စိတ်ကိုအနားပေးဖို့လဲလိုတယ်
*******************
ကျွန်တော့လူမျိုးတွေ ဒီရက်ပိုင်းမှာ စိတ်တော်တော် ဆင်းရဲနေကြတာ ကျွန်တော်သိတယ်။
ကြိမ်မီးအုံးသလိုမျိုး တမြေ့မြေ့နဲ့ စားမရ၊ အိပ်မရ ပူလောင်နေကြရတာလဲ ကျွန်တော်ကိုယ်တိုင်ခံစားရလို့ နားလည်ပါတယ်။
မလွယ်ကူမှန်းသိပေမဲ့ အပူတွေကို စိတ်မှာတနုံ့နုံ့နဲ့ယူမထားပဲ စိတ်ထဲကဝန်ထုပ်ဝန်ပိုးတွေကို တတ်နိုင်သလောက်လျှော့ကြစေချင်တယ်။
ရေရှည်အတွက်ကြည့်ရင် ကျန်းမာပြီး လုပ်နိုင်ကိုင်နိုင်ဖို့ လိုသလို၊ စဉ်းစားတွေးတောဆုံးဖြတ်တာလဲ ကြည်လင်ပြတ်သားဖို့လိုတယ်။
ဖြစ်ပျက်သွားတဲ့ ဝမ်းနည်းစရာတွေ၊ စိတ်သောကရောက်စရာတွေ၊ ဒေါသဖြစ်စရာတွေကို တစိမ့်စိမ့်တွေးမနေပဲ လုပ်စရာရှိတာသာလုပ်စေချင်တယ်။
ခံစားချက် (emotion) ကိုတအားလွှတ်မချလိုက်ပဲ စိတ်ကိုကြံ့ကြံ့ခံပြီး ဆက်လျှောက်ရင်း အမှောင်မိုက်ဆုံးအချိန်တွေအပြီးမှာရောက်လာမဲ့ ရောင်နီကိုတွေးလို့ အားတင်းစေချင်တယ်။
ခက်ခဲမဲ့အချိန်တွေအတွက်လဲ အဆိုးဆုံးထိတွေးပြီးစိတ်ကိုပြင်ဆင်ထားရမယ်။
အဲလိုမဟုတ်ပဲ အတွေးတွေက စိတ်ညစ်ညူးစရာတွေထဲမှာပဲ ထပ်ကာထပ်ကာ တဝဲလည်လည်ကျော့နေရင်လဲ ဝမ်းနည်းစရာအကြောင်းအရာ အဖြစ်အပျက်တွေက ပျောက်သွားမှာမဟုတ်ပါဘူး။
ခွန်အားလဲဆုတ်ယုတ်သလို အလုပ်လဲပြီးမြောက်မှာမဟုတ်လို့ ခံစားစရာရှိတာကိုသတိလေးနဲ့ထိန်းပြီး အနာဂါတ်အတွက် ကိုယ့်ကိုယ်ကိုဂရုစိုက်မွေးမြူကြဖို့လိုတယ်။
-(၁) -
ဖေ့စ်ဘွတ်ကိုပဲ တစ်ချိန်လုံးကြည့်မနေပါနဲ့။
စိတ်အတက်အကျဖြစ်စရာတွေများလွန်းပြီး ခွန်အားကိုစုပ်ယူတတ်လို့ အရေးကြီးကိစ္စမရှိရင် သုံး၊လေးနာရီခြားမှတစ်ခါ၊ တစ်ခါကြည့်ရင် (၁၅) မိနစ်၊ မိနစ် (၂၀) လောက်နဲ့ ကန့်သတ်ပြီး လိုအပ်တဲ့ သတင်းအချက်အလက်ကိုပဲ စိတ်ချရတဲ့သတင်းဌာနတွေက ယူပါ။
အဲဒီအစား တခြား အကျိုးရှိမဲ့ အလုပ်တစ်ခုခုကိုဖြစ်အောင်လုပ်ပါ။
စိတ်ခွန်အားတက်ပါတယ်။
-(၂)-
အိပ်တော့မယ်ဆိုလဲ အိပ်ချိန်မှာ ကိုယ်ဘာမှမလုပ်နိုင်တော့မဲ့ အတူတူ ဖုန်းမကြည့်တော့ပဲ စိတ်တုံးတုံးသာချပြီး အိပ်လိုက်ပါ။
အိပ်ရေး ဝဝနဲ့နိုးလာတဲ့အခါ နေ့တစ်နေ့ကို စဖို့ ခွန်အားတွေပြန်ရလာပါလိမ့်မယ်။
-(၃)-
အခြေအနေတွေတည်ငြိမ်နေရင်၊ အချိန်နည်းနည်းရရင် စိတ်အပြောင်းအလဲဖြစ်အောင် ရုပ်ရှင်၊ကာတွန်းဇာတ်လမ်းတိုလေးတွေကြည့် (ဒါမှမဟုတ်) သီချင်းနားထောင်၊ စာအုပ်ဖတ်ပြီး စိတ်ကိုခဏအနားပေးဖို့လဲ လိုပါတယ်။
အဲလိုလုပ်လို့လဲ ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့။
လူတိုင်းကိုယ်တတ်နိုင်သလောက်လုပ်နေကြတာချည်းပဲမို့ ကိုယ့်ကိုယ်ကိုလဲ ငါဒါမလုပ်နိုင်ဘူး၊ ဟိုဟာမလုပ်နိုင်ဘူးလို့လဲ အပြစ်မတင်ပဲ ခွင့်လွှတ်ပေးရပါမယ်။
စိတ်ကျန်းမာရေးက အရေးကြီးလို့ ရေရှည်အတွက်ကြည့်ပြီး ပြင်ဆင်ရမှာပါ။
စိတ်ဓါတ်ကျရင်လဲ အပေါ်ကပြောခဲ့တဲ့နည်းတွေပြန်သုံးပြီး စိတ်ဓါတ်ကိုပြန်မြှင့်တင်ပါ။
တစ်ရက်၊နှစ်ရက်မဟုတ်ပဲ ရက်ပေါင်းများစွာသွားရမဲ့ခရီးဖြစ်လို့ စိတ်ရောကိုယ်ပါကျန်းမာနိုင်သလောက်ကျန်းမာစေချင်လို့ပါ။
ဒါမှသာ လိုအပ်ချိန်မှာ ကာယအား၊ ဉာဏအားကို အပြည့်အဝအသုံးချပြီး ကိုယ့်နိုင်ငံနဲ့ ပြည်သူပြည်သားတွေကို ထိထိရောက်ရောက်ကူညီစောင့်ရှောက်နိုင်မှာ မဟုတ်လား။
#မောင်ဇိ
Monday, March 15, 2021
စိတ်ကိုအနားပေးဖို့လဲလိုတယ်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment