အောင် ရှင်းမပြတတ်ပါဘူး။ ဘာမှမဖြစ်ဘူးလို့ပြောတော့လဲ မရပါဘူး။ အတင်းမေးပါတယ်။ သိသာနေတာကိုး။ နောက်ဆုံးတော့ ပြောရင်းနဲ့ကျွန်တော်ငိုမိသွားပါတယ်။ ဖေဖေပါ ပါလာပြီး ဖေဖေကကျွန်တော်ပြောတာကို သေချာဂရုစိုက်ပြီးနားထောင်ပေးပါတယ်။ အဲဒီနောက်တော့ အေးအေးအေး..နောက်ဆိုမင်းသားကိုဂရုစိုက်လိုက်လို့ မေမေ့ကိုပြောပြီး ပြဿနာပြီးသွားပါတယ်။ ကျွန်တော်လဲ ကျေနပ်သွားပါတယ်။ ဘာမှမဟုတ်ဘူးလို့ထင်ရတဲ့ အပြုအမူလေးတွေက ခွန်အားကြီးကြီးနဲ့ လူရဲ့  စိတ်ကိုလွှမ်းမိုးနိုင်တာကို ပြောချင်တာပါ။

မြန်မာရာဇဝင်မှာလဲ အဲလိုအဖြစ်အပျက်မျိုးရှိခဲ့ဖူးပါတယ်။ ကြားဖူးကြမယ်ထင်ပါတယ်။ ကျွန်တော် နာမည်တွေတော့မေ့သွားပါပြီ။ အဖြစ်အပျက်ပဲ မှတ်မိတော့တာပါ။ရှမ်းစော်ဘွားတွေ အစည်းအဝေးလုပ်တဲ့အခါ အကြီးအကဲစော်ဘွားက စော်ဘွားအားလုံးကို လက်ဖက်တစ်အုပ်စီဧည့်ခံပါတယ်။ အားလုံးကိုဝေတဲ့အခါ အပေါ်က ဖက်လေးတွေအုပ်ပေးရပါတယ်။ စော်ဘွားကြီးကိုယ်တိုင်အုပ်ပေးလေ့ရှိပါတယ်။ တစ်နေ့တော့ စော်ဘွားကြီးက လက်ဖက်ဝေတဲ့အခါမှာ စော်ဘွားတစ်ယောက်ရဲ့  လက်ဖက်အုပ်ကို မေ့ပြီး ဖက်မအုပ်မိပါဘူး။ အမေ့ခံရတဲ့စော်ဘွားလေးက တစ်ရက်တော့သည်းခံပါတယ်။ နောက်ရက်တွေကိုလဲ စောင့်ကြည့်ပါတယ်။ ပြောတော့မပြောပါဘူး။ စော်ဘွားကြီးက ၃ရက်ဆက်တိုက်လောက်မေ့လာတဲ့အခါမှာတော့ စော်ဘွားလေးက ဘေးမှာအတူထိုင်တဲ့စော်ဘွားတစ်ယောက်ကို ပြောပါတယ်။ ဒီစော်ဘွားကြီးတော့ ငါ့တစ်ယောက်ကိုတမင် အဖုံးမအုပ်ပဲလက်ဖက်ပေးတယ်။ နေ့တိုင်းလုပ်နေတာဆိုတော့ ငါ့ကိုမလေးမခန့်အရေးမစိုက်လို့ ပြောချင်တာပဲ။ ပုန်ကန်တော့မယ်လို့ပြောတာပါ။ ဘေးကစော်ဘွားက စိတ်ကောင်းရှိ၊ဥာဏ်ရှိပြီး ရှေ့နောက်ဆင်ခြင်တတ်လို့တော်ပါသေးတယ်။ ချသာချဆိုပြီး မြှောက်ပေးတာတို့၊ စော်ဘွားကြီးကိုသွားတိုင်တာတို့ မလုပ်ပါဘူး။ ဟာ..နေပါဦး။ ဒီစော်ဘွားကြီးက အဲလိုစိတ်မျိုးရှိပုံမရပါဘူး။ သာမာန်မေ့လျော့တာနေမှာပါလို့ ပြေရာပြေကြောင်းပြောပေးပါတယ်။ ငါမေးပေးပါ့မယ်ဆိုပြီး စော်ဘွားကြီးကိုလဲမေးပေးပါတယ်။ စော်ဘွားကြီးကလဲ စိတ်သဘောထားပြည့်ဝပါပေတယ်။ ပုန်ကန်ချင်တဲ့ကောင် သတ်ဟလို့ မပြောပါဘူး။ သူတကယ်ကို မေ့လျော့သွားတာဖြစ်တဲ့အတွက် ခွင့်လွှတ်ပေးဖို့တောင်းပန်ပါတယ်။နောက်ကိုဒီလိုမဖြစ်စေရဖို့ ကတိပေးပါတယ်။ဒီလိုနဲ့ စော်ဘွားလေးလဲစိတ်ပြေပြီး ခွင့်လွှတ်လိုက်လို့ ဇာတ်လမ်းလေးက ပြန်လည်ချစ်ခင်ခြင်းနဲ့ လှလှပပအဆုံးသတ်သွားပါတယ်။ အဲဒီအဖြစ်အပျက်က တကယ်ဖြစ်ခဲ့တာပါ။ ကျွန်တော်ကတော့ ဖတ်ပြီးပြီးချင်း စော်ဘွားလေးခံစားရတာကို နားလည်လိုက်ပါတယ်။ အပြုအမူသေးသေးလေးက အဓိပ္ပါယ်အများကြီးသွားနိုင်တာကိုး။

ဒီတော့ ကိုယ်ချစ်တဲ့ ခင်တဲ့သူတစ်ယောက်က ကိုယ့်အပြုအမူလေးတစ်ခုခုကြောင့် ကိုယ့်ကိုစိတ်ဆိုးတယ်ဆိုရင် သူ့နေရာက ခံစားပေးလိုက်ပါ။ ဘာဖြစ်သွားတာလဲသိအောင် အားထုတ်ပါ။ နားလည်အောင်ကြိုးစားပါ။ အကယ်၍မဟုတ်ရင်လဲ မဟုတ်ကြောင်းရှင်းပြပြီး ကျေနပ်အောင်လုပ်ပါ။ ဖြစ်နိုင်ရင်တော့ အဲလိုအပြုအမူမျိုးကို မလုပ်ဖြစ်အောင်သတိထားတာက အကောင်းဆုံးဖြစ်မှာပါ။

အားလုံးပဲ ကိုယ့်ရဲ့မထင်မှတ်တဲ့အပြုအမူလေးတစ်ခုကြောင့် ကိုယ်ချစ်တဲ့ခင်တဲ့သူတွေရဲ့ စိတ်ကို ထိခိုက်အောင်လုပ်မိခြင်းက ကင်းဝေးကြပါစေဗျာ။