စံပြောင် တစ်ယောက် ယခုရက်ပိုင်းအတွင်း အလွန်အင်မတန် တက်ကြွနေသည်။ သူ့ကိုယ်သူလည်း အလွန်ကျေနပ်အားရနေပုံပေါက်သည်ကို တွေ့ရသည်။ စံပြောင့်ကို ကြည့်၍ ကျွန်တော်ကိုယ်တိုင်လည်း ကျေနပ်မိသည်။ တစ်ခုခုတွင်စိတ်ဝင်တစား အာရုံစိုက်၍ ဝီရိယအပြည့်ဖြင့် အားကြိုးမာန်တက် ကြိုးစားနေသော ကျွန်တော့ညီလေးမဟုတ်ပါလား။ ။
ဤ ဇာတ်လမ်းကြီးကို စခဲ့သူမှာ ကျွန်တော်ဖြစ်၍ စံပြောင်မှာ ကျွန်တော့အတွက် ဇာတ်ကောင်တစ်ကောင်အဖြစ် အားရဝမ်းသာ ဝင်ရောက်ကပြပေးခဲ့ခြင်းဖြစ်သည်။ သူစိတ်ဝင်စားသော ဘာသာရပ်နှင့် ကျွန်တော်ဖြစ်စေလိုသောအရာ ဖြစ်တောင့်ဖြစ်ခဲ့ တစ်သက်မှာတစ်ခါဆိုသလို ထပ်တူကျ၍ စံပြောင်ဝင်ရောက် ပါဝင်ပေးခြင်းဖြစ်၏။ ကျွန်တော် ဒါရိုက်တာလုပ်၍ လက်စွမ်းပြရိုက်ကူးသော ဤဇာတ်ကားမဟာ၊ ချာတာတာကြီးတွင် စံပြောင် ပါဝင်အစွမ်းပြခဲ့ပုံကို ကြည့်ကြပါဦးစို့။
ကိစ္စအားလုံး၏ အစကို ခလုပ်နှိပ်ဖွင့်လှစ်ပေးသူမှာ မစ္စတာတီရို ဖြစ်သည်။ မစ္စတာတီရိုဆိုသည်မှာ ကျွန်တော်တို့ ကျောင်းတော်မဟာကြီးမှ စာပေသင်ကြားပို့ချပေးသူ၊ ကျောင်းအုပ်ချုပ်ရေးကိစ္စများတွင် ပါဝင်ရသူ ကျွန်တော်တို့ ဆရာတစ်ဦးပင်ဖြစ်၏။ တစ်နေ့တွင်ဆရာတီရိုက ကျွန်တော်နှင့် အပေါင်းအပါအချို့ကိုခေါ်ပြော၏။ ကျောင်းတွင် နိုင်ငံတကာအကများပါသည့် ပွဲငယ်လေးတစ်ခုလုပ်မည်ဖြစ်ရာ ကျွန်တော်တို့ မြန်မာကျောင်းသားများမှ ဖျော်ဖြေမှုတစ်ခုပါဝင် ဖျော်ဖြေပေးရန် ဟူလို။ ကိစ္စမရှိပါ။ ဒါမျိုးက ကျွန်တော်တို့ မြန်မာကျောင်းသားများ ပါဝင်လက်စွမ်းပြနေကျ ဖြစ်သည်။ သင်္ကြန်အကထည့်မလား၊ ပုဂံအကထည့်မလား၊ ဒိုးပတ်ဝိုင်းထည့်မလား ဆုံးဖြတ်ရန်သာဖြစ်၏။ ဆရာတီရိုအား အာမဘနေ ္တခံပြီးနောက် ကျွန်တော်တို့ ပါဝင်ဖျော်ဖြေဖို့ ဆုံးဖြတ်သည်မှာ ဒိုးပတ်ဝိုင်းဖြစ်၏။
ဒိုးပတ်ဝိုင်းတစ်ခုတွင် ဒိုးပတ်(နှစ်ဖက်တီးရသည့် ဗုံတစ်မျိုး)၊ ပလွေ၊ ဝါးလက်ခုပ်၊ လင်ကွင်း စသည့်တူရိယာများပါပြီး မြိုင်မြိုင်ဆိုင်ဆိုင်တီးခတ်ပါက အလွန်ပင်မြူးကာ ဦးရွှေရိုး၊ ဒေါ်မိုးပါ တွဲလိုက်လျှင် နိုင်ငံခြားသား ပရိသတ်ကြိုက်မည်မှာ အမှန်ပင်ဖြစ်သည်။ မည်သူတွေ တီးကြမည်နည်း။ ကျွန်တော်တို့ တီးမှုတ်ကခုန်မည့်သူများကို လူစုသောအခါ ကျွန်တော့ညီငယ် စံပြောင်က လင်ကွင်းတီးမည်ဟု အားတက်သရော စာရင်းပေးပါသည်။ အခြားသော သူများလည်း အသီးသီး၊ အသသ ပါဝင်ကြရာ ဦးရွှေရိုးဒေါ်မိုးအပါအဝင် တီးမှုတ်ကခုန်မည့်သူ ၉ ယောက်တိတိရပါသည်။ အားတက်ဖွယ်ရာပင်။
