---------------------------------------
“ညီလေး မင်းငှားထားတဲ့ ကားကြီးကိုပြန်အပ်ပြီး တို့တွေ ရထားနဲ့ပဲသွားကြရအောင်နော်....နော်“ လို့ကျွန်တော်တောင်းပန်တော့ မောင်မင်းကြီးသားက ပြုံးပြုံးကြီးလုပ်ပြီး “ဘာမှမပူပါနဲ့ အစ်ကိုရာ၊ ကျွန်တော်ကားမမောင်းတာ ၁၄နှစ်လောက်ကြာပြီဆိုပေမယ့် ဟိုးငယ်ငယ် ကားမောင်းတုံးကလဲ အိမ်ကမသိအောင် ဒရိုင်ဘာကိုဖယ်ခိုင်းပြီးခိုးမောင်းလာတာ။ ကားမောင်းသင်တန်းတောင် တက်ခဲ့တာမဟုတ်ဘူး။ ဘာမှမဖြစ်ဘူး။ စိတ်ချ“ တဲ့။ ပြောတဲ့သူက စင်ကာပူကနေ ယူကေကိုလာလည်တဲ့ ညီအစ်ကိုလိုခင်ရတဲ့ သူငယ်ချင်းအရင်းတစ်ယောက်။
အင်း......စိတ်ချစရာပါပဲ။ စိတ်ချစရာပါပဲ။ “မင်း ယူကေရဲ့  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေလဲနားမလည်၊ လမ်းလဲမသိပဲနဲ့ မဖြစ်ဘူးနဲ့တူပါတယ်ကွာ။“ ထပ်ပြီး လေပြေလေးနဲ့ပြောကြည့်ပါသေးတယ်။ ဟုတ်တယ်လေ...တော်ကြာ မတော်တဆ တစ်ခုခုဖြစ်ပြီး အကုန်ဂိကုန်ရင် ဘယ်လိုလုပ်မလဲ။ “ မပူပါနဲ့ဗျာ၊ အဲဒါကြောင့် ကျွန်တော် အင်တာနက်မလိုပဲမြေပုံနဲ့ကိုယ်ရောက်တဲ့နေရာကိုကြည့်လို့ရတဲ့ application တစ်ခုဝယ်ထားတယ်။ပြီးတော့ ယူကေတစ်နိုင်ငံလုံးရဲ့ မြေပုံကို ဒေါင်းလုပ်ချထားတယ်။ ဟောဒီ...ipad ထဲမှာ။ ကျွန်တော်က မောင်းမယ်၊ အစ်ကိုက ဘေးကမြေပုံကြည့်ပြီး navigate လုပ်။ ကားက ပြန်အပ်လို့မရတော့ဘူး။” တဲ့။ ဘယ်လိုမှ ဖျောင်းဖြလို့မရ။ အကူအညီရမလားလို့ သူ့အမျိုးသမီးကိုလှမ်းကြည့်လိုက်တော့လဲ confidence အပြည့်နဲ့ သူ့အမျိုးသားကို အင်မတန်ယုံကြည်အားကိုးတဲ့ရုပ်နဲ့ ခပ်တည်တည်ပဲဆိုတော့ အထွန့်မတက်ချင်တော့။
