မြေအောက်ဘူတာထဲက ထိုင်ခုံတန်းလျားလေးမှာထိုင်ချ၊ အိပ်ချင်မူးတူးနဲ့ ရထားမလာသေးတဲ့ သံလမ်းကိုအငေးမှာ ဒင်းကိုသွားတွေ့တာပဲ။ ငနဲလေးက ရထားလာရင် အန္တရာယ်ဖြစ်မှာစိုးလို့ လူတွေမကျော်ရအောင် တားပေးထားတဲ့ မျဉ်းအဝါလေးကို ကျော်ဖို့ကြံစည်နေတာ။ ဟိုကြည့်၊ ဒီကြည့်လုပ်ပြီး ကုပ်ချောင်းချောင်းနဲ့ အဲဒီမျဉ်းဝါကိုဖြတ်ပါလေရော။ ကျွန်တော် ဓါတ်ပုံလှမ်းရိုက်လိုက်တာကို ဒီကောင်မမြင်ဘူး။ ပြီးတော့ သံလမ်းဘေးတစ်လျှောက် မျဉ်းဝါးနဲ့ မျဉ်းဖြူ ကြားထဲမှာ နှာခေါင်းကို ရှုံ့ ပွ၊ ရှူံ့ ပွလုပ်ရင်း တစ်ရွေ့ ရွေ့ ထွက်သွားပါရောလား။
ရထားမလာခင် ပြန်ငိုက်မလို့ပဲရှိသေး၊ မဲမဲအရိပ်လေးတစ်ခု ကျွန်တော့ဆီပြေးလာတာကို မျက်လုံးထောင့်ကလှမ်းမြင်လိုက်ရတယ်။ ကိုယ်တော်ချောလေး ပြန်ပြေးလာတာ။ အံမယ်....ပါးစပ်ထဲမှာလဲ ဘယ်ကရလာတဲ့ ပေါင်မုန့်တစ်စမှန်းမသိဘူး၊ အကျအနကိုက်လို့ဗျ။ ပြေးတာက ကျွန်တော်ထိုင်နေတဲ့နေရာတည့်တည့်ကို ပြေးလာတာ။ ငနဲလေး လူပေါ်ခုန်တက်လာရလောက်အောင်တော့ မတုံးလောက်ပါဘူးလို့ တွေးပြီး၊ ချထားတဲ့ ခြေထောက်နှစ်ဖက်ကို မသိမ်းလိုက်တော့ပဲ ထိုင်လက်စအတိုင်း ခြေနှစ်ချောင်းခွဲပြီး ဆက်ထိုင်နေလိုက်တယ်။ အထင်ကြီးမိတာတောင် နည်းနည်းများသွားတယ်။ ငတိလေးက “ဘတ်“ ဆို ခြေထောက်တစ်ဖက်ကို ခေါင်းနဲ့ဝင်ဆောင့်၊ ပါးစပ်ထဲက ပေါင်မုန့်လွတ်ကျ၊ ကြောက်အားလန့်အားနဲ့ ခုံအောက်ဝင်ပြေးရော။ ခြေထောက်နှစ်ချောင်းကြားမှာကျနေခဲ့တဲ့ ပေါင်မုန့်အစလေးကို ခြေထောက်နဲ့အသာလေးဖိထားပြီး ဒင်းကို နောက်ရမလား စဥ်းစားတုံးရှိသေး “ဖလပ်၊ ဖလပ်“ ဆိုပြီး ခုံအောက်ကပြန်ပြေးထွက်လာလို့ သူ့ပေါင်မုန့်ကို ကမူးရူးထိုးပြန်ဆွဲပြီး ခုံအောက်ကို ပြန်ဝင်ပြေးသွားပါရောလား။ လူကိုတောင် မယုံသင်္ကာတဲ့မျက်လုံးနဲ့ကြည့်သွားသေးတယ်။ သူ့ပေါင်မုန့်ပဲ လုစားမယ့်လူမှတ်နေလားမသိပါဘူး။ အလကား ကြွက်။ ။
(စကားမစပ်။ ။ ခုရေးထားတာလေးကို စာလုံးရေမပြည့်လို့ တိုနန့်နန့်ဖြစ်နေတဲ့ report ထဲမှာ စာလုံးဖြည့်ဖို့ ထည့်ရေးလို့ ရလားဟင်)
No comments:
Post a Comment