စိတ်ကို အလိုလိုက်ပါများရင် ဘဝက ကွာလတီကျလာတတ်တယ်။ ဒီမှာတင် ကွာလတီ ဆိုတဲ့ စကားက မေးစရာဖြစ်လာပြန်ပါလေရော။
တစ်ယောက်နဲ့တစ်ယောက် ဘဝရဲ့ ရည်မှန်းချက်၊ တန်ဖိုးထားတဲ့အရာတွေက မတူတတ်ကြဘူးမဟုတ်လား။ တစ်ချိန်လုံး ကြုံးရုန်းကြိုးစား၊ ပျော်စရာမရှာပဲ အလုပ်လုပ်မှ ဘဝလို့ ယူဆတဲ့သူတွေရှိသလို၊ အလိုက်သင့်အလျားသင့် ဘဝကို ပျော်သလိုဖြတ်သန်းသွားမှ အဓိပ္ပါယ်ရှိတယ်လို့လဲ ခံယူသူတွေရှိနေတာ ကျွန်တော်တို့ သိနေ၊ မြင်နေရတာပဲ။ ဒီတော့ ဘဝရဲ့  ကွာလတီ ဆိုတာလဲ တစ်ယောက်နဲ့ တစ်ယောက်ဘယ်တူတော့မလဲ။
ကျွန်တော့်အတွက်ကတော့ သေချာတယ်။ စိတ်ကို အလိုလိုက်ပါများရင် ဘဝရဲ့  ကွာလတီ ကျသမှ သိပ်ကိုကျတာ။ လုပ်သင့်တဲ့ အလုပ်တွေလဲ ကောင်းကောင်းမလုပ်၊ လုပ်ရမယ့်အလုပ်တွေလဲ မပြီး၊ တန်ဖိုးရှိတဲ့ အချိန်တွေလဲ ဖြုန်းလို့ဖြုန်းနဲ့။ နောက်ဆုံးတော့ အချိန်တွေသာ ကုန်သွားတယ်။ ဒုံရင်းက ဒုံရင်းပဲ။ ဖြစ်ပုံ၊ ဖြစ်ပုံများပြောပါတယ်။ ကိုယ့်ဟာကိုယ်တော့ သိသား။ သိသာသိတယ် မပြင်တာကလဲ ခက်သားကလား။
ဒီလိုမျိုးနဲ့ ကုန်သွားတဲ့ အချိန်တွေမှာ အားတင်းပြီးသာ တစ်ခုခုလုပ်ခဲ့ရင် ခုလောက်ဆို လက်ဆုပ်လက်ကိုင်ပြစရာ ကျွမ်းကျင်မှုတစ်ခုခု ရှိနေရောပေါ့။ ဥပမာ..ကျောင်းစာ၊ ပညာရပ်တစ်ခုခု၊ ဝါသနာပါရာ ဘာသာရပ် ဘာညာပေါ့ဗျာ။
ကိုယ့်ကိုယ်ကို မကြာမကြာ သတိပေးပြီး မေ့လောက်မှတစ်ခါ တစ်ခါ ထထလုပ်နေသေးလို့ပဲ ဘဝရဲ့ ကွာလတီ ဆိုတဲ့ဟာကြီးက အောက်ဆုံးတန်း ထိုးမရောက်သေးတယ်။
ကိုယ့်ကိုယ်ကို ကျေနပ်နေနိုင်သေးသရွေ့ တော့ Quality life ကို ပိုင်ဆိုင်ထားတုံးပဲလို့ ဆိုရမှာပဲ။ ပိုကောင်းတဲ့ ကွာလတီဘဝ ကိုရဖို့ကတော့ အများကြီးအများကြီး ကြိုးစားရပါဦးမယ်ဗျာ။