Tuesday, May 15, 2012

အိမ်နီးနားချင်းကောင်း စံပြောင်

ကျွန်တော်နှင့် စံပြောင်မှာ ရေစက်ဆုံလှသည်။ စင်ကာပူတွင် ကျွန်တော်နေသောနေရာနှင့် သူနေသောနေရာမှာ သိပ်မဝေးလှ။ ရထားတစ်ဘူတာစီး၍ ဘတ်စ်ကားမှတ်တိုင်အနည်းငယ်ခန့် ဆက်စီးလိုက်လျှင် ရောက်ပြီဖြစ်သည်။ စံပြောင်လည်း  ကျွန်တော့အိမ်သို့လာလည်သည်။ သူစိတ်လိုလက်ရရှိလျှင် အလွန်အမင်းလည်း အကူအညီရလှသည်။ စင်ကာပူသို့သူက တစ်လခန့်စောရောက်နေရာ ကျွန်တော်ရောက်လာသောအခါ ကျောင်းတက်ဖို့ဆေးစစ်ရန်အစ ကျောင်းသားနေထိုင်ခွင့်လက်မှတ်ကျသည် အဆုံး တက်ကြွစွာ ကူညီဆောင်ရွက်ပေးလေသည်။ တစ်ခါတစ်ရံ မောင်စံပြောင်သည် ထိုသို့လည်း အားကိုးရပါသေးသည်။ “ အစ်ကိုလာတုံးက ကျွန်တော့အမေကိုပြောတာ။ ကျွန်တော့ဂစ်တာကြီး အစ်ကိုနဲ့ ထည့်ပေးလိုက်ပါလို့။ အဲဒါ မထည့်ပေးလိုက်ဘူးဗျာ” ဟု ကြိတ်မနိုင်ခဲမရလေသံဖြင့် ပြောသဖြင့် ကျိတ်၍သက်ပြင်းချကာ စံပြောင့်အမေကို ကျေးဇူးတင်ရသးသည်။ တော်ပါသေး၏။ စံပြောင့်အမေ ကယ်ပေ၍။ မဟုတ်ပါက မောင်စံပြောင်၏ လက်ချက်ဖြင့် စင်ကာပူအဝင်တွင် ဂစ်တာကြီးတစ်ကားကား အိတ်များတစ်ဖားဖားနှင့် ဒုက္ခတွေ့ချေဦးမည်။

စံပြောင်နှင့်ကျွန်တော်မှာ ဘယ်ဘဝက ဘာအတူလုပ်ခဲ့သည်တော့ မပြောတတ်ပေ။ ပို၍ရေစက်ဆုံစရာတစ်ခု ကြုံတွေ့ရပြန်သည်။ ကျွန်တော် အိမ်ပြောင်းရခြင်းပင်ဖြစ်သည်။ အံ့သြစရာကား ကျွန်တော်ပြောင်းရမည့်အိမ်မှာ မမျှော်လင့်ပဲ စံပြောင်တို့နေသည့်တိုက်နှင့် တစ်တိုက်ကျော်မျှသာ ဖြစ်နေခြင်းဖြစ်သည်။ ကျွန်တော် ဝမ်းသာအားရဖုန်းဆက်လိုက်သောအခါ စံပြောင်မှာ အလွန်ပျော်ရွှင်နေလေသည်။ “ အစ်ကို ပြောင်းခဲ့ဗျ၊ ကျွန်တော် လာကူပေးမယ် ” ဟုလည်း အားတက်သရော ဆို၏။ “နေပါစေကွာ...အစ်ကို့အစ်ကိုရဲ့ သူငယ်ချင်းတွေလဲ လာကူမယ်ပြောတယ် ” ဟူ၍ ကျွန်တော်ပြန်ပြောသည်ကိုပင် လက်မခံ။ ကူမည်တကဲကဲဖြစ်နေ၏။ သို့နှင့်ပင် “ကဲကွာ...ဒါဆိုလဲ စနေနေ့မနက် ၁၀ နာရီလာခဲ့။ သောကြာနေ့ညနေ ဖုန်းဆက်လိုက်မယ်” ဟုပြောလိုက်သည်။ စံပြောင်လဲ “အိုကေ” ဆိုပြီးဖုန်းချသွားသည်။

