Wednesday, November 23, 2016

ကိုယ်ချင်းစာနာစွာ ယဉ်ကျေးပျူ ငှာ

အထူးကုသင်တန်းတက်နေတဲ့ ဆရာဝန်သူငယ်ချင်းမလေးတစ်ယောက်၊ သူ့စာတမ်းအတွက် တစ်ခြားဆေးရုံတစ်ခုမှာ ဆရာဝန်ကြီးတစ်ယောက်နဲ့တွေ့ဖို့အသွား၊ ကြမ်းတိုက်ထားတာရေမခြောက်သေးတဲ့ ဆေးရုံစင်္ကြန်လမ်း ၁၀ပေလောက်လေးပေါ်လမ်းလျှောက်လိုက်မိလို့ သူနာပြုဆရာမတစ်ယောက်ရဲ့  နင်ပဲငဆ အပြောကိုခံလိုက်ရတဲ့အကြောင်းရေးထားတာဖတ်လိုက်ရတယ်။ ကြမ်းတိုက်ထားတာသိလို့ သူများဘက်ကစဉ်းစားပေးပြီး ကြမ်းပြင်တွေမပေအောင်နံရံနားလေးက ကပ်လျှောက်ပေးခဲ့ရုံမက ဆရာဝန်ဖြစ်လျက်နဲ့ သူနာပြုဆရာမကို တောင်းတောင်းပန်ပန်ပြောခဲ့တာတောင် မပြီးနိုင်မစီးနိုင် အဆူအဟောက်ခံလိုက်ရလို့ စိတ်ပျက်ရကြာင်းသူ့စာမှာဖတ်ရတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် ကိုယ်တာဝန်မကျတဲ့ဆေးရုံကို ကိစ္စရှိလို့သွားတဲ့အခါ အခေါက်တိုင်း စိတ်အနှောက်အယှက်ဖြစ်စရာတွေအများကြီး ကြုံရလို့ နောက်တစ်ခေါက်သွားရမှာတောင် ကြောက်နေမိကြောင်းရင်ဖွင့်ထားလေတယ်။ သူ့စာကိုဖတ်ပြီး ရှင်းရှင်းလင်းလင်းနားလည်ရတာက သူချစ်တဲ့ပတ်ဝန်းကျင်ကို သူကြောက်တဲ့ပတ်ဝန်းကျင် မဖြစ်စေချင်တဲ့အကြောင်း။ စာကိုဖတ်ပြီးတော့ စိတ်မကောင်းလဲဖြစ်မိသလို လူတွေရဲ့  ကြီးနိုင်ငယ်ညှင်းစိတ်ဓါတ်၊ ကိုယ့်ဂွင်ရောက်ရင်အသေဆော်စိတ်ဓါတ်၊ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့စိတ်ဓါတ်တွေကိုလဲ အံ့သြမိတယ်။

ရိုင်းစိုင်းတဲ့ ယာဉ်နောက်လိုက်တွေက လိုင်းကားစီးခရီးသည်တွေကို မခြေမငံဆက်ဆံတာ၊ ရိုက်တာနှက်တာ။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ဒေါသတွေကြီးပြီးသတ်ကြဖြတ်ကြတဲ့ထိဖြစ်တာတွေ နေ့စဉ်သတင်းတွေမှာ ပလူပျံလို့။ ကုသိုလ်ရေးလို့ခေါင်းစဉ်တပ်ပြီး မစာမနာ ဆူညံသံတွေနဲ့အဆက်မပြတ်နှိပ်စက်တာကို ခံရတဲ့သူတွေမှာ ကုသိုလ်မဖြစ်ပဲ၊ အကုသိုလ်တွေပိုပိုပွားလာနေရတာကိုလဲအမြဲ မြင်ကြားနေရ။ ကျွန်တော်တို့နိုင်ငံကလူအများစုရဲ့ စိတ်ဓါတ်တွေက ဘာလို့အဲလိုဖြစ်နေရတာလဲ။ ထားပါတော့ အမြဲပြောနေကျစကား၊ စနစ်ကြောင့်။ ဒါဖြင့် တစ်ဦးချင်းစီက ပြုပြင်ပြောင်းလဲချင်စိတ်မရှိကြတော့ဘူးလား။

