Tuesday, August 25, 2015

အိပ်မက်များ၏ မြစ်ဖျား

 သေးငယ်ကျဉ်းမြောင်းသည့် ကြယ်သီးပေါက်ကလေးထဲသို့ ကြယ်သီးကို ခက်ခက်ခဲခဲထိုးသွင်းနေသော အိုမင်းရင့်ရော်နေသည့် ခပ်တုန်တုန်လက်တစ်စုံကို ကျွန်တော်လက်ဖြင့် အသာအယာဖယ်ရှားလိုက်သည်။ ပြီးတော့ သန့်စင်သည့်လည်ကတုံးရှပ်အင်္ကျီ၏ ကြယ်သီးလေးများကို တစ်လုံးပြီးတစ်လုံး ကျွန်တော့်လက်များဖြင့်တပ်ပေးသောအခါ

“ ရပြီ၊ ရပြီ ငါ့မြေး။ အောက်ဆုံးကြယ်သီးနှစ်လုံးချန်ထား။ ပြန်ဖြုတ်တော့မခက်အောင်လို့”
 ဟု ခပ်လေးလေးဆိုလေသည်။ ပြီးတော့

“ကျန်းမာပါစေ၊ ချမ်းသာပါစေ၊
ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ၊
ဘေးအသွယ်သွယ်၊ ရန်အမျိုးမျိုးတို့မှ ကင်းဝေးကြပါစေ။
မရသေးသော စည်းစိမ်၊ဥစ္စာ၊ ရာထူး၊ ဂုဏ်သိန်တို့သည်ရခြင်း၊
ရပြီးသောစည်းစိမ်ဥစ္စာ ရာထူး ဂုဏ်သိန်တို့သည် တစ်နေ့တစ်ခြားဒီရေအလားသို့တိုးပွားနိုင်ခြင်းတို့ရှိကြပါစေ။
သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတပ္ပ စတဲ့သူတော်ကောင်း ဥစ္စာ ခုနစ်ပါးနဲ့ပြည့်စုံကြပါစေ၊
သူတော်ကောင်းတရားများကို ကျင့်ကြံ ပွားများ ကြိုးစား အားထုတ်နိုင်သူများဖြစ်ကြပါစေ၊
အနုရုဒ္ဓါမထေရ်ကဲ့သို့ မရှိဟူသောစကား ဘယ်ဘဝမှ မကြားပါရစေနဲ့၊
အိုခြင်းဆင်းရဲ၊ နာခြင်းဆင်းရဲ၊ သေခြင်းဆင်းရဲ၊ အပါယ်စသော ဘေးဒုက္ခတို့မှကင်းလွတ်ကြပါစေ ……………………………….
……………………………….”  
စသည်ဖြင့် အလွန် ရှည်လျားလှသော ဆုပေးစကားကို ဖြည်းဖြည်းချင်းရွတ်ဆိုသည်။ ကျွန်တော်လဲ ငြိမ်ပြီးနားထောင်ရင်း တစ်ချိန်က အင်မတန်ခွန်အားရှိခဲ့၊ သန်မာခဲ့သော်လည်း ခုတော့အရေးအကြောင်း၊ မှဲ့နီ၊မှဲ့နက်၊မှဲ့ခြောက်တို့ဖြင့်ပြည့်ကာ လျော့ရဲ အိတွဲနေပြီဖြစ်သာ ဘဘ၏ လက်ဖျံ၊ လက်ဖမိုး၊ လက်မောင်းတို့ကို လက်ဖြင့်နှိပ်နယ်ပေးနေမိသည်။ ဒီကြမ်းတမ်းသည့် လက်ဖဝါး၊ သန်မာသည့်လက်ဖျံ၊ တောင့်တင်းသည့်လက်မောင်းများသည် ကျွန်တော့တို့တွေ၏ ဘဝအစဖြစ်သည်။ ခုချိန်ထိ အဆီပိုမရှိ၊ ကျစ်လျစ်မာကျောနေသေးသည့် ဝမ်းဗိုက်သားနှင့် ကျယ်ပြန့်သည့်ရင်အုံတို့က ဘဘငယ်စဉ်က နှစ်ပေါင်းများစွာကြာအောင်  လယ်ယာအလုပ်၊ ခြံအလုပ်ကို အဘယ်မျှအပင်ပန်းခံ လုပ်ကိုင်ခဲ့ပြီး ကျွန်တော်တို့အနာဂတ်အတွက် မျိုးစေ့ကောင်းများချပေးခဲ့ကြောင်း သက်သေပြနေသည်။ အသားဖြူဖြူ၊ နှဖူးကျယ်ကျယ်၊ မျက်လုံးမျက်ခုံးကောင်းကောင်း၊ နှာတံစင်းစင်းနှင့် တစ်ချိန်က ချောမောခန့်ငြားခဲ့သော်လည်း ယခုတော့ဇရာ၏လက်ရာ အရေးအကြောင်းများဖြင့်ပြည့်နေပြီဖြစ်သည့် ဘဘ၏မျက်နှာကိုငေးကြည့်ရင်း ကျွန်တော်မကြာခဏမေးတတ်လွန်း၍ ဘဘကိုယ်တိုင်ပြောပြဖူးသော၊ အခြားသူများဆီမှတစ်ဆင့်လဲသိရသော ဘဘ၏ငယ်ဘဝ အကြောင်းက ခေါင်းထဲမှာပေါ်လာသည်။

