Tuesday, May 15, 2012

အိမ်နီးနားချင်းကောင်း စံပြောင်

ကျွန်တော်နှင့် စံပြောင်မှာ ရေစက်ဆုံလှသည်။ စင်ကာပူတွင် ကျွန်တော်နေသောနေရာနှင့် သူနေသောနေရာမှာ သိပ်မဝေးလှ။ ရထားတစ်ဘူတာစီး၍ ဘတ်စ်ကားမှတ်တိုင်အနည်းငယ်ခန့် ဆက်စီးလိုက်လျှင် ရောက်ပြီဖြစ်သည်။ စံပြောင်လည်း  ကျွန်တော့အိမ်သို့လာလည်သည်။ သူစိတ်လိုလက်ရရှိလျှင် အလွန်အမင်းလည်း အကူအညီရလှသည်။ စင်ကာပူသို့သူက တစ်လခန့်စောရောက်နေရာ ကျွန်တော်ရောက်လာသောအခါ ကျောင်းတက်ဖို့ဆေးစစ်ရန်အစ ကျောင်းသားနေထိုင်ခွင့်လက်မှတ်ကျသည် အဆုံး တက်ကြွစွာ ကူညီဆောင်ရွက်ပေးလေသည်။ တစ်ခါတစ်ရံ မောင်စံပြောင်သည် ထိုသို့လည်း အားကိုးရပါသေးသည်။ “ အစ်ကိုလာတုံးက ကျွန်တော့အမေကိုပြောတာ။ ကျွန်တော့ဂစ်တာကြီး အစ်ကိုနဲ့ ထည့်ပေးလိုက်ပါလို့။ အဲဒါ မထည့်ပေးလိုက်ဘူးဗျာ” ဟု ကြိတ်မနိုင်ခဲမရလေသံဖြင့် ပြောသဖြင့် ကျိတ်၍သက်ပြင်းချကာ စံပြောင့်အမေကို ကျေးဇူးတင်ရသးသည်။ တော်ပါသေး၏။ စံပြောင့်အမေ ကယ်ပေ၍။ မဟုတ်ပါက မောင်စံပြောင်၏ လက်ချက်ဖြင့် စင်ကာပူအဝင်တွင် ဂစ်တာကြီးတစ်ကားကား အိတ်များတစ်ဖားဖားနှင့် ဒုက္ခတွေ့ချေဦးမည်။

စံပြောင်နှင့်ကျွန်တော်မှာ ဘယ်ဘဝက ဘာအတူလုပ်ခဲ့သည်တော့ မပြောတတ်ပေ။ ပို၍ရေစက်ဆုံစရာတစ်ခု ကြုံတွေ့ရပြန်သည်။ ကျွန်တော် အိမ်ပြောင်းရခြင်းပင်ဖြစ်သည်။ အံ့သြစရာကား ကျွန်တော်ပြောင်းရမည့်အိမ်မှာ မမျှော်လင့်ပဲ စံပြောင်တို့နေသည့်တိုက်နှင့် တစ်တိုက်ကျော်မျှသာ ဖြစ်နေခြင်းဖြစ်သည်။ ကျွန်တော် ဝမ်းသာအားရဖုန်းဆက်လိုက်သောအခါ စံပြောင်မှာ အလွန်ပျော်ရွှင်နေလေသည်။ “ အစ်ကို ပြောင်းခဲ့ဗျ၊ ကျွန်တော် လာကူပေးမယ် ” ဟုလည်း အားတက်သရော ဆို၏။ “နေပါစေကွာ...အစ်ကို့အစ်ကိုရဲ့ သူငယ်ချင်းတွေလဲ လာကူမယ်ပြောတယ် ” ဟူ၍ ကျွန်တော်ပြန်ပြောသည်ကိုပင် လက်မခံ။ ကူမည်တကဲကဲဖြစ်နေ၏။ သို့နှင့်ပင် “ကဲကွာ...ဒါဆိုလဲ စနေနေ့မနက် ၁၀ နာရီလာခဲ့။ သောကြာနေ့ညနေ ဖုန်းဆက်လိုက်မယ်” ဟုပြောလိုက်သည်။ စံပြောင်လဲ “အိုကေ” ဆိုပြီးဖုန်းချသွားသည်။

