Saturday, December 15, 2012

တိုး၍တက်ကာ မိုးထက်မြင့်မှာ

သရော်စာတောင်
အတည်အမှတ်နဲ့
အဆဲအဆိုမပြတ်
အကဲပိုတတ်တဲ့
တို့ ပညာတတ်တွေ။

ငါတော် နင်ညံ့
ငါ့ဂီတမှကောင်းသတတ်။
တို့အနုပညာရှင်နဲ့
တုတ်ဆွဲဓါးဆွဲ
အားပေးရဲကြတဲ့
တို့ပရိသတ်တွေ။

ကိုယ့်တာဝန်တော့ကျေဖို့မတွေး
လိုချင်တာမလုပ်ပေး
ငရဲမင်းဖင်တောင် တုတ်နဲ့ထိုးမဟေ့
ဆိုတဲ့ တို့လူတွေ။
(ဘာပဲလိုလို “ဆန္ဒပြခွင့်” ရှိတယ်လေ။
ရုပ်ရှင်လက်မှတ်လိုဝယ်လို့
နေကြာစေ့တစ်ဖျောက်ဖျောက်ဝါးရင်း
ဆန္ဒပြကြစို့။ )


မှန်တာမမှန်တာနောက်
ဟုတ်တာမဟုတ်တာထား
စဉ်းစားဥာဏ်တစ်ရွေးသားမှမလို
သူများရှဲရင်လိုက်ရှဲလို့
ကျီးကန်းလိုဝိုင်းအာတတ်တဲ့
ဖေ့ဖွတ်ပေါ်က
တို့သူရဲကောင်းတွေ။

ကိုယ်ဝန်းကျင်တောင်
စိတ်ကောင်းမမွေး
တစ်ကိုယ်ကောင်းပြေးတတ်သလောက်
တိုင်းပြည်အတွက်တော့
စိတ်ပူပန်ဟန်
အမှန်အကန် ဟန်ပန်ကြွယ်တတ်တဲ့
တို့ အွန်လိုင်းမျိုးချစ်တွေ။

အိုလေ....
တို့လူလေးများ ညီတယ်နော်..
ညီတယ်ဟေ့...ညီတယ်ဟေ့။   ။

No comments:

Post a Comment