Monday, April 30, 2012
အဆိပ္ခတ္ထားတဲ့ စပ်စ္ခ်ဳိ (အဆိပ်ခတ်ထားတဲ့ စပျစ်ချို)
 ကျွန်တော့အတွက် မဟူရာရောင်လင်းလက်၊ ကြယ်ရောင်တွေပြိုးပြက်တဲ့ ညနက်နက်တွေဟာ အဆိပ်ခတ်ထားတဲ့ စပျစ်ရည်တစ်ခွက်နဲ့တူတယ်။ ချိုမြိန်တယ်...ကျန်းမာရေးကိုထိခိုက်စေတယ်။
တစ်ခါတစ်လေ ချိုမြိန်မှုနောက်လိုက်မိပေမယ့် မကြာခဏတော့ ကျန်းမာရေးကိုဂရုစိုက်မိပြန်ရော။ ဘယ်ဟာကို ပိုမြတ်နိုးလဲ မသိခင်အချိန်ထိပေါ့။ တစ်နေ့မှာ....( တစ်ညမှာလို့ပြောရင်လဲမှန်မှာပေါ့ ).... ချိုမြိန်မှုကို ဓါတ်ခွဲစမ်းသပ်မိတယ်။ ဘာတွေများ ဒီလောက်တောင်ပျော်ဝင်နေလို့ ချိုမြိန်နေလဲ သိချင်ယုံသက်သက်လား...။ ပိုပြီးချိုမြိန်အောင် ဘာလုပ်ရမလဲသိချင်လို့လား.....။ ကျွန်တော် မသိတော့....။မမှတ်မိတော့တာပါ။ မှတ်မိတာကတော့ ဓါတ်ခွဲစမ်းသပ်ခဲ့တယ်...။ဟုတ်တယ်။ ချိုမြိန်မှုကို.......။
အို.....ကျွန်တော့ စိတ်အာရုံတွေ အတိုင်းအဆမရှိ ဖြန့်ကျက်ရွေ့လျားနေတာပဲ...။ စကြဝဠာတစ်ခွင်၊....မဟုတ်ဘူး၊.....တစ်ခြားစကြဝဠာတွေအထိ၊.....မဟုတ်သေးဘူး၊....မရှိတဲ့ စကြဝဠာတွေထိ။
အင်း...မရှိတဲ့ စကြဝဠာတွေထိ။ ကြည်နူးမှုဆိုတာ အတိုင်းအဆမရှိဘူး....။ ကျေနပ်မှုဆိုတာ မဆုံးတော့သလိုပဲ...။ အိုး..... ဒီလောက် ပျော်ရွှင်ဖွယ်ရာ ကောင်းမှန်း သတိမပြုမိခဲ့ပါလား။ နှမြောစရာ ကုန်လွန်ခဲ့တဲ့ ညကမ္ဘာတွေပါလား...။
ဒီလိုတော့လဲ ပြောလို့မရသေးဘူးထင်တယ်။ ချောက်ခြားခဲ့ရတဲ့၊ လမင်းရဲ့အလင်းနဲ့ အားတင်းခဲ့ရတဲ့ ညတွေလည်းရှိခဲ့သလိုလို.....။ ဝေဝေဝါးဝါးလား....ထွေထွေပြားပြားလား....သိပ်တော့မသေချာတော့ပြန်။ ချိုမြိန်မှုမှာ ခပ်သက်သက်အရသာလေးလည်း ပါခဲ့ဘူးတယ်ထင်ရဲ့...။ ခုတော့ ကုန်နေတယ်။ အခါးလိုချင်ရင် ပရဆေးဆိုင်မှာသွားမေးပါ... ဒီမှာအချိုပဲ ရှိတော့လို့ပါ... လို့ ကျွန်တော်ပြောလိုက်ရင်ကော....။ အခါးက အောက်မှာ အနည်ထိုင်နေတာရော မဖြစ်နိုင်ဘူးလားတဲ့.... ပြန်မေးမလား မသိ။ကျွန်တော် မသိချင်ယောင်ဆောင်နေလိုက်တယ်။
ပြောချင်ရာကို ဆက်ပြောကြပါစို့.............။
လက်ချောင်းလေးတွေက တိတ်ဆိတ်မှုနောက်မှာ ပိုပြီးချွန်ထက်လာကြတယ်....။ ငြိမ်သက်မှုနဲ့ ငြိမ်းချမ်းမှုကတော့ ထက်မြတဲ့လက်ချောင်းလေးတွေကို ဖြည့်ပေးနေတဲ့ ဆီတွေများလား...။ ဆီဆိုတာက မီးလောင်ဖို့ လောင်စာမဟုတ်ပါဘူး။ ချောမွေ့မှုနဲ့ မောင်းနှင်မှုကို အားပေးတဲ့ စိတ္တဇနာမ်တွေပါ။
