Tuesday, September 28, 2010

မင်း၊ ငါ၊ ကျွန်တော်၊ ခင်ဗျား

"ဟေ့ကောင်၊ မင်း ဒီဟာလေးတွေ သယ်သွားလိုက်စမ်းပါ" တဲ့။ လှည့်ကြည့်လိုက်တော့ ကျွန်တော့ကို ပြောနေတာ။ ပြောနေတဲ့ငတိလေးက ကျွန်တော့်ထက်အနည်းဆုံး ၃ နှစ်လောက်ငယ်လိမ့်မယ်။ အဲဒါ ကျွန်တော်တို့ ကျောင်းက ကျောင်းသားသစ်တွေရော၊ ကျောင်းသားဟောင်းတွေရော စုပေါင်းပြီးလုပ်တဲ့ ပွဲတစ်ပွဲမှာပါ။ အလို...ဒီခေတ် စင်ကာပူက လူငယ်တွေ ဒီလိုဖြစ်ကုန်ပြီလား။ စင်ကာပူကို ငယ်ငယ်ရွယ်ရွယ်နဲ့ ရောက်လာလို့ ယဉ်ကျေးမှုဆိုတာကို မသိတော့တာလား။ ရန်ကုန်မှာ ကတည်းက မိဘဆွေမျိုးတွေက မသင်ပေးလိုက်လို့ပဲ ဒီလိုပြောဆိုနေတတ်တာလား။ "လား" ပေါင်းများစွာကို ကျွန်တော် တွေးမိသွားပါတယ်။

ဒီအဖြစ်အပျက်မျိုးက ကျွန်တော်ခုမှ ကြုံရတာတော့ မဟုတ်ပါဘူး။ ခဏ၊ ခဏ တွေ့နေရတာပါ။ ခုတော့ ပြောစရာတွေက အရမ်းများလာလို့ ရေးလိုက်တာပါ။

ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေပါ။ မြန်မာလူမျိုးဟာ လူတစ်ယောက်ကို အသက်အရွယ်လိုက်လို့ ဦးဦး၊ ဒေါ်ဒေါ်၊ အစ်ကို၊ အစ်မ စသည်ဖြင့် ဂါရဝတရားနဲ့ ဆက်ဆံလေ့ရှိတာပါ။ ကျွန်တော့မိဘတွေဆိုရင် ဘယ်သူ့ကိုပဲ ဖြစ်ဖြစ်၊ ကိုယ်ထက် အသက် ၁ နှစ်ကြီးရင် မင်းနဲ့ငါနဲ့ မပြောဖို့ ကျွန်တော်တို့ကို ဆုံးမထားတာပါ။ ဒါကြောင့်လဲ ဘယ်လိုလူပဲဖြစ်ဖြစ်၊ ဘာအလုပ်ပဲလုပ်လုပ်၊ ပညာတတ်တတ် မတတ်တတ် ကျွန်တော်ဟာ ကိုယ့်ထက်အသက်အရွယ်ကြီးသူတွေကို အသက်အရွယ်လိုက်လို့ ခေါ်ဝေါ်ဆက်ဆံပါတယ်။

စင်ကာပူမှာ ကျွန်တော် တွေ့၊ ကြုံ နေရတာတွေကို ရေးပြပါမယ်။ ကောင်လေး၊ ကောင်မလေးတွေ ရှိပါတယ်။ ပိုလီကျောင်းလောက်ပြီးသွားရင် လူတစ်ကာကို မင်း၊ငါ၊ နင်၊ငါ စသည်ဖြင့် ပြောတတ်ကြပါတယ်။ အသက်ကြီးလာပြီး မရင့်ကျက်လာတာလား။ သိကို မသိတတ်တာလားတော့ ကျွန်တော်မသိပါဘူး။ အနည်းဆုံးတော့ ကိုယ်နဲ့ မသိတဲ့ လူတစ်ယောက်နဲ့ စကားစပြောရင် "ခင်ဗျား၊ ကျွန်တော်" လောက်တော့ ဖြစ်သင့်ပါတယ်။ အသက်အရွယ်ကို သေချာသိမှ အစ်ကို၊ အစ်မ၊ ညီလေး၊ ညီမလေး စသည်ဖြင့်ပြောတာ ပိုမယဉ်ကျေးပေဘူးလားဗျာ။