သို့နှင့်ပင် ပွဲမဝင်ခင် အပြင်ကကျင်းပ ဆိုသည့်အတိုင်း ဒိုးပတ်တိုက်ကြရာ၊ စံပြောင်ကပင် ဦးစီးဦးဆောင်၍ နေ့စဉ်၊ အပတ်စဉ်ပင် ဖြစ်ကြသည်။ ပွဲမစမှီ သုံးလ အလိုကတည်းက ဒိုးပတ်တိုက်နေသော ကျွန်တော့ညီစံပြောင်တို့ အဖွဲ့ကို ကြည့်၍ ကျွန်တော့မှာ အားရလှပါသည်။ အားကိုးလိုက်ရသည့် ကျွန်တော်၏ညီလေး စံပြောင်၊ ကြိုးစားလိုက်သည့် ကျွန်တော်၏ညီလေး စံပြောင်၊ စိတ်ဓါတ်ပြင်းထန်လှသည့် ကျွန်တော်၏ ညီလေးစံပြောင်ပါတကား။
စံပြောင်ကိုယ်တိုင်လည်း အလွန်ပင် စိတ်ပါဝင်စားစွာ ဒိုးပတ်တိုက်နေသည်ကို တွေ့ရပါသည်။ အလွန်ပင် တက်ကြွရွှင်လန်းနေသည်ကိုတွေ့ရပါသည်။ ဝါးလက်ခုပ် သုံးလက်၊ ဒိုးပတ် ၂ လုံး နှင့် ပလွေတစ်ချောင်းကြားတွင် လင်ကွင်းကို အချက်ကျကျတီးရသည်မှာ ထင်သလောက်မလွယ်ပေ။ တိုင်မင်ကိုက်ရန်အလွန်လို၏။ ကိစ္စမရှိပါ။ စံပြောင်ကိုယုံပါသည်။ သူသည် ဂီတကိုလည်း ဝါသနာပါသူတစ်ယောက်ဖြစ်ရုံမက ဂီတာကိုပင်ကျွမ်းကျွမ်းကျင်ကျင်ဖြစ်အောင် လေ့ကျင့်တီးခတ်ထားသူဖြစ်ကြောင်းကို ကျွန်တော်ကောင်းကောင်းသိသည်။သူစိတ်ပါဖို့သာ လိုသည်။ ယခုလို တက်ကြွပျော်ရွှင်စွာ၊ လူအများကို ဦးဆောင်၍ ဒိုးပတ်တိုက်နေသည်ကို တွေ့ရ၍ ကျွန်တော်အင်မတန် ပီတိဖြစ်မိသည်။ ဒီလိုတော့လည်း ငါ့ညီလေးက တယ်ဟုတ်ပါလားဟု........။
ဤသို့ဖြင့်....... နိုင်ငံတကာကျောင်းသားများနှင့် ဆရာများကို တီးမှုတ်ဖျော်ဖြေမည့်နေ့သို့ ရောက်၍လာပါပြီ။
ပွဲမှာ ညနေ ၄ နာရီတွင်စ၍ ကျွန်တော်တို့က ညနေ ၅ နာရီတွင် ဖျော်ဖြေရမည်ဖြစ်သည်။ မနက်ပိုင်းတွင် ကျောင်းမှ ပရောဂျက်တစ်ခုအတွက် မြို့ထဲသိ့ုသွားစရာရှိသည်ဟု စံပြောင်ကဆိုလာလေသည်။ “ အင်း...မောင်စံပြောင်၊ သွားစရာရှိတာတော့ သွား၊ ၃ နာရီလောက်တော့ အရောက်ပြန်ခဲ့ ” ဟု ကျွန်တော် မှာလိုက်ရာ မောင်စံပြောင်လည်း “ စိတ်ချ အစ်ကို၊ ကျွန်တော်ကလည်း တအားကို တီးပြချင်နေတာ ” ဟုဆိုကာ ပျော်ရွှင်တက်ကြွစွာထွက်ခွာသွားလေသတည်း။
