Wednesday, December 7, 2016

ဟန်းနီးမွန်းအတွဲ၊ ဒိုင်ပင်ထိုးသူနှင့် ချောင်းသာခရီး

ဟန်းနီးမွန်းအတွဲ၊ ဒိုင်ပင်ထိုးသူနှင့် ချောင်းသာခရီး
----------------------------------------------------------------

ခုတင်ပေါ်ရှိ ဖြူဖွေးသန့်ပြန့်သော အိပ်ယာခင်းပေါ်တွင် ဆန့်ဆန့်ကြီးလဲလျောင်းနေသည်က မောင်မိုး။ အထူးကု ၃ယောက်အပါအဝင် ဆရာဝန် ၅ ယောက်ကစိုးရိမ်ပူပန်စွာဖြင့် သူ့ကိုဝိုင်းပြီး ကုသနေကြသည်။ အခန်းထဲမှာရှိသည့် သူ့ကိုချစ်ခင်သည့်လူအားလုံး၏ မျက်နှာတွေပေါ်မှာက ပူပင်ကြောင့်ကျမှုများစွာပေါ်လွင်လျက်။ “ ငါ အရမ်းအေးတယ်၊ အရမ်းအေးတယ်” ဟု မျက်လုံးမဖွင့်ပဲ ဗလုံးဗထွေးပြောတော့ ကျန်သူများမှာ လေအေးစက်ပြေးပိတ်သူပိတ်၊ စောင်ခြုံပေးသူခြုံ၊ ခြေထောက်တွေကို စမ်းသူစမ်းဖြင့် အလုပ်ရှုပ်ကုန်သည်။ အခန်းထဲမှာရှိသည့် လူတွေခံစားနေရသည့် စိတ်ဖိစီးမှုများကြောင့် အခန်းကပို၍ ပို၍ ပူပြင်းမွန်းကျပ်လာသလိုလို။ ဗလုံးဗထွေးပြောနေရာမှ ရုတ်တရတ် သတိလစ်သွားပြီး ညည်းညူရင်း၊ ခြေလက်များကိုရုန်းကန်လာတော့ ကျန်လူအားလုံး၏မျက်နှာများမှာ ဆီးရွက်သာသာလောက်ကျန်သည်ထိ ငယ်ကုန်ကြသည်။ မှိတ်ထားသည့်မျက်လုံးထောင့်မှ မျက်ရည်စီးကြောင်းတစ်ခု စီးကျလာချိန်မှာ ကလေးလေးချီ၍သူ့ကုတင်ဘေးမှ ကြောင့်ကြစွာ ရပ်ကြည့်နေသည့် သူ့အမျိုးသမီး၏ မျက်လုံးများမှလည်း မျက်ရည်များ တစ်ပေါက်ပေါက်ကျလာသည်။