အရေးမကြီးတာကို ကြီးကျယ်အောင်ရေးနေတာ မဟုတ်ပါဘူး။ ဆက်ဆံရေးတစ်ခုမှာ အခေါ်အဝေါ်က အရမ်းကို အရေးပါလို့ ပြောနေတာပါ။ တစ်ယောက်နဲ့ တစ်ယောက်လေးစားမှုမရှိရင် အစကတည်းက ဆက်ဆံရေးက အနှုတ်နဲ့ စပါတယ်။ အပြုသဘောထက် အပျက်သဘောက ပိုများလာပါတယ်။ ကြီးမြင့်တဲ့ ပုဂ္ဂိုလ်တွေကတော့ ကိုယ့်ကိုယ်ကို နှိမ့်ချတတ်ကြပါတယ်။ မာနထောင်လွှားခြင်းမရှိပါဘူး။ ဒီတော့ သူတို့နဲ့ ဆက်ဆံရသူတွေကို ငြိမ်းချမ်း စေပါတယ်။ ဥပမာ တစ်ခုပြောရရင် စာပေဟောပြောပွဲတစ်ခုမှာ ဆရာလယ်တွင်းသား စောချစ်နဲ့ စကားပြောခွင့်ကြုံပါတယ်။ ကျွန်တော်ဟာ သူ့သား၊ သူ့မြေး အရွယ်လောက်ပါ။ ဒါပေမယ့် လူ့လောကထဲမှာ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ဆရာက သူ့ကိုသူ "ကျွန်တော်"၊ လူငယ်တစ်ယောက်သာ ဖြစ်သေးတဲ့ ကျွန်တော့ကို "ခင်ဗျား" စသည်ဖြင့် သုံးနှုန်းပြောဆိုသွားတာကို သတိထားမိလိုက်ပါတယ်။ တော်တော်လဲ လေးစားသွားမိပါတယ်။ ကိုယ်မသိတဲ့ လူတစ်ယောက်ကို ဆက်ဆံရာမှာ သူ့ဂုဏ်ကိုယ်မသိ၊ ကိုယ့်ဂုဏ်သူမသိ ဆိုတဲ့အခါမျိုးတွေ ရှိတတ်ပါတယ်။ ဆရာ ဆက်ဆံသလို ဆက်ဆံခြင်းအားဖြင့် ပြဿနာ အားလုံးကို ဖြေရှင်းပြီး ဖြစ်သွားတယ်လို့ သဘောပေါက်မိပါတယ်။ ဆရာ လယ်တွင်းသားစောချစ်မှ မဟုတ်ပါဘူး။ ကျွန်တော် ဆက်ဆံမိသမျှ သဘောထားကြီးရင့်တဲ့၊ အတွေ့အကြုံများတဲ့ လူကြီးသူမများဟာ ဒီလိုပဲဆိုတာ ကျွန်တော်လေ့လာ မှတ်သားခဲ့ရပါတယ်။

အခု စင်ကာပူက လူငယ်အများစု ဖြစ်နေတဲ့ ပြဿနာကို ဆက်ရေးပါမယ်။ လူတိုင်းမဟုတ်ပေမယ့် တစ်ချို့  ဟာပိုလီကျောင်းလောက်ပြီးရင် ကိုယ့်ကိုယ်ကို ဘုရင်ခံလောက်ထင်နေတဲ့လူတွေရှိပါတယ်။ စီနီယာဆိုပြီး နောက်မှ ကျောင်းတက်လာတဲ့လူတွေကို အသက်အရွယ်မကြည့်ပဲ ခပ်ရင့်ရင့်ဆက်ဆံတတ်ကြပါတယ်။တစ်ကယ်တော့ အကြောင်းအမျိုးမျိုးကြောင့် အသက်ကြီးမှ ပိုလီလာတက်သူတွေ၊ အိုင်တီအီးကနေ ကူးလာသူတွေ ဒုနဲ့ဒေးပါ။ ဒါကိုမစဉ်းစားပဲ သူတို့ စိတ်ထဲမှာ စီနီယာဆိုရင် မင်း၊ငါ ဆိုတဲ့ စကားနဲ့ ပြောတာ တရားတယ်လို့ ထင်နေကြပုံရပါတယ်။

