Wednesday, February 13, 2013

ငတုံးမှတ်တမ်း



ကျွန်တော်က ငတုံးတစ်ယောက်ဗျ။ အဲ…ဖေ့စ်ဘွတ်ဆိုတဲ့ဟာကိုကြီးကို ရှာဖွေမတွေ့ရှိခင်ထိဆိုပါတော့။ ခုခေတ်မှာက ပျိုပျိုအိုအို၊ ယောက်ျားမိန်းမ မရွေး တောရောမြို့ ပါမကျန် ၅ နှစ်သားကလေးကနေ အသက် ငါးရာ ငါးဆယ့် ငါးနှစ်နား နားကပ်နေတဲ့ လူကြီးတွေတင်မက သူတို့မွေးထားတဲ့ ခွေးတွေကြောင်တွေပါ ဖေ့စ်ဘွတ်ကြီးကို သုံးနေကြတာဆိုတော့ ကျွန်တော်လဲပဲ ငတုံးဆိုသော်ငြား ဖေ့စ်ဘွတ်ကို သုံးဖြစ်သွားတာပေါ့ဗျာ။

ကဲ…လိုရင်းကို စကားဆက်ရရင်တော့ ကျွန်တော်ဟာ အင်မတန်တုံးတဲ့ အတုံးတကာ့ အတုံး ကုမရ ငတုံးမဟုတ်မှန်းအဲဒီမှာသိသွားတာပဲဗျ။ ဘာလို့လဲဆိုတော့ ကျွန်တော့ထက်တုံးတဲ့ ငတုံးများကို ဖေ့စ်ဘွတ်မှာတွေ့ရလို့ဗျ…တွေ့ရလို့။
ကျွန်တော်ဗျာ…ငတုံးဆိုပြီး ကိုယ့်ဟာကိုယ် အားငယ်နေခဲ့တာကြာပါပြီ။ ခုတော့ကျွန်တော်ထက် အဆမတန်တုံးပြီး ငတုံးဖြစ်ရတာကိုပဲ ဆရာလိုလို ဘာလိုလိုနဲ့ ဂုဏ်ယူတတ်နေတဲ့သူတွေကိုမြင်တော့ဗျာ အင်မတန်အားတက်ပြီး ဝမ်းသာမိတာ မျက်ရည်များတောင်လည်ရောဗျို့ ။

ပြောရရင်တော့ ဖေ့စ်ဘွတ်မှာ အားအားနေတွေ့သမျှထိုင်ဖတ်ရာက စတာပဲ။ ဘာတဲ့ဗျာ….“ခေါင်းငါးလုံးနှင့်မြွေ” ဆိုလားမသိပါဘူး။ သူများတွေတင်ထားတာတွေ့တာနဲ့သွားကြည့်လိုက်တာ။ အမယ်…ဒင်းက တစ်ချို့ လူတွေဆီမှာကျ ခေါင်းက ငါးလုံး။ တစ်ချို့ ဆီမှာကျ ကိုးလုံး။ တစ်ချို့ လူများတင်ထားတာကျတော့ ခေါင်းတွေကများလွန်းလို့ ချားရဟတ်ကြီးလိုကိုဖြစ်လို့။
ဒီတော့ ငတုံးဆိုသော်ငြား ကျွန်တော်လဲ သဘောပေါက်တာပေါ့ဗျာ။ ဒါ “အင်” ကြီးဆိုတာ။ ကျွန်တော်က တုံးသာတုံးသာ….အတုံးပါးရယ်ဗျ။

ကျွန်တော်ကသာ အတုံးဒီဂရီလျော့သွားတာနော်…တစ်ချို့ များကတော့ တွေ့သမျှရှဲလို့ကောင်းတုံးဗျ။ “လူမှ ကလေး ၃၂ မွှာပူးမွေး” တို့၊ “ထိကရုန်းပင်အောက်တွင် ဂေါ်ဇီလာတစ်ကောင်တွေ့ခြင်း ” တို့…..အို..တွေ့သမျှကို အားရပါးရကိုရှဲကြတာကိုး။
ဒါတွေက သူ့ဟာသူတုံးတာ လူသိအောင်ကြေငြာတာဆိုတော့ ဘယ်သူ့မှတော့ မထိခိုက်ပါဘူး။ ထိခိုက်တာက သတင်းအမှားတွေကို လျှောက်ဖြန့်တာဗျ။ တစ်ယောက်ယောက်က “ ဘယ်သူကတော့ ဘယ်လိုပြောနေပါပြီ ” တို့ “ ဘယ်အဖွဲ့ကတော့ ဘာတွေလုပ်နေကြပါပြီ” တို့ နာမည်ကြီးတစ်ယောက်ယောက်၊ အဖွဲ့တစ်ခုခုကို အပုပ်ချ တင်လိုက်ရင် ကျွန်တော့်နောင်တော်၊ ညီတော် ငတုံးများက ဟုတ်နိုင်မဟုတ်နိုင်မစဉ်းစားပဲ “ဟယ်…ဒါမျိုးဆို တို့လိုအမှန်တရားမြတ်နိုးသူများက လုံးလုံးမကြိုက်…ရှဲခြင်းဖြင့် ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ်စုကိုကယ်တင်ကြပါစို့” လို့ကြွေးကြော်ရင်း အားရပါးရ ရှဲကြပါရောလား။ ကျွန်တော်လား…ကျွန်တော်လဲ ငတုံးပါဆို ရှဲမယ်လုပ်တာပေါ့ဗျ။ နှစ်ရက်လောက်လဲကြာရော….“အဲလို ပြောတာမဟုတ်ပါဘူး။ အထင်လွဲတာပါ…ဘာညာ” နဲ့ ထွက်လာပြန်တော့ သွားဖြဲလေးတွေနဲ့ “ဘွာတေး” ဆိုပြီးနောက်တစ်မျိုးတင်ကြပြန်ရော။ ဒါနဲ့ပဲ ကျွန်တော်လဲ မရှဲလိုက်ရပြန်ဘူး။
ပြောသားပဲ ……ဖေ့စ်ဘွတ်မှာ ကျွန်တော့ထက်တုံးတဲ့ ငတုံးတွေရှိပါသေးတယ်လို့။