ဘဘကို မွန်ပြည်နယ်မှာရှိသည့် ကျွန်းလေးတစ်ကျွန်းပေါ်က ရွာလေးတစ်ရွာတွင် လွန်ခဲ့သောနှစ်ပေါင်း ၉၃ နှစ်ခန့်ကမွေးသည်။ မွေးပြီး ဘဘသုံးလသားမှာ ဘဘ၏ အဖေဆုံးရှာသည်။ ထိုစဉ်က အသက်၂၅ နှစ်သာရှိသေးသည့် ဘဘ၏အမေမှာ နောက်အိမ်ထောင်မပြုတော့ဘဲ ဘဘအထက် အစ်မနှစ်ယောက်နှင့် ဘဘတို့ကို ယက်ကန်းခတ်၍ ရှာဖွေကျွေးမွေးသည်။ မုဆိုးမသား၊ ဘဘ အရွယ်ရောက်လာချိန်ထိ ဆင်းရဲသောကြောင့် ကိုယ်ပိုင်လယ်မရှိ သူများလယ်တွင် သူရင်းငှားလုပ်၍မိခင်ကို ပြန်ရှာကျွေးရသည်။ 
ရိုးသားဖြောင့်မတ်၍ အလုပ်အလွန်ကြိုးစားသော ဘဘကို လယ်ရှင်များကကြိုက်ကြသည်။ အရက်မသောက်၊ ဆေးလိပ်မသောက်၊ ကွမ်းမစား၊ လောင်းကစားမလုပ်ပဲ အလုပ်ကိုသာကြိုးစားလုပ်သော ဘဘမှာ ကိုယ်ပိုင်လယ်လေးရှိလာသည်။ ဘုန်းတော်ကြီးကျောင်းတွင်သာ ပညာသင်ကြားခဲ့ရသော်လည်း ဘဘက ဘဝအတွက်အကျိုးရှိမည့်စာတွေကိုတော့ ဖတ်တတ်၊မှတ်တတ်သလို၊ မှတ်သားထားသည့်အတိုင်း ကျင့်လဲကျင့်သုံးတတ်သည်။  ကျွန်တော့်ကို သူမကြာခဏဆုံးမတတ်သည်က
 “ ဝီရိယတော ကိံနာမ န သိဇ္ဈတိ၊
ဝီရိယတော ဝီရိယရှိသူသည်၊ ကိံနာမ မအောင်မြင်ပဲ၊ န သိဇ္ဈတိ ဘယ်မှာရှိအံ့နည်း” ဟူ၍။
သူဖတ်ဖူးခဲ့သော ကြီးပွားချမ်းသာရေးစာအုပ်တစ်ချို့ မှ သူကြိုက်နှစ်သက်သောစာသားများကိုလည်းမှတ်သား၍ လိုက်နာပြီး လုံ့လထုတ်ကာ အားထုတ်ခဲ့ကြောင်းကျွန်တော့ကိုထုတ်ဖော်ပြောပြတတ်သည်။  

