စိတ်ညစ်တဲ့ အချိန်မှာ ဘယ်သူ့ကို သတိရတတ်ကြသလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက်မတူတတ်ကြပါဘူး။ ဘယ်သူ့ကို အများဆုံး သတိရတတ်ကြမယ်လို့ရော ထင်ပါသလဲ။ လူတွေ စိတ်ညစ်တဲ့အချိန်၊ အားကိုးရာမဲ့တဲ့အချိန်မှာ အများဆုံး ဘယ်သူ့ကို သတိရတတ်ကြမလဲ။ လူအားလုံး သတိရတတ်ကြတာကတော့ ကိုယ့်ကို အမြဲတမ်း မေတ္တာရှိနေမယ့်၊ ကိုယ်ဆိုးဆိုး၊ ကောင်းကောင်း ကိုယ့်အပေါ် အမြဲချစ်နေ၊ မေတ္တာရှိနေမယ့်၊ ကိုယ်မှာပျော်စရာရှိရင်မျှဝေပေးချင်ပြီး၊ ဝမ်းနည်းစရာဆိုရင်ကိုယ့်အပေါ်နားလည်စာနာပေးနိုင်မယ့်သူမျိုးကိုပါ။
အများစုက သတိရတတ်ကြတာကတော့ အမေပါ။ ဟုတ်ပါတယ်။ ကိုယ့်အပေါ်အမြဲ မေတ္တာနဲ့ ချစ်နေမယ့်သူက အမေဖြစ်တတ်ကြလို့ပါ။ လူတွေ စိတ်ဆင်းရဲစရာ၊ ဝမ်းနည်းစရာ၊ ကြောက်စရာနဲ့ ကြုံလာတဲ့အခါ အမေကို တကြပါတယ်။ ခလုပ်ထိမှ အမိတပေါ့။ ပြောရရင် အသက်ဘယ်လောက်ပင် ကြီးပါစေ၊ ဘယ်နေရာ၊ ဘယ်ဌာနကိုပင် ရောက်ပါစေ၊ အရေးကြုံရင် အမေကို သတိရတတ်ကြတာပါ။ ဆေးရုံမှာ မီးဖွားတဲ့ လူနာတွေတွေ့ဖူးပါတယ်။ ဘယ်နှစ်ယောက်မြောက်ကလေးကိုပဲ မွေးမွေး၊ အမေကို "တ" ရင်းနဲ့ မီးဖွားကြပါတယ်။ "အမေရေ.....နာတယ်၊ ကယ်ပါဦး "ဆိုတဲ့ စကားကို အော်ရင်းနဲ့ မိခင်လောင်းတွေဟာ နောင်တစ်ချိန်မှာ သူတို့ကိုပြန် "တ" မယ့် ကလေးတွေကို မွေးဖွားကြပါတယ်။ ဒါဖြင့် အသက်အရမ်းကြီးတဲ့လူတွေရော ဘယ်သူ့ကို "တ" ကြလဲ။ သူတို့လဲ မထူးပါဘူး။ အသက်ဘယ်လောက်ကြီးကြီး အရေးအကြောင်းဆို အမေကို "တ" ကြပါတယ်။ ကျွန်တော့် ဂျီးဒေါ်ကြီးတစ်ယောက် လေနာရောဂါရတဲ့အခါ အသက်ခြောက်ဆယ်ကျော်ကြီးနဲ့ " အမေရေ နာတယ် " ဆိုပြီး ဆုံးသွားတာ အလွန်ကြာပြီဖြစ်တဲ့ သူ့အမေကို "တ" နေတာကြုံဖူးပါတယ်။
ကဲ...ဘာလို့ အရေးဟယ်၊ အကြောင်းဟယ်ဆိုရင် အမေကို တ ကြတာလဲ စဉ်းစားကြည့်ရအောင်။ ဘာလို့ အဖေကိုတော့ မ "တ" လဲပေါ့။ တစ်ကယ်ဆို အဖေနဲ့ အမေမှာ အဖေက ပိုသန်မာတာပဲ။ အိမ်ထောင်ဦးစီး၊ အရာရာကို စနစ်တကျ ဆုံးဖြတ်တတ်ယုံမက ကိုယ့်ကို ကယ်တင်ပေးနိုင်တဲ့ အစွမ်းအစ၊အရည်အချင်း ပိုရှိတဲ့လူပဲ။ ဘာလို့မ "တ" ကြလဲ။
ဘာလို့လဲဆိုတော့ အမေကကိုယ့်အပေါ်မှာ ကရုဏာတရား ပိုကြီးလို့ပါ။ ကိုယ်ဝမ်းနည်း၊ ထိခိုက်ရင် ပိုပြီးတော့ စာနာပေးတတ်လို့ပါ။ ဆိုပါတော့ ကျွန်တော့တို့ ငယ်ငယ် က လမ်းလျှောက်ရင်း ခလုပ်တိုက်လဲတယ်ပေါ့။ အဖေကပြောပါတယ်။ ငါ့သား..ယောက်ျားကွ။ ထ ထ လို့ အားပေးပါတယ်။ အမေကတော့ ဟယ်..