ဒါနဲ့ပဲ ငယ်ငယ်တုံးကလို စွန့်စားတဲ့စိတ်မျိုးပြန်မွေး၊ အသက်ကိုဖက်နဲ့ထုပ်လို့ ဒီ road trip တစ်ခုကို သွားဖြစ်ခဲ့တယ်ဆိုပါတော့။ ငယ်ငယ်တုံးကတော့ အန္တရာယ်ရှိတဲ့ကစားနည်းတွေကို ဆော့မယ်ဆိုရင် ၁၀ ရာခိုင်နှုန်းကအောင်မြင်မယ်ဆို၊ အဲဒီ ၁၀ ရာခိုင်နှုန်းလေးကိုဆုပ်ပြီး မကြောက်မရွံ့လုပ်ခဲ့တာ။ စက်ဘီးကို ရှေ့ ဘီးထာင်ပြီးစီးတယ်။ တောင်ကုန်းပေါ်ကနေ စက်ဘီးစီးပြီးခုန်ချတယ်။ ဘရိတ်မမိတဲ့ စက်ဘီးနဲ့ ကုန်းဆင်းပေါ်ကနေ ကားလမ်းကိုဖြတ်နင်းတယ်။ ကော်ကျည်ဆန်ထွက်တဲ့လေသေနတ်တွေသုံးပြီး သူငယ်ချင်းတွေနဲ့ စစ်တိုက်တိုင်းဆော့တယ်။ သစ်ပင်အမြင့်ကြီးတွေပေါ်တက်ပြီး အိမ်ဆောက်တယ်။ ဝါးတွေသုံးပြီး လေးနဲ့မြားလုပ်၊ တွေ့ကရာလျှောက်ပစ်တယ်။ ပြီးတော့ ဘရိတ်ပေါက်နေတဲ့ကားကိုမောင်းတယ်။ ကလပ်ပေါက်နေတဲ့ကားနဲ့ အပြင်ထွက်တယ်။ ဘာမှမဖြစ်ခဲ့တာကံကောင်း။ ခုချိန်မှာတော့ ပြဿ နာတက်နိုင်တဲ့ ရာခိုင်နှုန်းလေး ၁၀ ရာခိုင်နှုန်းရှိရင်တောင် အဲဒါလေးကိုတွေးပူပြီး အစစ၊ အရာရာ အန္တရာယ်ကင်းမှလုပ်ချင်တော့တယ်။ အသက်ကြီးလာလေ၊ ပိုကြောက်တတ်လာလေဆိုတာ သိပ်မှန်တာပေါ့။
တစ်ခါတစ်လေလောက်ပြန်ပြီး စွန့်စားကြည့်ချင်တာရော၊ ဟိုးငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ရတဲ့ Loch Ness ရေအိုင်ကြီးဆီကိုရောက်မယ်ဆိုတဲ့ငါးမြှားချိတ်ကို ဟပ်မိတာရောကြောင်၊့ လူကြီးတွေလစ်တိုင်း ကားခိုးမောင်းပြီး စနစ်တကျသင်လာတယ်ဆိုတဲ့၊ အဲဒါပြီးတော့ ကားမမောင်းတာ ၁၄နှစ်လောက်ရှိပြီဆိုတဲ့ ကိုယ်တော်ချောမာင်းတဲ့ကားကိုစီးလို့ ၉ရက်ကြာခရီးကို ထွက်ခဲ့ဖြစ်တော့တယ်။ ဒင်းမောင်းတာအခြေအနေအရမ်းဆိုးရင်တော့ ယူကေလိုင်စင်မရှိသေးပေမယ့် ကိုယ်တိုင်တက်မောင်းမယ်လို့တော့စဉ်းစားထားခဲ့တာပေါ့လေ။ အသက်နဲ့ကိုယ် အိုးစားကွဲတာထက်စာရင် ရဲအဖမ်းခံရတာကမှ တော်သေးတယ်မဟုတ်လား။
မြေပုံကြည့်ဖို့ လက်ထဲကိုထည့်ပေးထားတဲ့ အိုင်ပက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း၊ လမ်းတစ်ခုလုံးကို ကျီးကန်းတောင်းမှောက်ကြည့်၊ တွေ့သမျှကိုအော်ဟစ်သတိပေးလို့ အောက်စ်ဖို့မြို့ ကို အောင်မြင်စွာလည်ပတ်ခဲ့ကြတယ်။ ပြီးတော့ အမြန်လမ်းပေါ်တက်၊ နာမည်ကြီးလှတဲ့ Stonehenge ကိုဦးတည်။ ကိုယ့်ကိုကျော်တက်သွားကြတဲ့ကားတွေပေါ်က ပါးစပ်ကိုပွစိ ပွစိလုပ်ပြပြီး ဆဲသွားကြတဲ့ ကားမောင်းသူကောင်မလေးတွေရဲ့ ကျေးဇူးနဲ့ အမြန်လမ်းမှာ လုပ်မိတဲ့အမှားတွေကို ကိုယ့်ဟာကိုသဘောပေါက်ကြ။ Stone Henge ကိုချောချောမောမောရောက်တော့မှ အောင့်ထားတဲ့ အသက်ကို တစ်ဝက်ခိုးရှူ၊ ကွင်းပြင်ကြီးထဲမှာ ထီးထီးကြီးဖြစ်နေတဲ့ ကျောက်တုံး၊ ကျောက်ပြားစက်ဝိုင်းကြီးနဲ့ ဓါတ်ပုံတွေရိုက်။ ပြီးတော့ဝေလပြည်နယ်ရဲ့ မြို့ တော် Cardiff ကိုခရီးဆက်။ ဝေလပြည်အဝင်က တိုးဂိတ်မှာ ချိုသာတဲ့အပြုံး၊ မိခင်စိတ်အပြည့်နဲ့ “ သားတို့၊ Cardiff ကိုဘယ်လိုသွားရမယ်ဆိုတာရော သိလား” လို့မေးတဲ့ လက်မှတ်ဖြတ်ပေးသူဝေလနယ်သူ အမျိုးသမီးကြီးကို “ကျွန်တော်တို့မှာ GPS ပါပါတယ်ခင်ဗျ” လို့ ဂုဏ်ယူဝင့်ကြွားစွာဖြေပြီး ဘာစာတွေရေးလို့ရေးထားမှန်းမသိတဲ့ ဝေလနယ်ကဆိုင်းဘုတ်တွေကိုကြည့်လို့ Cardiff မြို့ ထဲကိုရောက်ခဲ့ပါလေရော။ သူငယ်ချင်းယူလာတဲ့ လမ်းညွှန်မြေပုံက “မင်းသွားချင်တဲ့နေရာ ရောက်ပါပြီ” ဆိုပြီးထားခဲ့တဲ့နေရာက သွားချင်တဲ့ဟိုတယ်မဟုတ်ပဲ၊ လမ်းလယ်ခေါင်ကြီးဖြစ်နေလို့၊ ကိုယ့်ကိုထားချင်ရာထားသွားတဲ့ လမ်းညွှန်မြေပုံကို အပြစ်တင်ရင်း ဟိုတယ်ကို အမောတကောပတ်ရှာရ။ ဒီလိုနဲ့ ဂူဂယ်မြေပုံရော၊ apple မြေပုံရော၊ လမ်းညွှန်မြေပုံရော အားလုံးအကူအညီသုံးပြီးမှ ဟိုတယ်ကိုရောက်၊ တစ်နေ့တာအတွက် သက်ပြင်းချနိုင်တော့တယ်။ တစ်နေကုန်ကြုံခဲ့ရတဲ့အခက်အခဲတွေကတော့ မနည်းမနော။ ဒါပေမယ့် အားလုံးအဆင်ပြေခဲ့တာပဲ အတော်ကံကောင်း။ ယူကေကလူတွေက ယဉ်ကျေးပြူငှာပြီး၊ ဖော်ရွေ ကူညီတတ်ကြတာကတော့ မှတ်မှတ်ရရလို့ပြောရမယ်။တစ်နေကုန်ကားမောင်းတဲ့သူတော့မသိ၊ အိပ်တောင်မငိုက်ရဲဘဲ မြေပုံကြည့်၊ ဇောချွေးတွေပြန်၊ အရှိန်လျှော့ဖို့သတိပေးရင်းဘေးကထိုင်လိုက်ခဲ့တဲ့ကိုယ့်မှာတော့ တော်တော်ပင်ပန်းသွားတယ်။