ဒီလိုနဲ့ပဲ သူမကို ကျွန်တော် တစ်ဖြည်းဖြည်းရှာဖွေ တွေ့ရှိခဲ့တာ....။ သူမဟာ တဖြည်းဖြည်း ပိုလို့၊ ပိုလို့ ရုပ်လုံးပေါ်လာခဲ့တာ....။ ပိုပိုပြီး လှလာခဲ့တာ။ ပိုပိုပြီး ချောမော ပြေပြစ်လာခဲ့တာ....။ ပိုပိုပြီး ဖွံ့ထွားလာခဲ့တာ....။ အားလုံးကို ကျွန်တော် သတိထားမိနေခဲ့တယ်။ ချိုမြိန်တဲ့ ညနက်နက်တွေမှာလေ.....။
ကျွန်တော် အဆိပ်ခတ်ထားတဲ့ စပျစ်ချိုကို ချစ်တတ်လာပြီ။ ချိုမြိန်တယ်....ကျန်းမာရေးကို ထိခိုက်စေတယ်..။
ကျွန်တော်ချိုမြိန်မှုကို ပိုမြတ်နိုးတယ်....။ ဒါပေမယ့်.....ကြာကြာချိုမြိန်ချင်တယ်။ သူမ လှပစွာ အရွယ်ရောက်လာတာကို မြင်ချင်တယ်.....။ သူတစ်ပါးရဲ့ မျက်လုံးတွေအောက်မှာ အရပ်၈မျက်နှာ...မကဘူး၊ ၁၆ မျက်နှာ... နည်းသေးတယ်....၃၆၀ ဒီဂရီ.... ဘယ်လို ကြည့်ကြည့်လှနေတဲ့ သူမကို ကျွန်တော် ဂုဏ်ယူစွာ ခင်းကျင်းပြသချင်တယ်။ သူမဟာ အတတ်ပညာနဲ့ စိတ်ဝိညဉ်တစ်ခုရဲ့ သိမ်မွေ့စွာပေါင်းစပ်မှုတစ်ခု။
အဆိတ်ခတ်ထားတဲ့ စပျစ်ချိုဟာ ချိုမြိန်တယ်....ကျန်းမာရေးကိုထိခိုက်စေတယ်။
သူမကို မြတ်မြတ်နိုးနိုး ငေးမောကြည့်နေမယ့် မျက်ဝန်းတစ်စုံရဖို့အတွက် အချိန်တွေလိုတယ်။ စပျစ်ချိုဟာ အဆိပ်မခတ်ထားရင် သိပ်ကောင်းမှာပဲ.....။ ခုတော့.... ဆင်ခြင်တိုင်းထွာပြီး သောက်ရုံပေါ့။
အဆိပ်ခတ်ထားတဲ့ စပျစ်ချိုဟာ ချိုမြိန်တယ်....ကျန်းမာရေးကိုလဲ ထိခိုက်စေတယ်။ ဟုတ်တယ်....ကျန်းမာရေးကိုထိခိုက်စေတယ်။ ဒါပေမယ့် အတိုင်းအဆမဲ့ ချိုမြိန်တယ်။
တစ်နေ့( တစ်ည ) မှာ............. လှပတဲ့...၊ အကြည့်ခံတဲ့....၊ ငေးမောခံရလောက်အောင်ပြုစားနိုင်တဲ့....၊ ကျွန်တော့စိတ်အလိုကို နှိုက်နှိုက်ချွတ်ချွတ်သိတတ်တဲ့ သူမဟာ ကျယ်ဝန်းညို့ငင်နိုင်တဲ့ သူမရဲ့မျက်လုံးပေါ်က မျက်တောင်တွေကို တဖျတ်ဖျတ်ခတ်လာလိမ့်မယ်......။ အဆိတ်ခတ်ထားတဲ့ စပျစ်ချိုကို ဆက်သောက်နေရင်းနဲ့....တဖြည်းဖြည်းချင်းပေါ့.....။ အဲဒီနေ့....ဒါမှမဟုတ်...ည....ဟာ ရောက်ကိုရောက်လာဦးမှာ။ အဆိပ်ခတ်ထားတဲ့ စပျစ်ချိုကိုဆက်သောက်နေရင်ပေါ့......။
