Monday, October 17, 2011

ကောင်းကင်အောက်က ပန်းတစ်ပွင့်

ဘဝက သေသလိုဖြစ်နေပမယ့်
လက်သည်းတွေက ဆက်ရှည်နေတုံး။

မျက်လုံးက ပွင့်နေပေမယ့်
အိပ်မက်က ဆက်မက်နေတုံး။

ခြောက်အိပ်မက်တွေ များလာပေမယ့်
ချိုမယ်လို့ မျှော်လင့်ခဲ့တုံး။

တုံး တုံး တုံး၊ တုံးပေါင်းများလာခဲ့။

တင်စားဖို့ စကားရှာစဉ်
အချိန်ပြည့်သွားပြီ တဲ့။

ထပ်မက်မလား စဉ်းစားစဉ်
အာရုံတက်ပြီတဲ့။

နေ့ ထာဝရမဟုတ်သလို
ညလဲ မမြဲပါဘူး။

ရစ်မူးတပ်မက်စရာမရှိရင်
ဘဝက အဓိပ္ပါယ် မဲ့မှာလား။

"ဏ" က " ဍ " နဲ့ စာရင်ရိုးရှင်းပါတယ်။
" ဝ " နဲ့တော့ မယှဉ်နဲ့လေ။

အရာရာပြီးပြည့်စုံနေရင်တော့
လူ မက နတ် တမျှပေါ့။

ဠင်းတလောက်တော့ ငှက်တိုင်းလှတယ်ဆိုတာ
ဠင်းတ အလှကို မမြင်တတ်ကြလို့ပါ။

ပေါင်းပင်က သတ်တာတောင် သေဖို့
ခဲယဉ်းသလောက်၊
ပန်းပင်က ရေငတ်ယုံနဲ့ ဘဝဆုံးတတ်တာ
သဘာဝမတူလို့ပါ။
ခံစားပေးတတ်ဖို့တော့ လိုမှာပေါ့။

အဿထိုရ်မြင်းဆိုတာက
မြင်းနဲ့ မြည်း စပ်မွေးတာလို့ ဖတ်ဖူးခဲ့တယ်ထင်ရဲ့ ။

တန်ဖိုး ဆိုတာ
နှိုင်းယှဉ်မှုတွေကြောင့်ဆိုရင်
တန်ဖိုးတစ်ခုတောင် မရှိချင်တော့ပါဘူး။
အနှိုင်းခံရမှာ ကြောက်လို့။

ဝလုံးလောက်ရိုးရှင်းမှသုံးမယ်ဆိုရင်
တစ်ခြား အက္ခရာတွေ ဘာလို့ တည်ရှိနေပါလိမ့်။

ခြောက်အိပ်မက်တွေ မက်မယ့်အစား
ထာဝရနိုးထခြင်းကိုပဲ တမ်းတပါရစေ။

ရှည်နေတဲ့လက်သည်းတွေလဲ
တန့်ရပ်ပါစေလေတော့။

ဒီလိုသာဖြစ်နေဦးမယ်ဆိုရင်ဖြင့်
နောင်ဆက်တိုင်းဆက်တိုင်းဘဝမှာ
ရေမလိုတဲ့ ပန်းပင်အဖြစ်သာ
ပြိုင်ဘက်မဲ့ မွေးဖွားလို့
ရှင်သန်မှုမှာ အဓိပ္ပါယ်တွေ ပြည့်ဝပါစေတော့။