Friday, December 23, 2011

ဆုံးဖြတ်ချက်တစ်ခု၏နောက်တွင်

ဆုံးဖြတ်ချက်တွေမှာ.....တစ်ချို့ က ချရတာလွယ်တယ်။ တစ်ချို့ က ချဖို့ခက်တယ်။ လွယ်လွယ်၊ခက်ခက်..." ဆုံးဖြတ်ချက်တစ်ခုဆိုတာ ချပြီးရင် လိုက်နာဖို့၊ ( သို့ ) ဖြစ်အောင်လုပ်ဖို့ ( သို့ ) နောက်ဆက်တွဲရလဒ်တွေကို ကြံ့ ကြံ့ ခံဖို့ " ဆိုတဲ့သုံးခုသောရည်ရွယ်ချက်ထဲက တစ်ခု ၊ ဒါမှမဟုတ် သုံးခုလုံးအတွက် ပြင်ဆင်ပြီး ဆုံးဖြတ်ချက်ချကြတာလို့ ယေဘုယျပြောရမှာပါ။

" ဂိမ်းမဆော့ပဲ စာလုပ်မယ်"
ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးကတော့ ကျွန်တော်ခဏ၊ခဏချပြီး လိုက်နာဖို့ပျက်ကွက်တဲ့ ဆုံးဖြတ်ချက်မျိုးပါ။ "ဒီညဂိမ်းဆော့ဖြစ်အောင်ဆော့မယ်" ဆိုတဲ့ဆုံးဖြတ်ချက်မျိုးကတော့ မဖြစ်ဖြစ်အောင်ကျွန်တော်လုပ်လေ့ရှိတဲ့ ဆုံးဖြတ်ချက်အမျိုးအစားပေါ့။ " စာမလုပ်ပဲ ဂိမ်းဆော့မယ် " ဆိုတဲ့ဆုံးဖြတ်ချက်မျိုးချပြီးရင်တော့ စာမေးပွဲရလဒ်လေးတွေကိုလဲ ကြံ့ ကြံ့ ခံရင်ဆိုင်နိုင်ဖို့ ပြင်ဆင်ထားရမှာပါ။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ ဘဝမှာ ဆုံးဖြတ်ချက်တွေကတော့ နေ့စဉ်နဲ့ အမျှချနေရတာပါ။ " မနက်အိပ်ယာက စောစောထဖြစ်အောင်ထမယ် " ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးကနေ၊ "ဒီလုပ်ငန်းကို မအောင်မြင်မချင်းလုပ်မယ်" ဆိုတဲ့ ဆုံးဖြတ်ချက်မျိုးထိ အသေး၊ အကြီး ဆုံးဖြတ်ချက်တွေနေ့တိုင်းချနေရတာပါ။

ကျွန်တော့ ဘဝမှာလဲ ဆုံးဖြတ်ချက်တစ်ခုကြောင့် အပြင်းအထန်ကြိုးစားခဲ့ရပြီး၊ အသေအလဲ လဲခံစားခဲ့ရဖူးပါတယ်။ ကျွန်တော့ဘဝမှာ အရေးပါတဲ့၊ ကြီးမားတဲ့အလှည့်အပြောင်းတစ်ခုကို ဖြစ်သွားစေတဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။

"အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခုကို ပြီးဆုံးခါနီးထိသင်ယူပြီးမှ အဲဒီပညာရပ်ကိုစွန့်လွှတ်လို့ နောက်ထပ်အသစ်တစ်ခုပြောင်းလဲသင်ယူမယ်" ဆိုတဲ့ဆုံးဖြတ်ချက်ပါ။

ဆုံးဖြတ်ချက်ကို ချဖြစ်စေတဲ့အကြောင်းတွေကတော့ ရေးပြီးသားဖြစ်လို့ ဆုံးဖြတ်ချက်ချပြီးနောက် အကြောင်းတွေကိုပဲ ပြန်ရေးပါတော့မယ်။