လွန်ခဲ့သော တစ်နာရီအထိကတော့ မောင်မိုးဆိုသည့်ငနဲ ပျော်ရွှင်မြူးတူးစွာဖြင့် ဟိုတယ်ရှိ ရေကူးကန်တွင်ရေကူးနေခဲ့သေးသည်။ “အားလုံး ရောက်လာတဲ့ထိစောင့်တာမဟုတ်ဘူး” ဆိုသည့် သူ့ချစ်ဇနီး၏စကားကို သူ့ကိုယ်ပိုင် နားရွက်ချိတ်လုလုဧရာမအပြုံးကြီးဖြင့်သာ တုံ့ပြန်ပြီး အစိမ်းရောင်ခပ်နောက်နောက်ရေထဲသို့ ဒိုင်ပင်ထိုးဆင်းသွားသည်ဟူ၏။ “အားလုံး”ဆိုသည်က သူနှင့်အတူ ဒီခရီးကိုထွက်လာကြသည့် ဟန်းနီးမွန်းအတွဲနှင့် ဟန်းနီးမွန်းအတွဲကိုကပ်မြှောင်လိုက်လာကြသော အပေါင်းအသင်းတစ်အုပ်ကို ဆိုလိုသည်။ သူတို့အဖွဲ့ထဲက တစ်ယောက်ဘိုကင်လုပ်ထားသည့်ဟိုတယ်ဆိုသော ပထမတည်းခိုခန်းမှာ ဈေးကြီးရုံမက အုန်းတောထဲတွင် ဆောက်ထားသည့် ကျူးကျော်တဲသာသာရှိသော အခန်းများဖြစ်နေ၍ ယခုဟိုတယ်ကို ရွှေ့ လာကြခြင်းပင်။ ကလေးငယ်ပါသည့် သူတို့လင်မယားကို ဟိုတယ်အသစ်သို့အရင်လွှတ်လိုက်ပြီး ကျန်လူတစ်စုက အုန်းတောကျူးကျော်တဲများတွင် ကြိုပေးထားသောစရံငွေများပြန်ရရေးအတွက် တိုက်ပွဲဝင်ကြရင်း၊ ပစ္စည်းများသိမ်းကြရင်း၊ ပြဿနာများရှင်းကြရင်း ကျန်နေခဲ့ကြခြင်းပါပေ။ ရေကူးကန်နှင့်တကွ ကောင်းမွန်သာယာလှသော ဟိုတယ်သစ်တွင် ပစ္စည်းများချပြီးသကာလ ပျော်ရွှင်ကြည်နူးမှုကို မထိမ်းချုပ်နိုင်တော့သော မောင်မိုးတစ်ယောက် မည်သူ့ကိုမှမစောင့်တော့ပဲ ရေကူးကန်ထဲသို့ နွားငတ်ရေကျ ဒိုင်ပင်ထိုးဆင်းသွားခြင်းပင်။ တစ်ခုပဲပြောစရာရှိသည်က သူဒိုင်ပင်ထိုးဆင်းသွားသည့်နေရာမှာ ရေအနက် နှစ်ပေသာသာခန့်သာရှိနေသည့် ရေတိမ်ပိုင်းဖြစ်နေခြင်းပင်တည်း။ ဒိုင်ပင်ထိုးဆင်းသော မောင်မိုး၏ နဖူးနှင့် ခပ်နောက်နောက်ရေအောက်တွင် ပျင်းရိစွာအိပ်ပျော်နေသည့် ရေကူးကန်ကြမ်းပြင်တို့ အားရပါးရမိတ်ဆက်မိပြီးနောက် မကြာမီအချိန်အတွင်း ထိုသတင်းမှာ တယ်လီဖုန်းမှတဆင့် ကျူးကျော်တဲအဖွဲ့ဆီသို့ ပျံ့ နှံ့သွားလေသည်။

“ ဟာ..ဟေ့ကောင်တွေ၊ မောင်မိုးခေါင်းကို ဆောင့်မိလို့တဲ့”
“ဟေ…ဘာကိုဆောင့်တာတုံး၊ တန်းနဲ့လား”
“ချော်လဲတာနေမှာပေါ့”
“နှာခေါင်းသွေးလဲထွက်တယ်ပြောတယ်”
“ရန်ဖြစ်ရင်း သူ့မိန်းမဆော်လိုက်တာလား မသိဘူး”

ပြဿနာပေါင်း တစ်သောင်းခြောက်ထောင် ဖြင့် နပမ်းလုံးနေသော ကျူးကျော်တဲအဖွဲ့မှာလည်းတစ်ယောက်တစ်ပေါက်ဖြင့် ထင်မြင်ချက်များအမျိုးမျိုးပေးကြရင်း မောင်မိုးကိုပြုစုကုသရန်အဖွဲ့ထဲမှဆရာဝန်များသူသွားကိုယ်သွားငြင်းခုန်ကြလေသည်။ မောင်မိုးတို့ သူငယ်ချင်းတစ်စုမှာ အထက်တန်းတွင်သာမက၊ ဆေးကျောင်းတူတူတက်ရင်း ခင်မင်လာခဲ့ကြပြီး အချို့ သူငယ်ချင်းများ အိမ်ထောင်ပြုကြ ကလေးများရကြသည့် ယခုချိန်ထိ လက်တွဲမဖြုတ်တမ်းပေါင်းသင်းလာကြသူများဖြစ်သည်။ ထို့ကြောင့် သူငယ်ချင်းများ၏ အိမ်သူသက်ထား၊ ချစ်သူများနှင့် ကလေးများပါမကျန်ပေါင်းလိုက်သောအခါ အဖွဲ့မှာထိုမျှတောင့်တင်းသွားရုံသာမက ဆရာဝန်များလည်းထိုမျှများပြားနေရခြင်းပင်။


