Tuesday, April 17, 2012

ယောက်ျားကောင်းဟူသည်

ကျွန်တော့်ဘဝတွင် စံထားကာ အတုယူရသူ ယောက်ျားကောင်းနှစ်ဦး ရှိ၏။ စာအုပ်ပေါင်းများစွာတွင်ပါဝင်သော ရာဇဝင်မှ မင်းယောက်ျားကောင်းများအကြောင်းထက် ထိုသူနှစ်ယောက်အကြောင်းကို ကျွန်တော်ပိုသိ၏။ ကမ္ဘာကျော်ပုဂ္ဂိုလ်များ၏ ကြီးမြတ်မှုထက် ထိုသူနှစ်ယောက်၏ ကြီးမြတ်မှုက ကျွန်တော့်ဘဝ အပေါ်တွင် ပိုပြီးရိုက်ခတ်မှုရှိ၏။ ကျွန်တော့ဘဝကို ပြုစုပျိုးထောင်ပေးကြသူများဖြစ်ယုံမျှမက ကျွန်တော့်ဘဝခရီးချောမွေ့စေရေးအတွက် လမ်းဖောက်ပေးသူများလဲဖြစ်၏။ ကျွန်တော့အား လောကအတွေ့အကြုံ၊ ဘဝသင်ခန်းစာများကို ပို့ချပေးတတ်သော ဆရာများလည်းဖြစ်၏။ ကျွန်တော့အဖိုးနှင့် အဖိုး၏သား၊ ကျွန်တော့အဖေတို့ ဖြစ်သည်။

အဖိုးအကြောင်းကို အနည်းငယ်ပြောလိုပါသည်။ ကျွန်တော့အဖိုးဆိုသော အသိထက် အများကပါအတုယူလောက်သည့် ယောက်ျားကောင်းတစ်ဦးဆိုသော အသိဖြင့် ပြောလိုပါသည်။ အဖိုးသည် ကမ္ဘာမကျော်ခဲ့ပါ။ မြန်မာလည်းမကျော်ခဲ့ပါ။ သို့သော် လုံ့လဝီရိယကြီးမားသော၊ အမြော်အမြင်ကြီးသော၊ အောင်မြင်သောမျိုးဆက်တစ်ခုကိုထူထောင်ခဲ့သော၊ စံပြုထိုက်သည့် ယောက်ျားကောင်းတစ်ဦးဖြစ်သည်။
အဖိုးသုံးလသားအရွယ်တွင် အဖိုး၏အဖေ ဆုံးသွားပါသည်။ အဖိုး၏အမေမှာ သာမန်တိုင်းရင်းသား တောသူတောင်သားတစ်ဦးမျှသာဖြစ်၍ နွမ်းပါးသော်လည်း ဆုံးပါးသွားသည့်ခင်ပွန်းအပေါ်တွင် သစ္စာမပျက်၊ နောက်အိမ်ထောင်မပြုဘဲနေခဲ့သည်။ တစ်ပင်လဲမူ တစ်ပင်လဲမထူဘဲ သားနှင့်သမီးကို ပင်ပန်းကြီးစွာ ယက်ကန်းခတ်၊ စက်ချုပ်၍ လုပ်ကိုင်ကျွေးမွေးပြုစုခဲ့သည်။

အဖိုးကား ကျေးဇူးသိတတ်သော သားလိမ္မာဟု ဆိုရပေမည်။ အရွယ်ရောက်သည်နှင့် အမေအိုနှင့်အစ်မပျိုကို တဖန်ပြန်လည်လုပ်ကျွေးပြုစု ကျေးဇူးဆပ်ခဲ့သည်။ ဆေးလိပ်၊အရက်၊ ကွမ်း နှင့် လောင်းကစား အပျော်အပါးလိုက်စားခြင်းမှကင်းရှင်း၍ ယာထဲ၊ လယ်ထဲတွင်သာ ကြိုးစားရုန်းကန်ခဲ့သည်။ မုဆိုးမသားဖြစ်သော အဖိုးမှာ ဆင်းရဲ၍ ဘဝနာခဲ့ရပေသည်။ ကိုယ်ပိုင်လယ်ပယ်၊ ချောင်းမြောင်းမရှိပဲ သူများထံတွင် အခစားလိုက်ကာ မိခင်အိုကို လုပ်ကျွေး စောင့်ရှောက်ခဲ့ရသည်။ အဖိုး၏ ဖြောင့်မတ်မှန်ကန်မှုနှင့် မခိုမကပ် ဝီရိယစိုက်ကာ စေတနာထားလုပ်ကိုင်ပေးမှုတို့ကြောင့် အဖိုးကှို ငှားရမ်းလုပ်ကိုင်လိုသူ များပြားခဲ့သည်။ မည်မျှဖြောင့်မတ်သနည်းဆိုသော် အဖိုး၏ အမေဖြစ်သူကိုယ်တိုင်ကပင် တဖွဖွပြောယူရအောင်ဖြစ်၏။ အဖိုးအလုပ်လုပ်ကိုင်သော အလုပ်ရှင်အိမ်နှင့် လယ်ထဲသို့သွားရာလမ်းပေါ်တွင် အဖိုးတို့အိမ်ရှိ၏။ တစ်နေ့တွင် လယ်ထဲမှာငါးများရ၍ အဖိုးမှသယ်ယူပြီး အလုပ်ရှင်အိမ်သို့သွားရာ အဖိုး၏အမေနှင့်အိမ်ရှေ့ တွင်တွေ့၏။ အဖိုး၏ အမေက ငါးတစ်ကောင်ပေးခဲ့ရန်တောင်းရာ အဖိုးပြောခဲ့သောစကားမှာ မှတ်သွားဖွယ်ဖြစ်၏။ “ဘာလုပ်မှာလဲ အမေရာ၊ ဒီလူသူ့အိမ်ဝင်ပြီး လယ်ထဲက ငါးဝင်ပေးတယ်လို့ အပြောတောင်မခံနိုင်ပါဘူး “ ဟုဆိုကာ အိမ်ထဲပင်မဝင်ဘဲ ဆက်လျောက်သွားခဲ့သည်။ ဤမျှအထိ စကားပင်အတင်မခံ၊ အလွန်ဖြောင့်မတ်သော အဖိုးပင်ဖြစ်သည်။ အဖိုး၏အမေကား နောင်အလျဉ်းသင့်တိုင်း ဤကိစ္စကို အမှတ်တရ မကြာခဏပြောတတ်လေသည်။