အဆိတ်ခတ်ထားတဲ့ စပျစ်ရည်ဟာ ချိုမြိန်တယ်...။ ကျန်းမာရေးကိုထိခိုက်စေတယ်....။ ဘာပဲဖြစ်ဖြစ် အဆိပ်ခတ်ထားတဲ့ စပျစ်ရည်ကိုတော့ ဆက်သောက်နေရပါဦးမယ်....။ ချိုမြိန်တဲ့ အရသာကို ကျွန်တော် စွဲလမ်းစပြုနေပြီ မဟုတ်ပါလားလေ....။
Friday, April 27, 2012
တစ္ခုၿပီးမွ တစ္ခု
ကျွန်တော့တွင် ကိုယ်တိုင်မကြိုက်သည့် အကျင့်တစ်ခုရှိသည်။ နောက်ဆံတင်းခြင်း ဖြစ်၏။ အမ်အာတီဘူတာမှ အိမ်သို့ စက်ဘီးစီးပြီးပြန်လာစဉ် ဘောင်းဘီအိတ်ထောင်ရှိဖုန်းထဲသို့ မက်ဆေ့ခ်ျ ဝင်လာသည်။ ဘယ်သူ၊ ဘာအတွက်နှင့်ပို့မှန်း သိလျက်နှင့်ပင် မတ်ဆေ့ခ်ျကို ဖွင့်ဖတ်ချင်နေသည်ကို သတိထားမိလိုက်သည်။ မီးပွိုင့်တွင် ခဏရပ်စောင့်ရစဉ် ဖွင့်ဖတ်လိုက်သည်။ ဘာမှမဟုတ်။ အရေးမကြီးသည့် အကြောင်းအရာတစ်ခုကို သူငယ်ချင်းမှ လှမ်းပို့ခြင်းဖြစ်သည်။ သို့တိုင် အိမ်မရောက်ခင် ဖွင့်ဖတ်ချင်စိတ်ကို တား၍မရလိုက်။
ယခင်ကလည်း ထိုသို့ မကြာခဏဖြစ်ဖူးသည်။ လူတစ်ယောက်နှင့် စကားပြောနေစဉ် အခြားလူတစ်ယောက်မှ လာပြောပါက ပြောလက်စ စကားကိုရပ်၍ထိုလူကို လှည့်စကားပြောသည်။ ပြီးနောက် ပထမပြောလက်စလူကို အားနာသဖြင့် ပထမလူကို ပြန်လှည့်ပြောပြန်သည်။ ထိုအခါ ယောင်နနကျန်ခဲ့သော ဒုတိယလူကို အားနာနေပြန်သည်။ ဤသို့ အကြိမ်ပေါင်းများစွာဖြစ်ဖူးသည်ကိုလည်း ကိုယ့်ကိုယ်ကို သတိထားမိပြန်သည်။ ဗျာများခြင်းဟူ ခေါ်က ပိုသင့်တော်မည်ထင်သည်။
ဤကိစ္စလေးမှာ ဤနေရာတွင် ဘာမှမဟုတ်သော်လည်း အရေးကြီးကိစ္စများတွင် ဒုက္ခကို မိတ်ကပ်ချယ်ရုံမက၊ ဆံပင်တုပါစွပ်၍ အဝတ်အစားသစ်သစ်နှင့် အလှပြင်ကာ ပေးလေသည်။ အရေးကြီးကိစ္စနှင့် တက်စီငှားအစီး၊ ကားကိုအတား၊ ဖုန်းက အလာ၊ ဖုန်းပြောရင်းနှင့်တက်စီငှား၊ အာရုံက ဟိုရောက်ဒီရောက်၊ စိတ်ရှုပ်၍ခေါင်းမူးရလေသည်။ အထုပ်အပိုးများသာပါလျှင်တော့ ပြောမနေပါနှင့်တော့။ ဒုက္ခလှလှကို နဖူးတွေ့၊ ဒူးတွေ့ တွေ့ခြင်းပါပေ။
လူအများနှင့်လုပ်သည့် ပွဲမျိုးတွင်လည်း အလုပ်များရသည့်ကြားထဲ အာရုံကို အနှောက်ယှက်ခံရသောအခါ ဟိုဟာလုပ်ရမလို၊ ဒီဟာ အပြီးသတ်ရမလိုနှင့် အရူးမီးဝိုင်းဖြစ်ရပြန်သည်။ လုပ်လက်စကို ဆက်လုပ်ရမှာလည်းအခက်၊ အခုချက်ချင်းလုပ်မှ ဖြစ်မည့်အရာကို ပြေးလုပ်ရမှာကလဲ အဆင်မပြေ၊ ပြဿနာတစ်ခုကို ရှင်းခိုင်းနေသည့်လုပ်ဖော်ကိုင်ဖက်များကိုလည်း သေချာအာရုံမကျ၊ မလှမ်းမကမ်းမှာမြင်နေရသည့် ကိုယ်ရှင်းလိုက်လျှင်ပြီးသွားမည့် အခက်အခဲတစ်ခုကိုလဲ ပြေးပြီးရှင်းချင်၊ ရွှေပွဲလာများ၏ လိုလားတောင်းဆိုချက်များကလည်း ခေါင်းကိုအလုပ်ပေးနှင့် အတော်ပင် ပျာယာခတ်ရပေသည်။
