မောင်ဇိကို ငယ်ငယ်က အဖွားနဲ့အဖွားရဲ့  ညီမတွေက ထိမ်းကြတယ်။ ရှေးအဖွားကြီးတွေဆိုတော့ ပုံပြင်တွေ အများကြီး ပြောတတ်ကြတာပေါ့။ မောင်ဇိကလဲ ကြိုက်တဲ့ပုံပြင်များဆို ညတိုင်းပြန်ပြောခိုင်းတာ။ အလွတ်ရပြီးသား ပုံပြင်တွေဖြစ်နေတော့ အဖွားပြောတာများ တစ်ခုခုကျန်ခဲ့ကြည့်၊ ချက်ချင်းထထောက်တာ။ ဟိုဟာကျန်သေးတယ်လေ...ဒီဟာလေးလဲပါသေးတယ်လေတို့နဲ့။ ရယ်စရာအခန်းတွေရောက်တော့မယ်ဆိုလဲ အသင့်ပြင်ထားပြီး ရောက်တာနဲ့ အားရပါးရတန်းရယ်တာ။ ဘယ်နှစ်ခါပြောပြော ရယ်တာပဲ။
အလွတ်ရနေတဲ့ အဲဒီပုံပြင်တွေကို မောင်ဇိကျောင်းတက်တော့ သူငယ်ချင်းတွေကို ပြန်ပြောပါတယ်။ သူငယ်တန်းကျောင်းသားအချင်းချင်းပြောတဲ့ပုံပြင်တွေပေါ့။ ဒီကြားထဲမှာ မောင်ဇိက သူငယ်ချင်းတွေကို ကြိုကြားကြိုကြား အရုပ်ကလေးတွေဆွဲပေးလိုက်သေးတယ်။ကလေးဆွဲပေါ့။ ဟယ်လီကော့ပတာတို့...တင့်ကားတို့။ ဘာပဲဖြစ်ဖြစ် ရွယ်တူကလေးတွေကမောင်ဇိနားမှာ ဝိုင်းနေတော့တာပေါ့။ ဒါနဲ့ပဲမောင်ဇိမှာ ပြောစရာပုံပြင်က ကုန်လာရော။ ထပ်ခါထပ်ခါပြောရလွန်းလို့ ပြောနေကျပုံပြင်တွေကိုလည်း မောင်ဇိအပေါင်းအသင်းတွေက ရိုးကုန်ကြပြီ။ အဲဒီမှာ ရွှေသွေးလေး၊ မိုးသောက်ပန်းလေး၊ ပုံပြင်စာအုပ်လေးတွေ စဖတ်ရာကနေ မောင်ဇိ စာဖတ်ဝါသနာလေး မဆိုစလောက်ရလာတယ်ဆိုပါတော့။
လေးတန်းကျောင်းသားမောင်ဇိတစ်ယောက် ကျောင်းက မန်ကျည်းပင်ကြီးအောက် အရိပ်ထဲမှာ သူ့ဘော်ဒါတစ်အုပ်နဲ့ ပုံပြင်တွေ၊ ဇာတ်လမ်းတွေပြောပြောနေတာကို နေ့လည်မုန့်ဆင်းစားချိန်ဆိုတွေ့ရပါလိမ့်မယ်။ ဖတ်ဖူးသမျှ၊ ကြည့်ဖူးသမျှ၊ ကြားဖူးသမျှ ရုပ်ရှင်၊ ဇာတ်လမ်း၊ ပုံပြင်တွေကို ပါးစပ်ကနေ အမြှုပ်တစ်စီစီထွက်မတတ် အားရပါးရပြောနေတာကို သူငယ်ချင်းတစ်အုပ်က “ဟာ” ခနဲ့ “ဟင်” ခနဲ၊ “ တစ်ဟီးဟီးတစ်ဟားဟား” နဲ့များအားပေးလိုက်ရင် မောင်ဇိတို့များပျော်လို့။ ဇာတ်လမ်းတွေကိုလည်း မောင်ဇိစိတ်ကြိုက်၊ ကလေးတွေအကြိုက် အပိုဆာဒါးတွေ အများကြီးလျှောက်ထည့်၊ ဇာတ်သိမ်းပိုင်းတွေကို အားလုံးအကြိုက်လျှောက်ပြင်ပြောနဲ့ ဖြစ်လိုက်တဲ့အလုပ်များ မျက်နှာပွင့်သလားမမေးနဲ့။ တစ်ခုပဲ ခက်တာက တစ်ခါတစ်လေ အဲဒီဇာတ်လမ်းကို သူငယ်ချင်းတွေက ပြန်ပြောခိုင်းရင် သူ့မှာအရင်တစ်ခေါက်ပြောတုံးကနဲ့ ထပ်တူဖြစ်အောင် မပြောနိုင်တာလေးပဲ။ သူ့ဟာသူတောင် ဟိုဇာတ်လမ်းနဲ့ ဒီဇာတ်လမ်းပေါင်း၊ လိုချင်တဲ့ဟာတွေဖြည့်ထည့်၊ ဇာတ်သိမ်းခန်းတွေ ပြင်လွန်းလို့ မမှတ်မိတော့တာလေ။