ဆုံးဖြတ်ချက်ချပြီးနောက် ပထမဆုံး စခံစားရတာကတော့ မလုံခြုံမှုပါ။ ကျန်တဲ့သူငယ်ချင်းတွေအားလုံးက သူ့လမ်းကြောင်းနဲ့သူ လျှောက်နေချိန်မှာ ကိုယ်ကနောက်လမ်းတစ်ခုပေါ်ရောက်ဖို့ ကြိုးစားနေဆဲဆိုတဲ့ အသိက ကိုယ့်ဘဝအတွက် အာမခံချက်မရှိသေးတာကို သတိပေးနေလို့ မလုံခြုံမှု ကိုခံစားရစေပါတယ်။ အရာအားလုံးကိုစွန့်လွှတ်ပြီး အချိန် နှစ်နှစ်နီးပါးလောက် ကြိုးစားအားထုတ်တာတောင် အရာမထင်လာသေးတဲ့အခါမှာ " ငါခွေးဖြစ်တော့မယ်၊ ငါခွေးဖြစ်တော့မယ် " ဆိုပြီး ညညမှာလန့်နိုးပါတယ်။ ရင်တွေလဲတုန်နေလို့ တော်တော်နဲ့ ဆက်မအိပ်နိုင်ပါဘူး။ သူငယ်ချင်းတွေ ဆရာဝန်ဖြစ်သူဖြစ်၊ သင်္ဘောသားဖြစ်သူဖြစ်၊ အင်္ဂျင်နီယာဖြစ်သူဖြစ်၊ ဘွဲ့ရလို့လုပ်ဝင်သူဝင် စတာတွေကို တွေ့နေလေလေ၊ ညဘက်တွေမှာ အတွေးတွေနဲ့ချာချာလည်လို့ အိပ်လို့မပျော်နိုင်ပဲ ချွေးစေးတွေပြန်လေလေပါ။ အမှန်တကယ်ကို အိပ်မပျော်နိုင်ပဲ စိတ်ပူပင်သောကရောက်ခဲ့ရတဲ့ညတွေ မရေမတွက်နိုင်အောင်ပါပဲ။

ဒုတိယကတော့ လူတောမတိုးတော့တာပါ။ အရင်ကဆို လူစည်ရင်ရှေ့ က ကော့ကော့၊ ကော့ကော့နေရာက မသိမသာနဲ့ လူတွေကိုရှောင်လာပါတယ်။ အိမ်မှာနေရင်လဲ အခန်းအောင်းပါတယ်။ အရမ်းရင်းနှီးသူကလွဲလို့ မိတ်ဆွေသူငယ်ချင်း၊ ဆွေမျိုးတွေကို မတွေ့ချင်ပါဘူး။ အဓိကကြောက်တာကတော့ " ဟိုကောင် ဘာတွေလုပ်နေလဲ" ဆိုတာကြီးကိုပါ။ မလွှဲသာလို့ပြန်ဖြေရရင် နောက်ဆုံးနှစ်အပိုင်း (က) ရောက်ပါပြီပေါ့။ သို့သော်ပါလည်း ရှည်တော်မူသော အချို့ အသိမိတ်ဆွေများက " ဟင်...အရင်နှစ်တွေတုံးကလဲ နောက်ဆုံးနှစ် အပိုင်း (က) ပဲဆို " ဆိုပြီး အရှက်ခွဲတော်မူကြပါတယ်။ ဒါနဲ့ပဲ အိမ်ကိုဧည့်သည်များလာရင် မသိချင်ယောင်ဆောင်ပြီး အခန်းထဲမှာပုန်းနေပါတယ်။ မိဘများမှာလည်း အရင်က ဆေးကျောင်းသားမိဘလို့ ကြွားခဲ့သမျှ၊ ခုတော့ သူဌေးဖြစ်မလား၊ ခွေးဝဲစားဖြစ်မလားမသိတဲ့သားကြောင့် မျက်နှာငယ်ရပါတယ်။ သူငယ်ချင်းမိဘများက "မင်းဘာလုပ်နေလဲ" မေးရင်လည်း " နိုင်ငံခြားသွားဖို့လုပ်နေတာ ကြာဘီခင်ည၊ ခုထိတော့ အဆင်မပြေသေးလို့ဒီလိုပါပဲ ခင်ညာ" လို့ ညောင်နာနာနဲ့ဖြေရလွန်းလို့ အိမ်လဲမလည်ရဲပါဘူး။
ဆွေမျိုးများကလည်း "ငါတို့တားနေတဲ့ကြားက ဆေးကျောင်းပြီးခါနီးမှ အတင်းကျောင်းကထွက်၊ နိုင်ဂန်ဂျား သိပ်သွားချင်တဲ့အကောင် ဘာဖြစ်မလဲ" စောင့်ကြည့်နေကြလို့ နားရွက်တောင်မခတ်ဝံ့။