 ဤနည်း ဤနှင်ဖြင့် စိတ်အကျဉ်း ၈၉ပါး အကျယ် ၁၂၁ပါးဟူ၍ အဘိဓမ္မာတွင်ပါသော စိတ်အထွေထွေသည် လူကို ညှင်းပမ်းလေသည်။ တော်ပါသေး၏။ စိတ်အကျဉ်း ၈၉ပါးခန့်သာရှိ၍ဖြစ်သည်။  ၈၉၀ ခန့်ဆိုပါက သွက်သွက်ခါ ရူးလောက်ပေသည်။
 ကိုယ်တစ်ယောက်သာ ထိုရွေ့  ထိုမျှ စိတ်နောက်ရလေသလောဟု အခြားလူများကို ချောင်းမြောင်း အကဲခတ်၏။ မသိမသာ ခိုးကြည့်၍ နောက်ယောင်ခံ၏။ ပေါ်ပေါ်တင်တင်စိတ်ရှုပ်အောင်လုပ်၍ စမ်းသပ်၏။
အတင်းအဓမ္မဝင်နှောက်၏။ ဒင်းတို့လည်း စိတ်ရှုပ်ကြသည်ချည်းသာတည်း။ ကောင်းလေစွ၊ ကောင်းလေစွ။ အဖော်များရှိခြင်းသည် အားငယ်မှုကို အတော်ပင် သက်သာစေသည်တကား။
ပြဿနာဟူသည် အရင်းအမြစ်ကို သိရုံနှင့်မပြီး၊ ဖြေရှင်းနည်းပါရှာရမည်ဖြစ်၏။ အရင်းအမြစ်မှာ ဗျာများခြင်း၊ နောက်ဆံတင်းခြင်း၊ ပျာယာခတ်ခြင်းဖြစ်၏။ ထိုအရာများကြောင့် ဤအရာဖြစ်ကြောင်းသိသောအခါ ဤအရာမဖြစ်အောင်လုပ်ဖို့ ထိုအရာများကိုတားရမည်ဟု သိလာ၏။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ပဋိစ္စသမုပ္ပစက်ဝိုင်းကြီးမှ အရာအားလုံး၏အရင်းခံဖြစ်သော တဏှာကိုဖြတ်လျှင် ဇာတိ၊ဇရာ၊မရဏတည်းဟူသော ဒုက္ခအပေါင်းတို့ချုပ်ငြိမ်း၏ ဟူသော သဘောကို ကော်ပီကူးယုံမျှသာဖြစ်၏။ အနာသိသောအခါ ဆေးရှာရလွယ်လေသည်။ ကြုံနေရသော ပြဿနာမှာ ပဋိစ္စသမုပ္ပစက်ဝိုင်းကဲ့သို့ မကြီးကျယ်မရှုပ်ထွေး၊ ဇာတိ၊ဇရာ၊ မရဏလောက် ဒုက္ခမပေး၊ တဏှာလောက်ဖြတ်ရမခက်။ သာမန်အန္ဓပုထုဇဉ်အတွက် သာမန်ပြဿနာ အသေးအဖွဲလေးပင်ဖြစ်၏။
ကိစ္စတစ်ခုကို ဖြေရှင်းသောအခါ ထိုကိစ္စကို ပြီးအောင်အရင် အာရုံစိုက်လိုက်၏။ ကျန်သည့်အရာများ သွား၊ နောက်များမှသာလာခဲ့ဟူလို။ သိပ်အရေးကြီးနေလွန်းမက ကြီးကဆုံးရှုံးမှုများမည့်ဟာကို အရင်ဦးစားပေး ရှင်းပစ်လိုက်၏။ အရှုပ်ပေါင်းစုံတက်လာက မရှင်းမဖြစ်လက်ငင်းအရေးကြီးဆုံးမှသည် အချိန်ဆွဲ၍ရသည့် ပြဿနာအထိ အမြန်စီစဉ်၍ တစ်ခုပြီးတစ်ခုရှင်း၏။ တစ်ခုရှင်းနေတုံး တစ်ခုခေါင်းထဲကို အဝင်မခံ။ ထပ်ပေါ်လာသည့် အခြားပြဿနာများက ရှင်းနေဆဲ ကိစ္စမပြီးမချင်းထိုင်စောင့်စေ။ ယောင်၍မျှပင် ခေါင်းငဲ့မကြည့်လေနှင့်။