နောက်နေ့မနက် Cardiff မြို့ ပေါ်မှာလည်ပတ်၊ အင်္ဂလန်နိုင်ငံအလည်လောက်မှာရှိတဲ့ warwick ရဲတိုက်ကို ဆက်ချီတက်၊ အဲဒီကနေမှ မရပ်မနားပဲဆက်မောင်းလိုက်တာ ည ၁၁နာရီလောက်မှ အင်္ဂလန်အရှေ့ မြောက်နားမှာရှိတဲ့ Middlesbrough မြို့ လေးကိုရောက်ပါတယ်။ ခရီးစဉ်က စိတ်လှုပ်ရှားစရာကောင်းသလို ပျော်စရာလဲကောင်းတယ်လို့ပြောရမယ်။ ငြင်းကြ၊ ခုန်ကြ၊ လမ်းတွေရှာကြ၊ အစီအစဉ်တွေဆွဲကြ၊ သိချင်တာတွေကို အင်တာနက်ကနေရှာပြီး လေ့လာကြနဲ့ပေါ့။ Middlesbrough မှာရှိတဲ့ အင်မတန် ဧည့်ဝတ်ကျေ၊ သဘောကောင်းတဲ့ သူငယ်ချင်းလင်မယားရဲ့ အိမ်ကိုအခြေပြုပြီး အဲဒီမြို့ ကနေ ၁နာရီ၊ ၂နာရီခရီးအတွင်းမှာရှိတဲ့ Newcastle မြို့ ၊ အဲဒီ Newcastle မြို့ နားက Tyne မြစ်ရဲ့ အဆုံးသတ် TyneMouth ပင်လယ်ဝနဲ့ကမ်းခြေ၊ ပြီးတော့ whitby ကမ်းခြေနဲ့ ရှေးဟောင်းဘုရားကျောင်း၊ စတဲ့နေရာတွေနဲ့ တစ်ခြားစိတ်ဝင်စားစရာ ကမ်းခြေ၊မြို့ အများအပြားကိုလည်ပတ်ဖြစ်ခဲ့တယ်။ နေသာတဲ့ နွေကာလလေးဖြစ်လို့ ကောင်းကင်ပြာပြာ၊ တိမ်သာသာလေးတွေနဲ့ တော်တော်လေးလှပါတယ်။ နောက်…Middlesbrough မြို့ လေးရဲ့ အနောက်ဘက်တည့်တည့်လောက်၊ အင်္ဂလန်ရဲ့ အနောက်မြောက်စွန်းလောက်မှာရှိတဲ့ Lake district ဆိုတဲ့ အမျိုးသားသဘာဝဥယျာဉ်သတ်မှတ်ထားရာအရပ်ကိုလဲ ပျော်ပွဲစားတစ်ရက်ထွက်ဖြစ်ခဲ့တယ်။ ကားတစ်စီးစာပဲကျယ်တဲ့ မြွေလိမ်၊မြွေကောက် တောက်တက်၊ တောင်ဆင်းလမ်းလေးတွေပေါ်မှာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကားစီးခဲ့ရတာကတော့ မမေ့နိုင်စရာပါပဲ။သဘာဝဥယျာဉ်နယ်နိမိတ်ထဲက လူကုံတန်အိမ်တွေအများကြီးရှိတဲ့၊ အင်္ဂလန်နိုင်ငံမှာအကျယ်ဆုံးဖြစ်တဲ့ ဆယ့်တစ်မိုင်လောက်ရှည်ပြီး တစ်မိုင်လောက်ကျယ်တဲ့ သဘာဝရေကန်ကြီး၊ ဝင်ဒါမီယာကန်ဘေးက ဝင်ဒါမီယာမြို့ လေးကိုမြင်တော့ မြန်မာပြည်က အင်ယားကန်ဘေးမှာရှိတဲ့ ဝင်ဒါမီယာရပ်ကွက်ကြီးကို သတိရမိတယ်။ ဧရာမကန်ကြီးတစ်ခုဘေးမှာရှိတာရော၊ ကုန်းတက်ကုန်းဆင်းနဲ့လမ်းကျဉ်းလေးတွေရှိတာရော၊ အိမ်ကြီးအိမ်ကောင်းတွေရှိတာရော၊ တော်တော်လေးဆင်ပါတယ်။ ရေကန်ကြီးထဲမှာတော့ ရွက်လှေတွေရော၊ အပျော်စီးသင်္ဘောတွေရောပြည့်လို့။ သဘာဝကို မြတ်နိုးတတ်ပြီး ရဲတိုက်တို့၊ ခံတပ်တို့လိုမျိုးရှေးဟောင်းအဆောက်အဦးတွေကို ထိမ်းသိမ်းတတ်တဲ့ အင်္ဂလိပ်လူမျိုးတွေကို လေးစားမိတယ်။
Middlesbrough ကနေ စကော့တလန်နိုင်ငံကိုထွက်တဲ့နေ့မှာတော့ မနက်စောစောထပြီး မောင်းဖြစ်ခဲ့ကြတယ်။ အဝေးပြေးလမ်းတစ်လျှောက်မှာရှိတဲ့ ဓါတ်ဆီဆိုင်တွေနဲ့တွဲလျက်ကုန်စုံဆိုင်လေးတွေကြောင့် ကားအတွက်ဆီနဲ့ လူသောက်ဖို့ရေကတော့ပူစရာမလိုခဲ့ပါဘူး။ ယူကေမြောက်ပိုင်းရောက်လာတော့ စကားဝဲတဲ့သူတွေကိုတွေ့လာရတယ်။ အနည်းဆုံး နှစ်ခါပြန်လောက်နားထောင်ယူမှ မြောက်ပိုင်းသူ၊ မြောက်ပိုင်းသားတွေပြောတာကို နားလည်သယောင်ယောင်ရှိတယ်လို့ ဆိုရမှာပဲ။ အမြန်လမ်းမကြီးတွေပေါ်မှာ တစ်နာရီကို မိုင် ၇၀ ထိမောင်းခွင့်ပေးထားပေမယ့် မြို့ ဝင်၊ မြို့ ထွက်တွေ၊ လမ်းပြင်တဲ့နေရာတွေမှာ လမ်းပိတ်တတ်လို့၊ တစ်နာရီ ၅ မိုင်နှုန်းနဲ့မောင်းခဲ့ရတာတွေကလည်းမကြာခဏပေါ့။ တစ်နာရီမိုင် ၇၀ ဆိုပေမယ့် မိုင် ၈၀ မကမောင်းသွားတဲ့သူတွေကများပါတယ်။ ဒီလိုနဲ့ အမြန်လမ်းအထာတွေကို ကောင်းကောင်းနပ်လာတော့ ကိုယ့်ရှေ့ ကလှုပ်စိ လှုပ်စိမောင်းနေတဲ့ကားတွေကို ကျော်တက်ရင်း ကိုယ်တွေပါ ပွစိပွစိလုပ်တတ်လာခဲ့တယ်။ လမ်းတွေကကောင်းပြီး လမ်းညွှန်ဆိုင်းဘုတ်တွေကလဲ ရှင်းလင်းပြတ်သားတော့ သွားရေးလာရေးလွယ်ကူလို့ ကိုယ့်နိုင်ငံကိုလဲ အဲလိုဖြစ်စေချင်တဲ့ အားကျစိတ်ပေါ်ခဲ့မိတာတော့ အမှန်ပဲ။ မြေပုံကို ဂူဂယ်မြေပုံနဲ့တွဲကြည့်တော့ တစ်ခါတစ်လေ အမြန်လမ်းပိတ်မယ်ဆိုတာ ကြိုသိရင် တစ်ခြားကားရှင်းတဲ့ ကျေးလက်လမ်းကြောင်းလေးတွေကို ရွေးပြီး ပတ်သွားဖြစ်ကြတယ်။ ယူကေကျေးလက်ဒေသတွေက သန့်စင်ပြီး၊ အေးချမ်းလှပတယ်။ ပြီးတော့ တည်ငြိမ်ဖွံ့ဖြိုးတယ်။ ကျောက်တုံးကျောက်ခဲတွေ၊ အုတ်တွေနဲ့ အခိုင်အခံဆောက်ထားတဲ့ တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်ပုလေးတွေရှိတဲ့ ချစ်စရာရွာကလေးတွေ၊ အမွေးပြောင်နေတဲ့သိုးကလေးတွေ၊ ထွားကြိုင်းလှပတဲ့မြင်းတွေနဲ့ မြက်စားနေတဲ့နွားတွေလွှတ်ထားတဲ့ စားကျက်စိမ်းစိမ်းစိုစိုတွေ၊ မရိတ်သိမ်းရသေးတဲ့ အဝါရောင်ဂျုံခင်းတွေဆိုတာက အင်္ဂလန်ကျေးလက်၊ ယူကေကျေးလက်ရဲ့  သင်္ကေတတွေ။
စကော့တလန်မှာ ဒုတိယအကြီးဆုံးနဲ့ မြို့ တော်ဖြစ်တဲ့ အီဒင်ဘရာ ( Edinburgh) ၊ အဲဒီကမှ အနောက်ယွန်းယွန်းမှာရှိတဲ့ အကြီးဆုံးမြို့  ဂလက်စဂို (Glasgow) ကို တစ်ရက်ထဲမှာပဲရောက်တယ်။ နောက်ရက်မှာ မြောက်ပိုင်းကို ဆက်တက်လို့ နာမည်ကြီးလှတဲ့ Loch Ness (လော့နက်) ရေကန်ကြီးဆီကို သွားခဲ့ကြတယ်။ လမ်းတစ်လျှောက်မှာ တွေ့သမျှရှုခင်းသာတိုင်းမှာနားပြီး အပန်းဖြေလို့ပေါ့။ ဒေသခံတွေက Loch ကို လော့ခ် လို့ ခကွေးသံအဆုံးသတ်နဲ့ထွက်ကြတယ်။ လော့ခ်ျ လို့ ချသံမထွက်ဘူး။ ဒီတော့ အတိအကျနီးပါးအသံထွက်ရင် ( လော့ခ်နက်စ်) ပေါ့။ အဲဒီမှာ ကျွန်တော်ကလေးဘဝကတည်းက စာတွေထဲမှာမကြာခဏ စိတ်ဝင်တစားရှာဖတ်ခဲ့ရတဲ့ လော့နက်သတ္တဝါကြီးလို့ သတင်းကြီးတဲ့ နက်ဆီ ( Nessie ) ရှိတယ်လေ။ ( သွားခဲ့တဲ့နေရာဒေသတစ်ခုချင်းစီရဲ့ အသေးစိတ်အကြောင်းအရာတွေကတော့ နောက်မှ အချိန်ရရင် တစ်ခုချင်းရေးတာပေါ့။) Loch ဆိုတာက စကော့တလန်ဘာသာစကားနဲ့ ရေအိုင်ကြီး ( lake) လို့ အဓိပ္ပါယ်ရပါတယ်။ စကော့တလန်ကုန်းပြင်မြင့်တစ်ခုလုံးမှာ ရေအိုင်တွေအများကြီးရှိပြီး အားလုံးက loch နဲ့စပါတယ်။ Loch Lomond, loch Ness စသည်ဖြင့်ပေါ့။ ခံတပ်တွေ၊ ရဲတိုက်တွေကလဲ အင်္ဂလန်တင်မက၊ စကော့တလန်အနှံ့အပြားမှာပါရှိပါသေးတယ်။ ဒီနေရာမှာ တစ်ခါတုံးကရေးခဲ့ပြီးသားဖြစ်ပေမယ့် စကားစပ်လို့ထပ်ပြောရမယ်ဆိုရင် အင်္ဂလန်၊ စကော့တလန်၊ ဝေလ နဲ့ အိုင်ယာလန်ဆိုတာ ဟိုးရှေးတုံးက kingdom လို့ခေါ်တဲ့ ကိုယ်ပိုင်ဘုရင်တွေရှိတဲ့ နိုင်ငံတွေပါ။ နှစ်ရာပေါင်းများစွာကတည်းက ဘုရင်တွေအချင်းချင်းတိုက်ခိုက်ကြရာကနေ တဖြည်းဖြည်းနဲ့ အင်္ဂလန်ကနိုင်ငံအားလုံးကိုသိမ်းလိုက်ပြီး ယူနိုက်တက်ကင်းဒမ်း ( UK ) ဆိုပြီးဖြစ်လာပါတယ်။ အဲဒီထဲကမှ အိုင်ယာလန်ကျွန်းရဲ့ ပြည်နယ် ၃၂ ခုထဲက တောင်ပိုင်း ၂၆ခုက ၁၉၂၂ မှာလွတ်လပ်ရေးယူသွားပြီး အိုင်ယာလန်နိုင်ငံလို့ တည်ထောင်လိုက်သလို ကျန်တဲ့မြောက်ပိုင်း၅ပြည်နယ်ကတော့ မြောက်အိုင်ယာလန်အနေနဲ့ ယူကေထဲမှာပဲကျန်ခဲ့ပါတယ်။ ဒီတော့အကျဉ်းချုပ်ပြောရရင် မြောက်အိုင်ယာလန်၊ စကော့တလန်၊ ဝေလ ( ဝေးလ် ) နဲ့ အင်္ဂလန်လေးခုပေါင်းကို စုပေါင်းပြီး ယူကေလို့ခေါ်ပါတယ်။ အိုင်ယာလန်ကျွန်းမပါဘဲ ကျန်နိုင်ငံသုံးခုပါတဲ့ ကျွန်းမကြီိးကို ဂရိတ်ဗြိတိန် ( Great Britain ) လို့ခေါ်ပြီး၊ တစ်ခါထပ်အသေးစိတ်ခွဲဦးမယ်ဆိုရင် ကျွန်းမကြီးရဲ့ အရှေ့ တောင်ဧရိယာကြီးကို အင်္ဂလန်ခေါ်ပါတယ်။ အင်္ဂလန်ရဲ့ အနောက်၊ ဂရိတ်ဗြိတိန်ကျွန်းကြီးမှာ အနောက်ဘက်ကိုအစွန်းထွက်နေတဲ့နေရာက ဝေလပြည်ဖြစ်ပြီး၊ ကျွန်းမကြီးရဲ့ မြောက်ပိုင်းက စကော့တလန်ဖြစ်ပါတယ်။ ( ယူကေရဲ့ ရာဇဝင်၊ ဘုရင်နဲ့ ဘုရင်မတွေအကြောင်းဖတ်နေတာပြီးသွားရင်တော့ စိတ်ဝင်စားတာလေးတွေရေးဖြစ်ကောင်းရေးဖြစ်ပါဦးမယ်)
ခရီးစဉ်ကိုပြန်ဆက်ရရင်တော့ လော့နက်ရေကန်ကြီးကနေတဆင့် မြောက်ဖျားပိုင်းမှာရှိတဲ့ အင်ဗားနက်စ် ( Inverness ) မြို့ လေးထိ ခြေဆန့် ခရီးဆက်ခဲ့ကြတယ်ဆိုပါတော့။ စကော့တလန်တစ်ခုလုံးဟာ တောင်ကုန်းတောင်တန်းတွေ၊ ရေအိုင်တွေ၊ မြက်ခင်းပြင်ကြီးတွေ၊ စမ်းချောင်းလေးတွေ၊ မြစ်တွေနဲ့ တော်တော်လေးသာယာလှပတာကို ကိုယ်တိုင်ကိုယ်ကျ ခံစားတွေ့ကြုံခဲ့ရတယ်။ ရာသီဥတုသာယာရင် ကောင်းကင်ပြင်ကြီးက