Monday, October 15, 2012

Don't lose your cool

“ ' Don't lose your cool ' တဲ့။ ဘာပြဿနာကြုံကြုံ ခေါင်းအေးအေးနဲ့စဉ်းစား၊ သေသေသပ်သပ်တုံ့ပြန်ဖြေရှင်း၊ ပျာယာခတ်ပြီး စိတ်လိုက်မာန်ပါ ပရမ်းပတာမရှင်းနဲ့ပေါ့လို့ ဆိုလိုတာပေါ့ကွာ။ ”

မိုးနိုင်က ကျွန်တော့ကို ပြောသည်။ထို့နောက် သူ့ရှေ့ က ကော်ဖီကို တစ်ကျိုက်ကျိုက်လိုက်ပြီးနောက် တစ်ဆက်တည်း

“ မင်းသေချာ သတိထားကြည့်၊ ပြဿနာတစ်ခုခုပေါ်လာတယ်ဆိုပါတော့....အကယ်၍ မင်း စပြီးပျာယာခတ်ပြီ၊ မင်းရဲ့  cool ကို lose ဖြစ်ပြီ ဆိုတာနဲ့ မင်းရှုံးပြီ။ မင်းမှာ ဟာကွက်တွေ အများကြီး ဖြစ်လာမယ်။ အမှားတွေအများကြီးလုပ်မိမယ်။ ထူပူနေတော့ မင်းပုံစံကလဲ ကို့ယို့ကားယားနဲ့ အများအမြင်မှာ မတင့်တယ်တော့ဘူးဖြစ်လာမယ်။ အဲဒါ ဘာကြောင့်လဲ။ Because you lose your cool မို့လို့ကွ။ ”

ကျွန်တော်စဉ်းစားကြည့်သည်။ သူပြောတာဟုတ်သည်။ ကျွန်တော်တို့ ဘဝမှာ ပြဿနာပေါင်းများစွာကြုံခဲ့ရသည်။ သူများကြုံသည်ကိုလဲ မြင်ခဲ့ဖူးသည်။ အမျိုးမျိုး ဖြေရှင်းခဲ့ရသည်။ အောင်မြင်စွာ ရှင်းနိုင်သည်များရှိသလို မရှင်းနိုင်ခဲ့သည့် ပြဿနာများကလည်း ဒုနဲ့ဒေး။

မည်သို့ပင် ဖြစ်စေကာမူ ပြဿနာတစ်ခုကို ခေါင်းအေးအေးနှင့် အိနြေ္ဒမပျက်ရှင်းနိုင်ခြင်းက ဂုဏ်သိက္ခာရှိလှသည်။ ရှင်းနိုင်သည်ဖြစ်စေ၊ မရှင်းနိုင်သည်ဖြစ်စေ၊ အိနြေ္ဒရရနှင့် ရင်ဆိုင်ဖြေရှင်းတတ်သူများမှာ အလွန်တင့်တယ်သည်။ဤအရည်အသွေးကို အချို့ လူများတွင် အလွန်ရှားပါးစွာတွေ့ရပြီး စနစ်တကျဖွဲ့စည်းထားသော အဖွဲ့အစည်းကြီးများတွင်မူ အလေ့အကျင့်အဖြစ်တွေ့ရသည်။

ကျွန်တော့တွင်လည်း အတွေးများနှင့်အတူ ပြောစရာများရှိလာ၍ စကားစလိုက်သည်။

“ မင်းပြောတာ ဟုတ်တယ်ကွ။ Don't lose your cool ။ မြန်မာလိုပြန်ရင်တော့ ဘာပဲဖြစ်နေဖြစ်နေ အိနြေ္ဒမပျက်နဲ့ ပေါ့ကွာ။ ”

