စိတ်သဘောထားကြီးမြင့်သူတွေ
****************
အာဖရိကတိုက်အရှေ့ပိုင်းက ကင်ညာနိုင်ငံမှာ မာ့စိုင်(Masai) ဆိုတဲ့မျိုးနွယ်စုလေးတစ်ခုရှိတယ်။
တစ်နေ့မှာ သူတို့ရွာငယ်လေးကို အမေရိကန်နိုင်ငံမှာ ပညာသင်နေတဲ့ရွာသားလူငယ်တစ်ယောက်ပြန်ရောက်လာတယ်။
ရွာသားနာမည်က ကီမယ်လီ နိုင်ရိုမာ့ (Kimeli Naiyomah) တဲ့။
အဲဒီအချိန်က အမေရိကမှာ ၉/၁၁ လို့ခေါ်တဲ့ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှုကြီးဖြစ်ပြီးခါစအချိန်။
ရွာသားတွေက တိုက်ခိုက်မှုအကြောင်းကို တီဗွီကနေမြင်ရ၊ တစ်စွန်းတစ်စတော့ သိကြပေမဲ့ ဂဃနဏ တော့သေချာမသိကြဘူး။
ကိုယ်တိုင်မျက်မြင်ကြုံခဲ့တဲ့ ကီမယ်လီက လေယာဥ်ပျံတွေက လူတွေအများကြီးရှိတဲ့ အထပ်မြင့်ကုန်သွယ်ရေးအဆောက်အဦတွေကို ဘယ်လိုတိုက်တဲ့အကြောင်း၊ မီးတွေဘယ်လိုလောင်ကြောင်း၊ လူတွေ အများကြီး ဘယ်လိုဒဏ်ရာရကြ၊ သေကြေကြကြောင်းတွေပြောပြတော့ ရွာသားတွေက ပါးစပ်အဟောင်းသားလေးနဲ့နားထောင်ကြတယ်။
ဒီလောက် အန္တရာယ်ကြီးတဲ့ထဲက ကံကောင်းထောက်မပြီး သူတို့ရွာသား ကီမယ်လီ တစ်ယောက်အန္တရာယ်ကင်းစွာ လွတ်လာလို့ ဝမ်းသာကြတယ်။
ပြီးတော့ ဒုက္ခဆင်းရဲတွေ့၊ သေကြေကြရတဲ့ အမေရိကန်နိုင်ငံသားတွေကို ကရုဏာသက်ကြတယ်။
ကိုယ်ချင်းစာတရားတွေ တဖွားဖွားပေါ်ကြတယ်။
ဒီမှာတင် သနားစရာ အမေရိကန်ပြည်ထောင်စုကလူတွေကို အကူအညီပေးချင်ကြလို့ သူတို့မှာရှိတဲ့ထဲက နွား ၁၄ ကောင်ကို အမေရိကကိုတင်ပို့ပြီးထောက်ပံ့ဖို့ဆုံးဖြတ်လိုက်ကြတယ်။
သူတို့ရွာလေးမှာ နွားတွေက အင်မတန် အဖိုးတန်လို့ ဒီဆုံးဖြတ်ချက်က သူတို့မှာ ကိုယ်ချင်းစာတရားနဲ့ စိတ်ကောင်းစေတနာဘယ်လောက်ရှိနေလဲဆိုတာကို ပေါ်လွင်စေတယ်။
အမေရိကန်ပြည်ထောင်စုက သူတို့ရဲ့လက်ဆောင်အတွက်ကျေးဇူးတင်ပေမဲ့ နွားတွေကို အမေရိကထိသယ်ဖို့ စရိတ်စက ကြီးမားလွန်းလှတယ်။
ဒါနဲ့ပဲ နွားတွေကို အဲဒီမြေပေါ်မှာပဲ မျိုးနွယ်စုတစ်ခုကနေ အချိန်အကန့်အသတ်မဲ့ထိန်းကျောင်းစောင့်ရှောက်ထားပေးဖို့ အမေရိကန်တွေက စီမံလိုက်ကြတယ်။