ကျွန်တော့ထက်ကြီးတဲ့သူတွေကို စီနီယာဖြစ်ဖြစ်၊ ဂျူနီယာဖြစ်ဖြစ် ကျွန်တော် အစ်ကို၊ အစ်မခေါ်ပါတယ်။ သူတို့က မင်း၊ငါ စသည်ဖြင့်သုံးနှုန်းရင် ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမယ့် ငယ်သူတွေက ရင့်လာရင်တော့ ကျွန်တော် လက်မခံနိုင်ပါဘူး။ ကျွန်တော်တို့ဟာ မြန်မာလူမျိုး ဖြစ်တဲ့ အတွက် မြန်မာ့ယဉ်ကျေးမှုကိုပဲ ဆက်ခံ၊ လိုက်နာရမှာပါ။ ကျွန်တော်ကိုယ်တိုင်လဲ လိုက်နာပါတယ်။ ကျွန်တော့ထက် ငယ်တာကို သေသေချာချာသိနေရင်တောင်မှ တစ်ဖက်လူက ကျွန်တော့ကို မသိသေးရင် "ကျွန်တော်၊ ခင်ဗျား" စသည်ဖြင့် သုံးနှုန်းပါတယ်။ သူဘက်က ဘာမှ မသိရပဲ ကျွန်တော်ကတစ်ဖက်သတ် မင်း၊ငါ စသည်ဖြင့်သုံးနှုန်းလိုက်ရင် စိတ်ကွက်သွားမှာ စိုးလို့ပါ။ ဆက်ဆံရေးတစ်ခုကို အဖုအထစ် မဖြစ်စေချင်လို့ပါ။ နောက်တစ်ခုက ကျွန်တော့ထက်ငယ်ပေမယ့်၊ လေးစားလောက်စရာ ဂုဏ်ရှိသူတွေ၊ သို့မဟုတ် သိပ်မရင်းနှီးသူတွေကိုလဲ ကျွန်တော်၊ ခင်ဗျားစသည်ဖြင့်ပဲ ဆက်ဆံပါတယ်။ ဂုဏ်ဆိုတဲ့ နေရာမှာ ငွေ၊ ကြေးကို ပြောတာ မဟုတ်ပါဘူး။ သူ့ရဲ့  ကိုယ်ရည်ကိုယ်သွေး၊ တာဝန်ယူထားမှု၊ ရင့်ကျက်မှု၊ ပတ်ဝန်းကျင်ကို အကျိုးပြုနိုင်မှု စတာတွေကိုပြောတာပါ။