သောကြာနေ့တွင် စံပြောင်ကို စနေနေ့မနက် ၁၀ နာရီလာရန်၊ မလာမီ ဖုန်းဆက်လိုက်ရန် သတိပေး၍ ကျွန်တော်နှင့် ကျွန်တော့အစ်ကိုတို့ သိမ်းဆည်းစရာများကို သိမ်းဆည်းကြသည်။ ကျွန်တော့အစ်ကိုက သူ့သူငယ်ချင်းနှစ်ဦး အလုပ်မှခွင့်ယူ၍လာကူမည်ပြောထားရာ စံပြောင်လာမည်ဆို၍ မခေါ်တော့ရန်ကျွန်တော်ပြောလိုက်သည်။ “သူ့တို့အလုပ်ကခွင့်ယူရမှာဆိုရင် မခေါ်နဲ့တော့ကိုကို၊ တစ်ယောက်လောက်ပဲခေါ်တော့။ကျွန်တော့သူငယ်ချင်း စံပြောင်လဲလာမှာပဲ ” ဟုပင် ကျွန်တော်က အသားယူ၍ပြောလိုက်သေးသည်။ စံပြောင့် အကြောင်းသိ၍ မျက်ခုံးကတော့ ခပ်လှုပ်လှုပ်။

ဤသို့ဖြင့် အိမ်ပြောင်းမည့် စနေနေ့မနက် ၁၀ နာရီသို့ ရောက်လာသည်။ စံပြောင့်ထံမှ စာမလာ၊ သတင်းမကြား၊ ဖုန်းသံမမြည်။ ကိစ္စမရှိ ၊ ပစ္စည်းသယ်မည့်ကားမှာ  ၁၂ နာရီမှ လာမည်ဖြစ်ရာ စံပြောင်အနည်းငယ် နောက်ကျလဲ အရေးမကြီး။ တစ်ခါက စာမေးပွဲတစ်ခုကို စံပြောင်သွားဖြေရာ ၁၃း၀၀ နာရီဟုရေးထားသည်ကို  ၃ နာရီမှ သွားဖြေဖူးသော သာဓကရှိသည်။ ၁ နာရီသွားရမည်ကို ၃ နာရီဟု မှားဖတ်ကာ နှစ်နာရီနောက်ကျ၍သွားဖြေခြင်းဖြစ်သည်။ ထို့ကြောင့် ကျွန်တော်စိတ်မပူ။ ဒီကောင် ဒီလိုပဲ တစ်ခုမဟုတ်တစ်ခုတော့ လွဲတတ်ကြောင်းတွေးထားသည်။ ဟိုစာမေးပွဲတုံးကတော့ သူနောက်တစ်ခါပြန်ဖြေလိုက်ရသည်။ ဆရာမသဘောကောင်းသောကြောင့် နောက်မှတစ်ယောက်ထဲဖြေခွင့်ရခြင်းဖြစ်သည်။

သူ့အကြောင်းတွေးနေရင်း ၁၁ နာရီထိုးသောအခါ ကျွန်တော့အစ်ကိုကမေးလေသည်မှာ “မင်း စံပြောင်မလာသေးဘူးလားဟ...။ ကားလာတော့မယ်” ဟု ။ ကျွန်တော်က “ဟုတ်ကဲ့....လာမှာပါဟု ” ဖြေ၍ သကောင့်သားထံ ဖုန်းဆက်ရသည်။ ကိုယ်တော်ချောက ဖုန်းမကိုင်။ နှစ်ခါလောက်ခေါ်သော်လည်း မကိုင်သောအခါ ရေချိုးခန်းဝင်နေ၍ဖြစ်မည်ဟု ကောက်ချက်ချ၍ နားထားလိုက်သည်။ ကားလာခါနီးအချိန်ကပ်လာသောအခါ ဖုန်းထပ်ဆက်ပြန်သည်။ ဒင်းကား ဖုန်းမကိုင်ပြန်။ ဘာလုပ်နေပြန်သည်မသိ။ ကျွန်တော့မှာလဲ ချွေးပြန်လာပြီဖြစ်သည်။ ကျွန်တော့အစ်ကိုမှာ စင်ကာပူတွင် အနေကြာပြီဖြစ်၍ ထုံးစံအတိုင်း စားပွဲ၊ကုလားထိုင်၊ဘီရို၊ ကုတင် နှင့် အခြားအိမ်ထောင်ပစ္စည်းများမှာ အနည်းငယ်ပုံနေပြီဖြစ်၏။ ထိုပစ္စည်းအားလုံးကို ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးတည်း မည်သို့သယ်ကြမည်နည်း။ ပထမအစီအစဉ်မှာ ကျွန်တော်တို့ညီအစ်ကိုနှင့် အစ်ကို့သူငယ်ချင်းနှစ်ယောက် ပေါင်းလေးယောက်။ နောက်မှ စံပြောင်လာမည်ဆို၍ အစီအစဉ်များပြောင်းထားခြင်းဖြစ်၏။ ကားလာမည့်အချိန်နီးလာလေ ကျွန်တော့မှာ အစ်ကို့မျက်နှာကိုမကြည့်ရဲလေဖြစ်၏။ ဆက်တိုက်ခေါ်သော်လည်း ရွှေမင်းသားစံပြောင်က ဖုန်းကိုင်တော်မမူ။ လူကိုယ်တိုင်လဲ ကြွချီတော်မူလာခြင်းမရှိ။