သူ စိတ်ဝင်စားစွာနားထောင်နေသည်ကို တွေ့၍ ကျွန်တော် စကားဆက်သည်။

“ ဒုတိယကမ္ဘာစစ်တုံးက မြန်မာနိုင်ငံကနေ အင်္ဂလိပ်တွေ ဆုတ်ခွာတာ....အဲဒါပဲ။ မင်းပြောတဲ့ Don't lose your cool...ဆိုတဲ့ စတိုင်နဲ့ ဆုတ်တာ ”

“အင်း...ရှင်းပါဦး ” မိုးနိုင်က ကော်ဖီခွက်ကို စားပွဲပေါ်ချလိုက်ရင်း စကားထောက်ပေးသည်။

“ ဒီလိုကွာ....သူတို့ဆုတ်ခွာတဲ့နေရာမှာ သုံးသွားတဲ့စကား။ စနစ်တကျဆုတ်ခွာသည် တဲ့။ ဟုတ်တယ်...သူတို့ကစစ်ရှုံးနေတာ။ ဒါပေမယ့် အိနြေ္ဒမပျက်ဘူး။ စနစ်တကျနဲ့ ဆုတ်ခွာသွားတာ။ အရှုံးကို အိနြေ္ဒလေးနဲ့ တုန့်ပြန်ပြီး အကောင်းဆုံးလုပ်သွားတာ။ မင်းပြောတဲ့ Don't lose your cool ပေါ့ကွာ။ ဘယ်လောက်သဘောကျဖို့ကောင်းလဲ” 

 ပြောနေသည်ကို ခဏရပ်၍ မိုးနိုင်ကို အကဲခတ်လိုက်တော့ အာရုံစိုက်၍နားထောင်နေသည်ကို တွေ့ရသည်။ ကျွန်တော့ရှေ့ က အေးနေပြီဖြစ်သည့် ကော်ဖီခွက်ကို မျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး ကျွန်တော်ဆက်ပြောသည်။

“ အဲ..ဂျပန်ဆုတ်တော့ကျတော့ အဲလိုမဟုတ်ဘူးကွ။ 'တပ်ပျက်၍ အကျအဆုံးများစွာနဲ့ ခွေးပြေး၊ဝက်ပြေး ပြေးရသည်' တဲ့။ They lose their cool ပေါ့ကွာ။ ယှဉ်ကြည့်လိုက်ရင် သိသာတယ်နော်။ ”

“အေး..ဟုတ်တယ်ကွ။ ဒါက ကိစ္စအကြီးကြီးတွေကို ပြောတာ။ တစ်ယောက်ချင်းစီရဲ့ ပြဿနာကို (သို့မဟုတ်) အခက်အခဲကို (သို့မဟုတ်) အရှုံးကို ရင်ဆိုင်ပုံတုံ့ပြန်ပုံလေးတွေကြည့်ပြီးတော့လဲ သင်ခန်းစာယူလို့ရသေးတယ် ”

မိုးနိုင်က ကုလားထိုင်နောက်မှီတွင် သက်တောင့်သက်သာမှီလိုက်ရင်း ကျွန်တော့စကားကိုထောက်ခံသည်။ထို့နောက်

“ ကျင်းမဝင်လို့ ဂေါက်တံလွှင့်ပစ်တဲ့ ဂေါက်သီးသမားတွေ ငါတို့ တီဗီမှာတွေ့ဖူးနေတာပဲ။ ဂေါက်တံကို လွှင့်ပစ်လိုက်တော့ အရှုံးကို သူတည်တည်ငြိမ်ငြိမ်လက်မခံနိုင်တာ လူသိတာပဲရှိတယ်။ ဘာအကျိုးရှိလို့လဲ။
အဲဒီတော့ losing his cool ဖြစ်သွားတော့၊ အမှားတွေ ပိုများလာပြီး ပိုရှုံးဖို့ပဲ ရှိတာပေါ့ကွာ ”