ဒီလိုနဲ့ တုံးတိတုံးတာ တုံးကမ္ဘာမှာ၊ ငတုံးပို့စ်များဖတ်ရှုပညာယူရင်း ကျွန်တော်လည်း ငတုံးရည်ဝ၊ တုံးစံချိန်ကျလို့ တုံးအအဘဝက ပြုံးစစဖြစ်လာတယ်ဆိုပါတော့ဗျာ။ လာခဲ့စမ်း သတင်းတွေ “ကြွက်ကလေးက ဆင်ကြီးမွေးတယ်” တို့ “ သက္ကရာဇ်၂၀၁၃ တွင် ကမ္ဘာတစ်ခြမ်းပျက်၍ အခြားတစ်ခြမ်းမှာအကောင်းအတိုင်းရှိမည်မဟုတ်သော်လည်း လာကယ်မည့်ဂြိုဟ်သားများရှိ၍ပူရန်မလို” တို့ ၊ ကျွန်တော်ထက် စီနီယာငတုံးကြီးများရှဲတာကိုပဲ ကြည့်ပြီး ကျွန်တော်ပြုံးနေလိုက်တာပေါ့။

မကြာပါဘူး ကျွန်တော်ဇဝေဇဝါဖြစ်စရာ အသစ်အဆန်းတွေပေါ်လာပြန်ရော။ အသစ်အဆန်းတော့ ဟုတ်ချင်မှဟုတ်မှာပါ။ အိုဟုတ်ဟုတ်..မဟုတ်ဟုတ် ကျွန်တော်မသိရင် အသစ်အဆန်းပဲပေါ့။ဘာတဲ့ တစ်ခါရှဲရင် တစ်ကျပ်ရမယ်တို့၊ ကြင်နာတတ်သူဆိုရှဲပါတို့၊ မရှဲပါက အင်မတန်ရက်စက်ယုတ်မာအောက်တန်းကျအဆင့်မရှိ နှလုံးသားကင်းမဲ့၊ လူမိုက်အားပေးသူခိုးဓါးရိုးကမ်း မြေနိမ့်ရာလှံစိုက်သူဖြစ်သည်တို့ဘာတို့ဗျာ။ အကြောင်းအရာကဖြစ်နိုင်တာ၊ မဖြစ်နိုင်တာတွေလား…. စဉ်းစားစရာမှမလိုတာဗျာ။ လူတိုင်းရှဲနေကြတာပဲကို။ ဟုတ်လို့နေမှာပေါ့။ ကျွန်တော့ဆရာသမား ငတုံးနည်းပြများဆိုလဲ တန်းရှဲကြတော့တာပဲဟာ။ ဧကန္တ ထိုးထွင်းညဏ်သိတွေပဲဖြစ်ရမယ်ဆိုပြီး ကျွန်တော်လဲ လိုက်ရှဲမယ်လုပ်တုံး သူငယ်ချင်းတစ်ယောက်က “ဒီဟာကြီးက လွန်ခဲ့တဲ့နှစ်ပေါင်း ကိုးကုဋေခြောက်သန်းလောက်ကတည်းက ထွက်ခဲ့တဲ့ကောလဟာလကြီး…တစ်ကယ်လဲမဟုတ်ဘူး...အာဖျံကွီးကြီး” လို့ပြောလာတာနဲ့ မရှဲဖြစ်ပြန်ဘူး။ ကျွန်တော်ထက် တုံးသူများဦးအောင်ရှဲသွားတာကိုပဲ ကြိတ်ကြိတ်ကြည့်ပြီးကျေနပ်နေလိုက်ရတော့တယ်။