လက်စလက်နလေးတက်လာတဲ့ မောင်ဇိတစ်ယောက် ၇ တန်းကျောင်းသားလောက်မှာ ကာတွန်းစာအုပ်လေးတွေစရေးပါတယ်။ A4 စာရွက်ကိုလေးချိုး ချိုး ၊ ပုံပြင်လေးတွေကို ကာတွန်းဆွဲ၊ စာအုပ်တစ်အုပ်စာရရင် ကာတွန်းစာအုပ်လေးတွေချူပ်ရာက ကိုယ်ပိုင်ဇာတ်ကောင်လေးတွေထွင်၊ ကိုယ့်ဇာတ်လမ်းနဲ့ကိုယ် ရေးတဲ့ထိ အားစိုက်လာပါတယ်။ နွေရာသီကျောင်းပိတ်ရက်၊ ကျောင်းမှာဖွင့်တဲ့ ပန်းချီအခြေခံသင်တန်းလေးက ရတဲ့ပညာလေးနဲ့ စာအုပ်မျက်နှာဖုံးတွေတောင် ကိုယ်တိုင် ရေဆေးနဲ့ ပန်းချီသရုပ်ဖော်လို့။ မောင်ဇိသူငယ်ချင်းတွေများ မောင်ဇိကို အားပေးလိုက်ကြတာ ဝက်ဝက်ကွဲ။ သူအရင် ငှားဖတ်မယ်၊ ငါအရင်ငှားဖတ်မယ်နဲ့ အကြိတ်အနယ်တောင်လုကြလို့။ မောင်ဇိတစ်ယောက်မှာသာ သူ့ရဲ့  အဖိုးတန်ကြိုးစားအားထုတ်မှုလေးတွေ မြေစာပင်ဖြစ် ဆုတ်ပြဲကုန်မှာစိုးလို့ ရင်တစ်ထိတ်ထိတ်နဲ့ ဝင်ဆွဲရတာ။ ဒီစာအုပ်လေးတွေက သူ့အတွက်တော့ မဟာအားထုတ်မှုကြီးတွေ မဟုတ်လား။
တက္ကသိုလ်စတက်တော့ မောင်ဇိတို့ ပုံစံအသစ်ပြောင်းပြန်ရော။ သူ့ပုံပြင်တွေ၊ ကာတွန်းတွေက တက္ကသိုလ်ကျောင်းသားတွေကြားမှာ ဘယ်တိုးပေါက်နိုင်မလဲ။ ဒါနဲ့ပဲ ဖတ်ဖူးသမျှစာတွေ ကဗျာတွေ အခြခံလို့ ပုံပြင်အသစ်တွေထွင်ပြီး သူ့ သူငယ်ချင်းအပေါင်းအသင်းတွေကို ထည့်ရေးတဲ့ အကျင့်တစ်ခုရလာတယ်ဆိုပါတော့။ အားလုံးက စိတ်ဝင်တစားနဲ့ ဖတ်ကြတာပေါ့။ မဖတ်ပဲ နေမလား။ ကိုယ့်အကြောင်းသူများ ဘာများရေးထားသလဲ ဆိုတာ လူတိုင်းသိချင်တဲ့ကိစ္စကိုး။ ဇာတ်ကောင်အနေနဲ့ မပါတဲ့သူတွေကလဲ ပါတဲ့သူတွေကိုကြည့်ပြီး ရယ်ချင်တာနဲ့ ဖတ်ကြတယ်။ တော်ရုံတန်ရုံ ကဲတဲ့ကောင်ဆိုလဲ မောင်ဇိစာထဲမှာ ထည့်ရေးမှာကြောက်တာနဲ့ ဆက်ဆံရေးတွေဘာတွေပြောင်းပြီး ကောင်းကောင်းမွန်မွန်ဆက်ဆံလို့။ မောင်ဇိက သူတို့ငယ်ကျိုးငယ်နာတွေပါ လျှောက်ဖော်တာကိုး။ အဲ...ထူးခြားတာက အရေးခံရမှာကြောက်တဲ့သူတွေရှိသလို “နောက်တစ်ခါရေးရင် ငါ့ကိုပါထည့်ရေးပါဦး” ဆိုပြီး မကြာခနသတိပေးတတ်တဲ့ သူငယ်ချင်းမျိုးတွေလည်းရှိသေးရဲ့ ။ ဒီလိုနဲ့ သရုပ်ဖော်ပုံလေးတွေနဲ့ မောင်ဇိရဲ့ ပုံပြင်စာအုပ်လေးတွေက သူငယ်ချင်းတွေကို ကျေနပ်ပျော်ရွှင်စေခဲ့တယ်ဆိုပါတော့။