ဟု စကားကို အဆုံးသတ်သည်။
သူပြောတာ အလွန်မှန်သည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင်လဲ ထိုသို့အလွယ်တကူနှင့်အိနြေ္ဒပျက်တတ်သူတွေ အများအပြားရှိသည်။ သူတို့လိုချင်တာကို အခြေအနေအရ မလုပ်ပေးနိုင်သောအခါမျိုး၊ သူတို့ဖြစ်ချင်သည့်အရာ အခြေအနေအရ မဖြစ်နိုင်၍ မဖြစ်ရသည့်အခါမျိုးတွင် မပြောသင့်သည့်စကားကို အလွန်အကျွံ၊ မဆင်မခြင်ပြောသူများကို ကြုံဖူးသည်။ ခင်မင်မှုကို မထောက်ထားပဲ စကားလွန်သူများကို ကျွန်တော်သည်းခံနိုင်ပါသည်။ သို့သော် နောင်တစ်ချိန်တွင် သူတို့နှင့်အလုပ်အတူတွဲလုပ်ဖို့တော့ အတော်စဉ်းစားရတော့မည်။ မထင်မှတ်ပဲ သူတို့တန်ဖိုးကို သူတို့ထုတ်ပြလိုက်သလိုဖြစ်သွားမှန်း သူတို့သတိမထားမိ။ 'Don't lose your cool' ဆိုသောစကားကို သူတို့ နားမလည်၍ပင်။

စဉ်းစားနေသည်ကို ခဏရပ်၍ ကျွန်တော်မိုးနိုင်ကို စကားပြန်သည်။

“ ငါကြုံဖူးတာလဲရှိသေးတယ်။ ပြဿနာတစ်ခုပေါ်လာတဲ့အချိန်မှာ တစ်ဖက်လူကို အပြစ်တင်ပြီး မဆင်မခြင်ပြောတတ်တဲ့လူမျိုးပေါ့။ ဘာမဟုတ်တဲ့ ပြဿနာလေးနဲ့ သူ့စိတ်ကိုမထိန်းနိုင်တော့ မပြောသင့်တဲ့ စကားတွေကို မဆင်မခြင် စွတ်ပြောပစ်လိုက်ရော။ ဒီတော့ သူ့ကိုလူတွေက အထင်သေးသွားရော။ ခုမှ ငါပြန်စဉ်းစားမိတယ်။ သူက cool ဆိုတဲ့ တည်ငြိမ်မှု၊ အေးဆေးမှု ပျက်သွားတာပဲကွ။ အပြောခံရတဲ့ဘက်ရော၊ ပြောတဲ့ သူ့အနေနဲ့ရော မကောင်းဘူးပေါ့ကွာ”

ကျွန်တော်ပြောသည်များကို မိုးနိုင်က ခေါင်းတစ်ငြိမ့်ငြိမ့်နှင့် နားထောင်နေပြီး ဖြည့်ပြောသည်။

“အဆိပ်သောက်ပြီးသေဖို့ အာဏာပိုင်တွေရဲ့ မတရားသေဒဏ်ချတာခံရတဲ့ ဂရိအတွေးအခေါ်ပညာရှင်ကြီး ဆော့ခရေးတီးကွာ။
 နောက်ဆုံးအချိန်သေခါနီးမှာတောင် သူသောက်ရမယ့်အဆိပ်ခွက်ကို  တည်တည်ငြိမ်ငြိမ်နဲ့ သောက်သွားနိုင်တာ ဘယ်လောက် လေးစားဖို့ကောင်းလဲ။ Don't lose your cool ဆိုတဲ့ စကားကို အကောင်းဆုံးသရုပ်ပြနိုင်ခဲ့တဲ့ သူပဲ။ ခုချိန်ထိ သူ့နာမည်နဲ့ အတွေးအခေါ်က မသေဘူး မဟုတ်လား ”

 ကော်ဖီခွက်ကို စိုက်ကြည့်ရင်း သူပြောတာကို နားထောင်နေမိသည်။ သူကဆက်ပြောပြန်သည်။

“ရာဇသင်္ကြန်အမတ်ကြီးကလဲ စာတွေသာအများကြီးတတ်မယ်။ ဗဟုသုတသာအများကြီးကြွယ်ဝမယ်။ He always loses his cool ပဲကွ။ မင်းသိလား။ ”