ဒီကြားထဲမှာ နေ့စဉ်ကျွန်တော့အခန်းထဲဝင်လာလို့ "မင်းခွေးဖြစ်သွားမယ်နော်...ဘာတွေလုပ်နေတာတုံးကွ" ဆိုပြီး pressure တွေပေးလို့ ကျွန်တော့ကိုစိတ်ပိန်အောင်လုပ်တဲ့ ဘကြီးတစ်ယောက်ကလဲ ရှိသေးတော့ ခက်ရပါတယ်။ ဆယ်တန်းတုံးက ဆရာ၊ဆရာမတွေကလဲ မျိုးထက်နိုင်တစ်ယောက်တော့ ပေါက်သွားပြီး ထင်ရာတွေလျှောက်လုပ်နေပါတယ် သတင်းအကြားနဲ့ စိတ်ပူရှာကြပါတယ်။ ကျွန်တော့မှာ နှစ်တွေကြာလာတာနဲ့အမျှ၊ လူတောမတိုးပဲ စိတ်ဖိစီးမှုတွေလဲများသထက်များလာပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို ကိုယ့်ယုံကြည်မှုနဲ့ကို လုပ်နိုင်ပေမယ့် ပတ်ဝန်းကျင်ရဲ့  ဒဏ်ကိုတော့ စိတ်ညစ်ညူးဖွယ်ရာ တော်တော်ခံရပါတယ်။ ခဏ ခဏလဲ စိတ်ပျက်ရပါတယ်။ ကျွန်တော့ဘဝရဲ့  မီးပျက်သောနေ့ရက်များလို့ ခေါ်ရမှာပါ။ ကျွန်တော့ကို စိတ်ပူပေမယ့် တစ်ခွန်းမှဝင်ဖိအားမပေးပဲ ယုံကြည်မှုနဲ့ အထောက်အပံ့ ပေးလို့ ဝါသနာပါရာကိုလုပ်ခွင့်ပြုတဲ့ ဖေဖေ့ကိုတော့ကျွန်တော်တကယ်ကျေးဇူးတင်ပါတယ်။

တတိယခံစားရတာကတော့ အကောင်းလို့ပြောလို့ရပါတယ်။ ကိုယ့်ကိုယ်ကို အားကိုးချင်စိတ်ပါ။ "ဘယ်သူမဆို ကိုယ့်ဘဝအတွက် ကိုယ်ပဲလုပ်ရမယ် "ဆိုတဲ့ အဖိုးတန်တဲ့ အသိလေးကို ခိုင်ခိုင်မာမာလေးလေးနက်နက်သဘောပေါက်ပြီးတဲ့နောက် ကိုယ့်ဘဝလွတ်မြောက်ရေးအတွက် နည်းလမ်းပေါင်းစုံကို ကိုယ်တိုင်ရှာဖွေဖြစ်ပါတယ်။ ကြိုးလဲကြိုးစားဖြစ်ပါတယ်။ ကျွန်တော်သေချာလုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့ စာမေးပွဲတစ်ခုအတွက် ကျွန်တော်အပေါင်းအသင်းအားလုံးနဲ့ အဆက်အသွယ်ဖြတ်ပါတယ်။ ဂိမ်းနဲ့လဲ အဆက်အသွယ်ဖြတ်ပါတယ်။ အပျော်အပါးမှန်သမျှစွန့်လွှတ်ပစ်ပြီး ကိုယ့်ကိုယ်ကို စာကြည့်စက်အဖြစ်ပြောင်းလဲပါတယ်။ ဆုံးဖြတ်ချက်ကိုတည်မြဲစေဖို့ လေးစားရတဲ့ကျွန်တော့ဆရာဆီမှာ မနက်က ညအထိနေလို့ စာကြည့်ပါတယ်။ မသိတာကို ဆရာကိုမေးပါတယ်။ ထမင်းတောင် အိမ်ပြန်မစားပဲ ဆရာ့ဆီကကပ်စားပါတယ်။(ဒါတော့နည်းနည်းများတယ်နဲ့တူပါတယ် )။ ဆရာကလဲသဘောကောင်းတော့ နေ့စဉ်ထမင်းပါကျွေးပြီးစာသင်ပေးပါတယ်။ ကျေးဇူးကြီးတဲ့ ဆရာတစ်ယောက်ပါ။ အလွန်အင်မတန် အပေါင်းအသင်းမင်လို့ ဂိမ်းဆော့တာမက်တဲ့ကျွန်တော်ဟာ ကိုယ့်ဘေးနားကလူတွေ ဂိမ်းအကြောင်းပြောနေရင်တောင် မသိချင်ယောင်ဆောင်ပြီး စာကိုပဲဖိတွန်းတဲ့အထိစာလုပ်ခဲ့ပါတယ်။ စကားတောင်မလိုအပ်ရင်မပြောခဲ့တဲ့အထိပါ။ အရေးကြီးချိန်မှာ ရက်သတ္တပတ်ပေါင်းများစွာ အဲလိုနေခဲ့ပါတယ်။