တစ်ခါတစ်ရံ နှစ်ခုသုံးခု ပြုံလုပ်ရင်း ခေါင်းရှုပ်လာပါက....တစ်ခုကိုအသာထား၊ တစ်ခုကို ဆိုင်းငံ့၍ ကျန်သည့်တစ်ခုကို အရင်ပြီးအောင်လုပ်၏။ ဥပမာ...ဖုန်းပြောရင်း၊ အကြောင်းအရာတစ်ခုရေးနေစဉ် တစ်စုံတစ်ယောက်ကလာခေါ်ပါက အခြေအနေကိုကြည့်၍ တစ်ခုကို အရင်ပြီးအောင်လုပ်သည်။ ကျန်သည့်အရာများခဏ နားထား။ ဖုန်းပြန်ခေါ်မည်ဆိုခြင်းဖြစ်စေ၊ ခဏနေမှ ပြန်လာခေါ်ပါဖြစ်စေ၊ အားလုံးပြီးမှဆက်ရေးမယ်ဖြစ်စေ၊ တစ်ခုခုဖြင့် တစ်ခုသောအလုပ်ကိုသာ ပြီးအောင်အရင်အာရုံစိုက်နိုင်လေသည်။
အလွန်ရိုးရှင်းလွယ်ကူသော ကိစ္စများပင်ဖြစ်သည်။ သို့သော် သတိမမူမိက နေ့စဉ်ပင် ပျာရိပျာယာနှင့် စိတ်ရှုပ်ရတတ်သည်။ ရိုးရှင်းလွယ်ကူသော်လည်း ဖြေရှင်းရမည့်နည်းလမ်းများကို လိုက်နာမှုကင်း၍ဖြစ်သည်။ သတိတစ်ခုဖြင့်ကပ်လိုက်သောအခါ ကိစ္စရပ်တော်တော်များများမှာ ခေါင်းမရှုပ်ရဘဲ အလွယ်တကူ သက်တောင့်သက်သာ ချောချောမောမော ပြေပြေပြစ်ပြစ်ဖြင့် ပြီးဆုံးခြင်းသို့ရောက်ကြလေသည်။ သတိမူ၍ အဓိက သာမညခွဲခြားကာ တစ်ခုပြီးမှတစ်ခု ရှင်းပါက စိတ်ဟူသည် အမြဲကြည်လင်၍ ပြဿနာအားလုံးကို လက်ခံဖြေရှင်းနိုင်နေမည်ဖြစ်သည်။ မည်မျှပင် ကြီးသည့်ပြဿနာနှစ်ခုလာလာ ခေါင်းတစ်လုံးနှင့် ရေအိုးနှစ်လုံးမရွက်နိုင်ဟူသော စကားကို နှလုံးသွင်း၍ တစ်ခုခုကိုသာ အာရုံရှင်းရှင်းဖြင့် ပြီးပြတ်အောင်လုပ်ကိုင်ရမည် ဖြစ်လေသည်။
Tuesday, April 17, 2012
ယောက်ျားကောင်းဟူသည်
ကျွန်တော့်ဘဝတွင် စံထားကာ အတုယူရသူ ယောက်ျားကောင်းနှစ်ဦး ရှိ၏။ စာအုပ်ပေါင်းများစွာတွင်ပါဝင်သော ရာဇဝင်မှ မင်းယောက်ျားကောင်းများအကြောင်းထက် ထိုသူနှစ်ယောက်အကြောင်းကို ကျွန်တော်ပိုသိ၏။ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ကြီးမြတ်မှုထက် ထိုသူနှစ်ယောက်၏ ကြီးမြတ်မှုက ကျွန်တော့်ဘဝ အပေါ်တွင် ပိုပြီးရိုက်ခတ်မှုရှိ၏။ ကျွန်တော့ဘဝကို ပြုစုပျိုးထောင်ပေးကြသူများဖြစ်ယုံမျှမက ကျွန်တော့်ဘဝခရီးချောမွေ့စေရေးအတွက် လမ်းဖောက်ပေးသူများလဲဖြစ်၏။ ကျွန်တော့အား လောကအတွေ့အကြုံ၊ ဘဝသင်ခန်းစာများကို ပို့ချပေးတတ်သော ဆရာများလည်းဖြစ်၏။ ကျွန်တော့အဖိုးနှင့် အဖိုး၏သား၊ ကျွန်တော့အဖေတို့ ဖြစ်သည်။