နှာတံပေါ်ပေါ်၊ မျက်လုံးမျက်ဖန်ကောင်းကောင်း၊ အသားဖြူဖြူနှင့် ကိုယ်ထည်သွယ်သွယ်ရှိသော အလုပ်ကြိုးစားသည့်အဖိုးမှာ ရွာတွင် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်လဲ ဖြစ်ခဲ့ပေသေးသည်။ အဖွားနှင့် ဖူးစာပါ၍ အိမ်ထောင်ကျသောအခါ အလုပ်ကို ဆထက်ထမ်းပိုး ပို၍ကြိုးစားခဲ့လေသည်။ အမေအိုနှင့်အစ်မကို အိမ်ပေါ်တွင်တင်ကာ လုပ်ကျွေးပြုစုရင်း လင်မယားနှစ်ယောက်တက်ညီလက်ညီ ရုန်းကန်ခဲ့ကြသည်။ လယ်မဲ့၊ ယာမဲ့မှသည် ကိုယ်ပိုင်လယ်ယာ၊ ထိုမှသည် ကိုယ်ပိုင်နွားများပိုင်သည်ထိပင် ဖြစ်လာကြသည်။ အစု၊ အဆောင်းကောင်းသော အဖွား၏ ကျေးဇူးပင်။

အမြော်အမြင်ကြီးသော အဖိုးနှင့်အဖွားသည် ဘဝကိုထိုမျှနှင့်မကျေနပ်။ သားသမီးနောင်ရေးပါရည်သန်၍ ရာဘာခြစ်သည့်အလုပ်ကိုပါ တွဲဖက်လုပ်ကိုင်သည်။ ကိုယ်တိုင်ခြံကိုရှင်းလင်း၍ ရာဘာပင်ပေါက်များပျိုးထားခဲ့ပြီး အပင်များအရွယ်ရောက်သောအခါ မနက်ဝေလီဝေလင်း၊ ၄ နာရီမှောင်မှောင် မည်းမည်းကို မပျင်းမရိ နေ့စဉ်ထ၍ မပျက်မကွက်ရာဘာခြစ်ထွက်ခဲ့ကြသည်။ အဖွားကား အဖိုး၏နှိုးစက်နာရီတည်း။ အဖိုးအိပ်ရာမှ မထမခြင်း အဖွားက တကျီကျီနှိုးနေတတ်သည်ဟု အဖိုးအမြဲပြောလေသည်။ အလွန် လိုက်ဖက်ညီ၍အင်မတန် ဝီရိယကြီးမားခဲ့ကြသူများပင်ဖြစ်သည်။ ဝီရိယအကျိုးကား ကျပ်ကျပ်တည်းတည်းဘဝမှ ချောင်ချောင်လည်လည်ဘဝသို့ တက်လှမ်းနိုင်ခဲ့ခြင်းပင်။
ချောင်လည်စပြုလာသော်လည်း အဖိုးနှင့်အဖွားကား ဝီရိယကိုမလျှော့၊ သားသမီးများအတွက်ပါထည့်တွက်၍ အလုပ်ကို ထပ်ကာကြိုးစားလုပ်ပြန်လေသည်။