သောကြာနေ့တွင် စံပြောင်ကို စနေနေ့မနက် ၁၀ နာရီလာရန်၊ မလာမီ ဖုန်းဆက်လိုက်ရန် သတိပေး၍ ကျွန်တော်နှင့် ကျွန်တော့အစ်ကိုတို့ သိမ်းဆည်းစရာများကို သိမ်းဆည်းကြသည်။ ကျွန်တော့အစ်ကိုက သူ့သူငယ်ချင်းနှစ်ဦး အလုပ်မှခွင့်ယူ၍လာကူမည်ပြောထားရာ စံပြောင်လာမည်ဆို၍ မခေါ်တော့ရန်ကျွန်တော်ပြောလိုက်သည်။ “သူ့တို့အလုပ်ကခွင့်ယူရမှာဆိုရင် မခေါ်နဲ့တော့ကိုကို၊ တစ်ယောက်လောက်ပဲခေါ်တော့။ကျွန်တော့သူငယ်ချင်း စံပြောင်လဲလာမှာပဲ ” ဟုပင် ကျွန်တော်က အသားယူ၍ပြောလိုက်သေးသည်။ စံပြောင့် အကြောင်းသိ၍ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်။

ဤသို့ဖြင့် အိမ်ပြောင်းမည့် စနေနေ့မနက် ၁၀ နာရီသို့ ရောက်လာသည်။ စံပြောင့်ထံမှ စာမလာ၊ သတင်းမကြား၊ ဖုန်းသံမမြည်။ ကိစ္စမရှိ ၊ ပစ္စည်းသယ်မည့်ကားမှာ  ၁၂ နာရီမှ လာမည်ဖြစ်ရာ စံပြောင်အနည်းငယ် နောက်ကျလဲ အရေးမကြီး။ တစ်ခါက စာမေးပွဲတစ်ခုကို စံပြောင်သွားဖြေရာ ၁၃း၀၀ နာရီဟုရေးထားသည်ကို  ၃ နာရီမှ သွားဖြေဖူးသော သာဓကရှိသည်။ ၁ နာရီသွားရမည်ကို ၃ နာရီဟု မှားဖတ်ကာ နှစ်နာရီနောက်ကျ၍သွားဖြေခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်စိတ်မပူ။ ဒီကောင် ဒီလိုပဲ တစ်ခုမဟုတ်တစ်ခုတော့ လွဲတတ်ကြောင်းတွေးထားသည်။ ဟိုစာမေးပွဲတုံးကတော့ သူနောက်တစ်ခါပြန်ဖြေလိုက်ရသည်။ ဆရာမသဘောကောင်းသောကြောင့် နောက်မှတစ်ယောက်ထဲဖြေခွင့်ရခြင်းဖြစ်သည်။

