Friday, April 27, 2012

တစ်ခုပြီးမှ တစ်ခု

ကျွန်တော့တွင် ကိုယ်တိုင်မကြိုက်သည့် အကျင့်တစ်ခုရှိသည်။ နောက်ဆံတင်းခြင်း ဖြစ်၏။ အမ်အာတီဘူတာမှ အိမ်သို့ စက်ဘီးစီးပြီးပြန်လာစဉ် ဘောင်းဘီအိတ်ထောင်ရှိဖုန်းထဲသို့ မက်ဆေ့ခ်ျ ဝင်လာသည်။ ဘယ်သူ၊ ဘာအတွက်နှင့်ပို့မှန်း သိလျက်နှင့်ပင် မတ်ဆေ့ခ်ျကို ဖွင့်ဖတ်ချင်နေသည်ကို သတိထားမိလိုက်သည်။ မီးပွိုင့်တွင် ခဏရပ်စောင့်ရစဉ် ဖွင့်ဖတ်လိုက်သည်။ ဘာမှမဟုတ်။ အရေးမကြီးသည့် အကြောင်းအရာတစ်ခုကို သူငယ်ချင်းမှ လှမ်းပို့ခြင်းဖြစ်သည်။ သို့တိုင် အိမ်မရောက်ခင် ဖွင့်ဖတ်ချင်စိတ်ကို တား၍မရလိုက်။

ယခင်ကလည်း ထိုသို့ မကြာခဏဖြစ်ဖူးသည်။ လူတစ်ယောက်နှင့် စကားပြောနေစဉ် အခြားလူတစ်ယောက်မှ လာပြောပါက ပြောလက်စ စကားကိုရပ်၍ထိုလူကို လှည့်စကားပြောသည်။ ပြီးနောက် ပထမပြောလက်စလူကို အားနာသဖြင့် ပထမလူကို ပြန်လှည့်ပြောပြန်သည်။ ထိုအခါ ယောင်နနကျန်ခဲ့သော ဒုတိယလူကို အားနာနေပြန်သည်။ ဤသို့ အကြိမ်ပေါင်းများစွာဖြစ်ဖူးသည်ကိုလည်း ကိုယ့်ကိုယ်ကို သတိထားမိပြန်သည်။ ဗျာများခြင်းဟူ ခေါ်က ပိုသင့်တော်မည်ထင်သည်။

ဤကိစ္စလေးမှာ ဤနေရာတွင် ဘာမှမဟုတ်သော်လည်း အရေးကြီးကိစ္စများတွင် ဒုက္ခကို မိတ်ကပ်ချယ်ရုံမက၊ ဆံပင်တုပါစွပ်၍ အဝတ်အစားသစ်သစ်နှင့် အလှပြင်ကာ ပေးလေသည်။ အရေးကြီးကိစ္စနှင့် တက်စီငှားအစီး၊ ကားကိုအတား၊ ဖုန်းက အလာ၊ ဖုန်းပြောရင်းနှင့်တက်စီငှား၊ အာရုံက ဟိုရောက်ဒီရောက်၊ စိတ်ရှုပ်၍ခေါင်းမူးရလေသည်။ အထုပ်အပိုးများသာပါလျှင်တော့ ပြောမနေပါနှင့်တော့။ ဒုက္ခလှလှကို နဖူးတွေ့၊ ဒူးတွေ့ တွေ့ခြင်းပါပေ။