“ အေး...အမတ်ကြီးရာဇသင်္ကြန်အကြောင်းတော့ ငါဖတ်ဖူးပါတယ်။ ဘယ်လိုမျိုး he lost his cool ဖြစ်တာလဲ..ရှင်းပြပါဦး”

ကျွန်တော်က ထိုသို့မေးသောအခါ သူက ခေတ္တမျှ အချက်အလက် စီစဉ်ဟန် စဉ်းစားလိုက်ပြီး

“နှစ်ချက်ရှိတယ်ကွာ။ ပထမတစ်ချက်က သီဟသူ သူ့အင်္ကျီလက်ပေါ်ကွမ်းတံတွေးထွေးတာကို လူကြီးပီပီခွင့်မလွှတ်ပဲ ဒေါသထွက်ပြီး အတေးအမှတ်ထား အင်္ကျီကိုပါ မလျှော်ပဲသိမ်းထားတာ...။ ဒါက အငြှိုးထားတယ်လို့ ယူဆရမယ်။ ပညာရှိတစ်ယောက်အနေနဲ့ မသင့်တော်တဲ့ဟာပေါ့ကွာ။ ဒါကိုကြည့်ခြင်းအားဖြင့် ဘုရင့်သားတော်တစ်ယောက်ကိုတာင်ခွင့်မလွှတ်တာ။ သူ့အပေါ် ပြောမှားဆိုးမှားရှိတဲ့ တစ်ခြားသူတွေဆိုရင်တော့ မသက်သာဘူးဆိုတဲ့သဘောပဲ။ စိတ်လိုက်မာန်ပါဖြစ်တယ်။cool မဖြစ်ဘူးပေါ့ကွာ။ ဒါကတစ်ချက် ”

သူက စကားရှည်ကြီးကို ထိုသို့တစ်ဆက်တည်းပြောသွားပြီး နောက်တစ်ချက်ထပ်ပြောရန်ပြင်သည်။

“အင်း...နောက်တစ်ချက်ပြောပါဦး ”

ကျွန်တော်နှင့် မျက်နှာချင်းဆိုင် ပြတင်းပေါက်မှတဆင့် ဧည့်ခန်းထဲသို့ဝင်လာသော ညနေခင်းလေပြေညင်းလေးကို ခံစားရင်း ကျွန်တော်က စကားထောက်ပေးလိုက်သည်။

“နောက်တစ်ချက်ကတော့ကွာ ဘုရင်သူ့ကို မမြှောက်စားလို့ ပန်းကပ်ပဲ့နဲ့ကွမ်းစားပြပြီး 'ပန်းကပ်သည် သားမြေးများကောင်းစားနေ၍ ပန်းပွတ်မည့်သူမရှိသောကြောင့် ပန်းကပ်ပဲ့နဲ့ ကွမ်းစားရသည်' လို့ ဘုရင်ကို စကားနာထိုး ရိသဲ့သဲ့ပြောတဲ့ကိစ္စ။ အဲဒီလို စိတ်မထိန်းနိုင်ပဲ ပြောလိုက်လို့လဲ မဲဇာပို့ခံရတာ။ Because he lost his cool ပေါ့ကွာ။ အကျိုးမရှိတဲ့ကိစ္စကို ခေါင်းအေးအေးမစဉ်းစားပဲ စိတ်လိုက်မာန်ပါလုပ်တာကိုး။ ဒါက ဒုတိယတစ်ချက်ပေါ့ကွာ။ ဒါတွေကိုကြည့်ချင်းအားဖြင့် he always lose his cool လို့ကောက်ချက်ချလို့ရတယ်။ ရလာဒ်ကတော့ ကောင်းတာလဲရှိမယ်၊ ဆိုးတာလဲရှိမယ်။ ဒါပေမယ့် လုပ်ပုံကိုင်ပုံက မတင့်တယ်တော့ ကြည့်လို့မကောင်း၊ မသပ်ရပ်၊ အရိုအသေတန်တာပေါ့ကွာ။ ဒါပါပဲ ”