“ဘယ်ကောင် ဂျီပီကောင်းလဲ၊ ဂျီပီကောင်းတဲ့ကောင်သွား”
“ ဟာ….ဘယ်သူသွားသွားအတူတူပဲပေါ့”
“အထူးကုတွေသွားကွာ”
ထိုအချိန်ထိ မောင်မိုးဒဏ်ရာ၏ အတိမ်အနက်ကို သူတို့မသိကြသေး။ သာမာန် ထိခိုက်ဒဏ်ရာဟုသာထင်နေကြဆဲပင်ဖြစ်သည်။

နောက်ဆုံးတော့ စကားနည်းသည့် ဒေါက်တာဗိုက်ပူနှင့် ဖင်ပေါ့သော၊ ဆရာဝန်သင်တန်းတစ်ပိုင်းတက်ဖူးသူ မောင်ဇိတို့ သွားဖို့ဖြစ်လာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မောင်မိုးတို့ကိုဟိုတယ်တွင်ထားခဲ့ပြီး ပစ္စည်းများပြန်ယူရန်အတွက် နေပူထဲတွင်ချွေးတစ်လုံးလုံး၊ မဲမဲသဲသဲဖြင့်ကျူးကျော်ရိပ်သာများသို့ပြန်လာသည့် ဂျက်ကောင်နှင့် ရှိုင်းကောင်တို့နှစ်ယောက်နှင့်ဆုံသဖြင့် သူတို့ငှားလာသည့် ဆိုင်ကယ်များကိုပင်ပြန်ငှားကာ ဟိုတယ်ရှိရာသို့ သုတ်ချေတင်ရလေသည်။ လိုအပ်မည်ထင်သော ဆေးများ၊ ချိတ်ရန်ပုလင်းနှင့် အပ်များကိုလဲ လမ်းတွင်အပြေးအလွှားဝင်ဝယ်ရသေးသည်။