“ငါ့မြေး၊ ဘယ်တော့မှ လက်မလျှော့နဲ့။ ယောက်ျားဆိုတာအလုပ်လုပ်ရင် ဘယ်တော့မှအရှုံးမပေးရဘူး” ဟုကျွန်တော့ကိုကြုံတိုင်းဆုံးမတတ်သည်။ ဘဘသည် ဆုံးမသည့်အတိုင်း ကိုယ်တိုင်ကျင့်ကြံခဲ့သူလည်းဖြစ်သည်။ သားသမီး ခြောက်ယောက်နှင့် မိခင်မုဆိုးမကိုရှာဖွေကျွေးမွးရင်း အခက်အခဲပေါင်းများစွာကိုလက်မလျှော့ပဲ ဇွဲနှင့်ကျော်ဖြတ်ခဲ့သည်။ လယ်အလုပ်အပြင်၊ ရာဘာခြံများကိုပါ ကိုယ်တိုင်ခုတ်ထွင်ရှင်းလင်း စိုက်ပျိုးရင်း ဇနီးသည်နှင့်အတူ မိသားစုကိုလုပ်ကိုင်ကျွေးမွေးခဲ့သည်။
ရိုးသားဖြောင့်မတ်မှု၊ အမြင်ကျယ်မှု၊ ကြိုးစားအားထုတ်မှု၊ ရပ်ရွာကလေးစားမှုတို့ကြောင့် ရွာသူကြီးအဖြစ်တင်မြှောက်ခံရသည်။ “ငါ အမြဲမှန်မှန်ပဲပြောတယ်၊ မဟုတ်တာမပြောဘူး။ သူများကိုလဲ မတရားမလုပ်ဘူး။ ကိုယ့်ကိုမတရားလာလုပ်လဲ ငါမခံဘူး” ဟုကျွန်တော့ကိုပြောပြတတ်သော လူဖြောင့်စိတ်တို လက်မြန်ခြေမြန်ကျွန်တော့အဖိုးကို ရွာတွင်လူအများကလေးစားကြသည်။ 

“ငါမှန်မှန်ပဲလုပ်၊ မှန်မှန်ပဲပြောပြီး မတရားတာကိုမကြိုက်မှန်းလူတွေသိတော့ ရွာမှာအေးချမ်းပါတယ်။ သူခိုး၊ ဓါးပြမရှိတော့ ရိုင်ဖယ်သေနတ်တွေလဲ တစ်ခါမှမသုံးရပါဘူး” ဟုသူ့ သူကြီးဘဝကအတွေ့အကြုံကို ကျွန်တော်မေးလျှင်ပြောပြတတ်သေးသည်။
သူ သူကြီးဘဝက သေနတ်ကိုင်ရသလားဟု ကျွန်တော်မေး၍ ရိုင်ဖယ်သေနတ်ကိုင်ရကြောင်း၊ ငါးလက်ကိုင်ခွင့်ရကြောင်း ရည်ညွှန်းပြောပြခြင်းဖြစ်သည်။