သူ့အကြောင်းတွေးနေရင်း ၁၁ နာရီထိုးသောအခါ ကျွန်တော့အစ်ကိုကမေးလေသည်မှာ “မင်း စံပြောင်မလာသေးဘူးလားဟ...။ ကားလာတော့မယ်” ဟု ။ ကျွန်တော်က “ဟုတ်ကဲ့....လာမှာပါဟု ” ဖြေ၍ သကောင့်သားထံ ဖုန်းဆက်ရသည်။ ကိုယ်တော်ချောက ဖုန်းမကိုင်။ နှစ်ခါလောက်ခေါ်သော်လည်း မကိုင်သောအခါ ရေချိုးခန်းဝင်နေ၍ဖြစ်မည်ဟု ကောက်ချက်ချ၍ နားထားလိုက်သည်။ ကားလာခါနီးအချိန်ကပ်လာသောအခါ ဖုန်းထပ်ဆက်ပြန်သည်။ ဒင်းကား ဖုန်းမကိုင်ပြန်။ ဘာလုပ်နေပြန်သည်မသိ။ ကျွန်တော့မှာလဲ ချွေးပြန်လာပြီဖြစ်သည်။ ကျွန်တော့အစ်ကိုမှာ စင်ကာပူတွင် အနေကြာပြီဖြစ်၍ ထုံးစံအတိုင်း စားပွဲ၊ကုလားထိုင်၊ဘီရို၊ ကုတင် နှင့် အခြားအိမ်ထောင်ပစ္စည်းများမှာ အနည်းငယ်ပုံနေပြီဖြစ်၏။ ထိုပစ္စည်းအားလုံးကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးတည်း မည်သို့သယ်ကြမည်နည်း။ ပထမအစီအစဉ်မှာ ကျွန်တော်တို့ညီအစ်ကိုနှင့် အစ်ကို့သူငယ်ချင်းနှစ်ယောက် ပေါင်းလေးယောက်။ နောက်မှ စံပြောင်လာမည်ဆို၍ အစီအစဉ်များပြောင်းထားခြင်းဖြစ်၏။ ကားလာမည့်အချိန်နီးလာလေ ကျွန်တော့မှာ အစ်ကို့မျက်နှာကိုမကြည့်ရဲလေဖြစ်၏။ ဆက်တိုက်ခေါ်သော်လည်း ရွှေမင်းသားစံပြောင်က ဖုန်းကိုင်တော်မမူ။ လူကိုယ်တိုင်လဲ ကြွချီတော်မူလာခြင်းမရှိ။

ကံကောင်းထောက်မစွာဖြင့် ကျွန်တော့အစ်ကို၏သူငယ်ချင်းတစ်ဦး ရောက်ရှိလာ၍ ကျွန်တော့မှာ အနည်းငယ် အသက်ရှူချောင်သွားရသည်။ ကျွန်တော်တို့ သုံးဦးသားပစ္စည်းများကိုကားရှိရာသယ်ချ...တိုတိုပြောရလျင် ဤသို့ဖြင့်အသစ်ပြောင်းနေမည့်အခန်းသို့ သို့ရောက်သွားပါသည်။ ပစ္စည်းများ အိမ်သစ်ပေါ်တင်သောအခါတွင်လည်း သုံးဦးထဲဖြစ်သောကြောင့် အခက်ကြုံရပြန်သည်။ တစ်ယောက်ကအောက်ရှိ ပစ္စည်းများကို စောင့်ကြည့်ရမည်ဖြစ်သောကြောင့်ပင်။
ကျွန်တော်လည်း စံပြောင်ကို ထပ်မံဖုန်းခေါ်ပြန်သည်။ လာမည်ဟုပြောထားပါလျက် ဖုန်းပင်မကိုင်သောကြောင့် ကျွန်တော့မှာ စိတ်ပျက်ရပြန်သည်။ ပစ္စည်းများကို ခက်ခက်ခဲခဲတင်လိုက်၊ စံပြောင်ကို စိတ်ထဲမှ ကျိတ်ကျိန်ဆဲလိုက်ဖြင့် ညနေစောင်းသွားသည်။ လုပ်အားမလုံလောက်သောအခါ ကျွန်တော်တို့မှာ ဟောဟဲဆိုက်ကြရပေသည်။ကျွန်တော့အစ်ကိုမှာလည်း “တော်သေးတာပေါ့.... ငါ့သူငယ်ချင်းတစ်ယောက်လာပေလို့....မင်းအကောင်တော့ မင်းကိုပုံပြောသွားပြီ” ဟု တစ်ခါပြောပြီးနောက် ဘာမှမပြောရှာတော့။ ကျွန်တော့မှာသာ မျက်နှာပူပူဖြင့် ကြုံးရုန်းသယ်ရသည်။ ဒီကြားထဲ စံပြောင် တစ်ခုခုများဖြစ်နေလားဟု စိတ်ကလည်းပူရသေးသည်။ စံပြောင့်ဖုန်းကား ကိုင်မည့်သူ အလျှင်းဝေးလျက်။