လူတွေပညာရည်နိမ့်ကျလို့ ဒါမျိုးတွေဖြစ်တာပါဆိုတဲ့စကားကိုပြောမယ်ဆိုရင်တော့ နောက်ဆရာဝန်သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ကိုရေးပြရလိမ့်မယ်။ ခုရေးပြမယ့် ဆရာဝန်သူငယ်ချင်း ဘွဲ့လွန်သင်တန်းတက်တုံးက ထုံးစံအတိုင်း ဆေးရုံလဲပုံမှန်ဆင်း၊ အလုပ်လဲလုပ်ရတာပေါ့။ တစ်နေ့တော့ သူဆေးရုံရောက်ချိန်မှာ ကားရပ်ဖို့နေရာမရှိလို့ သူ့အပေါ်ကစီနီယာဆရာဝန်ရဲ့ ကားရပ်နေကျနေရာမှာ အမှတ်တမဲ့ရပ်လိုက်မိတယ်။ အဲဒီအတွက် စီနီယာဆရာဝန်ကသူ့ရဲ့  ကားတံခါးဘေးကို ကားသော့နဲ့ အစင်းကြောင်းထင်သွားအောင်ခြစ်သွားရုံမက သူ့ကိုပါခေါ်ပြီး အားရပါးရ အော်ဟစ်ဆူပူပါသေးသတဲ့။ သူ့ဘွဲ့လွန်စာမေးပွဲကို အနှောက်အယှက်ပေးနိုင်တဲ့ စီနီယာဖြစ်နေလို့ သည်းခံပြီးပြန်တောင်းပန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကြားကြားချင်းမှာ ပညာဒီလောက်တတ်တဲ့လူတန်းစားမှာ ဒီလိုစိတ်ဓါတ်အောက်တန်းကျတဲ့သူတစ်ယောက်ရှိနေပါလားဆိုတဲ့အတွေးနဲ့ တော်တော်ဒေါသထွက်ခဲ့မိသေးတယ်။ ဒါတင်မက ကြားရတဲ့ ဇာတ်လမ်းတွေ အများကြီးရှိသေး။ ဒီတော့ စိတ်ဓါတ်အောက်တန်းကျခြင်း၊ စိတ်ထားမြင့်မြတ်ခြင်းဟာ ပညာတတ်တာ၊ ပညာမတတ်တာ၊ ချမ်းသာတာ၊ ဆင်းရဲတာနဲ့မဆိုင်ပဲ တစ်ဦးချင်းစီနဲ့ပဲဆိုင်ကြောင်း ပိုသဘောပေါက်မိတယ်။

ကျွန်တော်တို့နိုင်ငံဟာ ဗြဟ္မစိုရ်တရားထွန်းကားကြောင်း၊ ဘာသာတရားအဆုံးအမကြောင့် သူများနိုင်ငံတွေထက် လိမ္မာယဉ်ကျေးကြကြောင်း ထပ်ပြန်တလဲလဲကြားနေရတာတွေဟာ နွားခြေရာခွက်ထဲက ဖားသူငယ်အတွေးအခေါ်မျိုးသာဖြစ်ကြောင်း တစ်ခြားနိုင်ငံတွေကိုရောက်တဲ့အခါမှာ တဖြည်းဖြည်းသိလာရတယ်။ ဘာသာမဲ့တွေအများစုရှိတဲ့ အနောက်နိုင်ငံတွေကိုရောက်ချိန်မှာ ကုသိုလ်ရချင်လို့မဟုတ်ပဲ ကိုယ်ချင်းစာစိတ်နဲ့ လူတစ်ဖက်သားကို ယဉ်ကျေးပျူငှာစွာ ကူညီယိုင်းပင်းတတ်တဲ့ လူမျိုးခြားတွေကိုတွေ့ခဲ့ရတယ်။ လူတန်းစားမရွေးလေးလေးစားစား ဆက်ဆံပေးတတ်တဲ့ ပတ်ဝန်းကျင်မျိုးကို ကိုယ်တိုင်မြင်ခဲ့ရတယ်။ စက်လှေကား၊ ဓါတ်လှေကားသိပ်မရှိပဲ ရိုးရိုးလှေကားတွေသာ အများစုရှိတတ်တဲ့ လန်ဒန်မြေအောက်ရထားဘူတာရုံတွေမှာ ကလေးတွန်းလှည်းနဲ့အမျိုးသမီးတွေ၊ အထုပ်ကြီးအထုပ်ငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပူအပင်မဲ့သွားလာနေနိုင်ကြတာ ဘာကြောင့်လဲဆိုတော့ ကြုံကြိုက်တဲ့သူက လူဖြူ၊ လူမည်း၊ လူဝါ၊ လူညို၊ ကိုးကွယ်ရာဘာသာတရားတူသူ၊ မတူသူမရွေးလှေကားတွေမှာကူညီသယ်ပို့ပေးကြလို့။ ဒါ့အပြင်လမ်းကူးဖို့စောင့်နေတဲ့မျက်မမြင်ကို နီးစပ်ရာသူက ကူညီတွဲခေါ်လမ်းကူးပေးသွားတာမျိုးကိုကြုံရတာလဲ အကြိမ်ကြိမ်။ နော်ဝေနိုင်ငံက မြို့ငယ်လေးတစ်ခုမှာ မျဉ်းကြားမဟုတ်တဲ့နေရာက လမ်းဖြတ်ကူးတဲ့သူကိုတောင် ညှာတာတဲ့အနေနဲ့အဝေးကြီးကနေကားရပ်ပေးပြီး ပြုံးပြုံးရွှင်ရွှင် အေးအေးချမ်းချမ်းသွားခွင့်ပေးခဲ့တာမျိုးကို အခါခါကြုံခဲ့ရဖူးတယ်။ အဲဒါမျိုးတွေကိုတွေ့တဲ့အခါ အဲဒီလူတွေကို လေးစားစိတ်နဲ့အားကျမိသလို ကိုယ့်နိုင်ငံကလူတွေကိုလဲ အဲလိုမျိုးလေးတွေဖြစ်စေချင်မိတယ်။ အင်မတန် လှပတဲ့ စိတ်ဓါတ်တွေမဟုတ်လား။
ကိုယ့်နိုင်ငံမှာကတော့ မျဉ်းကြားကနေကူးနေတဲ့လူတွေအတွက် ကားရပ်ပြီးစောင့်ပေးမိလို့ နောက်ကားတွေရဲ့  အဆက်မပြတ်ဟွန်းတီးတာတွေ၊ ဆဲတာတွေကို လှလှပပကြီးခံခဲ့ရသေး။

