ကျွန်တော့တွင် ညီရင်းတမျှချစ်ခင်ရသော သူငယ်ချင်းတစ်ယောက်ရှိသည်။ သူ့ကို စံပြောင် ဟုကျွန်တော်ခေါ်သည်။ တွေ့ဖူးသမျှထဲတွင် စံတင်ရလောက်အောင် ပေါက်ကရလေးဆယ်များ အကြိမ်ကြိမ်လုပ်တတ်သူဖြစ်၏။ မျက်နှာကလဲ အလွန်ပြောင်၏။ ထို့ကြောင့်သူကို စံပြောင် ဟု ကျွန်တော်ခေါ်သည်။
စံပြောင်၏ ပေါက်ကရလေးဆယ်လုပ်ဆောင်ချက်များ၏ဒဏ်ကို အများဆုံးခံရသူမှာ ကျွန်တော်ဖြစ်လိမ့်မည် ထင်သည်။ ကျွန်တော်ကလည်းသူ၏ အခင်ဆုံး အစ်ကိုတစ်ယောက်ဖြစ်သည်ကိုး။ စာတင်ရလောက်အောင်ပင် ကျွန်တော့အတွက် အမှတ်တရများ ပေးစွမ်းနိုင်သည့် ညီငယ်လေးဖြစ်၏။ ဟာသညဏ်ရွှင်သလို ထင်ရာကိုစွတ်လုပ်တတ်သည့် သူ့ညဉ်ကြောင့် ကျွန်တော်ရှင်းပေးလိုက်ရသည့်ပြဿနာများရှိသလို သူ့အရှုပ်ထုပ်များ၏အလယ်တွင် ယက်ကန်ယက်ကန်နှင့် ကျွန်တော်နစ်ကျန်ခဲ့သည့် အကြိမ်ရေကလည်း မနည်း။
သူနှင့်ကျွန်တော်၏ ညီအစ်ကိုသဖွယ် ချစ်ခင်တွယ်တာမှုဇာတ်လမ်းသည် ကော်ဖီခွက်တစ်ခုကို သူခွဲလိုက်ရာမှ စတင်လေသည်။ စင်ကာပူတွင် အင်ဂျင်နီယာကျောင်းတက်မည်ဟု ရည်စူးသောကျွန်တော်သည် ရည်ရွယ်ချက်တူသော စံပြောင်နှင့် ရန်ကုန်မြို့ ကြီးရှိ ဘာသာရပ်သင်တန်းတစ်ခုတွင် ဆုံတွေ့လေသည်။ ထိုအထိကား အဆန်းတကြယ်မရှိ။ အမှတ်တရ စ သည်ကား ကျွန်တော်တို့သူငယ်ချင်းများ စု၍ တိတ်ဆိတ်အေးချမ်းသော အအေးဆိုင်ကြီးတစ်ဆိုင်တွင် စာအတူကြည့်စဉ်ကဖြစ်၏။ စံပြောင်ကား ထိုစဉ်ကပင် သူ့အစွမ်းကိုပြ၍ ကျွန်တော့ကို သတိပေးရှာပါသည်။ ငမိုက်သားကျွန်တော်သာ အမျှော်အမြင်နည်းခဲ့၍ သူ့ဒဏ်ကို တလျှောက်လုံးခံခဲ့ရခြင်းဖြစ်၏။ သတိပေးပုံကား ခပ်သင်းသင်းပင်။ စာကြည့်နေကြသော စားပွဲပေါ်မှ ကော်ဖီခွက်ကို မောင်စံပြောင်မှ နမော်နမဲ့ဖြင့်တိုက်ချ၍ခွဲလေသည်။ ငြိမ်သက်တိတ်ဆိတ်သော ဆိုင်ထဲတွင် “ ခလွမ်း ” ဟူသောခွက်ကျကွဲသံမှာ အတန်ပင် ကျယ်လောင်ရာ ဆိုင်ရှိလူအားလုံး၏မျက်လုံးပေါင်း သောင်းခြောက်ထောင်သည် ကျွန်တော်တို့ ဝိုင်းသို့စုပြုံလေသည်။ ကျွန်တော်ကားသူငယ်ချင်းများနှင့်ဖြစ်၍ သိပ်မရှက်လှသော်လည်း မျက်လုံးများ၏ ဒဏ်ကိုတော့ မခံနိုင်။ ခွက်ခွဲသော သကောင့်သားကား မျက်နှာကြီးနီ၍ ပြာယာခတ်လေသည်။ ကျွန်တော့အား တိုးတိုးကပ်ပြောသောစကားမှာ “ အစ်ကို....