ဆယ်စုနှစ် နှစ်ခုခန့်ကြာသောအခါ သူမသည် ချစ်စရာကောင်းသောကလေးမလေးအဖြစ်မှ ချောမောလှပသောမိန်းမပျိုလေးတစ်ယောက်ဖြစ်လာပါသည်။ ကျွန်တော်သည် မည်သို့သော ယောက်ျားလေးတစ်ယောက်ဖြစ်လာသည်ကို ကိုယ်တိုင်မသိပါ။ သို့သော် သူမကတော့ ကျွန်တော်သည်လည်းချောမောခန့်ညားသူတစ်ယောက်ဖြစ်သည် ဟုဆိုလေသည်။ ကျွန်တော်ကတော့ ထိုစကားကို အကြွင်းမဲ့ယုံကြည်ပစ်လိုက်ပါသည်။ မယုံနိုင်စရာစကားဟု ထင်စရာအကြောင်းမရှိပေ။ အဘယ့်ကြောင့်ဆိုသော် အပြောခံရသူမှာ ကျွန်တော်ဖြစ်၍ အပြောခံရသောစကားမှာ ချောပါသည် ဟုဖြစ်သောကြောင့်ဖြစ်သည်။ ကျွန်တော်လူပီသပါသည်။
ကျွန်တော်ငယ်စဉ်က သူမကိုဖက်နမ်းခဲ့မိသလားဆိုသည်မှာ မသေချာပါ။ သူမလည်းမမှတ်မိတော့ပါ။ ကျွန်တော်ငယ်စဉ်က ချစ်စရာကောင်မလေးတော်တော်များများကို ဖက်နမ်းပစ်ခဲ့ဖူးသည်မှာတော့ သေချာပါသည်။ ကျွန်တော်ရော သူမရော မသေချာသောကိစ္စကို သေချာစေရန် ကျွန်တော်အားထုတ်ခဲ့ပါသည်။ ယခုအခါသူမကို ကျွန်တော်နမ်းဖူးသလားဟုမေးလျင် နှစ်ယောက်လုံးတွင်သေချာသောအဖြေတစ်ခု ရှိနေပြီဖြစ်သည်။ ကျွန်တော်ယောက်ျားပီသပါသည်။
သူမကကျွန်တော့ကို ချစ်သည်ဟုပြောပြီး ရက်သတ္တပတ်အနည်းငယ်ခန့်ကြာသောအခါ သူမတွင် အခြားသူတစ်ဦးလည်းရှိနေသေးကြောင်းသိလိုက်ရပါသည်။ သူမတွင် ချစ်သူရှိသလားဟု ကျွန်တော်မေးခဲ့စဉ်က သုံးကြိမ်စလုံးပင် မရှိပါဟု သူမ ဖြေခဲ့သည်ကိုလည်း မှတ်မိနေပါသည်။
ကျွန်တော် သူမထံဖုန်းဆက်သောအခါ သူမ၏ ၃ နှစ်ကြာချစ်သူဟူသော လူနှင့်စကားပြောလိုက်ရပါသည်။ ထိုပုဂ္ဂိုလ်၏အပူမီးကိုသိရသောအခါ ကိုယ့်ကိုယ်ကိုထက် ထိုပုဂ္ဂိုလ်ကို ပိုသနားသွားပါသည်။ သစ္စာအဖျက်ခံရသော ထိုသူအားပို၍သနားမိသည်မှာ သူ့ကောင်မလေးအားမနှောက်ယှက်ရန် ကျွန်တော့်အားသတိပေးစဉ်ကဖြစ်သည်။ ကျွန်တော်သူမထံ ထပ်မံ၍ဆက်သွယ်ရန်လည်း စိတ်ကူးမရှိပါ။ ကျွန်တော်ရွံရှာသောအရာများကို ကျောခိုင်း၍လှည့်ထွက်တတ်သောအကျင့်သာ ကျွန်တော့တွင်ရှိပါသည်။
ထိုသူသည် ချစ်သူပီသပါသည်ဟုသာ ကျွန်တော်ပြောလိုပါသည်။
ကိစ္စတစ်ခုလုံးကို ပြန်သုံးသပ်သောအခါ ကျွန်တော့တွင်ဆုံးရှုံးခဲ့သောအရာမှာ အချစ်သာဖြစ်၍ သူမတွင်ဆုံးရှုံးခဲ့သောအရာမှာ အချစ်နှင့် ဂုဏ်သိက္ခာဖြစ်ပါသည်။ ကျွန်တော်မရှုံးပါ။ မခံချင်စိတ်အနည်းငယ်ဖြစ်ခဲ့သည်ကိုလည်း ကျွန်တော်အောင်မြင်စွာသည်းခံ၍ စိတ်ကိုငြိမ်းချမ်းအောင် တည်ဆောက်နိုင်ခဲ့ပါသည်။ လောကဓံတစ်ခုကို အောင်အောင်မြင်မြင် ကြံ့ကြံ့ခံလိုက်ခြင်းအားဖြင့် ကျွန်တော့ကိုယ်ကိုလေးစားနိုင်စွမ်းတိုးတက်လာပါသည်။ ကျွန်တော်ယောက်ျားကောင်းပီသခဲ့သည်ဟု ထင်ပါသည်။
No comments:
Post a Comment