ညအိပ်ခါနီးဆက်သောအခါတွင်မှ ကိုယ်တော်မြတ်က ဖုန်းကိုင်တော်မူလေသည်။ “ဟေ့ကောင်..မနက်က ဘာလို့မလာတာလဲ ” မေးသောအခါ “ကျွန်တော်မေ့သွားလို့ဗျ” ဟုဆိုလေသည်။ “ ဒါဖြင့် ဘာလို့ ဖုန်းမကိုင်တုံးဟ” ဟုထပ်မေးမိပြန်သည်။ “ ဖုန်းက ပျောက်နေတာ အစ်ကိုရ၊ ခုနကမှ ပြန်တွေ့တာ ” ဟူသတည်း။ ကျွန်တော်လည်း စိတ်တိုတိုဖြင့် ခက်ဆတ်ဆတ်ပြောလိုက်မိသည်။  “ခု..ဘယ်ကပြန်တွေ့တုံး” ။ စံပြောင့်အဖြေကား “ ကုတင်အောက်ကျနေတာ၊ silence လုပ်ထားလို့ ရှာမတွေ့တာ” ဟူသတည်း။ ကျလည်း ကျလောက်ပါသည့် စံပြောင်။ ကျွန်တော် မအံ့သြတော့ပါ။ တစ်ခြားသူဆိုလျှင်သာ မယုံလျှင်ရှိမည်။ စံပြောင့်ကိုတော့ ချွင်းချက်မရှိ ယုံသည်။ ဒါမျိုးက စံပြောင်တို့ ဖြစ်နေကျဖြစ်သည်။ ကျွန်တော်သာ ညဏ်နည်းပါး၍ သူ့ကိုယုံကာ ပုံအပ်မိခြင်း။ ကိုယ့်ကိုယ်ကိုသာ နားရင်းအုပ်ဖို့ကောင်းသည့်ကျွန်တော်။

ထိုနေ့ညက စံပြောင်နှိပ်စက်၍ ခါးချိသွားသည့် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ပင်ပန်းခဲ့သည်ဒဏ်ဖြင့် တော်တော်အိပ်ကောင်းကြပါသည်။ မောင်မင်းကြီးသား စံပြောင် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရှည်ရှည်နေ၍ ပေါက်ကရများ များများလုပ်နိုင်ပါစေသတည်း။



Saturday, May 12, 2012

စံပြောင်

ကျွန်တော့တွင် ညီရင်းတမျှချစ်ခင်ရသော သူငယ်ချင်းတစ်ယောက်ရှိသည်။ သူ့ကို စံပြောင် ဟုကျွန်တော်ခေါ်သည်။ တွေ့ဖူးသမျှထဲတွင် စံတင်ရလောက်အောင် ပေါက်ကရလေးဆယ်များ အကြိမ်ကြိမ်လုပ်တတ်သူဖြစ်၏။ မျက်နှာကလဲ အလွန်ပြောင်၏။ ထို့ကြောင့်သူကို စံပြောင် ဟု ကျွန်တော်ခေါ်သည်။

စံပြောင်၏ ပေါက်ကရလေးဆယ်လုပ်ဆောင်ချက်များ၏ဒဏ်ကို အများဆုံးခံရသူမှာ ကျွန်တော်ဖြစ်လိမ့်မည် ထင်သည်။ ကျွန်တော်ကလည်းသူ၏ အခင်ဆုံး အစ်ကိုတစ်ယောက်ဖြစ်သည်ကိုး။ စာတင်ရလောက်အောင်ပင် ကျွန်တော့အတွက် အမှတ်တရများ ပေးစွမ်းနိုင်သည့် ညီငယ်လေးဖြစ်၏။ ဟာသညဏ်ရွှင်သလို ထင်ရာကိုစွတ်လုပ်တတ်သည့် သူ့ညဉ်ကြောင့် ကျွန်တော်ရှင်းပေးလိုက်ရသည့်ပြဿနာများရှိသလို သူ့အရှုပ်ထုပ်များ၏အလယ်တွင် ယက်ကန်ယက်ကန်နှင့် ကျွန်တော်နစ်ကျန်ခဲ့သည့် အကြိမ်ရေကလည်း မနည်း။

သူနှင့်ကျွန်တော်၏ ညီအစ်ကိုသဖွယ် ချစ်ခင်တွယ်တာမှုဇာတ်လမ်းသည် ကော်ဖီခွက်တစ်ခုကို သူခွဲလိုက်ရာမှ စတင်လေသည်။ စင်ကာပူတွင် အင်ဂျင်နီယာကျောင်းတက်မည်ဟု ရည်စူးသောကျွန်တော်သည် ရည်ရွယ်ချက်တူသော စံပြောင်နှင့် ရန်ကုန်မြို့ ကြီးရှိ ဘာသာရပ်သင်တန်းတစ်ခုတွင် ဆုံတွေ့လေသည်။ ထိုအထိကား အဆန်းတကြယ်မရှိ။ အမှတ်တရ စ သည်ကား ကျွန်တော်တို့သူငယ်ချင်းများ စု၍ တိတ်ဆိတ်အေးချမ်းသော အအေးဆိုင်ကြီးတစ်ဆိုင်တွင် စာအတူကြည့်စဉ်ကဖြစ်၏။ စံပြောင်ကား ထိုစဉ်ကပင် သူ့အစွမ်းကိုပြ၍ ကျွန်တော့ကို သတိပေးရှာပါသည်။ ငမိုက်သားကျွန်တော်သာ အမျှော်အမြင်နည်းခဲ့၍ သူ့ဒဏ်ကို တလျှောက်လုံးခံခဲ့ရခြင်းဖြစ်၏။ သတိပေးပုံကား ခပ်သင်းသင်းပင်။ စာကြည့်နေကြသော စားပွဲပေါ်မှ ကော်ဖီခွက်ကို မောင်စံပြောင်မှ နမော်နမဲ့ဖြင့်တိုက်ချ၍ခွဲလေသည်။ ငြိမ်သက်တိတ်ဆိတ်သော ဆိုင်ထဲတွင် “ ခလွမ်း ” ဟူသောခွက်ကျကွဲသံမှာ အတန်ပင် ကျယ်လောင်ရာ ဆိုင်ရှိလူအားလုံး၏မျက်လုံးပေါင်း သောင်းခြောက်ထောင်သည် ကျွန်တော်တို့ ဝိုင်းသို့စုပြုံလေသည်။ ကျွန်တော်ကားသူငယ်ချင်းများနှင့်ဖြစ်၍ သိပ်မရှက်လှသော်လည်း မျက်လုံးများ၏ ဒဏ်ကိုတော့ မခံနိုင်။ ခွက်ခွဲသော သကောင့်သားကား မျက်နှာကြီးနီ၍ ပြာယာခတ်လေသည်။ ကျွန်တော့အား တိုးတိုးကပ်ပြောသောစကားမှာ “ အစ်ကို....ကျွန်တော်လျော်ပေးဖို့ ပိုက်ဆံမပါဘူး ” ဟူသတည်း။ ကိစ္စမရှိပါ။ ကျွန်တော်ကူရှင်းပေးနိုင်သော ကိစ္စဖြစ်၍ စိတ်မပူရန်အားပေးလိုက်ပါသည်။ ပထမဆုံးသူ၏ အရှုပ်ထုပ်ကို စတင်ရှင်းပေးဖူးခြင်းပင်ဖြစ်၏။ ထိုစဉ်ကတည်းက ကျွန်တော်သိခဲ့ဖို့ ကောင်းပါသည်။ ဒင်း၏ စီးရီးနှင့် လာမည်ဖြစ်သော အရှုပ်ထုပ်များအကြောင်း။

ထို ခွက်ကိစ္စမှ အစပြုကာ မောင်စံပြောင်နှင့် ကျွန်တော်တို့ ချစ်ခင်ရင်းနှီးခဲ့လေသည်။ တဖြည်းဖြည်းနှင့် သိလာရသည်မှာ မောင်စံပြောင်ကား ညဏ်ရည်လည်းမြင့်သည့် ငရှုပ်တစ်ကောင်ဖြစ်ကြောင်းတည်း။ သူနှင့်ကျွန်တော် စသိသည့် ကာလမှာ သူဆယ်တန်းကို ဂုဏ်ထူး ၄ ဘာသာဖြင့်အောင်မြင်ပြီးခါစ အချိန်ဖြစ်သည်။ သူ၏ အင်္ဂလိပ်စာမှာလည်း ကောင်းမွန်လှသည်။ နမော်နမဲ့နိုင်၍ ရွှတ်ချင်နောက်ချင်ကာ ပြဿနာကိုမီးခွက်ထွန်းရှာတတ်သည့် အကျင့်မှလွဲလျှင် စံပြောင်ကား ညဏ်ကောင်းသည့် လူတော်တစ်ယောက်ဖြစ်သည်။ စာလဲတော်တော်ဖတ်၍ စိတ်ထားလဲ ဖြူစင်ကောင်းမွန်လှသည်။ တစ်ခါတစ်ရံတော့ ချစ်ခင်သူများကို ကျီစယ် ချောက်တွန်းတတ်သည့် ကြောက်စရာ့ဟာသညဏ်လေးတော့ရှိသည်။ နောင်တွင် တွေ့ပါလိမ့်မည်။

လူ့ဘဝရေစက်ကား ဆန်းကြယ်လှသည်။ မောင်စံပြောင်သည် ကျွန်တော့ကို အစ်ကိုရင်းကဲ့သို့ အလွန်ပင်ချစ်ခင်တွယ်တာရှာသည်။ သူ့အိမ်သို့ အတင်းမရမကဖိတ်၍ ထမင်းကျွေးချင်ကြောင်း နားပူနားဆာတိုက်သည်။ နောက်ဆုံး ကျွန်တော်အားနာ၍သူ့အိမ်သို့ ထမင်းလိုက်စားသည်။ သူ့အမေအား အတင်းပင် ပူဆာ၍ ထမင်းဟင်းများချက်ခိုင်းထားကြောင်းသိရလေသည်။ သူ့သား အလွန်အင်မတန်ခင်၍ အိမ်တွင်တဖွဖွပြောနေသော သူငယ်ချင်းကို သူ့အမေကပြောသည်မှာ သူ့သားလူ့ဂွစာကို ချစ်ခင်သည့်အတွက် ကျေးဇူးတင်ကြောင်းဟူလို။ အလွန်အင်မတန်ဂွစာတိုက်ပုံမှာ သူ့အမေပြောမှပိုရယ်ရ၏။ တစ်နေ့တွင် သူတို့အိမ်သို့ဧည့်သည်များလာရာ သူ့အမေမှ “ ဘာမှလဲ ကျွေးစရာမရှိဘူး...အားနာလိုက်တာ ” ဟု လောကဝတ်စကားချော်နေ၏။ သူ့သားတော်မောင် မောင်စံပြောင်ဝင်ပြောသည်ကား “ အမေ ကြောင်အိမ်အောက်ဆုံးထပ်မှာဖွက်ထားတဲ့ ဟင်းတွေဘာလို့ထုတ်မကျွေးလဲ ” ဟူသတည်း။ သူ့အမေကား ဧည့်သည်များကို မျက်နှာပူ၍ အားနာရလေသည်။ ထိုသို့ အမေကို ကူညီသော ချစ်စရာကောင်းသည့် သားငယ်လေတည်း။ စံပြောင်၏ စေတနာဗရပွနှင့် ထမင်းဖိတ်ကျွေးမှုကြောင့် ကျွန်တော်သူ့အိမ်တွင်ထမင်းစားသောအခါ မောင်စံပြောင်ပြောသည်ကား “ အစ်ကို...စား၊ စား၊ အားမနာနဲ့...ဒါ ကျွန်တော့အမေ လက်ကောက်တစ်ဖက် ပေါင်ပြီးချက်ကျွေးတာ ” ဟူ၍။ ကျွန်တော်ကား သူ့စကားကြောင့် စားလက်စထမင်းလုပ်ကို မျိုချရမလို၊ ငုံထားရမလိုလို။

ကျူရှင်တွင်လည်း စံပြောင်သည် ကျွန်တော့ကိုနှိပ်စက်လေသည်။ နှိပ်စက်ပုံမှာ ဆရာစာသင်စဉ်ဖြစ်၏။ ဆရာသင်နေသောစာများမှာ ကျွန်တော်တို့ သိပြီးသားများဖြစ်သဖြင့် နောက်ဆုံးတန်းတွင်ထိုင်နေသောကျွန်တော်တို့ စကားတိုးတိုးပြောကြ၏။ ဆရာက စာသင်၊ ကျွန်တော်တို့က ဆရာမကြားအောင် တိုးတိုးပြော အဆင်ပြေနေဆဲတွင် စံပြောင်မှစကားဝင်ပြော၏။ သူများလို တိုးတိုးမဟုတ်...အားလုံးကြားနိုင်သည့်အသံဖြင့်ဖြစ်၏။ အတန်းသားအားလုံး၏ မျက်လုံးများနှင့် ဆရာ့မျက်လုံးက ကျွန်တော်တို့အဖွဲ့ပေါ်သို့ရောက်၏။ စံပြောင်ကား ဂရုမထားမိ...ကျွန်တော်တို့အားပြောလိုရာကို ဆက်ပြောနေလေသည်။ ကျွန်တော်လည်း မျက်နှာပူလှသဖြင့် လေသံဖြင့်သတိပေးရ၏။ “ဟေ့ကောင် တိုးတိုးပြောဟ ” ဟု။ စံပြောင်က ပြန်ပြောသည်။ “ ကျွန်တော် တိုးတိုးမပြောတတ်ဘူး အစ်ကို ” ဟူ၍။ သို့ဖြင့် စကားဆက်မပြောဖို့ဆုံးဖြတ်ကြကာ တိတ်တိတ်နေကြ၏။ ဆရာလည်း စာဆက်သင်၏။ မောင်စံပြောင်ကား ဇွဲမလျှော့။ ကျယ်လောင် ကျယ်လောင်ဖြင့် ကျွန်တော့ကို စကားဆက်ပြောနေသောကြောင့် အတန်းထဲမှ မောင်းအထုတ်ခံကြရလေသည်။