အဖိုးအကြောင်းကို အနည်းငယ်ပြောလိုပါသည်။ ကျွန်တော့အဖိုးဆိုသော အသိထက် အများကပါအတုယူလောက်သည့် ယောက်ျားကောင်းတစ်ဦးဆိုသော အသိဖြင့် ပြောလိုပါသည်။ အဖိုးသည် ကမ္ဘာမကျော်ခဲ့ပါ။ မြန်မာလည်းမကျော်ခဲ့ပါ။ သို့သော် လုံ့လဝီရိယကြီးမားသော၊ အမြော်အမြင်ကြီးသော၊ အောင်မြင်သောမျိုးဆက်တစ်ခုကိုထူထောင်ခဲ့သော၊ စံပြုထိုက်သည့် ယောက်ျားကောင်းတစ်ဦးဖြစ်သည်။
အဖိုးသုံးလသားအရွယ်တွင် အဖိုး၏အဖေ ဆုံးသွားပါသည်။ အဖိုး၏အမေမှာ သာမန်တိုင်းရင်းသား တောသူတောင်သားတစ်ဦးမျှသာဖြစ်၍ နွမ်းပါးသော်လည်း ဆုံးပါးသွားသည့်ခင်ပွန်းအပေါ်တွင် သစ္စာမပျက်၊ နောက်အိမ်ထောင်မပြုဘဲနေခဲ့သည်။ တစ်ပင်လဲမူ တစ်ပင်လဲမထူဘဲ သားနှင့်သမီးကို ပင်ပန်းကြီးစွာ ယက်ကန်းခတ်၊ စက်ချုပ်၍ လုပ်ကိုင်ကျွေးမွေးပြုစုခဲ့သည်။
အဖိုးကား ကျေးဇူးသိတတ်သော သားလိမ္မာဟု ဆိုရပေမည်။ အရွယ်ရောက်သည်နှင့် အမေအိုနှင့်အစ်မပျိုကို တဖန်ပြန်လည်လုပ်ကျွေးပြုစု ကျေးဇူးဆပ်ခဲ့သည်။ ဆေးလိပ်၊အရက်၊ ကွမ်း နှင့် လောင်းကစား အပျော်အပါးလိုက်စားခြင်းမှကင်းရှင်း၍ ယာထဲ၊ လယ်ထဲတွင်သာ ကြိုးစားရုန်းကန်ခဲ့သည်။ မုဆိုးမသားဖြစ်သော အဖိုးမှာ ဆင်းရဲ၍ ဘဝနာခဲ့ရပေသည်။ ကိုယ်ပိုင်လယ်ပယ်၊ ချောင်းမြောင်းမရှိပဲ သူများထံတွင် အခစားလိုက်ကာ မိခင်အိုကို လုပ်ကျွေး စောင့်ရှောက်ခဲ့ရသည်။ အဖိုး၏ ဖြောင့်မတ်မှန်ကန်မှုနှင့် မခိုမကပ် ဝီရိယစိုက်ကာ စေတနာထားလုပ်ကိုင်ပေးမှုတို့ကြောင့် အဖိုးကှို ငှားရမ်းလုပ်ကိုင်လိုသူ များပြားခဲ့သည်။ မည်မျှဖြောင့်မတ်သနည်းဆိုသော် အဖိုး၏ အမေဖြစ်သူကိုယ်တိုင်ကပင် တဖွဖွပြောယူရအောင်ဖြစ်၏။ အဖိုးအလုပ်လုပ်ကိုင်သော အလုပ်ရှင်အိမ်နှင့် လယ်ထဲသို့သွားရာလမ်းပေါ်တွင် အဖိုးတို့အိမ်ရှိ၏။ တစ်နေ့တွင် လယ်ထဲမှာငါးများရ၍ အဖိုးမှသယ်ယူပြီး အလုပ်ရှင်အိမ်သို့သွားရာ အဖိုး၏အမေနှင့်အိမ်ရှေ့ တွင်တွေ့၏။ အဖိုး၏ အမေက ငါးတစ်ကောင်ပေးခဲ့ရန်တောင်းရာ အဖိုးပြောခဲ့သောစကားမှာ မှတ်သွားဖွယ်ဖြစ်၏။ “ဘာလုပ်မှာလဲ အမေရာ၊ ဒီလူသူ့အိမ်ဝင်ပြီး လယ်ထဲက ငါးဝင်ပေးတယ်လို့ အပြောတောင်မခံနိုင်ပါဘူး “ ဟုဆိုကာ အိမ်ထဲပင်မဝင်ဘဲ ဆက်လျောက်သွားခဲ့သည်။ ဤမျှအထိ စကားပင်အတင်မခံ၊ အလွန်ဖြောင့်မတ်သော အဖိုးပင်ဖြစ်သည်။ အဖိုး၏အမေကား နောင်အလျဉ်းသင့်တိုင်း ဤကိစ္စကို အမှတ်တရ မကြာခဏပြောတတ်လေသည်။