အဖေကို မမြင်ဖူးလိုက်သော ဘဘက သူ့သားသမီးများကို အလွန်ချစ်သည်။ ရွာကို လာတတ်သော နယ်ပိုင်၊ မြို့ ပိုင်များနှင့် နီးနီးကပ်ကပ်အလုပ်လုပ်ရတော့ ဒီလူတွေကို ဘာကြောင့် သူ ဆလံ ပေးရသလဲဆိုတာကို စောကြောသည်။ 
“ငါ ကိုယ့်အလုပ်ပဲ ကိုယ်လုပ်တယ်။ ဘယ်သူ့မှ ဆလံပေးရတာမကြိုက်ဘူး” ဟုပြောတတ်သူဖြစ်သည့် ဘဘက ထိုသူများမှာ ပညာတတ်ကြ၍ အဆင့်အတန်းမြင့်မြင့်နေရကြောင်းသွားတွေ့သည်။ ဒီတော့ သူ့သားသမီးများကိုလည်း ပညာတတ်များဖြစ်အောင် ပျိုးထောင်မည်ဟု ဆုံးဖြတ်သည်။
ဆုံးဖြတ်သည့်အတိုင်းပင် ရေရှည်စီမံကိန်းချ၍ ဆင်းရဲခက်ခဲသည့်ကြားမှ၊ ရွာမှလူတွေအမျိုးမျိုးတားကြ၊ ဖျက်ကြသည့်ကြားမှ သားသမီးများကို ပညာတတ်အောင်သင်စေသည်။ ထိုခေတ်က ထိုဒေသတွင် မည်သူမျှသားသမီးများကို ပညာဆုံးခန်းတိုင်အောင် သင်ကြားပေးလေ့မရှိ။
၃ တန်း ၄တန်းအောင်လျှင်ပင်ကျောင်းထုတ်၍ မိဘကို လယ်ထဲ၊ ယာထဲတွင်ကူညီစေကြသည်။
အမျှော်အမြင်ကြီး၍ ဝေးဝေးကိုကြည့်သော ဘဘကို “ဒီလူရူးနေလို့ သူ့ကလေးတွေကို ကျောင်းတက်ခိုင်းတာ။ ဘာလုပ်မှာလဲ………… သေစာရှင်စာတတ်ရင်တော်ရောပေါ့။ မိဘကို လယ်ထဲမှာလိုက်ကူခိုင်းပေါ့”ဟု ရွာရှိလူတစ်ချို့ က ကဲ့ရဲ့ ခဲ့ကြသည်။
ဘဘကတော့ ဂရုမစိုက်ခဲ့။ သူ့အလုပ်ကိုသာ သူကြိုးစားလုပ်ရင်း၊ စစ်စစ်စီစီသုံးစွဲရင်း ထူးချွန်သည့်သားသမီးများကို ရွာကျောင်းကုန်လျှင် မြို့ ကျောင်း၊ ထို့နောက် တက္ကသိုလ်ပညာပြီးဆုံးသည်ထိ  ကျောင်းထားပေးခဲ့သည်။
ဒီကျေးဇူးတွေက သူ့သားသမီးများပေါ်မှာသာမက မြေးများဖြစ်သည့် ကျွန်တော်တို့အပေါ်မှာပါရှိသည်။
အတန်းပညာမသင်ခဲ့ရသော်လည်း တွေးခေါ်တတ်သည့် ဘဘ၏ အပင်ပန်းခံ၊ အနစ်နာခံကြိုးစားခဲ့မှုများကြောင့်သာ ကျွန်တော့မှာ ပညာကောင်းစွာသင်ယူခွင့်၊ အသိပညာ အတတ်ပညာများဆည်းပူးလေ့လာခွင့်၊ နေရာဒေသမရွေး လူအများနှင့်ပြောဆိုဆက်ဆံလုပ်ကိုင်နိုင်ခွင့်သာမက၊ ကျွန်တော့ အိပ်မက်များကို လိုက်လံဖမ်းဆုပ်နိုင်ခွင့်ထိ ရခဲ့ခြင်းဖြစ်သည်။

ဖေဖေက ဘဘနှင့်အမေကြီးကို အိမ်တွင်ခေါ်ထားသောကြောင့် အတူနေရ၍ရင်းနှီးခြင်းအပြင်၊ ဒီကျေးဇူးတွေကိုသိမြင်မိ၍ တတ်နိုင်သမျှ အဖိုး၊ အဖွားကို ကျွန်တော်ဂရုစိုက်ဖြစ်သည်။ အပြင်မှပြန်လာလျှင် ဘဘကြိုက်တတ်သည်များကို ကျွန်တော်ဝယ်လာစမြဲ။ ဝယ်လာသည်များကို စား၍ကောင်းသည်ဟု ဘဘဆိုလျှင် ကျွန်တော်ကျေနပ်မြဲ။ ဘဘကလဲသူ့ကိုသူများကန်တော့ထားသည်များရှိလျှင်ကျွန်တော့ကိုကျွေးမြဲ၊ ကျွန်တော်ကလည်း ဘဘတရားမထိုင်သောအချိန်များတွင် အားလျှင်အားသလိုဘဘအခန်းထဲဝင်၍ ဘဘနှင့်စကားစမြည်ပြောဖြစ်မြဲ။ကျွန်တော် ရပ်ဝေး၊ နယ်ဝေးတွင်ရှိနေလျှင် ဘဘက အမြဲမေတ္တာပို့ပေးတတ်ကြောင်းလဲပြောသည်။ ဒီလိုနှင့် အမေးအမြန်းထူသောကျွန်တော်နှင့် စကားနည်းသောဘဘတို့ ပို၍၊ ပို၍နီးကပ်လာကြသည်။ ကျွန်တော်အခါအခွင့်သင့်၍ အိမ်ပြန်လာလျှင် ကျွန်တော်ဘယ်လောက်ငြင်းငြင်း ဘဘက မုန့်ဖိုးပေးမြဲ၊ ဆုံးမစကား၊ အားပေးစကားတွေပြောမြဲ။ တစ်ခါထက် တစ်ခါ၊ တစ်နှစ်ထက်တစ်နှစ်ကျွန်တော်ပြန်လာတိုင်း ဘဘက အားနည်းနည်းသွားသည်။ အစားအသောက်နည်းနည်းလာသည်။ ပိုပိုပြီး အိုလာသည်။ ကျန်းမာရေးကောင်းသော်လည်း အရင်လောက်မသန်မာတော့။