ငါ့သားလေးဘယ်နားနာသွားလဲ ဆိုပြီး ပြေးလာထူတတ်ပါတယ်။ အဖေက လောက အတွေ့အကြုံပိုရှိတတ်သူဖြစ်လို့ သူလုပ်တာ ကလေးအတွက်မှန်ပေမယ့်၊ ကလေးကတော့ ကိုယ့်ကို ပျာပျာသလဲပြေးလာထူတဲ့ အမေကို ပိုတွယ်တာသွားပါတယ်။ ဒီလိုနဲ့ အဖြစ်အပျက်ပေါင်းများစွာကို ဖြတ်ကျော်ပြီး ကျွန်တော်တို့ ကြီးပြင်းလာတဲ့ အခါ မသိစိတ်ထဲမှာ စွဲသွားပါတယ်။ အမေဟာ ကိုယ်ဝမ်းနည်းရင် ကိုယ်နဲ့လိုက်ငိုမယ့်သူတစ်ယောက်။ ကိုယ် စိတ်ညစ်စရာတွေကို မျှဝေပူပန်ပေးမယ့် သူတစ်ယောက်ဆိုတာကိုပါ။
ဒီလိုနဲ့ပဲ ဖြေရှင်းမရတဲ့အခက်အခဲတွေနဲ့ ကြုံတဲ့အခါ၊ ဝမ်းနည်း အားငယ် အထီးကျန်မှုတွေနဲ့ ဆုံတဲ့အခါ ကျွန်တော်တို့တွေ အမေကို သတိရလာတတ်ကြပါတယ်။
ကျွန်တော်လဲ ပြဿနာပေါင်းမြောက်များစွာနဲ့ ရင်ဆိုင်တွေ့ခဲ့ဖူးပါတယ်။ အောင်မြင်တဲ့အခါရှိသလို၊ ရှုံးနိမ့်တဲ့အခါတွေလဲ အလီလီပေါ့။ ပြဿနာတွေနဲ့ တွေ့လို့ ကျွန်တော်ရှင်းတော့မယ်ဆိုရင် စဉ်းစားပါတယ်။ ဖေဖေဆိုရင် ဘယ်လိုရှင်းမလဲဆိုပြီးတော့ပါ။ တော်ရုံတန်ရုံ အရှုံးဆိုရင်လည်း ဖေဖေကတော့ ဒီလောက်နဲ့ အရှုံးပေးမှာ မဟုတ်ဘူးကွ ဆိုပြီး ကျွန်တော်သည်းခံပြီးဆက်လုပ်တတ်ပါတယ်။ အဲ....နောက်ဆုံး မရှူနိုင်၊ မကယ်နိုင်နဲ့ ဒုက္ခလဲတွေ့ရော မျက်ရည်ဖြိုင်ဖြိုင်ကျပြီး မေမေ၊ မေမေ နဲ့ အမေကို "တ" ရတော့တာပါပဲ။ မေမေက ဘာမှ လုပ်ပေးနိုင်လို့ မဟုတ်ပါဘူး။ မေမေ့ရဲ့  ဂရုဏာကို တမ်းတတာပါ။ လူအားလုံးလဲ ဒီလိုပဲ လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့်သာ လူတွေက ဝမ်းနည်းစရာတွေ၊ စိတ်ညစ်စရာတွေ၊ အားငယ်စရာတွေနဲ့ ကြုံရင် အမေကို တမ်းတ တတ်တာပါ။
အကယ်၍ ကျွန်တော်တို့ ဝမ်းနည်း၊စိတ်ညစ်၊ အထီးကျန်၊ အားငယ်တဲ့အခါ အဖေ၊ အမေ အပြင် တခြားသူတစ်ယောက်ကိုပါ သတိရတယ်ဆိုရင်တော့ အဲဒီလူကို ကျွန်တော်တို့ ကောင်းကောင်းတန်ဖိုးထားသင့်ပါပြီ။ ဘာလို့လဲဆိုတော့ အဲဒီလူဟာလဲ ကျွန်တော်တို့ရဲ့  ဝမ်းနည်း၊ ဝမ်းသာမှုတွေကို မျှဝေပေးနိုင်တဲ့၊ ကိုယ်ကျရှုံးရင် ကိုယ့်ကို အားပေးနိုင်တဲ့၊ ကိုယ့်ကို စစ်မှန်သော မေတ္တာဂရုဏာ တွေထားရှိတဲ့ သူတစ်ယောက်ဖြစ်လို့ပါ။ ဒါကြောင့်သာ ကျွန်တော်တို့ အားကိုးတကြီး သတိရ တမ်းတတတ် ကြတာမဟုတ်လား။
နိဂုံးချူပ်ပြောရရင်တော့ လောကမှာ ကိုယ့်အပေါ်ဂရုဏာကြီးမားတဲ့ မိဘ၊ ဆရာသမား ဘယ်သူကိုမဆို ရှိနေချိန်မှာ ကောင်းကောင်းတန်ဖိုး ထားသင့်ပါတယ်။ ကိုယ်ကိုယ်တိုင်လဲ သူများအပေါ်ဂရုဏာထားနိုင်သူများဖြစ်အောင် ကြိုးစားနိုင်ပါက ပိုကောင်းပါတယ်။ ကျွန်တော်တွေးမိသမျှလေးပါ။
မေမေ၊ ဖေဖေ၊ ကမ္ဘာပေါ်က မိခင်၊ဖခင်တိုင်းနဲ့ ဂရုဏာတရားကြီးမားသူအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံကြပါစေ။
No comments:
Post a Comment