ဟု သူ ပြောချင်သည်များကို အဆုံးသတ်လိုက်သည်။ ပြီးတော့ ကျွန်တော့မျက်နှာကိုကြည့်၍ ကျွန်တော်တုံ့ပြန်မည့် စကားကိုစောင့်သည်။ ကျွန်တော်က

“ဒါကတော့ကွာ သူက ရာဇဝင်မှာ အင်မတန်ကျော်ကြားခဲ့တဲ့ပညာရှိပဲ။ သူလုပ်ခဲ့တာတွေက သူ့အကြောင်းနဲ့သူ ရှိမှာပေါ့။ ငါတို့အသိဥာဏ်က သူ့လိုကြီးမြတ်တဲ့သူမျိုးကို ဝေဖန်နိုင်ဖို့ ပိုင်းခြားနိုင်မှုလုံလောက်ပါ့မလား။ ”

ဟု စောဒကတက်သောအခါ သူက

“ ဘာဆိုင်လို့လဲကွ။ ပညာရှိလဲ လူပဲ။ လူဆိုတာ အမှားတော့ ရှိတတ်တာပဲ။ နည်းတာနဲ့ များတာပဲကွာတာ။ အသိဥာဏ်ကြီးတဲ့သူက အမှားနည်းတယ်။ သူများဆီက သင်ခန်းစာယူတယ်။ အသိဥာဏ်နည်းတဲ့သူက အမှားများတယ်။ စိတ်လိုက်မာန်ပါလုပ်တယ်။သူ့လုပ်ရပ်တွေကို ကြည့်လိုက်ရင် အဓိပ္ပါယ်မရှိပဲ မခံချင်စိတ်တစ်ခုထဲနဲ့ လုပ်ပြီး အကျိုးမဖြစ်ထွန်းတာတွေ ငါတို့တွေ့နေရတာပဲ။ ကောင်းတယ်...မကောင်းဘူးဆိုတာတော့ သူတို့လုပ်ခဲ့တာကိုကြည့်ပြီး ငါတို့အသိဥာဏ်နဲ့ဆုံးဖြတ်လို့ရတာပဲ။ ရာဇဝင်ဆိုတာ သင်ခန်းစာယူဖို့နဲ့ သင်ယူဖို့လေ့လာတာလေကွာ ”

အသက်ရှူရန်ခဏနားလိုက်ပြီးနောက်

“ ဒီတော့ အဖြစ်အပျက်တွေကို ပြန်ကြည့်လိုက်ရင် he lost his cool several times လို့ ပြောနိုင်တာပဲ။ ”

ဆိုကာ စကားစသတ်သည်။

ကျွန်တော့တွင် ငြင်းစရာသိပ်မရှိ။ ဟုတ်သည်။ ကျွန်တော်လည်း အကြိမ်ပေါင်းများစွာ ကျွန်တော်၏ တည်ငြိမ်မှု ( cool ) ကို အထိခိုက်ခံခဲ့ဖူးသည်။ ပြေလည်သွားသောပြဿနာများအတွက် ထင်သလောက်ကိုယ့်ကိုယ်ကို ယုံကြည်မှုမရသလို မပြေလည်သောပြဿနာများအတွက်လည်း ကိုယ့်တည်ငြိမ်မှုအိနြေ္ဒပျက်ပြားခြင်းသာ အဖတ်တင်၍ ထိုအတွက် တအုံ့နွေးနွေးနှင့် စိတ်အနှောက်အယှက်ဖြစ်ရပြန်သည်။ ထိုစဉ် ခေါင်းထဲတွင် ဖြတ်ခနဲအတွေးတစ်ခုဝင်လာ၍