အဝေးကိုသွားမည်ဟု ကျွန်တော်ဆုံးဖြတ်စဉ်ကတည်းက အိမ်ကိုလွမ်းသည်၊ အိမ်နှင့်အဝေးမှာရင်ဆိုင်ရသော အခက်အခဲများကြောင့်အားငယ်သည် ဟူ၍ဘယ်တော့မှ မညည်းညူ ရန်၊ ဖြစ်လာသမျှ၊ ကြုံလာသမျှကို ရင်ဆိုင်ရန်ကျွန်တော်ပိုင်းဖြတ်ပြီးဖြစ်သည်။ ပြဿ     နာ အခက်အခဲမှန်သမျှကိုလဲ နည်းမျိုးစုံဖြင့် ကြံ့ကြံ့ခံဖြေရှင်းခဲ့သည်ချည်းဖြစ်သည်။ တစ်ခါမျှအိမ်ကို လှမ်းမတိုင်ဖူးခဲ့။ ပြဿ     နာများနှင့်ရင်ဆိုင်နေရကြောင်း ကြွေးကြော်လေ့မရှိခဲ့။ သို့သော် တစ်ရက်မှာတော့ ဘဘကို ကျွန်တော်အိပ်မက် မက်သည်။ အိပ်မက်ထဲတွင် တစ်စုံတစ်ယောက်က ဘဘဆုံးပြီးဟု လာပြောခြင်းဖြစ်သည်။ ကျွန်တော် အိပ်မက်ထဲတွင်ပင် ဘဘရှိရာသို့ချက်ချင်းလိုက်သွားသည်။ ဘဘကိုထားသည့်ကုတင်နားကိုရောက်တော့ ဘဘက ထထိုင်နေသည်ကိုတွေ့ရသည်။ “ ငါ့မြေးကို ဘဘစောင့်နေတာ” ဟုလည်းပြောသည်။ ကျွန်တော်ဖြေမဆည်နိုင်ခဲ့။ အိပ်မက်ထဲမှာပင် ဘဘကိုဖက်၍ သည်းထန်စွာငိုမိသည်။ ငိုရင်းနှင့်ကျွန်တော်လန့်နိုးလာသည်။ မျက်ရည်များက ကျွန်တော့မျက်လုံးထဲမှစီးကျ၍ ကျွန်တော့မျက်နှာပေါ်တွင်အပြည့်။ စိတ်ပူလွန်း၍ ကျွန်တော်အိမ်ကို ချက်ချင်းဖုန်းဆက်သည်။ ဘဘ နေကောင်းသည် ဟုအိမ်ကပြော၍ ဘာကြောင့်စိတ်ပူကြောင်းတဆက်တည်းမေးတော့ ကျွန်တော့အိပ်မက်အကြောင်းကိုပြောဖို့ ကျွန်တော်ပြောမထွက်ခဲ့။ ရင်ထဲတွင်စို့နေခဲ့ပြီး ရှိုက်ကြီးတငင်သာငိုကြွေးခဲ့မိသည်။ ဘဝတွင် ပထမဆုံးအကြိမ် အိမ်နှင့်ဖုန်းပြောစဉ် ငိုဖူးခြင်းဖြစ်သည်။ ဘဘ အပေါ်ကျွန်တော်ဘယ်လောက်သံယောဇဉ်ကြီးကြောင်းလည်းသိလာရသည်။ ဖုန်းပြောလိုသော်လည်း နားသိပ်မကောင်းတော့သည့် ဘဘအသံကိုသာနားထောင်ခဲ့ရသည်။ အပြန်အလှန်စကားပြောရန်ခွင့်မသာခဲ့။ဘဘရှိနေစဉ် တတ်အားသရွေ့ ပြုစုစောင့်ရှောက်သွားချင်သေးသည်။