ယဉ်ကျေးပျူငှာမှု၊ တာဝန်သိမှုနဲ့၊ ကိုယ်ချင်းစာနာမှုက အသက်အရွယ်နဲ့လဲ မဆိုင်ပါဘူး။ အင်္ဂလန်နိုင်ငံကနယ်မြို့ လေးတစ်မြို့ ကိုသွားလည်တုံးက သူငယ်ချင်းကိုဓါတ်ပုံရိုက်ဖို့ချိန်နေတဲ့ကျွန်တော့ရှေ့ ကို ၇နှစ်၊ ၈နှစ်အရွယ်ကလေးမလေးတစ်ယောက်က လမ်းလျှောက်လာရင်းဖြတ်သွားဖို့ဖြစ်လာတယ်။ ကျွန်တော့ရှေ့ ကိုခြေတစ်လှမ်းလှမ်းပြီးကာမှ ဓါတ်ပုံရိုက်ဖို့လုပ်နေတာကိုတွေ့လို့ ကျွန်တော့အနောက်ကနေပတ်သွားပါလေရော။ အရွယ်နဲ့ မမျှအောင်ကိုယ်ချင်းစာနာစိတ်နဲ့၊ နားလည်သိတတ်မှုရှိတဲ့ ကလေးမလေးကိုရော၊ သူ့ကိုမွေးခဲ့တဲ့၊ အတုမြင်အတတ်သင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခဲ့တဲ့ သူ့မိဘတွေကိုရော အထင်ကြီးလေးစားမိခဲ့တယ်။ နောက်တစ်ခါမှတ်မှတ်ရရကြုံတာက ကျွန်တော်အချိန်ပိုင်းအလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာ။ စားပွဲပေါ်က ရေခွက်ကို မတော်တဆတိုက်မိပြီးမှောက်ကျသွားလို့ ၄နှစ်၊ ၅နှစ်သားကလေးက သူ့အဖေကို မပီကလာ၊ ပီကလာလေးနဲ့တောင်းပန်နေတာ။ ချစ်စရာကောင်းသလို၊ အတုယူလေးစားစရာလဲကောင်းပါတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေက အများကြီး။ ရေးပြရရင်တော့ ဆုံးမှာမဟုတ်။

နှစ်သက်မြတ်နိုးစရာ၊ အထင်ကြီးလေးစားစရာ အဲလိုယဉ်ကျေးမှုမျိုးကိုမြင်ရတဲ့အခါ ယဉ်ကျေးပါတယ်ဆိုပြီး တဖွဖွအော်နေတဲ့ကိုယ့်လူမျိုးတစ်ချို့ရဲ့  အတ္တရှေ့ တန်းတင်တတ်တဲ့ ယဉ်ကျေးမှုကိုသံသယဝင်မိတယ်။ နဂိုစိတ်ကောင်းရှိတဲ့ ၊ ကူညီတတ်တဲ့၊ ရက်ရောတဲ့၊ သည်းခံတတ်တဲ့ ကျွန်တော်တို့လူမျိုးတွေကို အဲလိုမျိုးယဉ်ကျေးစေချင်မိတယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်၊ စနစ်ကြောင့်ဆိုတာမျိုး အပြစ်တွေပုံချနေတာမျိုးထက် ယဉ်ကျေးတယ်ဆိုတာ ဒီလိုမျိုးပါလားဆိုတာမျိုးအသိရှိပြီး၊ တစ်ဦးချင်းကနေစလို့၊ ကိုယ့်ပတ်ဝန်းကျင်ကိုပါကောင်းတာလေးတွေးကူးစက်အောင် လုပ်လို့မရနိုင်ဘူးလားလို့တွေးမိတယ်။

ငါ့တုံးကဒီလိုကြုံခဲ့လို့ သူ့အလှည့်လဲဒီလိုလုပ်လိုက်မယ်ဆိုတဲ့ ကလဲ့စားခြေတတ်တဲ့ စိတ်မျိုးမွေးမဲ့အစား၊ သူများအလှည့်ကျရင်တော့ ငါကြုံခဲ့ရတဲ့ဒုက္ခမျိုးမကြုံစေရပါဘူးလေဆိုတဲ့ ကိုယ်ချင်းစာနာစိတ်ကိုအခြေခံတဲ့ စိတ်သဘောထားမြင့်မြတ်မှုမျိုးလေးတွေ မွေးတဲ့အကျင့် ကျွန်တော်တို့ဆီမှာ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာရင် သိပ်ကောင်းမှာပဲ။

No comments:

Post a Comment