“ကဲ..ဒါဖြင့် acting cool လုပ်တဲ့သူတွေကျတော့ရောကွာ။ ဘယ်လိုလုပ်မလဲ။ ငါတွေ့ဖူးတဲ့ထဲမှာ cool ဖြစ်တဲ့သူတွေပါသလို acting cool လုပ်တဲ့သူတွေလဲပါတယ်ကွာ။ ကဲ..ဘယ်လိုခွဲမလဲ ” 

သူဘာပြန်ပြောမည်ကို ပြုံးထေ့ထေ့နှင့်ကျွန်တော် ငံ့လင့်နေသည်ကို သူသိသည်။ သူ့နာရီကို တစ်ချက်ငုံ့ကြည့်လိုက်ရင်း သူချေပသည်။

“ မင်း သေချာပြန်စဉ်းစားပါ။ acting cool သမားတွေက တကယ့်အရေးဟယ်အကြောင်းဟယ်ဆိုရင် သူတို့ cool ကို မထိမ်းနိုင်တတ်ကြပါဘူး။ အစကတည်းက ဟန်ဆောင်တဲ့သူက အရေးအကြောင်းဆို ပိုတောင် တပ်ပျက်လွယ်သေးတယ်။ Don't lose your cool ဆိုတဲ့စကားကလည်း အရေးအကြောင်း၊ ပြဿနာတွေပေါ်လာတဲ့အချိန်မှာမှ သိသာတာ။ ငါပြောတာမဟုတ်ဘူးလား။ မင်းပြန်စဉ်းစား ”


ဒါလဲဟုတ်သည်။ ကျွန်တော်တွေ့ဖူးသော acting cool သမားများသည် အကျဉ်းအကြပ်ထဲရောက်သောအခါ သူများကိုပြဿနာရှာခြင်းဖြင့် သူတို့မျက်နှာဖုံးကို အလွယ်တကူခွါချတတ်ကြသည်ပဲ။ ကျွန်တော့တွင် ထောက်ခံရန်မှလွဲ၍ ပြောစရာစကားမရှိတော့။

“ မင်းပြောတာ ငါလက်ခံပါတယ်။ အဲဒီလိုလူမျိုးတွေ ငါကိုယ်တိုင်လဲ ကြုံဖူးနေတာပဲ။ တစ်ကယ် cool ဖြစ်အောင်နေနိုင်တဲ့သူတွေကိုတော့ လေးစားပါတယ်။ အားလဲ အားကျတယ်။ မင်းပြောတာကို ကန့်ကွက်စရာမရှိတော့ပါဘူး။ Don't lose your cool ဆိုတဲ့စကားလေးကိုတော့ ကြိုက်သွားပြီကွာ။ ကျေးဇူးပဲ..သူငယ်ချင်း။ ”

သူကပြုံးသည်။ ထို့နောက် နာရီကိုတစ်ချက်ကြည့်လိုက်၍

“ အေးပါကွာ။ ဆွေးနွေးလို့တော့ ကောင်းပါတယ်။ ငါသွားစရာရှိသေးလို့ သွားလိုက်ဦးမယ်။နောက်နေ့မှ ပြောကြသေးတာပေါ့။ အဲဒီတော့ ငါတို့တွေ Don't lose your cool ဆိုတဲ့စကားအတိုင်းဖြစ်အောင်ကြိုးစားကြတာပေါ့ကွာ "

ဟုဆိုရင်း ပြန်ဖို့ ထရပ်လိုက်သည်။ ကျွန်တော်လဲသူနှင့်အတူ ထရပ်လိုက်ရင်း သူ့ကိုတံခါးဝသို့လိုက်ပို့ကာ နှုတ်ဆက်စကားဆိုသည်။ သူပြန်သွားသောအခါ ကျွန်တော့တွင်တွေးစရာ အများအပြားကျန်ခဲ့သည်။ Don't lose your cool ဆိုပါလား။ Don't lose your cool ဆိုသော စကားအတိုင်းနေနိုင်ဖို့ ကျွန်တော် အများကြီး ကြိုးစားရပါဦးမည်။

No comments:

Post a Comment