တစ်နေ့တွင် လယ်ယာကိစ္စအတွက် အဖိုးတို့ရွာသို့ မြို့ မှအရာရှိများလာ၏။ ရိုးသားသည့် တောသူတောင်သားများဖြစ်ရကား အရာရှိမင်းများကို လိုလေသေးမရှိပြုစုရုံမက ဘုရားထူးရမတတ် ရိုသေရ၏။ ရိုးသားဖြောင့်မတ်မှု၊ တည်ကြည်မှုကြောင့် ထိုအချိန်တွင် သူကြီးမင်းအဖြစ်ပင် ခန့်အပ်ခြင်းခံနေရပြီဖြစ်သော အဖိုးကတွေး၏။ ထိုပုဂ္ဂိုလ်များ အဘယ်ကြောင့် အရာရြှိကီးများဖြစ်ကြသနည်း။ အမြင်ကျယ်ကျယ်ဖြင့် သေချာစေ့ငုလေ့လာ၏။ ထိုအခါ အဖြေကိုတွေ့လေသည်။ ပညာတတ်ဖြစ်ခြင်းဟူသော အချက်ပင်တည်း။

အဖိုးသည် အလွန်ခိုင်မာ၍ အလွန်အမြော်အမြင်ကြီးမားသော ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့သည်။ မည်မျှပင် ပင်ပန်းဆင်းရဲပါစေ၊ သားသမီးများကို ပညာတတ်ဖြစ်အောင် ပျိုးထောင်မည်ဟူသော ဆုံးဖြတ်ချက်ပင်ဖြစ်သည်။ ဆုံးဖြတ်ချက်တစ်ခုချပြီးလျှင် မလျော့သောဇွဲဖြင့် အောင်မြင်သည်အထိ လုပ်တတ်သူမှာ အဖိုးဖြစ်သည်။ “ငါ့မြေး…ဝီရိယတော ကိံကမ္မံ နသိဇ္စတိ တဲ့။ ဝီရိယရှိသူသည် မအောင်မြင်ဘဲ ဘယ်မှာရှိအံ့နည်း တဲ့။ ဝီရိယကို ဘယ်တော့မှ မလျှော့နဲ့၊ ကျိုးစားကွ “ ဟူသောစကားသည် အဖိုးအမြဲပြောသောစကားဖြစ်၏။

“နင်နောက်ကသေချာစု၊ ငါရှေ့ က အလုပ်ကျိုးစားလုပ်မယ်” ။ ထိုစကားကိုဆိုပြီးသောအခါ အဖိုးသည်မဆုတ်မနစ်သောလုံ့လဖြင့် ကိုယ်ပိုင်အလုပ်ကို ကျိုးစားလုပ်တော့သည်။ မည်မျှလုပ်သနည်းဆိုသော် “ မင်းတို့ ငါလုပ်သလောက်လိုက်မလုပ်ကြနဲ့၊ နိုင်မှလုပ်။ နားလဲ နားကြဦး” ဟုသူ့လူငှားများကို ပြောယူရသည် အထိပင်။ ထိုမျှအလုပ်လုပ်သော အလုပ်ရှင်ကိုကြောက်၍ ထွက်ပြေးသွားသော အလုပ်လုပ်ရမှာပျင်းသည့် လူငှားများလည်း မနည်းဟု မှတ်သားရလေသည်။

အသက် ၇၀ ကျော်သောအခါ အဖိုးကို သားသမီးများက ဝိုင်းဝန်းထောက်ပံ့နိုင်သော အခြေအနေသို့ရောက်နေပြီဖြစ်သည်။ သို့သော် အဖိုးကား သားသမီးများတားနေသည့်ကြားကပင် အသက် ၇၀ ကျော်အရွယ်ကြီးဖြင့် ရာဘာပင်ပေါက်များကို ပျိုးထောင်စိုက်ပျိုးပြန်သည်။ "ငါမမှီလို့မစားရလဲ ငါ့သား၊မြေးတွေစားကြ" ဟူလို။ သို့သော် အလုပ်ကျိုးစား၍ ကျန်းမာသောအဖိုးမှာ သူ့ရာဘာပင်များကြီး၍ ရာဘာခြံကို ပြန်ရောင်းရသည်အထိ အကျိုးအမြတ်ကိုခံစားသွားခဲ့ရသေးသည်။ အလုပ်ဟူသည်မှာ အသက်အရွယ်မရွေး လုပ်လျင်လုပ်သလောက် အကျိုးခံစားခွင့်ရကြောင်း သင်ခန်းစာရပြန်သည်။

ယနေ့အဖိုးအသက် ၈၉ ရှိပြီ။ ကျန်းမာဆဲ၊ ကျွန်တော့ကို ဆုံးမဆဲ၊ တရားအလုပ်ကို ဝီရိယအပြည့်နှင့် ကြိုးစားအားထုတ်ဆဲဖြစ်သည်။ အဖိုးကိုမှီ၍ ပွားစည်းလာသော သား၊မြေး၊မြစ်များပင် ပို၍ ပို၍ မြင့်မားရာဘဝများသို့ ကြိုးစားအားထုတ် တက်လှမ်းနေကြပြီဖြစ်သည်။ အဖိုး၏ ဝီရိယနှင့် အမြော်အမြင်များအားလုံးကို တစ်စမကျန် ရလိုပါဘိတောင်း...။ ။

No comments:

Post a Comment