ကျွန်တော်လျော်ပေးဖို့ ပိုက်ဆံမပါဘူး ” ဟူသတည်း။ ကိစ္စမရှိပါ။ ကျွန်တော်ကူရှင်းပေးနိုင်သော ကိစ္စဖြစ်၍ စိတ်မပူရန်အားပေးလိုက်ပါသည်။ ပထမဆုံးသူ၏ အရှုပ်ထုပ်ကို စတင်ရှင်းပေးဖူးခြင်းပင်ဖြစ်၏။ ထိုစဉ်ကတည်းက ကျွန်တော်သိခဲ့ဖို့ ကောင်းပါသည်။ ဒင်း၏ စီးရီးနှင့် လာမည်ဖြစ်သော အရှုပ်ထုပ်များအကြောင်း။
ထို ခွက်ကိစ္စမှ အစပြုကာ မောင်စံပြောင်နှင့် ကျွန်တော်တို့ ချစ်ခင်ရင်းနှီးခဲ့လေသည်။ တဖြည်းဖြည်းနှင့် သိလာရသည်မှာ မောင်စံပြောင်ကား ညဏ်ရည်လည်းမြင့်သည့် ငရှုပ်တစ်ကောင်ဖြစ်ကြောင်းတည်း။ သူနှင့်ကျွန်တော် စသိသည့် ကာလမှာ သူဆယ်တန်းကို ဂုဏ်ထူး ၄ ဘာသာဖြင့်အောင်မြင်ပြီးခါစ အချိန်ဖြစ်သည်။ သူ၏ အင်္ဂလိပ်စာမှာလည်း ကောင်းမွန်လှသည်။ နမော်နမဲ့နိုင်၍ ရွှတ်ချင်နောက်ချင်ကာ ပြဿနာကိုမီးခွက်ထွန်းရှာတတ်သည့် အကျင့်မှလွဲလျှင် စံပြောင်ကား ညဏ်ကောင်းသည့် လူတော်တစ်ယောက်ဖြစ်သည်။ စာလဲတော်တော်ဖတ်၍ စိတ်ထားလဲ ဖြူစင်ကောင်းမွန်လှသည်။ တစ်ခါတစ်ရံတော့ ချစ်ခင်သူများကို ကျီစယ် ချောက်တွန်းတတ်သည့် ကြောက်စရာ့ဟာသညဏ်လေးတော့ရှိသည်။ နောင်တွင် တွေ့ပါလိမ့်မည်။
လူ့ဘဝရေစက်ကား ဆန်းကြယ်လှသည်။ မောင်စံပြောင်သည် ကျွန်တော့ကို အစ်ကိုရင်းကဲ့သို့ အလွန်ပင်ချစ်ခင်တွယ်တာရှာသည်။ သူ့အိမ်သို့ အတင်းမရမကဖိတ်၍ ထမင်းကျွေးချင်ကြောင်း နားပူနားဆာတိုက်သည်။ နောက်ဆုံး ကျွန်တော်အားနာ၍သူ့အိမ်သို့ ထမင်းလိုက်စားသည်။ သူ့အမေအား အတင်းပင် ပူဆာ၍ ထမင်းဟင်းများချက်ခိုင်းထားကြောင်းသိရလေသည်။ သူ့သား အလွန်အင်မတန်ခင်၍ အိမ်တွင်တဖွဖွပြောနေသော သူငယ်ချင်းကို သူ့အမေကပြောသည်မှာ သူ့သားလူ့ဂွစာကို ချစ်ခင်သည့်အတွက် ကျေးဇူးတင်ကြောင်းဟူလို။ အလွန်အင်မတန်ဂွစာတိုက်ပုံမှာ သူ့အမေပြောမှပိုရယ်ရ၏။ တစ်နေ့တွင် သူတို့အိမ်သို့ဧည့်သည်များလာရာ သူ့အမေမှ “ ဘာမှလဲ ကျွေးစရာမရှိဘူး...