Monday, March 15, 2021

စိတ်ကိုအနားပေးဖို့လဲလိုတယ်

 စိတ်ကိုအနားပေးဖို့လဲလိုတယ်
*******************
ကျွန်တော့လူမျိုးတွေ ဒီရက်ပိုင်းမှာ စိတ်တော်တော် ဆင်းရဲနေကြတာ ကျွန်တော်သိတယ်။
ကြိမ်မီးအုံးသလိုမျိုး တမြေ့မြေ့နဲ့ စားမရ၊ အိပ်မရ ပူလောင်နေကြရတာလဲ ကျွန်တော်ကိုယ်တိုင်ခံစားရလို့ နားလည်ပါတယ်။

မလွယ်ကူမှန်းသိပေမဲ့ အပူတွေကို စိတ်မှာတနုံ့နုံ့နဲ့ယူမထားပဲ စိတ်ထဲကဝန်ထုပ်ဝန်ပိုးတွေကို တတ်နိုင်သလောက်လျှော့ကြစေချင်တယ်။
ရေရှည်အတွက်ကြည့်ရင် ကျန်းမာပြီး လုပ်နိုင်ကိုင်နိုင်ဖို့ လိုသလို၊ စဉ်းစားတွေး‌တောဆုံးဖြတ်တာလဲ ကြည်လင်ပြတ်သားဖို့လိုတယ်။
ဖြစ်ပျက်သွားတဲ့ ဝမ်းနည်းစရာတွေ၊ စိတ်သောကရောက်စရာတွေ၊ ဒေါသဖြစ်စရာတွေကို တစိမ့်စိမ့်တွေးမနေပဲ လုပ်စရာရှိတာသာလုပ်စေချင်တယ်။
ခံစားချက် (emotion) ကိုတအားလွှတ်မချလိုက်ပဲ စိတ်ကိုကြံ့ကြံ့ခံပြီး ဆက်လျှောက်ရင်း အမှောင်မိုက်ဆုံးအချိန်တွေအပြီးမှာရောက်လာမဲ့ ရောင်နီကိုတွေးလို့ အားတင်းစေချင်တယ်။
ခက်ခဲမဲ့အချိန်တွေအတွက်လဲ အဆိုးဆုံးထိတွေးပြီးစိတ်ကိုပြင်ဆင်ထားရမယ်။
အဲလိုမဟုတ်ပဲ အတွေးတွေက စိတ်ညစ်ညူးစရာတွေထဲမှာပဲ ထပ်ကာထပ်ကာ တဝဲလည်လည်ကျော့နေရင်လဲ ဝမ်းနည်းစရာအကြောင်းအရာ အဖြစ်အပျက်တွေက ပျောက်သွားမှာမဟုတ်ပါဘူး။
ခွန်အားလဲဆုတ်ယုတ်သလို အလုပ်လဲပြီးမြောက်မှာမဟုတ်လို့ ခံစားစရာရှိတာကိုသတိလေးနဲ့ထိန်းပြီး အနာဂါတ်အတွက် ကိုယ့်ကိုယ်ကိုဂရုစိုက်မွေးမြူကြဖို့လိုတယ်။


-(၁) -
ဖေ့စ်ဘွတ်ကိုပဲ တစ်ချိန်လုံးကြည့်မနေပါနဲ့။
စိတ်အတက်အကျဖြစ်စရာတွေများလွန်းပြီး ခွန်အားကိုစုပ်ယူတတ်လို့ အရေးကြီးကိစ္စမရှိရင် သုံး၊လေးနာရီခြားမှတစ်ခါ၊ တစ်ခါကြည့်ရင် (၁၅) မိနစ်၊ မိနစ် (၂၀) လောက်နဲ့ ကန့်သတ်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်ကိုပဲ စိတ်ချရတဲ့သတင်းဌာနတွေက ယူပါ။
အဲဒီအစား တခြား အကျိုးရှိမဲ့ အလုပ်တစ်ခုခုကိုဖြစ်အောင်လုပ်ပါ။
စိတ်ခွန်အားတက်ပါတယ်။

-(၂)-
 အိပ်တော့မယ်ဆိုလဲ အိပ်ချိန်မှာ ကိုယ်ဘာမှမလုပ်နိုင်တော့မဲ့ အတူတူ ဖုန်းမကြည့်တော့ပဲ စိတ်တုံးတုံးသာချပြီး အိပ်လိုက်ပါ။
အိပ်ရေး ဝဝနဲ့နိုးလာတဲ့အခါ နေ့တစ်နေ့ကို စဖို့ ခွန်အားတွေပြန်ရလာပါလိမ့်မယ်။