ကျွန်တော်အိမ်ပြန်ခွင့်ရချိန်တွင် ဘဘကို ဖေဖေနှင့်အတူမကြာခဏရေချိုးပေးဖြစ်ခဲ့သည်။ သားအဖနှစ်ယောက် ဘဘကို ရေခပ်နွေးနွေးဖြင့်ရေချိုးပေးကြခြင်းပင်။ ဘဘက သန့်သန့်ပြန့်ပြန့်နေတတ်၍ နေ့တိုင်းရေချိုးရမှ ကျေနပ်သူဖြစ်သည်။ အမြဲ လည်ကတုံးအင်္ကျီနှင့်လုံခြည်ကိုသပ်သပ်ရပ်ရပ် ဝတ်တတ်သူဖြစ်သည်။ ခုတော့အရင်ကလို သူ့ဟာသူရေချိုးမှာကို ကျွန်တော်တို့ စိတ်မချတော့။ ချော်လဲသွားမှာ၊ မူး၍လဲကျသွားမှာစိုးရိမ်ကြ၍ဖြစ်သည်။ ကျွန်တော်တို့သားအဖနှစ်ယောက် ဘဘကို ရေလောင်းပေးကြ၊  ဆပ်ပြာတွေတိုက်ပေးကြ၊ ချေးတွေတွန်းပေးကြနှင့် ပြုစုကြသည်။ ဘဘကလဲ ထုံးစံအတိုင်း သာဓုခေါ်ကာ ဆုတွေ တစ်သီတစ်သန်းကြီးပေးသည်။ ပြီးတော့ ဘဘကို ရေလဲပုဆိုးလဲပေးကာ ဖေဖေ၏ “သား၊ ဘဘကိုအိမ်ပေါ်ကိုခေါ်သွားတော့” ဟုဆိုသည့်စကားနှင့်အတူ ဘဘကိုင်နေကျ လက်ကိုင်တုတ်လေးကိုလက်ထဲထည့်ပေးရင်း၊ တစ်ဖက်မှလည်းဘဘကိုတွဲကာ အိမ်ပေါ်သို့တက်ခဲ့သည်။ ဘဘက ရေချိုးခန်းမှာထက် အိမ်အောက်မှရေကန်တွင်ရေချိုးရသည်ကိုနှစ်သက်၍ ကျွန်တော်တို့တွေဘဘကို ရေကန်တွင်ရေချိုးပေးကြခြင်းဖြစ်သည်။ ကျွန်တော်ကအိမ်ပေါ်ရောက်လျှင် ဘဘကို တဘက်တစ်ထည်ဖြင့် တစ်ကိုယ်လုံးရေခြောက်အောင်သုတ်ပေး၊ အဝတ်အစားကူညီဝတ်ပေး၊ ကြယ်သီးများတပ်ပေးလုပ်ရဦးမည်။ ဖေဖေကလေးဘဝငယ်စဉ်က ဘဘတို့ပြုပေးခဲ့သောဝတ်၊ ကျွန်တော်ငယ်စဉ်က ဘဘတို့ပြုပေးခဲ့သောဝတ်များကို ပြန်ဖြည့်ပေးရခြင်းဟု ဆင်ခြင်မိသည်။ ဘဘစိုက်ခဲ့သည့်အပင်မှ အသီးများကို ဘဘ စားနေရပြီ။

အိမ်ပေါ်သို့လှမ်းတက်ခါနီးတွင် ရေချိုးရန်ပြင်ဆင်နေသော ဖေဖေ့ကို ကျွန်တောပြုံးစိစိနှင့် လှည့်မေးမိသည်။“ဖေဖေ၊ သားဖေ့ဖေ့ကိုရော ရေချိုးပေးရမလား” ဟူ၍။ ဖေဖေက ရယ်မောရင်းပြန်ဖြေသည်က
 “ခုတော့ မလိုသေးဘူးသားရယ်၊ နောက်မှပေါ့” ဟူ၍ပင်။ သံသရာစက်ဝန်းဆိုသည်မှာ အမြဲမပြတ်လည်ပတ်နေသည့် သဘောကို ကျွန်တော်သိထားခဲ့သည်မှာ ကြာခဲ့လေပြီ။ သည်လိုနှင့် တစ်နေ့တွင် ဖေဖေရော၊ ကျွန်တော်ရောပါ၊ ကျွန်တော့အိပ်မက်များ၏မြစ်ဖျားခံရာ ဘဘကဲ့သို့ အိုကြရဦးမည်။။