နောက်ဆုံးအနေနဲ့ ကျွန်တော် ကြုံခဲ့ရတဲ့ ကိုယ်တွေ့လေးတစ်ခုကိုပြောပါမယ်။ အဖွဲ့လိုက် တာဝန်ယူရတဲ့လုပ်ငန်းလေးတစ်ခုမှာပါ။ ကျွန်တော်ရယ်၊ ကျွန်တော့ညီငယ်လေး တစ်ချို့ ရယ်၊ စီနီယာထဲက မိန်းကလေး တစ်ချို့ ရယ် အတူတူတာဝန်ကျပါတယ်။ ကျွန်တော်သိတာတော့ မိန်းကလေးတွေဟာ ကျွန်တော့ထက် နှစ်နှစ်၊ သုံးနှစ်စီလောက်ငယ်ပါတယ်။ ဒါပေမယ့် သူနဲ့ ကိုယ်နဲ့ မသိသေးတဲ့ အတွက် ကျွန်တော်ဘက်က "ကျွန်တော်၊ ခင်ဗျား" စသည်ဖြင့်ပဲ သုံးနှုန်းပါတယ်။ အဲ....ပြဿနာကို သူတို့ ဘက်က စရှာလာပါတယ်။ သူတို့ကိုယ်သူတို့ နာမည်တပ်ရင် "မ" ဆိုတာလေးကို ရှေ့ က တပ်ပေးပါတယ်။ ပြီးတော့ ကျွန်တော့ကိုတော့ "နင်၊ ငါ" စသည်ဖြင့် စီနီယာဂုဏ်ပြပါတယ်။ ကျွန်တော် စိတ်ထဲမှာ သူတို့ကို နည်းနည်း အထင်ကြီးလို့မရဖြစ်သွားပါလေရော။ ရေရှည် အတူတွဲလုပ်ရမယ့်လူတွေ မဟုတ်တဲ့အတွက် ကျွန်တော် ဘာတစ်ခုမှ မပြောခဲ့တော့ပါ။ ပြောချင်ရာပြောကြလို့ လွှတ်ပေးထားပြီး ကြိတ်ပဲ ရယ်နေလိုက်ပါတယ်။ သူတို့ကိုတော့ ခပ်တန်းတန်းပဲ ဆက်ဆံခဲ့ရပါတယ်။

ကျွန်တော်ပြောချင်တာကတော့ သူတို့တွေ မပြောတတ်၊ မဆိုတတ်တာကြောင့် အတူတွဲလုပ်ရင်း သူငယ်ချင်းသစ်တွေ၊ မိတ်ဆွေသစ်တွေရမယ့်အခွင့်အရေး ကို ကျွန်တော်ရော၊ သူတို့ရော ဆုံးရှုံးခဲ့ရတယ်ဆိုတာပါ။

နောက်ဆုံး နိဂုံးချုပ်ရရင် တစ်ယောက်နဲ့ တစ်ယောက်လေးစားမှုမရှိရင် ဆက်ဆံရေးကောင်းတစ်ခုကို အစပျိုးဖို့ခက်ပါတယ်။ တစ်ဖက်ဖက်က မကျေမနပ်ဖြစ်နေရတဲ့ ဆက်ဆံရေးမျိုးဟာ ဘယ်တော့မှ ကောင်းကျိုးကို ထုတ်မပေးနိုင်ပါဘူး။ အစပျိုးမှု မကောင်းတဲ့ ဆက်ဆံရေးတစ်ခုကနေ မိတ်ဆွေ၊ သူငယ်ချင်းကောင်းဆိုတာလဲ ရ မလာနိုင်ပါဘူး။ ဒါဆိုရင် ကိုယ့်အတွက်ရော၊ ကိုယ့်နဲ့ ခင်မင်ခြင်းအားဖြင့် အကျိုးရနိုင်မယ့် တစ်ဖက်လူအတွက်ရော အကျိုးယုတ်ပါတယ်။ မိတ်ဆွေတစ်ယောက်တိုးတယ် ဆိုတာဟာ တစ်ချိန်မဟုတ်တစ်ချိန်မှာ ကိုယ့်အတွက် အကျိုးရှိပါတယ်။ ဒီသဘောတရားလေးက ဘယ်တော့မှ မမှားပါဘူးဆိုတာ လူတိုင်းသိသင့်ပါတယ်။

ဒါကြောင့် ပြောတတ်၊ ဆိုတတ်၊ ပေါင်းသင်းတတ်ပြီး သူ့နေရာ၊ ဌာနနဲ့ ခေါ်ပြော ဆက်ဆံတတ်သူတွေ၊ စကားကောင်းထွက်သူတွေ ဖြစ်ကြပါစေဗျာ။

No comments:

Post a Comment