နှစ်ကြာလေလေ...စံပြောင်နှင့်ကျွန်တော်၏ ချစ်ခင်တွယ်တာမှုမှာ ပိုကြီးလာလေလေဖြစ်၏။ ဤသို့ဖြင့် သူရောကျွန်တော်ပါ စင်ကာပူတွင်ကျောင်းရ၍ အတူတူတက်ရသည့် အချိန်သို့ရောက်လာလေသည်။ ရသည့်ကျောင်းမှာလည်း တစ်ကျောင်းတည်းပင်ဖြစ်၏။ ကျောင်းမဖွင့်မှီ မောင်မယ်သစ်လွင်နိုင်ငံတကာကျောင်းသားများအတွက်
ကျောင်းမှ ပျော်ပွဲရွှင်ပွဲကစားပွဲများကို စီစဉ်ပေးသည်။ စင်ကာပူ၏ နာမည်ကျော် စန်တိုဆာကျွန်းကမ်းခြေတွင်ဖြစ်သည်။ ညနေ ၂ နာရီခန့်နေပူပူတွင် ကျောင်းသားများကို အဖွဲ့ငယ်များခွဲ၍ ပြေးလွှားဆော့ကစားစေသည်။ ကျွန်တော်ကား ရေစက်ပါသောမောင်စံပြောင်နှင့် တစ်ဖွဲ့ထဲပင်ကျ၏။ မဆိုးလှ။ ကိုယ်နှင့်သိသည့်အဖော်ပါသဖြင့် အဖွဲ့ထဲတွင် တစ်အား တက်ရသည်ကတော့ အမှန်ပင်။ တစ်အားမတက်ပဲ တစ်ဒုက္ခတက်ရမည်ကိုကား ကျွန်တော်ကြိုမမြင်ခဲ့။ ဖြစ်ပုံမှာ ဤသို့ဖြစ်၏။ ကစားနည်းတစ်ခုကား အနည်းငယ်ကြမ်းတမ်း၏။ နေ့ခင်း ၂နာရီ ကမ်းခြေ၏နေပူပူတွင် သဲပြင်ပူကျက်ကျက်ပေါ်၌ ဝမ်းလျားမှောက်လျက် သတ်မှတ်နေရာတစ်နေရာမှတစ်နေရာသို့ တွားသွားရမည်ဖြစ်၏။ တောက်တီးတောက်တဲ့ တော်တော် ပင်ပန်းအောင်လုပ်သည့် ကစားနည်းပင်။ ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင်မှ မည်သူ ဗော်လန်တီယာလုပ်၍သွားမည်နည်းဟု မေး၏။ မည်သူမျှမဖြေ။ ဘယ်ဖြေမည်နည်း။ ထိုမျှ ပူပြင်းသော သဲပေါ်၌ဝမ်းလျားမှောက်တွားသွားရမည်မှာ အပေါ်ကပူ၊ အောက်ကပူနှင့် မည်သူမှမသွားချင်သည့်အလုပ်ဖြစ်သည်ကိုး။ သူရဲကောင်းရွေးပွဲကဲ့သို့ပင်ဖြစ်၏။ အဖွဲ့ခေါင်းဆောင်မှ သုံးကြိမ်သုံးခါခေါ်သည့်တိုင် ထွက်ဝံ့သည့်သူမရှိပေ။ သို့သော်လည်း သုံးကြိမ်မြောက်အခေါ်တွင်ကား သူရဲကောင်းတစ်ယောက်ပေါ်ပေါက်လာ၏။ တန်းစီရပ်နေသော သူများထဲမှ ရှေ့ သို့ခုန်ထွက်လာသော ကျွန်တော်ပင်ဖြစ်၏။ အများကိုယ်စား ဒုက္ခဝင်ခံပေးသည့် အရူးကိုအားပေးသည့် လက်ခုပ်သံများ ညံခနဲထွက်လာရုံမက အဖွဲ့ခေါင်းဆောင်၏ အလွန်ကောင်း၏ ဟူသောမှတ်ချက်ပါရလိုက်ပါသည်။ သို့သော် ကျွန်တော်မမက်မောပါ။ ကျွန်တော်လည်း ပျာရိပျာယာနှင့် လူအုပ်တွင်းသို့  ပြန်ဝင်ဖို့ကြိုးစားသေး၏။ မရတော့ချေတကား။ ကျွန်တော့အား အပြင်သို့မည်သူတွန်းထုတ်လိုက်သနည်းဟု ဒေါသနှင့်လှည့်ကြည့်လေသောအခါ ပြုံးဖြီးဖြီးကြီးလုပ်နေသော ကျွန်တော်၏ချစ်ညီငယ် မောင်စံပြောင်ကို အနောက်တွင် တွေ့ရလေသတည်း.....။

(နောက်ထပ် စံပြောင့်အကြောင်းများကို စံပြောင်-၂ တွင် ဖော်ပြပါမည်)