လူအများနှင့်လုပ်သည့် ပွဲမျိုးတွင်လည်း အလုပ်များရသည့်ကြားထဲ အာရုံကို အနှောက်ယှက်ခံရသောအခါ ဟိုဟာလုပ်ရမလို၊ ဒီဟာ အပြီးသတ်ရမလိုနှင့် အရူးမီးဝိုင်းဖြစ်ရပြန်သည်။ လုပ်လက်စကို ဆက်လုပ်ရမှာလည်းအခက်၊ အခုချက်ချင်းလုပ်မှ ဖြစ်မည့်အရာကို ပြေးလုပ်ရမှာကလဲ အဆင်မပြေ၊ ပြဿနာတစ်ခုကို ရှင်းခိုင်းနေသည့်လုပ်ဖော်ကိုင်ဖက်များကိုလည်း သေချာအာရုံမကျ၊ မလှမ်းမကမ်းမှာမြင်နေရသည့် ကိုယ်ရှင်းလိုက်လျှင်ပြီးသွားမည့် အခက်အခဲတစ်ခုကိုလဲ ပြေးပြီးရှင်းချင်၊ ရွှေပွဲလာများ၏ လိုလားတောင်းဆိုချက်များကလည်း ခေါင်းကိုအလုပ်ပေးနှင့် အတော်ပင် ပျာယာခတ်ရပေသည်။

 ဤနည်း ဤနှင်ဖြင့် စိတ်အကျဉ်း ၈၉ပါး အကျယ် ၁၂၁ပါးဟူ၍ အဘိဓမ္မာတွင်ပါသော စိတ်အထွေထွေသည် လူကို ညှင်းပမ်းလေသည်။ တော်ပါသေး၏။ စိတ်အကျဉ်း ၈၉ပါးခန့်သာရှိ၍ဖြစ်သည်။  ၈၉၀ ခန့်ဆိုပါက သွက်သွက်ခါ ရူးလောက်ပေသည်။

 ကိုယ်တစ်ယောက်သာ ထိုရွေ့  ထိုမျှ စိတ်နောက်ရလေသလောဟု အခြားလူများကို ချောင်းမြောင်း အကဲခတ်၏။ မသိမသာ ခိုးကြည့်၍ နောက်ယောင်ခံ၏။ ပေါ်ပေါ်တင်တင်စိတ်ရှုပ်အောင်လုပ်၍ စမ်းသပ်၏။
အတင်းအဓမ္မဝင်နှောက်၏။ ဒင်းတို့လည်း စိတ်ရှုပ်ကြသည်ချည်းသာတည်း။ ကောင်းလေစွ၊ ကောင်းလေစွ။ အဖော်များရှိခြင်းသည် အားငယ်မှုကို အတော်ပင် သက်သာစေသည်တကား။

ပြဿနာဟူသည် အရင်းအမြစ်ကို သိရုံနှင့်မပြီး၊ ဖြေရှင်းနည်းပါရှာရမည်ဖြစ်၏။ အရင်းအမြစ်မှာ ဗျာများခြင်း၊ နောက်ဆံတင်းခြင်း၊ ပျာယာခတ်ခြင်းဖြစ်၏။ ထိုအရာများကြောင့် ဤအရာဖြစ်ကြောင်းသိသောအခါ ဤအရာမဖြစ်အောင်လုပ်ဖို့ ထိုအရာများကိုတားရမည်ဟု သိလာ၏။ မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော ပဋိစ္စသမုပ္ပစက်ဝိုင်းကြီးမှ အရာအားလုံး၏အရင်းခံဖြစ်သော တဏှာကိုဖြတ်လျှင် ဇာတိ၊ဇရာ၊မရဏတည်းဟူသော ဒုက္ခအပေါင်းတို့ချုပ်ငြိမ်း၏ ဟူသော သဘောကို ကော်ပီကူးယုံမျှသာဖြစ်၏။ အနာသိသောအခါ ဆေးရှာရလွယ်လေသည်။ ကြုံနေရသော ပြဿနာမှာ ပဋိစ္စသမုပ္ပစက်ဝိုင်းကဲ့သို့ မကြီးကျယ်မရှုပ်ထွေး၊ ဇာတိ၊ဇရာ၊ မရဏလောက် ဒုက္ခမပေး၊ တဏှာလောက်ဖြတ်ရမခက်။ သာမန်အန္ဓပုထုဇဉ်အတွက် သာမန်ပြဿနာ အသေးအဖွဲလေးပင်ဖြစ်၏။