ဟိုတယ်ကိုရောက် အိပ်ယာပေါ်တွင်ပက်လက်ဖြစ်နေသည့် မောင်မိုးကိုမြင်မှ ဒေါက်တာဗိုက်ပူနှင့် မောင်ဇိတို့ မျက်လုံးပြူးရသည်။ နှဖူးတွင်လည်း ထက်အောက်တစ်လက်မခန့်ရှည်၍ လက်မဝက်ခန့်အကျယ်ရှိသော အချိုင့်ကြီးက ထင်ထင်ရှားရှား။ ဒင်းအခြေအနေတော်တော်ဆိုးသည်ကိုး။ ဒေါက်တာဗိုက်ပူက မောင်မိုးမိန်းမထံမှ ထိခိုက်မှုရာဇဝင်ယူ၊ မောင်မိုး၏မျက်လုံးများကိုဖြဲပြီး ဓါတ်မီးနှင့်ထိုးကြည့်၊ မောင်မိုးကို “ဟိုဟာမြင်လား၊ ဒီဟာမြင်လား၊ ဝါးနေလား၊ မူးနေလား” စသည့်မေးခွန်းများအဆက်မပြတ်မေးပြီး ဒဏ်ရာအတိမ်အနက်၊ အပြင်းအပျော့ကိုစစ်ကြောသည်။ ကိုယ်တိုင်လဲဆရာဝန်တစ်ယောက်ဖြစ်သည့်မောင်မိုးက ဒေါက်တာဗိုက်ပူကို တခြားလိုအပ်သည့် အချက်အလက်များနှင့် သူ့အထင်အမြင်များကိုပါ ဖြည့်စွက်ပြောသည်။
ပြီးတော့သွင်းစရာရှိသည့်ဆေးသွင်း၍ ထိုးစရာရှိသည့်ဆေးထိုးသည်။ မောင်ဇိက ဆေးပုလင်းချိတ်သည့်တိုင် လုပ်ရသည်။ ကောင်းကောင်းမွန်မွန်စကားပြောနိုင်သော်လည်း မူးသည်ဟုဆိုကာ မောင်မိုးတစ်ယောက်မျက်လုံးများကို မှိတ်ထားရရှာသည်။ မကြာခင် အခြားလူများရောက်လာတော့မှ ပါလာသည့် သွေးအားတိုင်းကိရိယာဖြင့် သွေးအားတိုင်းပေးသူတိုင်း၊ ကလေးအနှီးများဖြဲ၍ ရေခဲထုပ်သူထုပ်၊ နဖူးကို ရေခဲကပ်သူကပ်၊ ပုလင်းချိန်သည့်တိုင် ဂျူတီချိန်းသူချိန်း၊ ဆေးထပ်ထိုးသူထိုးဖြင့် လိုအပ်သည့်အရာများကို တိုင်တိုင်ပင်ပင်ဖြင့် ဇယ်ဆက်သလို လုပ်ကြသည်။ အပြောကောင်းသည့် ဒေါက်တာပေ က ဟိုတယ်မန်နေဂျာကို ခေါ်ပြီး တည်ငြိမ်အေးဆေးစွာဖြင့် အခြေအနေများကို လက်ကလေးတစ်ရမ်းရမ်းဖြင့်ရှင်းပြ၊ လိုအပ်သည့်အရာများကိုတောင်းဆို၊ လူနာကို ဆရာဝန်အုပ်ကြီးဝိုင်းကုနေသဖြင့် အခြေအနေမှာ ထိန်းချုပ်မှူအောက်တွင်ရှိကြောင်းအသိပေး စသည်တို့ကို တဆင့်ပြီးတဆင့်ပြုလုပ်သည်။ ဟိုတယ်မန်နေဂျာမှာ လူနာ၏နှဖူးကိုရေခဲကပ်နေသည့် ဂျင်းဘောင်းဘီစက၊ တီရှပ်ကလေးဖြင့်စလင်းဘတ်အိတ်လေးကို စလွယ်သိုင်းထားသော ၈တန်းကလေးအရွယ် နုနုနယ်နယ် ဒေါက်တာအိ ကိုကြည့်ပြီး အထူးကုဆိုသည့်စကားကို ယုံရနိုးနိုးစဉ်းစားနေပုံရ၏။ သို့သော်လဲ တည်တည်ငြိမ်ငြိမ်၊ တိတ်တိတ်ဆိတ်ဆိတ်၊ ကျွမ်းကျင်သွက်လက်စွာဖြင့် လူနာကိုစနစ်တကျကုသနေသော လူငယ်ဆရာဝန်အုပ်ကြီးကိုကြည့်ပြီး အပြောအဆိုအမူအရာ လေးလေးစားစား၊ ရိုရိုကျိုးကျိုးဖြင့်ပင် လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားခဲ့သည်။ ဘေးမှကူညီလုပ်ကိုင်ပေးနေသော မောင်ဇိမှာလည်း သူငယ်ချင်းများ၏ ကိုယ်ကိုယ့်ကိုယုံကြည်မှုအပြည့်ဖြင့် သက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်နေကြသည်များကိုကြည့်ရင်း တစ်သက်မှာတစ်ခါဆိုသလို သူငယ်ချင်းများကို အထင်ကြီးမိပြီး သူတို့အတွက် အလွန်ဂုဏ်ယူမိသည်ဟူသတတ်။