ကြည်လင်ပြာလဲ့ပြီး၊ ဖြူဖွေးနေတဲ့ အဆုပ်လိုက် အဆုပ်လိုက်တိမ်တွေကလဲ လေကြောင်းအတိုင်းလွင့်လို့။ ကန်ကြီးတွေဘေးက ကျောက်ဆောင်ကြီးတွေပေါ်မှာ ပက်လက်လှန်ရင်း၊ ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှူ၊ တိမ်တွေကိုကြည့်ရင်း အေးအေးချမ်းချမ်းအနားယူရတာ စည်းစိမ်တစ်ခုပါပဲ။ ယူကေတစ်ခုလုံးမှာ အဲဒီလိုမျိုးနေရာတွေကို အမျိုးသားသဘာဝဥယျာဉ်အနေနဲ့ ထိမ်းသိမ်းထားတဲ့ ကြီးမားကျယ်ပြန့်တဲ့ သဘာဝမြေမျက်နှာပြင်ဧရိယာတွေ အများကြီးပါ။ ဥပမာအနေနဲ့ပြောရရင် Lake district သဘာဝဥယျာဉ်တစ်ခုထဲကိုက ဧရိယာစတုရန်းမိုင် ၈၀၀ ကျော်ကျယ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လွန်းတာကြောင့် ယူကေတစ်နိုင်ငံလုံးကို တောင်ဖျားနဲ့မြောက်ဖျား၊ အရှေ့ စွန်းနဲ့ အနောက်စွန်းကို ၉ ရက်အတွင်းပတ်လိုက်တာ မိုင်ပေါင်း ၂၀၀၀ ဝန်းကျင်လောက်ကို ခရီးရောက်ခဲ့ပါရောလား။ ၁၄နှစ်လောက် ကားမမောင်းဖြစ်ခဲ့ဘူးဆိုတဲ့ သူငယ်ချင်းလဲ မီးနီတွေကိုတစ်ခါတစ်ရံ မမြင်မိတတ်တာကလွဲလို့ တော်တော်ကို ကားမောင်းကျွမ်းကျင်သွားသလို ကျွန်တော်လဲ မြေပုံကိုအင်မတန်ကို ပိုင်ပိုင်နိုင်နိုင်ကြည့်နိုင်သွားပါတော့တယ်။
နောက်ဆုံးတစ်ရက်မှာတော့ ဘောလုံးပွဲကြည့်ချင်တဲ့ သူငယ်ချင်းဆန္ဒအတိုင်း မန်ချက်စတာမြို့ မှာ ကားပြန်အပ်၊ အဲဒီမှာတစ်ညအိပ်ပြီးမှ အစီစဉ်အတိုင်း ရထားနဲ့ လန်ဒန်ကိုပြန်ပေါ့။ လန်ဒန်ကိုသွားတဲ့ရထားပေါ်တက်၊ ထိုင်ခုံပေါ်မှာကျကျနနနေရာယူပြီးမှပဲ စိတ်ကိုလျှော့၊ မျက်လုံးတွေကိုမှိတ်၊ အသက်ကိုဝဝရှုလို့ ခရီးသွားရင်း လမ်းမှာအိပ်တဲ့အရသာကို စိတ်အေးလက်အေး ခံစားရပါတော့တယ်။ အဆုံးမှာတော့ အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ အိမ်ကိုပြန်ရောက်တော့မယ်မဟုတ်လား။ မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေဗျာ။
မျိုးထက်နိုင် ( ၂၅.၀၈.၁၆)