အဲဒီလိုနဲ့ seminar တွေတက်၊ ဘာသာရပ်တွေလေ့လာ၊ ကျူရှင်တွေတက်၊ စာတွေလုပ်၊ စာမေးပွဲတွေဖြေနေရာကနေ ကျွန်တော်အရမ်းတက်ချင်တဲ့ အင်ဂျင်နီယာကျောင်းတက်ခွင့်ကို နောက်ဆုံးမှာရခဲ့ပါတယ်။လွယ်လွယ်နဲ့တော့မဟုတ်ပါဘူး။ သူများတွေအလွယ်တကူရတဲ့ကျောင်းကို ကျွန်တော်တစ်ယောက်ကအသက်ကြီးမှစာတွေအသစ်သင်၊ အသည်းအသန်၊ဝရုန်းသုံးကားစာတွေလုပ်၊ ပင်ပန်းတကြီး၊ အပတ်တကုပ်ကြိုးစားပြီးတဲ့နောက်မှာမှရခဲ့တာပါ။ ကျောင်းပေါင်းများစွာရဲ့ ငြင်းပယ်မှုကို အစဉ်တစိုက်ခံပြီးတဲ့နောက်မှာပေါ့။
စင်ကာပူနိုင်ငံနဲ့ ထိုင်းနိုင်ငံနှစ်နှစ်ငံက အင်ဂျင်နီယာ ကျောင်းနှစ်ကျောင်းမှာတက်ခွင့်ရခဲ့ပြီး ကျွန်တော့အတွက်ပိုအဆင်ပြေတဲ့ စင်ကာပူနိုင်ငံကကျောင်းကိုရွေးခဲ့ပါတယ်။

ချောမွေ့နေတဲ့ ဘဝလမ်းကိုစွန့်လွှတ်ပြီး၊ မသေချာမရေရာတဲ့ ခရီးတစ်ခုကိုစခဲ့ပေမယ့်၊ ယုံကြည်စိတ်နဲ့ကြိုးစားမှုကြောင့် ကျွန်တော်အောင်မြင်ခဲ့ပါတယ်။ " အမှန်တကယ်သာ နည်းလမ်းရှိပြီး၊ သေချာအားစိုက်ထုတ်ကြိုးစားရင် ဘယ်အရာမဆိုအောင်မြင်နိုင်တယ် " ဆိုတဲ့ အလွန်အင်မတန် အဖိုးထိုက်တန်တဲ့ သင်ခန်းစာကို ကိုယ်တိုင်လက်တွေ့သိမြင်ပြီးရလိုက်သလို၊ လောကဓံတော်တော်များများကိုလဲ ခံနိုင်ရည်ရှိသွားတဲ့ အကျိုးကိုရလိုက်ပါတယ်။ ခုတော့ လုံးဝအသစ်တစ်ခုကနေစခဲ့တဲ့ ပတ်ဝန်းကျင်သစ်တစ်ခုမှာ အပေါင်းအသင်းအသစ်၊ နည်းပညာအသစ်၊ ရှေ့ ရေးအသစ်တွေနဲ့ ကျွန်တော်ဖြစ်နေပါပြီ။ ကျွန်တော်ဝါသနာပါတဲ့ စာတွေရေးဖို့ ကိုယ်ပိုင်ဘလော့လေးတစ်ခုလုပ်ခွင့်ရတာနဲ့ တခြားအတွေ့အကြုံသစ်တွေအများကြီးရတာကိုလဲ ထည့်ပြောသင့်တယ်လို့ထင်ပါတယ်။ ရှေ့ ကို ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင် လှော်ခတ်ရင်းစောင့်ကြည့်ရမှာဦးမှာပါ။

No comments:

Post a Comment