ဟော…တစ်လောကလဲ ဟော့ပြန်ပြီ။ ဘာတဲ့ satire ဆိုလား၊ သရော်စာဆိုလား။ သိလို့တော့မဟုတ်ပါဘူး။ သူများတွေက ငတုံး၊ ဒါလေးတောင်မသိဘူးလားလို့ ပြောလွန်းလို့ အလွတ်ကျက်ထားတာ။ အဲဒီ သရော်စာဆိုတဲ့ဟာတွေကို ရေးတဲ့သူတွေကလဲ မနေနိုင်မထိုင်နိုင် အားအားယားယား အင်မတန်လျှာရှည်တော်မူပြီး လက်ဆော့ခြေဆော့ ရေးကြတယ်ဗျာ။ ရေးရင်လဲ “သရော်စာ” ဆိုပြီးတစ်ခါတည်းခေါင်းစဉ်မှာထည့်ရေးပါလား။
ကျွန်တော်တို့တွေက ငတုံးတွေပဲ၊ ဘယ်သိမှာတုံး…အတည်ရေးတယ်ထင်တာပေါ့။ ဒါနဲ့ပဲ ကက်ကက်လန်ဆဲရ၊ဆိုရ၊ ရန်တွေ့လိုက်ရ၊ ကျွန်တော့အပေါင်းအသင်းများ ဝင်ဆဲကြရင်လဲ ပြေးကြည့်လိုက်ရနဲ့ တစ်ညလုံးမအိပ်လိုက်ရပါဘူးဗျာ။ မျက်ကွင်းလေးကိုညိုလို့။ ခုမှသာကျွန်တော်က သရော်စာလို့ သိတာ။ ကျွန်တော့်ဆရာများကတော့ သရော်စာတွေ၊ ပြောင်ရေးတဲ့စာတွေ၊ နောက်ရေးတဲ့စာတွေကို အတည်အမှတ်နဲ့ သူ့ထက်ငါလူစွမ်းကောင်းလုပ်လို့ အားရပါးရ ငြင်းခုန်ကြရင်း ကွန့်မန့်တွေလိုက်ပေးနေကြတုံးရှိလေရဲ့ ။
ကျွန်တော်လား…ကျွန်တော့ထက်တုံးတဲ့သူတွေကို နေရာပေးပြီး ဘေးထိုင်အားကျ ငေးကြည့်ရတာပေါ့ဗျာ။ ဘယ်တတ်နိုင်မတုံး။

ကိုယ့်ပုဆိုးမပါတာတော့ သတိမထားပဲသူများကို အောက်စလွတ်နေပါတယ်ဆိုပြီး  ထောက်ပြချင်သူတို့၊ သူ့ဟာသူနှစ်စဉ်နှစ်တိုင်း မူးအိပ်နေတဲ့ သင်္ကြန်က အမူးသမားကို ချောင်ကြို ချောင်ကြားမှာ မရမကရှာ ဓါတ်ပုံရိုက်ပြီး ဒီနှစ်သင်္ကြန်တော့ဒီလိုမျိုးမူးသူတွေကြောင့် ပျက်ပါပြီ ခုံရုံးဖွဲ့ ပြီးစစ်ကြပါဦးဆိုပြီး ကမ္ဘာပျက်မလောက်အရေးကြီးသယောင်ယောင်လိုက်ပြောတတ်တဲ့လူစားမျိုးတွေအကြောင်းတို့၊ ကိုယ်မသိရင် အသာမနေပဲ အတင်းကာရောဇွတ်ဝင်ပြောပြီး ကိုယ့်ပေါင်ကိုယ်လှန်ထောင်း၊ ကိုယ့်အထုပ်ကိုယ်ဖြည်ပြတဲ့ဟာမျိုးတွေအကြောင်းတို့ တော့ ကျွန်တော်မပြောတော့ဘူးဗျာ။ ဒါက ငတုံးကိစ္စမှ မဟုတ်ပဲ ။ တစ်ခြားကိစ္စဖြစ်နေတော့ တစ်ခြားလူတွေပြောလိမ့်မယ်။ ဥပမာ “ပါလေရာငပိချက်” တို့ “ဆရာရွှီး” တို့ “မောင်မွှေစိန်”တို့ ၊ “မျက်ကန်းမျိုးချစ်မောင်မောင်” တို့၊ “အမြင်တော်တော်မတော်တော် အတင်းဝင်ပြောချင်သူကြီး” တို့ “ မဟုတ်မခံ စွာတေးလန်” တို့ သူတို့ပြောလိမ့်မယ်။ ကျွန်တော်က ငတုံးဆိုတော့ ကျွန်တော်သိတဲ့ ငတုံးကိစ္စပဲပြောတာ။

ဒါပဲဗျာ။ ဆက်ပြောချင်ပေမယ့် “ဟိုလူကြီးက ဘာတွေပြော…ဟော ဟိုလိုပြော” ဆိုတဲ့ ကျွန်တော့သူငယ်ချင်းတစ်ယောက်စိတ်ကူးယဉ်ရေးထားတဲ့ အင်မတန်ပွဲဆူမယ့်ပို့စ်တစ်ခုကို  ကျွန်တော့ရောင်းရင်းများအချိန်မှီထပ်ရှဲလို့ရအောင်  ရှဲရဦးမှာမို့လို့ ခွင့်ပြုပါဦး….။


No comments:

Post a Comment