နှာတံပေါ်ပေါ်၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ အသားဖြူဖြူနှင့် ကိုယ်ထည်သွယ်သွယ်ရှိသော အလုပ်ကြိုးစားသည့်အဖိုးမှာ ရွာတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်လဲ ဖြစ်ခဲ့ပေသေးသည်။ အဖွားနှင့် ဖူးစာပါ၍ အိမ်ထောင်ကျသောအခါ အလုပ်ကို ဆထက်ထမ်းပိုး ပို၍ကြိုးစားခဲ့လေသည်။ အမေအိုနှင့်အစ်မကို အိမ်ပေါ်တွင်တင်ကာ လုပ်ကျွေးပြုစုရင်း လင်မယားနှစ်ယောက်တက်ညီလက်ညီ ရုန်းကန်ခဲ့ကြသည်။ လယ်မဲ့၊ ယာမဲ့မှသည် ကိုယ်ပိုင်လယ်ယာ၊ ထိုမှသည် ကိုယ်ပိုင်နွားများပိုင်သည်ထိပင် ဖြစ်လာကြသည်။ အစု၊ အဆောင်းကောင်းသော အဖွား၏ ကျေးဇူးပင်။
အမြော်အမြင်ကြီးသော အဖိုးနှင့်အဖွားသည် ဘဝကိုထိုမျှနှင့်မကျေနပ်။ သားသမီးနောင်ရေးပါရည်သန်၍ ရာဘာခြစ်သည့်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်သည်။ ကိုယ်တိုင်ခြံကိုရှင်းလင်း၍ ရာဘာပင်ပေါက်များပျိုးထားခဲ့ပြီး အပင်များအရွယ်ရောက်သောအခါ မနက်ဝေလီဝေလင်း၊ ၄ နာရီမှောင်မှောင် မည်းမည်းကို မပျင်းမရိ နေ့စဉ်ထ၍ မပျက်မကွက်ရာဘာခြစ်ထွက်ခဲ့ကြသည်။ အဖွားကား အဖိုး၏နှိုးစက်နာရီတည်း။ အဖိုးအိပ်ရာမှ မထမခြင်း အဖွားက တကျီကျီနှိုးနေတတ်သည်ဟု အဖိုးအမြဲပြောလေသည်။ အလွန် လိုက်ဖက်ညီ၍အင်မတန် ဝီရိယကြီးမားခဲ့ကြသူများပင်ဖြစ်သည်။ ဝီရိယအကျိုးကား ကျပ်ကျပ်တည်းတည်းဘဝမှ ချောင်ချောင်လည်လည်ဘဝသို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။
ချောင်လည်စပြုလာသော်လည်း အဖိုးနှင့်အဖွားကား ဝီရိယကိုမလျှော့၊ သားသမီးများအတွက်ပါထည့်တွက်၍ အလုပ်ကို ထပ်ကာကြိုးစားလုပ်ပြန်လေသည်။
တစ်နေ့တွင် လယ်ယာကိစ္စအတွက် အဖိုးတို့ရွာသို့ မြို့ မှအရာရှိများလာ၏။ ရိုးသားသည့် တောသူတောင်သားများဖြစ်ရကား အရာရှိမင်းများကို လိုလေသေးမရှိပြုစုရုံမက ဘုရားထူးရမတတ် ရိုသေရ၏။ ရိုးသားဖြောင့်မတ်မှု၊ တည်ကြည်မှုကြောင့် ထိုအချိန်တွင် သူကြီးမင်းအဖြစ်ပင် ခန့်အပ်ခြင်းခံနေရပြီဖြစ်သော အဖိုးကတွေး၏။ ထိုပုဂ္ဂိုလ်များ အဘယ်ကြောင့် အရာရြှိကီးများဖြစ်ကြသနည်း။ အမြင်ကျယ်ကျယ်ဖြင့် သေချာစေ့ငုလေ့လာ၏။ ထိုအခါ အဖြေကိုတွေ့လေသည်။ ပညာတတ်ဖြစ်ခြင်းဟူသော အချက်ပင်တည်း။