အားနာလိုက်တာ ” ဟု လောကဝတ်စကားချော်နေ၏။ သူ့သားတော်မောင် မောင်စံပြောင်ဝင်ပြောသည်ကား “ အမေ ကြောင်အိမ်အောက်ဆုံးထပ်မှာဖွက်ထားတဲ့ ဟင်းတွေဘာလို့ထုတ်မကျွေးလဲ ” ဟူသတည်း။ သူ့အမေကား ဧည့်သည်များကို မျက်နှာပူ၍ အားနာရလေသည်။ ထိုသို့ အမေကို ကူညီသော ချစ်စရာကောင်းသည့် သားငယ်လေတည်း။ စံပြောင်၏ စေတနာဗရပွနှင့် ထမင်းဖိတ်ကျွေးမှုကြောင့် ကျွန်တော်သူ့အိမ်တွင်ထမင်းစားသောအခါ မောင်စံပြောင်ပြောသည်ကား “ အစ်ကို...စား၊ စား၊ အားမနာနဲ့...ဒါ ကျွန်တော့အမေ လက်ကောက်တစ်ဖက် ပေါင်ပြီးချက်ကျွေးတာ ” ဟူ၍။ ကျွန်တော်ကား သူ့စကားကြောင့် စားလက်စထမင်းလုပ်ကို မျိုချရမလို၊ ငုံထားရမလိုလို။
ကျူရှင်တွင်လည်း စံပြောင်သည် ကျွန်တော့ကိုနှိပ်စက်လေသည်။ နှိပ်စက်ပုံမှာ ဆရာစာသင်စဉ်ဖြစ်၏။ ဆရာသင်နေသောစာများမှာ ကျွန်တော်တို့ သိပြီးသားများဖြစ်သဖြင့် နောက်ဆုံးတန်းတွင်ထိုင်နေသောကျွန်တော်တို့ စကားတိုးတိုးပြောကြ၏။ ဆရာက စာသင်၊ ကျွန်တော်တို့က ဆရာမကြားအောင် တိုးတိုးပြော အဆင်ပြေနေဆဲတွင် စံပြောင်မှစကားဝင်ပြော၏။ သူများလို တိုးတိုးမဟုတ်...အားလုံးကြားနိုင်သည့်အသံဖြင့်ဖြစ်၏။ အတန်းသားအားလုံး၏ မျက်လုံးများနှင့် ဆရာ့မျက်လုံးက ကျွန်တော်တို့အဖွဲ့ပေါ်သို့ရောက်၏။ စံပြောင်ကား ဂရုမထားမိ...ကျွန်တော်တို့အားပြောလိုရာကို ဆက်ပြောနေလေသည်။ ကျွန်တော်လည်း မျက်နှာပူလှသဖြင့် လေသံဖြင့်သတိပေးရ၏။ “ဟေ့ကောင် တိုးတိုးပြောဟ ” ဟု။ စံပြောင်က ပြန်ပြောသည်။ “ ကျွန်တော် တိုးတိုးမပြောတတ်ဘူး အစ်ကို ” ဟူ၍။ သို့ဖြင့် စကားဆက်မပြောဖို့ဆုံးဖြတ်ကြကာ တိတ်တိတ်နေကြ၏။ ဆရာလည်း စာဆက်သင်၏။ မောင်စံပြောင်ကား ဇွဲမလျှော့။ ကျယ်လောင် ကျယ်လောင်ဖြင့် ကျွန်တော့ကို စကားဆက်ပြောနေသောကြောင့် အတန်းထဲမှ မောင်းအထုတ်ခံကြရလေသည်။
နှစ်ကြာလေလေ...စံပြောင်နှင့်ကျွန်တော်၏ ချစ်ခင်တွယ်တာမှုမှာ ပိုကြီးလာလေလေဖြစ်၏။ ဤသို့ဖြင့် သူရောကျွန်တော်ပါ စင်ကာပူတွင်ကျောင်းရ၍ အတူတူတက်ရသည့် အချိန်သို့ရောက်လာလေသည်။ ရသည့်ကျောင်းမှာလည်း တစ်ကျောင်းတည်းပင်ဖြစ်၏။ ကျောင်းမဖွင့်မှီ မောင်မယ်သစ်လွင်နိုင်ငံတကာကျောင်းသားများအတွက်