ကျေနပ်စေခဲ့တယ်ဆိုမှ မကျေနပ်တဲ့သူတွေလဲရှိခဲ့ဖူးပါတယ်။ ဖြစ်ပုံကတော့ မောင်ဇိလက်ဆော့တာပါပဲ။ မောင်ဇိတို့နဲ့ သွားအတူ လာအတူ ဆော့အတူ သူငယ်ချင်းတစ်ယောက်က ကောင်မလေးတစ်ယောက်ကို ကြိုက်ပါလေရော။ ငနဲသားတွေကလဲ ခက်တယ်။ မိန်းကလေးတစ်ယောက်ကို ကြိုက်တာနဲ့ သူငယ်ချင်းတွေကို အဖက်ကို မလုပ်တော့တာ။ စာသင်ခန်းထဲမှာလဲ သူငယ်ချင်းတွေနဲ့ အတူတူမထိုင်၊ ကစားဖို့လဲ ခေါ်မရ၊ ထမင်းစားလဲ ပေါ်မလာနဲ့ သူငယ်ချင်းတွေကို ခြေစုံကိုကန်တော့တာ။ မြှောက်ပေးတဲ့ကောင်တွေကလဲ မြှောက်ပေး၊ မောင်ဇိကလဲ အဲဒါမျိုးဆို မျက်စိစပါးမွှေးစူးတတ်တာနဲ့ဆိုတော့ အဲဒီငနဲအကြောင်း ကဗျာတစ်ပုဒ်ကို ဟာသဆန်ဆန်ရေးဖြစ်သွားတယ်ဆိုပါတော့။ ရေးဖြစ်ရုံတင်ဘယ်ကမလဲ၊ မိတ္တူကူးပြီးတစ်ကျောင်းလုံးတောင် လျှောက်ကပ်လိုက်သေးတယ်။ နာမည်တွေဘာတွေ ရေးမထားပေမယ့် အဲဒီကောင်အကြောင်းဆိုတာ နီးစပ်သူအားလုံးက သိကြတာပေါ့။ ဟိုငနဲလဲ ရှူးရှူးရှဲရှဲတွေဖြစ်ပြီး စာရွက်တွေလိုက်ခွာ၊ ဘယ်ကောင်လုပ်လဲ စုံစမ်းပေါ့ဗျာ။ နောက်ဆုံးမတော့ “ ဟေ့ကောင် ရေးသာရေး၊ ရေးသာရေး” ဆိုပြီး မြှောက်ပေးခဲ့တဲ့ထဲက အပေါင်းအသင်းကောင်း တစ်ကောင်ရဲ့  ဖော်ကောင်လုပ်မှုနဲ့ အရေးခံရတဲ့မောင်က လက်သီးလက်မောင်းတန်းလို့ မောင်ဇိဆီ ဒုတ်ဒုတ်ထိရောက်လာပါရောလား။ မောင်ဇိမှာ ကိုယ်ကရေးမိလေသူဖြစ်တာကြောင့် လေသံပျော့လေးနဲ့ တောင်းပန်လိုက်ရတာ...ကံကောင်းလို့ မျာက်နှာမှာ လက်ရာမရပါကလား။ မောင်ဇိတို့ တစ်ခါတည်းမှတ်... မြှောက်ပေးတဲ့ကောင်တိုင်း ချင့်ယုံဟ လို့။
အဲဒီလို...အဲဒီလို ရာဇဝင်တစ်လျှောက် အမြှီးအမှောက်မတည့် ထွန်းပြောင်ခဲ့တဲ့ မောင်ဇိတို့က ခုချိန်ထိလဲ ရေးချင်စိတ်ပေါက်ရင်ရေးနေတုံး....နားထောင်မယ့်သူရှိရင် ဖတ်ဖူးသမျှတွေပြောနေတုံး...နောက်ဆုံးအချိန်ထိ ရေးချင်ရာတွေရေးခဲ့မယ်လို့ စိတ်ကူးတွေယဉ်နေတုံးပါပဲ။ပြောသမျှ ၊ ရေးသမျှတွေမှာ ငယ်ငယ်ကလေးဘဝကနဲ့ ကွာခြားသွားတာတစ်ခုပဲရှိတယ်။ ဇာတ်သိမ်းခန်းတွေကို စိတ်ကြိုက် အတင်းမရမကမပြင်တော့ပဲ သူ့သဘာဝအတိုင်း၊ သူ့သဘောအတိုင်း အေးချမ်းရင်လဲ အေးချမ်းသလို၊ ပူလောင်ရင်လဲ ပူလောင်သလို၊ ပျော်ရွှင်ရင်လဲ ပျော်ရွှင်သလို၊ ဝမ်းနည်းရင်လဲ ဝမ်းနည်းသလို ၊ ကောင်းရင်ကောင်းသလို၊ ဆိုးရင်ဆိုးသလို အရှိအတိုင်း ပေးသိမ်းလိုက်တာတစ်ခုပါပဲ။ မောင်ဇိက သူငယ်တန်းကျောင်းသားတစ်ယောက်မှ မဟုတ်တော့တာပါကလား။ ။