သို့နှင့်...... ညနေ သုံးနာရီသို့ ဆိုက်ရောက်လာရာ ကျွန်တော် ပထမဆုံး သတိရသည့်သူမှာ ကျွန်တော့ညီငယ် စံပြောင်ပင်ဖြစ်သည်။ ပြန်ရောက်မလာသေး။ ဒီငတိက သတိပေးမှုလိုသည့်ငတိလေးမှန်း ကျွန်တော်သိပြီးသားဖြစ်သည်။ ဖုန်းလှမ်းဆက်လိုက်သည်။ မကိုင်။ ဘုရား တလိုက်မိပါသေးသည်။
ခနစောင့်ပြီးနောက် နောက်တစ်ကြိမ်ဆက်သောအခါ အနှီကောင်လေးက ဖုန်းကိုင်သည်။တော်ပါသေး၏။ “ ပြန်လာပြီလားမောင်စံပြောင် ” ဟုမေးသောအခါ မပြန်ရသေးပါ ဆိုပါကလား။ ဟဲ့ဟဲ့....မဖြစ်။ မြန်မြန်ပြန်လာရန်မှာကြား၍ ပွဲနှင့် ပက်သက်သော ကျွန်တော်၏ အခြားလုပ်ငန်းဆောင်တာများကို ဆောင်ရွက်ပါသည်။ နေရာထိုင်ခင်းများစီစဉ်ခြင်း၊ အခမ်းအနားမှူးများမှာ မြန်မာလူမျိုးများမဟုတ်ကြရာ သူတို့ကို ဒိုးပတ်ဝိုင်းနှင့်ပက်သက်သည့် အသံထွက်များသင်ပေးခြင်း၊ ဒိုးပတ်ဝိုင်းနှင့်ပက်သက်သော အခြင်းအရာများကြေငြာရန်ကို သေချာအောင်လုပ်ခြင်းများစသည့် စသည့် ကိစ္စများကို ဆောင်ရွက်ပြီးသောအခါ ညနေလေးနာရီ ထိုးလုပြီဖြစ်သည်။
ဒိုးပတ်ဝိုင်းတော်သားများကို စိစစ်သောအခါ မောင်စံပြောင်မရောက်လာသေး။ ဖုန်းထပ်ဆက်ရပြန်သည်။ ကိုယ်တော်မြတ်က ပြန်လာတော်မမူသေးဆိုပါလား။ “ ဟဲ့..ကိစ္စအားလုံးကို ထားခဲ့တော့။ လူသာ ခုချက်ချင်းပြန်လာခဲ့ ” ဟု တစ်ချက်လွှတ်အမိန့်ထုတ်ရသည်။ “ဟုတ်ကဲ့” ဟုဆိုသော မောင်စံပြောင်ကို စိတ်မချ၍ ၁၀ မိနစ်ခန့်အကြာထပ်ဆက်ရာ မြို့ထဲမှာရှိဆဲ ဆို၏။ ကျွန်တော်လည်း ဆူပူ၍ “ခုပြန်လာခဲ့ဟ၊ စတော့မှာ” ဟုပြောမှ “ကျွန်တော်ခုချက်ချင်း တက္ကစီ ငှားပြန်ခဲ့မယ် အစ်ကို ” ဆိုသော စကားကို ရလေသည်။
လေးနာရီ၊ လေးနာရီ ဆယ့်ငါး၊ လေးနာရီခွဲ၊ လေးနာရီ လေးဆယ့်ငါး....။ လေးနာရီ ငါးဆယ်။ နာရီလက်တံများက တရွေ့ရေ့ွ၊ ကျွန်တော့်နှလုံးသားက တမြေ့မြေ့၊ မောင်စံပြောင်က တမေ့မေ့။ ကျွန်တော့ဒိုးပတ်အဖွဲ့သားများမှာလည်း မျက်စိ၊ မျက်နှာများပျက်၍ မျက်စိသူငယ်၊ နားသူငယ်နှင့်။ အမောင်လင်ကွင်းက မရောက်သေးသည်ကိုး။
ကျွန်တော်အားပေးရပါသည်။ “ ကိစ္စမရှိဘူး...။ သူအချိန်မှီရောက်လာမှာ။ တက္ကစီစင်းလုံးငှားပြီးလာနေပြီ။ အစ်ကိုလဲ အခမ်းအနားမှူးတွေကို အချိန်ဆွဲထားဖို့ သွားပြောထားမယ်...” စသည်၊ စသည်ဖြင့်။ တကယ်တမ်း စင်ပေါ်တက်ရမည့် အချိန်နှင့် ၅ မိနစ်ခန့်အလိုတွင် စံပြောင့်ကို ဆက်ရာ ကားပေါ်တွင်သာရှိသေးကြောင်းသိရသည်။ ကျွန်တော်ဘာလုပ်ရမည်နည်း။ ပရိသတ်နှင့် ကျွန်တော့ကို အားကိုးတကြီး ကြည့်နေသော ကျွန်တော့ အဖွဲ့သားများကို ကြည့်ကာ ကျွန်တော်ချွေးပြန်လာပါသည်။
မတတ်နိုင်။ ကျွန်တော်တတ်နိုင်တာ အကောင်းဆုံးလုပ်ရတော့မည်။ “ ကဲ...ငါ့လူတို့၊ ပွဲကတော့ ခုမှဖျက်လို့မရတော့ဘူး။ လင်ကွင်းမပါပဲ ဖြစ်အောင်သာတီးမှ ဖြစ်တော့မယ်။ လုပ်နိုင်ပါ့မလား ကိုယ့်လူတို့ ”
“ ချဗျာ...လုပ်ရတော့မှာပေါ့” ဟူူသောစကားကို ကျွန်တော့လူများက ပြောသောအခါ ကျွန်တော်လည်း သူတို့ အားမငယ်စေရန်အားပေးရင်း စင်ပေါ်တက်ခါနီးထိ စိတ်ဓါတ်ထက်သန်စေမည့် စကားများပြောနေလိုက်ပါသည်။ စိတ်ထဲတွင်တော့ စံပြောင်ကို ကျိန်ဆဲရင်း တထင့်ထင့်။
ဒိုးပတ်ဝိုင်းကြီး စင်ပေါ်တက်ပါပြီ။ စံပြောင်ကားရောက်မလာသေးချေတကား။
လင်ကွင်းမပါသော ဒိုးပတ်ဝိုင်းကြီး၏ “ ဒုံပတ်၊ ဒုံပတ်....ချမ်း မပါ ” အသံကို ကြားယောင်ကြည့်ပါ။ ဤသို့သော ဒိုးပတ်ဝိုင်းမျိုးကို နိုင်ငံတကာကျောင်းသားများရှေ့တွင် ကျွန်တော် တည်ခင်းခဲ့ဖူးပါသည်။ ကျွန်တော့ညီ စံပြောင်ငယ်၏ ကျေးဇူးဖြင့်ဖြစ်သည်။
ပရိသတ်၏ လက်ခုပ်သံများကို ရသော်လည်း ကျွန်တော်လိပ်ပြာမလုံလှပါ။ အဆိုးဆုံးအခြေအနေတွင် အကောင်းဆုံးလုပ်ခဲ့သော ကျွန်တော့လူများကို ချီးကျူးရင်း စံပြောင်ရောက်လာပါကလည်း ဝိုင်းအပြစ်မပြောကြဖို့ ပြောမိသည်။ သူ သုံးလလုံးလုံးလေ့ကျင့်ခဲ့ရသော လင်ကွင်းကို ပရိသတ်ရှေ့တွင် တီးပြခွင့်မရလိုက်ခြင်းသည်ပင် သူ့အတွက် ကြီးစွာသောစိတ်ထိခိုက်ဖွယ်ရာဟု ကျွန်တော်ခံစားမိသောကြောင့်ဖြစ်သည်။
တီးမှုတ်ဖျော်ဖြေမှုပြီးဆုံး၍ ဆယ်မိနစ်ခန့်အကြာတွင် ပုဆိုးကိုဆွဲ၍ လင်ကွင်းကိုပိုက်ကာ အူယားဖားလျားပြေးလာသော အလာကောင်းသော်လည်း အခါနှောင်းလေသည့် ကျွန်တော်တို့၏ ဇာတ်လိုက်ကျော်ကြီး မောင်စံပြောင်ကို အားလုံးတွေ့ကြရပေသတည်း......။
_____________________________________________________________________