-(၃)-
အခြေအနေတွေတည်ငြိမ်နေရင်၊ အချိန်နည်းနည်းရရင် စိတ်အပြောင်းအလဲဖြစ်အောင် ရုပ်ရှင်၊ကာတွန်းဇာတ်လမ်းတိုလေးတွေကြည့် (ဒါမှမဟုတ်) သီချင်းနားထောင်၊ စာအုပ်ဖတ်ပြီး စိတ်ကိုခဏအနားပေးဖို့လဲ လိုပါတယ်။
အဲလိုလုပ်လို့လဲ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။
လူတိုင်းကိုယ်တတ်နိုင်သ‌လောက်လုပ်နေကြတာချည်းပဲမို့ ကိုယ့်ကိုယ်ကိုလဲ ငါဒါမလုပ်နိုင်ဘူး၊ ဟိုဟာမလုပ်နိုင်ဘူးလို့လဲ အပြစ်မတင်ပဲ ခွင့်လွှတ်ပေးရပါမယ်။
စိတ်ကျန်းမာရေးက အရေးကြီးလို့ ရေရှည်အတွက်ကြည့်ပြီး ပြင်ဆင်ရမှာပါ။

စိတ်ဓါတ်ကျရင်လဲ အပေါ်ကပြောခဲ့တဲ့နည်းတွေပြန်သုံးပြီး စိတ်ဓါတ်ကိုပြန်မြှင့်တင်ပါ။
တစ်ရက်၊နှစ်ရက်မဟုတ်ပဲ ရက်ပေါင်းများစွာသွားရမဲ့ခရီးဖြစ်လို့ စိတ်ရောကိုယ်ပါကျန်းမာနိုင်သလောက်ကျန်းမာစေချင်လို့ပါ။
ဒါမှသာ လိုအပ်ချိန်မှာ ကာယအား၊ ဉာဏအားကို အပြည့်အဝအသုံးချပြီး ကိုယ့်နိုင်ငံနဲ့ ပြည်သူပြည်သားတွေကို ထိထိရောက်ရောက်ကူညီစောင့်ရှောက်နိုင်မှာ မဟုတ်လား။


#မောင်ဇိ


Wednesday, March 10, 2021

ဖက်စစ်ဝါဒ

 

ဖက်စစ်ဝါဒ

---------------

ဖက်စစ်ဝါဒ (Facism ) ဆိုတာက အီတလီစကား fascio ကလာတယ်။

အဲဒီအီတလီစကား fascio ရဲ့မူရင်းက လက်တင်စကားလုံး fasces။

အဓိပ္ပါယ်က ထင်းစည်း (သို့မဟုတ်) စုစည်းထားတဲ့တုတ်အစည်း။


ဖက်ဆစ်လှုပ်ရှားမှုတွေက ပထမကမ္ဘာစစ်မှာ မူဆိုလီနီရဲ့ အီတလီကနေစခဲ့ပြီး ဥရောပကိုပြန့်သွားတယ်။


ဖက်ဆစ်ဝါဒရဲ့အဓိက မူက တစ်ပါတီ၊ အဖွဲ့အစည်းတစ်ခုထဲကနေပဲ အချုပ်အခြာအာဏာကိုထိန်းသိမ်းပြီး လက်နက်ကိုင်ပြဿနာတွေနဲ့ စီးပွားရေးအခက်အခဲတွေကိုဖြေရှင်းဖို့ရည်ရွယ်တယ်။

ဖက်စစ်နိုင်ငံတစ်ခုမှာ အင်အားကောင်းတဲ့ အာဏာရှင်တစ်ယောက်ကဦးဆောင်ပြီး စစ်အုပ်ချုပ်‌ရေးလိုပုံစံမျိုးနဲ့ ငြိမ်ဝပ်ပိပြား‌အောင်အုပ်ချုပ်တယ်။

လက်ယာစွန်း အမျိုးသားရေးအစွန်းရောက်ဝါဒဖြစ်ပြီး ကိုယ့်လူမျိုးကသူများတွေထက်ကြီးကျယ်မြင့်မြတ်တယ်ဆိုတဲ့အချက်ကို စွဲစွဲမြဲမြဲဆုပ်ကိုင်ထားကြလေ့ရှိတယ်။