ဒါ့အပြင် အတုံ့အပြန်အနေနဲ့ စိတ်ကောင်းစေတနာရှိပြီး ကိုယ်ချင်းစာတရားကြီးမားလှတဲ့ မာ့စိုင် မျိုးနွယ်စုရဲ့ ကလေးတွေ သူတို့ဒေသကကျောင်းတွေမှာ ကောင်းကောင်းမွန်မွန်ကျောင်းတက်နိုင်အောင် ရံပုံငွေအစီအစဥ်တစ်ရပ်ကို အမေရိကန်ပြည်ထောင်စုက မ တည်ပြီး စီစဥ်ထောက်ပံ့ပေးခဲ့ပါတယ်။
ဒီအကြောင်းအရာလေးကိုဖတ်ပြီးတဲ့အချိန်မှာ မောင်ဇိစိတ်ထဲနွေးထွေးမှုနဲ့ ကြည်နူးမှုကိုခံစားရတယ်။
“ ကိုယ်ချင်းစာ တရား” က ဘယ်လောက်လှပသလဲ။
ဘယ်လောက် လူသားဆန်လိုက်လဲ။
တဆက်တည်းမှာပဲ မောင်ဇိခေါင်းထဲမှာ အရင်ဆုံးပေါ်လာတာက ဟိုးအရင်နှစ်ပေါင်းများစွာကတည်းက မြန်မာပြည်မကနေ လက်နက်ကိုင်ရမ်းကားသူတွေကြောင့်ဒုက္ခရောက်ထွက်ပြေးရတဲ့သူတွေကို အမြဲနွေးနွေးထွေးထွေးကူညီလက်ခံပြီး ရှိတာလေးတွေခွဲကျွေးပေးနေတဲ့ စိတ်သဘောထားပြည့်ဝတဲ့ ကရင်နဲ့ ကချင် က သွေးချင်းညီအစ်ကိုမောင်နှမတွေ။
ဒုက္ခရောက်လာသူကို နေစရာရော၊ စားစရာပါပေးပြီး လက်ခံစောင့်ရှောက်ထားတတ်ကြတာ ခုမှမဟုတ်ဘူး။
ပြီးတော့ မြို့ကြီးတွေမှာ နှိပ်စက်သတ်ဖြတ်ခံကြရတဲ့လူတွေကို သနားကြင်နာတယ်ဆိုတဲ့၊ ကိုယ်တိုင်ဒုက္ခရောက်နေတဲ့ကြားက မရှိရှိတာကို ဒုက္ခရောက်နေတဲ့သူတွေကို ခွဲဝေပေးတတ်ကြတဲ့ ချင်းတောင်တန်းနဲ့ ကယားက သတ္တိပြောင်မြောက်လှတဲ့ သွေးချင်းတွေ။
ဒီလူသားတွေဟာ သူတို့ကိုယ်တိုင်မှာ ကိုယ်ပိုင်ဒုက္ခတွေ၊ နာကျည်းစရာတွေ ရှိနေလျက်နဲ့ အကူအညီလိုအပ်သူတိုင်းကိုလက်ခံပြီး စိတ်သဘောထားကြီးရင့်မှုနဲ့ ကိုယ်ချင်းစာတရားပြည့်ဝမှုကို တစ်နိုင်ငံလုံးမြင်အောင်ပြသွားကြတဲ့သူတွေပါ။
ဒီလူတွေကို ဒီလိုအချိန်မှာ ပြည်မကလူတွေက တတ်နိုင်သလောက် ထောက်ပံ့ကူညီကြရမှာပါပဲ။
ဒါ့အပြင် တိုင်းပြည်ကြီးအေးချမ်းသွားတဲ့အခါ ပြည်မကလူတွေအနေနဲ့ အဖိုးမဖြတ်နိုင်တဲ့ အကြင်နာတရားနဲ့ ကိုယ်ချင်းစာတရားကို လက်တွေ့ကျင့်သုံးပြသွားကြတဲ့၊ ဒုက္ခတွေ့သူကို ကူညီဖေးမတတ်တဲ့ တိုင်းရင်းသားညီနောင်တွေရဲ့စိတ်ဓါတ်နဲ့ အနစ်နာခံမှုကို မမေ့မလျော့ပဲ အဲဒီဒေသတွေဖွံ့ဖြိုးတိုးတက်ဖို့ အစွမ်းကုန် ပြန်လည်ပေးဆပ်နိုင်ကြမယ်လို့လဲ မျှော်လင့်ပါတယ်။
မောင်ဇိ
Picture: Internet
Ref: www.ranker.com, Internet
Friday, June 11, 2021
Subscribe to:
Posts (Atom)