ကိစ္စတစ်ခုကို ဖြေရှင်းသောအခါ ထိုကိစ္စကို ပြီးအောင်အရင် အာရုံစိုက်လိုက်၏။ ကျန်သည့်အရာများ သွား၊ နောက်များမှသာလာခဲ့ဟူလို။ သိပ်အရေးကြီးနေလွန်းမက ကြီးကဆုံးရှုံးမှုများမည့်ဟာကို အရင်ဦးစားပေး ရှင်းပစ်လိုက်၏။ အရှုပ်ပေါင်းစုံတက်လာက မရှင်းမဖြစ်လက်ငင်းအရေးကြီးဆုံးမှသည် အချိန်ဆွဲ၍ရသည့် ပြဿနာအထိ အမြန်စီစဉ်၍ တစ်ခုပြီးတစ်ခုရှင်း၏။ တစ်ခုရှင်းနေတုံး တစ်ခုခေါင်းထဲကို အဝင်မခံ။ ထပ်ပေါ်လာသည့် အခြားပြဿနာများက ရှင်းနေဆဲ ကိစ္စမပြီးမချင်းထိုင်စောင့်စေ။ ယောင်၍မျှပင် ခေါင်းငဲ့မကြည့်လေနှင့်။

တစ်ခါတစ်ရံ နှစ်ခုသုံးခု ပြုံလုပ်ရင်း ခေါင်းရှုပ်လာပါက....တစ်ခုကိုအသာထား၊ တစ်ခုကို ဆိုင်းငံ့၍ ကျန်သည့်တစ်ခုကို အရင်ပြီးအောင်လုပ်၏။ ဥပမာ...ဖုန်းပြောရင်း၊ အကြောင်းအရာတစ်ခုရေးနေစဉ် တစ်စုံတစ်ယောက်ကလာခေါ်ပါက အခြေအနေကိုကြည့်၍ တစ်ခုကို အရင်ပြီးအောင်လုပ်သည်။ ကျန်သည့်အရာများခဏ နားထား။ ဖုန်းပြန်ခေါ်မည်ဆိုခြင်းဖြစ်စေ၊ ခဏနေမှ ပြန်လာခေါ်ပါဖြစ်စေ၊ အားလုံးပြီးမှဆက်ရေးမယ်ဖြစ်စေ၊ တစ်ခုခုဖြင့် တစ်ခုသောအလုပ်ကိုသာ ပြီးအောင်အရင်အာရုံစိုက်နိုင်လေသည်။

အလွန်ရိုးရှင်းလွယ်ကူသော ကိစ္စများပင်ဖြစ်သည်။ သို့သော် သတိမမူမိက နေ့စဉ်ပင် ပျာရိပျာယာနှင့် စိတ်ရှုပ်ရတတ်သည်။ ရိုးရှင်းလွယ်ကူသော်လည်း ဖြေရှင်းရမည့်နည်းလမ်းများကို လိုက်နာမှုကင်း၍ဖြစ်သည်။ သတိတစ်ခုဖြင့်ကပ်လိုက်သောအခါ ကိစ္စရပ်တော်တော်များများမှာ ခေါင်းမရှုပ်ရဘဲ အလွယ်တကူ သက်တောင့်သက်သာ ချောချောမောမော ပြေပြေပြစ်ပြစ်ဖြင့် ပြီးဆုံးခြင်းသို့ရောက်ကြလေသည်။ သတိမူ၍ အဓိက သာမညခွဲခြားကာ တစ်ခုပြီးမှတစ်ခု ရှင်းပါက စိတ်ဟူသည် အမြဲကြည်လင်၍ ပြဿနာအားလုံးကို လက်ခံဖြေရှင်းနိုင်နေမည်ဖြစ်သည်။ မည်မျှပင် ကြီးသည့်ပြဿနာနှစ်ခုလာလာ ခေါင်းတစ်လုံးနှင့် ရေအိုးနှစ်လုံးမရွက်နိုင်ဟူသော စကားကို နှလုံးသွင်း၍ တစ်ခုခုကိုသာ အာရုံရှင်းရှင်းဖြင့် ပြီးပြတ်အောင်လုပ်ကိုင်ရမည် ဖြစ်လေသည်။

No comments:

Post a Comment