စနစ်တကျဖွဲ့စည်းထားတဲ့လူနည်းစုအဖွဲ့အစည်းက မညီမညွတ်ပြန့်ကျဲနေတဲ့လူများစုကို စိုးမိုးအုပ်ချုပ်ဗိုလ်လုပ်ရမယ်လို့ ယုံကြည်ကြတယ်။

ဖက်ဆစ်ဝါဒက လစ်ဘရယ်ဝါဒ (Liberalism)၊ ဒီမိုကရေစီ(Democracy)၊ မက်စ်ဝါဒ(Maxxism)နဲ့ အုပ်ချုပ်သူမဲ့(ဝါ)မင်းမဲ့ဝါဒ(Anarchism)တွေကို ဆန့်ကျင်တယ်။

ဒုတိယကမ္ဘာစစ်မှာ ထင်ရှားခဲ့တဲ့ဖက်ဆစ်နိုင်ငံတွေက အီတလီ၊ ဂျာမဏီနဲ့ ဂျပန်။


ဖက်ဆစ်ဝါဒအကြောင်းစာအုပ်ရေးခဲ့တဲ့ ပါမောက္ခဂျေဆန်စတန်လီကတော့ သူ့စာအုပ်ထဲမှာ

“ခေါင်းဆောင်က သူတစ်ယောက်ပဲဖြေရှင်းနိုင်စွမ်းရှိသူလို့ သူ့ဟာသူအဆိုပြုပြီး သူ့ရဲ့နိုင်ငံရေးပြိုင်ဘက်တွေအားလုံးဟာ ရန်သူတွေ (သို့မဟုတ်) သစ္စာဖောက်တွေ လို့ရှုမြင်တယ်” လို့ပြောထားတယ်။


ပညာရှင်တွေအများစု သဘောတူထားကြတဲ့ဖက်စစ်ဝါဒရဲ့ လက္ခဏာတွေက

(၁) လွှမ်းမိုးပြင်းထန်တဲ့ အမျိုးသားရေးဝါဒကိုတောက်လျှောက်ကိုင်စွဲထားခြင်း

(၂) လူ့အခွင့်အရေးတွေကို မျက်ကွယ်ပြုခြင်း

(၃) လူထုကိုစည်းရုံးဖို့အတွက် ဘုံရန်သူတစ်ယောက်အမြဲမွေးတတ်ခြင်း

(၄) အခွင့်ထူးခံပြီး အပေါ်စီးယူထားတဲ့စစ်တပ်ရှိခြင်း

(၅) လိင်ခွဲခြားဆက်ဆံမှုကြီးမားခြင်း

(၆) လူထုအားလုံးအသုံးပြုတဲ့သတင်းမီဒီယာကို ထိန်းချုပ်ခြင်း

(၇) အမျိုးသားလုံခြုံရေးကို တဖွဖွပြောခြင်း

(၈) ဘာသာရေးကိုအသုံးချပြီးလူထုကိုလွှမ်းမိုးခြင်း

(၉) လက်သင့်ရာလုပ်ငန်းရှင်များကို အုပ်ချုပ်သူမှ ကာကွယ်စောင့်ရှောက်ခြင်း

(၁၀) အလုပ်သမားအဖွဲ့အစည်းများကိုနှိပ်ကွပ်ခြင်း

(၁၁) အဆင့်မြင့်ပညာရေးနှင့် အနုပညာရပ်များအပေါ်တွင် မလေးစားပဲ ရန်လိုသည့်သဘောထားရှိခြင်း

(၁၂) ပြစ်မှုများကို မတန်တဆပြစ်ဒဏ်များပေးခြင်း

(၁၃) ခရိုနီဝါဒနှင့် လာဘ်ပေးလာဘ်ယူမှုကိုအားပေးခြင်း

(၁၄) ရွေးကောက်ပွဲများကို ဖျက်လိုဖျက်ဆီးလုပ်တတ်ခြင်း


ဆိုပြီး (၁၄) ချက်ရှိတယ်။


အဲဒီအချက်တွေကို ထောက်ပြီးပြောရရင်


ဖက်ဆစ်ဂျပန်ဆီက စစ်ပညာသင်ခဲ့တဲ့မြန်မာ့တပ်မတော်ဟာ မသိမသာကနေ သိသိသာသာ ဖက်ဆစ်စနစ်ကိုကျင့်သုံးလာခဲ့ပြီး ဒီနေ့မှာတော့ တစ်ကမ္ဘာလုံးရဲ့ရှေ့မှာ သူ့ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ဖက်ဆစ်သရုပ်သကန်က ဘွင်းဘွင်းကြီးပေါ်လာခဲ့ပြီလို့ပြောရမှာပါပဲ။