နှဖူးမှဒဏ်ရာကိုကြည့်ပြီး စိတ်ချရစေဖို့ ခေါင်းကိုMRI scan ရိုက်ကြည့်ဖို့ ဆရာဝန်အားလုံးသဘောရသည်။ ခက်တာက သူတို့ရောက်နေကြသည့်နေရာက ချောင်းသာ။ ရောက်နေသည့် အကြောင်းရင်းက ဒေါက်တာပေနှင့် ဒေါက်တာဖီဖီ တို့၏ ဟန်းနီးမွန်း (သို့) မင်္ဂလာဦး ပျားရည်ဆမ်းခရီးကို တပျော်တပါးကြီး ကပ်မြှောင်လိုက်လာကြခြင်းဖြစ်သည်။ အနီးဆုံးဆေးရုံကြီးက ပုသိမ်မှာ။ သို့သော်ပုသိမ်ဆေးရုံမှာလဲ MRI scan ရိုက်၍မရကြောင်း သိကြသည်။ ဒီတော့ အကောင်းဆုံးမှာ လူနာကိုရန်ကုန်ဆေးရုံကြီးထိ ပြန်ပို့ကြရမည်။ သူတို့အဖွဲ့ကို ရန်ကုန်မှ ချောင်းသာသို့ တစ်နေကုန်ကားမောင်း၍ သယ်ဆောင်လာပေးသည့် ကားဆရာကြီးကို လိုက်ရှာတော့ ရေချိန်ကိုက်၍ ရေကူးကန်ထဲတွင် ပါးစပ်ကြီးဖြဲ၍ပျော်ရွှင်စွာ ရေဆော့နေသည်ကိုတွေ့ရသည်။ အရေးကြီးသည်ဆိုတော့ ခုပဲကားမောင်း၍ လူနာကိုပြန်ပို့ပေးမည်ဟုဆိုရှာသည်။ ရေချိန်ကိုက်နေသော ကားဆရာနှင့် လူနာကို ညဘက်ကြီး ခရီးဝေးလွှတ်ရမည်မှာ အန္တရာယ်များလွန်းလှသည်။ ပြီးတော့ လူနာကသက်သက်သာသာလဲလျောင်းနေဖို့လိုအပ်သည်။ ဟိုတယ်ပိုင်ရှင်နှင့်ခင်မင်သူတစ်ယောက်ဖြစ်သည့် ဒေါက်တာငှက်၊ လူနာတစ်ယောက်ကိုပြုံ၍ကုပေးနေသည့်ဆရာဝန်များနှင့် ဟိုတယ်မန်နေဂျာတို့၏ ပူးပေါင်းစီမံမှုဖြင့် လူနာတင်ယာဉ်ရသွား၍အဆင်ပြေသွားသည်။ သဘောကောင်းလွန်းလှသော ဒေါက်တာဗိုက်ပူနှင့် ဒေါက်တာယုတို့အတွဲက လူနာဘေးတွင်ပြုစုရင်း ဆင်းဆင်းရဲရဲ ကျပ်ကျပ်တည်းတည်းဖြင့် ပလတ်စတစ်ထိုင်ခုံပုလေးဖြင့် လိုက်သွားရမည့် လူနှစ်ယောက်နေရာကို လိုက်မည်ဟု စာရင်းပေးကြသဖြင့် သူတို့နှစ်ယောက်ကို ထည့်လွှတ်လိုက်သည်။ မောင်ဇိက ဆေးရုံရောက်လျင် ကိစ္စအဝဝအတွက် လူနာရှင်အဖြစ်၊ လူနာကိုယ်စားလက်မှတ်ထိုးရမည့် မောင်မိုး၏ အစ်ကိုထံသို့ဖုန်းဆက်ပြီး အခြေအနေကိုရှင်းပြရသည်။ စိတ်မပူရန် အားပေးရသည်။

ဤသို့ဖြင့် ဗြဟ္မာကြီးဦးခေါင်းကိုလူနာတင်ယာဉ်ပေါ်တို့တင်ပြီး အထူးကုနှစ်ယောက်ခြံရံစေလျက် ရန်ကုန်ဆေးရုံကြီးသို့ လွှတ်လိုက်ကြသည်။ လမ်းတွင် အထူးကုနှစ်ယောက် စားသောက်ရန်အတွက် ရေသန့်ဘူး ငါးဘူးတိတိထည့်ပေးလိုက်ကြသေးသည်။ သေးငယ်သောခွေးခြေခုံလေးကိုယ်စီပေါ်တွင် ကျဉ်းကျဉ်းကျပ်ကျပ်ထိုင်၍ ငါးနာရီခန့်ခရီးကို လူနာကြည့်ရင်းလိုက်သွားရသော အထူးကုအတွဲမှာ ပင်ပန်းသည့်ဒဏ်ကြောင့် လမ်းတွင်မကြာခဏအန်ပွဲဆင်ကြရရှာလေသည်။ ရန်ကုန်သို့ ည ၁၁ နာရီဝန်းကျင်ခန့်တွင် ရောက်သွားတော့ မောင်မိုးမှာ အလွန်ပင် နိုးနိုးကြားကြားနှင့် ထူထူထောင်ထောင်ဖြစ်နေလေပြီ။ အထူးကြပ်မတ်ကုသပေးခဲ့သော သူငယ်ချင်းများနှင့် အပင်ပန်းခံစောင့်ရှောက်ပြုစုပေးခဲ့သော ဒေါက်တာဗိုက်ပူနှင့် ဒေါက်တာယုတို့၏ အစွမ်းများကြောင့်ဟု ဆိုရမည်။ ရန်ကုန်ဆေးရုံကြီးတွင် ခေါင်းကို MRI scan ရိုက်ကြည့်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း၊ အခြေအနေကောင်းကြောင်းသိရမှသာ ဟန်းနီးမွန်းတစ်ဖွဲ့လုံး သက်ပြင်းချနိုင်ကြပြီး ဆရာငှက်ကတော်ချက်ပြုတ်စီမံလာသော အလွန်အရသာရှိသည့်စားကောင်း၊ သောက်ဖွယ်အစုံစုံကို အားရပါးရစားနိုင်ကြသည်။ ရန်ကုန်ဆေးရုံကြီးသို့သွားရာ လမ်းတွင်လိုသလိုသုံးရန်ပေးလိုက်သော မောင်ဇိနှင့် ပုသိမ်သားတို့၏ ပုဆိုးအဟောင်းနှစ်ထည်မှာတော့ ဆုံးသွားလေသည်။