ကျောင်းမှ ပျော်ပွဲရွှင်ပွဲကစားပွဲများကို စီစဉ်ပေးသည်။ စင်ကာပူ၏ နာမည်ကျော် စန်တိုဆာကျွန်းကမ်းခြေတွင်ဖြစ်သည်။ ညနေ ၂ နာရီခန့်နေပူပူတွင် ကျောင်းသားများကို အဖွဲ့ငယ်များခွဲ၍ ပြေးလွှားဆော့ကစားစေသည်။ ကျွန်တော်ကား ရေစက်ပါသောမောင်စံပြောင်နှင့် တစ်ဖွဲ့ထဲပင်ကျ၏။ မဆိုးလှ။ ကိုယ်နှင့်သိသည့်အဖော်ပါသဖြင့် အဖွဲ့ထဲတွင် တစ်အား တက်ရသည်ကတော့ အမှန်ပင်။ တစ်အားမတက်ပဲ တစ်ဒုက္ခတက်ရမည်ကိုကား ကျွန်တော်ကြိုမမြင်ခဲ့။ ဖြစ်ပုံမှာ ဤသို့ဖြစ်၏။ ကစားနည်းတစ်ခုကား အနည်းငယ်ကြမ်းတမ်း၏။ နေ့ခင်း ၂နာရီ ကမ်းခြေ၏နေပူပူတွင် သဲပြင်ပူကျက်ကျက်ပေါ်၌ ဝမ်းလျားမှောက်လျက် သတ်မှတ်နေရာတစ်နေရာမှတစ်နေရာသို့ တွားသွားရမည်ဖြစ်၏။ တောက်တီးတောက်တဲ့ တော်တော် ပင်ပန်းအောင်လုပ်သည့် ကစားနည်းပင်။ ကျွန်တော်တို့ အဖွဲ့ခေါင်းဆောင်မှ မည်သူ ဗော်လန်တီယာလုပ်၍သွားမည်နည်းဟု မေး၏။ မည်သူမျှမဖြေ။ ဘယ်ဖြေမည်နည်း။ ထိုမျှ ပူပြင်းသော သဲပေါ်၌ဝမ်းလျားမှောက်တွားသွားရမည်မှာ အပေါ်ကပူ၊ အောက်ကပူနှင့် မည်သူမှမသွားချင်သည့်အလုပ်ဖြစ်သည်ကိုး။ သူရဲကောင်းရွေးပွဲကဲ့သို့ပင်ဖြစ်၏။ အဖွဲ့ခေါင်းဆောင်မှ သုံးကြိမ်သုံးခါခေါ်သည့်တိုင် ထွက်ဝံ့သည့်သူမရှိပေ။ သို့သော်လည်း သုံးကြိမ်မြောက်အခေါ်တွင်ကား သူရဲကောင်းတစ်ယောက်ပေါ်ပေါက်လာ၏။ တန်းစီရပ်နေသော သူများထဲမှ ရှေ့ သို့ခုန်ထွက်လာသော ကျွန်တော်ပင်ဖြစ်၏။ အများကိုယ်စား ဒုက္ခဝင်ခံပေးသည့် အရူးကိုအားပေးသည့် လက်ခုပ်သံများ ညံခနဲထွက်လာရုံမက အဖွဲ့ခေါင်းဆောင်၏ အလွန်ကောင်း၏ ဟူသောမှတ်ချက်ပါရလိုက်ပါသည်။ သို့သော် ကျွန်တော်မမက်မောပါ။ ကျွန်တော်လည်း ပျာရိပျာယာနှင့် လူအုပ်တွင်းသို့ ပြန်ဝင်ဖို့ကြိုးစားသေး၏။ မရတော့ချေတကား။ ကျွန်တော့အား အပြင်သို့မည်သူတွန်းထုတ်လိုက်သနည်းဟု ဒေါသနှင့်လှည့်ကြည့်လေသောအခါ ပြုံးဖြီးဖြီးကြီးလုပ်နေသော ကျွန်တော်၏ချစ်ညီငယ် မောင်စံပြောင်ကို အနောက်တွင် တွေ့ရလေသတည်း.....။
(နောက်ထပ် စံပြောင့်အကြောင်းများကို စံပြောင်-၂ တွင် ဖော်ပြပါမည်)

No comments:
Post a Comment