အဖိုးသည် အလွန်ခိုင်မာ၍ အလွန်အမြော်အမြင်ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။ မည်မျှပင် ပင်ပန်းဆင်းရဲပါစေ၊ သားသမီးများကို ပညာတတ်ဖြစ်အောင် ပျိုးထောင်မည်ဟူသော ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ ဆုံးဖြတ်ချက်တစ်ခုချပြီးလျှင် မလျော့သောဇွဲဖြင့် အောင်မြင်သည်အထိ လုပ်တတ်သူမှာ အဖိုးဖြစ်သည်။ “ငါ့မြေး…ဝီရိယတော ကိံကမ္မံ နသိဇ္စတိ တဲ့။ ဝီရိယရှိသူသည် မအောင်မြင်ဘဲ ဘယ်မှာရှိအံ့နည်း တဲ့။ ဝီရိယကို ဘယ်တော့မှ မလျှော့နဲ့၊ ကျိုးစားကွ “ ဟူသောစကားသည် အဖိုးအမြဲပြောသောစကားဖြစ်၏။
“နင်နောက်ကသေချာစု၊ ငါရှေ့ က အလုပ်ကျိုးစားလုပ်မယ်” ။ ထိုစကားကိုဆိုပြီးသောအခါ အဖိုးသည်မဆုတ်မနစ်သောလုံ့လဖြင့် ကိုယ်ပိုင်အလုပ်ကို ကျိုးစားလုပ်တော့သည်။ မည်မျှလုပ်သနည်းဆိုသော် “ မင်းတို့ ငါလုပ်သလောက်လိုက်မလုပ်ကြနဲ့၊ နိုင်မှလုပ်။ နားလဲ နားကြဦး” ဟုသူ့လူငှားများကို ပြောယူရသည် အထိပင်။ ထိုမျှအလုပ်လုပ်သော အလုပ်ရှင်ကိုကြောက်၍ ထွက်ပြေးသွားသော အလုပ်လုပ်ရမှာပျင်းသည့် လူငှားများလည်း မနည်းဟု မှတ်သားရလေသည်။
အသက် ၇၀ ကျော်သောအခါ အဖိုးကို သားသမီးများက ဝိုင်းဝန်းထောက်ပံ့နိုင်သော အခြေအနေသို့ရောက်နေပြီဖြစ်သည်။ သို့သော် အဖိုးကား သားသမီးများတားနေသည့်ကြားကပင် အသက် ၇၀ ကျော်အရွယ်ကြီးဖြင့် ရာဘာပင်ပေါက်များကို ပျိုးထောင်စိုက်ပျိုးပြန်သည်။ "ငါမမှီလို့မစားရလဲ ငါ့သား၊မြေးတွေစားကြ" ဟူလို။ သို့သော် အလုပ်ကျိုးစား၍ ကျန်းမာသောအဖိုးမှာ သူ့ရာဘာပင်များကြီး၍ ရာဘာခြံကို ပြန်ရောင်းရသည်အထိ အကျိုးအမြတ်ကိုခံစားသွားခဲ့ရသေးသည်။ အလုပ်ဟူသည်မှာ အသက်အရွယ်မရွေး လုပ်လျင်လုပ်သလောက် အကျိုးခံစားခွင့်ရကြောင်း သင်ခန်းစာရပြန်သည်။
ယနေ့အဖိုးအသက် ၈၉ ရှိပြီ။ ကျန်းမာဆဲ၊ ကျွန်တော့ကို ဆုံးမဆဲ၊ တရားအလုပ်ကို ဝီရိယအပြည့်နှင့် ကြိုးစားအားထုတ်ဆဲဖြစ်သည်။ အဖိုးကိုမှီ၍ ပွားစည်းလာသော သား၊မြေး၊မြစ်များပင် ပို၍ ပို၍ မြင့်မားရာဘဝများသို့ ကြိုးစားအားထုတ် တက်လှမ်းနေကြပြီဖြစ်သည်။ အဖိုး၏ ဝီရိယနှင့် အမြော်အမြင်များအားလုံးကို တစ်စမကျန် ရလိုပါဘိတောင်း...။ ။