ကံကောင်းထောက်မစွာဖြင့် ကျွန်တော့အစ်ကို၏သူငယ်ချင်းတစ်ဦး ရောက်ရှိလာ၍ ကျွန်တော့မှာ အနည်းငယ် အသက်ရှူချောင်သွားရသည်။ ကျွန်တော်တို့ သုံးဦးသားပစ္စည်းများကိုကားရှိရာသယ်ချ...တိုတိုပြောရလျင် ဤသို့ဖြင့်အသစ်ပြောင်းနေမည့်အခန်းသို့ သို့ရောက်သွားပါသည်။ ပစ္စည်းများ အိမ်သစ်ပေါ်တင်သောအခါတွင်လည်း သုံးဦးထဲဖြစ်သောကြောင့် အခက်ကြုံရပြန်သည်။ တစ်ယောက်ကအောက်ရှိ ပစ္စည်းများကို စောင့်ကြည့်ရမည်ဖြစ်သောကြောင့်ပင်။
ကျွန်တော်လည်း စံပြောင်ကို ထပ်မံဖုန်းခေါ်ပြန်သည်။ လာမည်ဟုပြောထားပါလျက် ဖုန်းပင်မကိုင်သောကြောင့် ကျွန်တော့မှာ စိတ်ပျက်ရပြန်သည်။ ပစ္စည်းများကို ခက်ခက်ခဲခဲတင်လိုက်၊ စံပြောင်ကို စိတ်ထဲမှ ကျိတ်ကျိန်ဆဲလိုက်ဖြင့် ညနေစောင်းသွားသည်။ လုပ်အားမလုံလောက်သောအခါ ကျွန်တော်တို့မှာ ဟောဟဲဆိုက်ကြရပေသည်။ကျွန်တော့အစ်ကိုမှာလည်း “တော်သေးတာပေါ့.... ငါ့သူငယ်ချင်းတစ်ယောက်လာပေလို့....မင်းအကောင်တော့ မင်းကိုပုံပြောသွားပြီ” ဟု တစ်ခါပြောပြီးနောက် ဘာမှမပြောရှာတော့။ ကျွန်တော့မှာသာ မျက်နှာပူပူဖြင့် ကြုံးရုန်းသယ်ရသည်။ ဒီကြားထဲ စံပြောင် တစ်ခုခုများဖြစ်နေလားဟု စိတ်ကလည်းပူရသေးသည်။ စံပြောင့်ဖုန်းကား ကိုင်မည့်သူ အလျှင်းဝေးလျက်။

ညအိပ်ခါနီးဆက်သောအခါတွင်မှ ကိုယ်တော်မြတ်က ဖုန်းကိုင်တော်မူလေသည်။ “ဟေ့ကောင်..မနက်က ဘာလို့မလာတာလဲ ” မေးသောအခါ “ကျွန်တော်မေ့သွားလို့ဗျ” ဟုဆိုလေသည်။ “ ဒါဖြင့် ဘာလို့ ဖုန်းမကိုင်တုံးဟ” ဟုထပ်မေးမိပြန်သည်။ “ ဖုန်းက ပျောက်နေတာ အစ်ကိုရ၊ ခုနကမှ ပြန်တွေ့တာ ” ဟူသတည်း။ ကျွန်တော်လည်း စိတ်တိုတိုဖြင့် ခက်ဆတ်ဆတ်ပြောလိုက်မိသည်။  “ခု..ဘယ်ကပြန်တွေ့တုံး” ။ စံပြောင့်အဖြေကား “ ကုတင်အောက်ကျနေတာ၊ silence လုပ်ထားလို့ ရှာမတွေ့တာ” ဟူသတည်း။ ကျလည်း ကျလောက်ပါသည့် စံပြောင်။ ကျွန်တော် မအံ့သြတော့ပါ။ တစ်ခြားသူဆိုလျှင်သာ မယုံလျှင်ရှိမည်။ စံပြောင့်ကိုတော့ ချွင်းချက်မရှိ ယုံသည်။ ဒါမျိုးက စံပြောင်တို့ ဖြစ်နေကျဖြစ်သည်။ ကျွန်တော်သာ ညဏ်နည်းပါး၍ သူ့ကိုယုံကာ ပုံအပ်မိခြင်း။ ကိုယ့်ကိုယ်ကိုသာ နားရင်းအုပ်ဖို့ကောင်းသည့်ကျွန်တော်။

ထိုနေ့ညက စံပြောင်နှိပ်စက်၍ ခါးချိသွားသည့် ကျွန်တော်တို့ညီအစ်ကိုနှစ်ယောက် ပင်ပန်းခဲ့သည်ဒဏ်ဖြင့် တော်တော်အိပ်ကောင်းကြပါသည်။ မောင်မင်းကြီးသား စံပြောင် ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ အသက်ရှည်ရှည်နေ၍ ပေါက်ကရများ များများလုပ်နိုင်ပါစေသတည်း။



No comments:

Post a Comment