ဇာတ်လမ်းကဒီတွင်မပြီးသေးပါ။ ကျူးကျော်တဲများကို စရံပေးကာ ရွပ်ရွပ်ချွံချွံ ငှားပေးခြင်းဖြင့် ဆရာဝန်သူငယ်ချင်းများရော၊ ဆရာဝန်မဟုတ်သူ သူငယ်ချင်းများကိုပါ ဆေးထိုးခဲ့သော တရားခံဖြစ်သည့် ဒေါက်တာကောင်းမှာ ရန်ကုန်တွင် ဆေးရှုံညဂျူတီရှိ၍ မိန်းမနှင့်ကလေးကို ချောင်းသာသို့ ကျန်လူများနှင့်အရင်ထည့်ပေးလိုက်သူဖြစ်သည်။ ယခု ညဂျူတီပြီး၍ချောင်းသာသို့ကားမောင်းကာ ဒေါက်တာဗိုက်ပူတို့အတွဲနှင့်အတူပြန်လာမည်ဆိုသောအခါ ပါးစပ်ကြီးတစ်ဖြဲဖြဲဖြင့် “ငါကောင်းနေပြီ၊ ငါလဲပြန်လိုက်ခဲ့မယ်၊ ငါ့လဲ ခေါ်ပါကွာ” ဟု တကျည်ကျည်ပူဆာသူမှာ အခြားသူမဟုတ်၊ မောင်မိုးပင်ဖြစ်မည်ဟု လူတိုင်းမှန်းမိကြပါလိမ့်မည်။ မောင်မိုးအား ဆူ၊ ဆဲ၍ ဆေးရုံတွင်အတင်းထားခဲ့ပြီး ညတွင်းချင်းကားဖြင့် ပြန်မောင်းလာကြသော ထိုသုံးယောက်မှာ ချောင်းသာသို့ မနက်လင်းချိန်တွင်ရောက်ရာ ဆာဆာဖြင့် ဟိုတယ်တွင် ကျန်ခဲ့သူများထံမှ မနက်စာဘူဖေးလက်မှတ် သုံးစောင်ကိုဆွဲကာ သွားစားကြလေသည်။ အကျိုးဆက်အနေဖြင့်ကား ဟိုတယ်တွင်ကျန်ခဲ့သူများအနက်မှ အခြားအိမ်ထောင်ရှိ၊ ချစ်သူရှိသူများကဲ့သို့ ဂရုစိုက်ပေးမည့် back up မရှိရှာသော လူပျိုလေးများဖြစ်ကြသည့် မောင်ဇိ၊ ရှိုင်းကောင်နှင့် ပုသိမ်သားတို့မှာ မနက်စာငတ်ကြသည်ဟူလို။ ဒေါက်တာပေနှင့် ဒေါက်တာဖီဖီတို့၏ ပျားရည်ဆမ်းခရီး ပထမညမှာကား ဗရုတ်သုတ်ခများ၊ ကသောင်းကနင်းဖြစ်ရပ်များဖြင့် ဤသို့ပင် ရင်မောစရာများဖြင့် မှတ်မှတ်ရရ၊ ပျော်ပျော်ရွှင်ရွှင်ပြီးသွားလေသတည်း။ ။
( ပျားရည်ဆမ်းခရီး ဒုတိယနေ့တွင် ထပ်မံကြုံတွေ့ရသော အကြပ်အတည်း၊ အနှောက်အယှက် အခက်အခဲများနှင့် ကို့ယို့ကားယားကိစ္စများကို ထပ်မံ၍မဖော်ပြတော့ပြီ။)

မောင်ဇိ ( စင်ကာပူစံတော်ချိန် ည ၃ နာရီ ၁၀ မိနစ် )

No comments:

Post a Comment