ပျင်းရိခြင်းဟာ နေရောင်ခြည်အောက်မှာ ကခုန်မြူးတူးနေတယ်။ သန်စွမ်းပြီး ကြံခိုင်တဲ့သူရဲ့  ခြေလက်တွေကို ငြီးငြီးငွေ့ငွေ့နဲ့ ဆန့်တန်းလိုက်၊ ကွေးလိုက်နဲ့ပေါ့။ ရီဝေဝေမျက်လုံးတွေကို မှေးစင်းပြီး သူ့ဘဝကိုကျေနပ် ကြည်နူးလို့နေတယ်။ ကမ္ဘာကြီးဟာ တယ်လှပ သာယာပါလား။
သူ့ဘဝရဲ့ သက်တမ်းတစ်လျှောက်ကို ပြန်ငဲ့ကြည့်လိုက်တော့.....တယ်လဲ အတက်အကျမြန်တာပဲ လို့ ပြန်တွေးမိသွားတယ်။ သူ့မှာ ပုန်းစရာချောင်မရှိလောက်အောင် သိမ်ငယ်ခဲ့ရဖူးသလို အလွန်အင်မတန် အောင်မြင်ခဲ့တဲ့ အချိန်တွေကလဲ ဒုနဲ့ဒေး။ ခုရော???? ခုတော့ ဘယ်လိုနေပါလိမ့်။ သန်စွမ်းခိုင်မာတဲ့သူရဲ့  လက်တွေကို ဆုပ်လိုက် ဖြန့်လိုက်လုပ်ကြည့်လိုက်တာနဲ့ တင်ပြန်တွေးစရာမလိုလောက်အောင် ခိုင်မာသွားပါတယ်။ သူတော်တော် သန်စွမ်းနေပြီပဲ။ ဟုတ်တယ်။ သူ့ရဲ့  ကိုယ်ခန္ဓာကလဲ အဆမတန်ကြီးထွားလို့....။ တစ်ကမ္ဘာလုံးမှာ သူတစ်ယောက်ထဲပဲ ရှိသလို ကခုန်မြူးတူးလို့။ အိုး...သူတော်တော် အောင်မြင်နေပြီပဲ။ " ငါကွ " လို့ လက်မ ထောင်ချင်စိတ်ကို မြိုသိပ်လို့ မရတော့ဘူး။ ဂီတသံကြားမှာ တစ်ငြိမ့်ငြိမ့်မျောရင်း ခေါင်းကိုမော့လို့ ရင်ကိုကော့ထားမိလေတော့တယ်။ ငါဟဲ့ ပျင်းရိခြင်း.......။
သူ့ကို ကြည့်မရတဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းကတော့ မျက်ထောင့်နီကြီးနဲ့ ကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်ရှာဘူး။ ဘယ်တတ်နိုင်ပါ့မလဲလေ....ပျင်းရိခြင်းကို အပြတ်အသတ်ထောက်ခံနေတဲ့ အာရုံလွင့်ပါးခြင်းတို့၊ ရေသာခိုခြင်းတို့၊ အပျော်အပါးမက်ခြင်းတို့ ညီအစ်ကိုသုံးယောက်က တစ်ရစ်ဝဲဝဲနဲ့ ဘေးမှာ လာပြီးစောင်းကြည့်နေကြတာကိုး။ သူတို့အားကောင်းတုံးတော့ လုပ်ကြပါစေလေ။ တူဖြစ်ရင်နှံ၊ ပေဖြစ်ရင်တော့ ခံ ဖို့ပြင်ထားကြပေါ့ကွာ။
"ဒုန်း" ဆိုတဲ့ အသံကြီးနဲ့အတူ ပျင်းရိခြင်းခါးကော့သွားတယ်။ မကော့ပဲခံနိုင်ရိုးလား...ဆောင့်ကန်ခံလိုက်ရတဲ့အားက နည်းမှမနည်းတာ။ ဒေါသတကြီးနဲ့ လှည့်ကြည့်လိုက်တော့....လားလား...ခါးထောက်ပြီး စိမ်းစိမ်းကြီး ကြည့်နေတဲ့ ကြောက်စရာသတ္တဝါတစ်ကောင်...။ ဘယ်သူရှိရမှာလဲ။ စိတ်အားထက်သန်ခြင်းပေါ့....။ ပျင်းရိခြင်းရဲ့  ငယ်ကြောက်၊ တစ်သက်လုံး အရှုံးပေးရတဲ့ စိတ်အားထက်သန်ခြင်း။ ဆံပင်ကတော့ စုတ်ဖွားနဲ့။ တစ်ချောင်ချောင်မှာ အိပ်နေရာကနေ ထလာပုံရတယ်။ ပျင်းရိခြင်းရဲ့  အဆမတန် ကြီးထွားနေတဲ့ကိုယ်ခန္ဓာကြီးက ကြောက်လွန်းလို့ကြုံ့ ဝင်သွားလိုက်တာ
စိတ်အားထက်သန်ခြင်းကို မော့ကြည့်နေရတဲ့အထိဖြစ်သွားတော့တယ်။ ကြောက်ပါတယ်ဆိုမှ စိတ်အားထက်သက်ခြင်းဆိုတဲ့ အကောင်ကလည်း ကြီးကြီးလာလိုက်တာ။ ရပ်မှ ရပ်ပါတော့မလား။
စိတ်ပျက်လက်ပျက်ဖြစ်နေတဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းရဲ့  မျက်လုံးတွေလက်ခနဲဖြစ်သွားတယ်။ စစ်ကူရောက်လာပြီကိုး။ အာရုံလွင့်ပါးခြင်း၊ ရေသာခိုခြင်းနဲ့ အပျော်အပါးမက်ခြင်းညီအစ်ကိုသုံးယောက်ကို ခပ်တင်းတင်းတစ်ချက်ကြည့်လိုက်တယ်။ မင်းတို့ နာဖို့သာပြင်ပေတော့ပေါ့။ ညီအစ်ကိုသုံးယောက်လုံး မျက်ခုံးလှုပ်သွားကြတယ်။ သူတို့အကြီးအကဲ ပျင်းရိခြင်းကိုကြည့်လိုက်တော့လဲ စိတ်အားထက်သန်ခြင်းနဲ့ယှဉ်ရင် မြင့်မိုရ်တောင်နဲ့ ဇီးစိလောက်ရှိရှာတော့တယ်။
"ယား" ခနဲအော်ပြီး စိတ်အားထက်သန်ခြင်းဆီကို တစ်စုံတစ်ယောက်ပြေးသွားတာ အားလုံးတွေ့လိုက်ရတယ်။ ဘယ်သူများလဲမှတ်တယ်....အလစ်ရမလားလို့ဝင်တိုက်တဲ့ ညီအစ်ကိုသုံးယောက်ထဲက အကြီးကောင်။ စိတ်ပျံ့ လွင့်ခြင်း (ခ) အာရုံလွင့်ပါးခြင်း ဆိုတဲ့အကောင်။ စိတ်အားထက်သန်ခြင်းက လှည့်တောင်မကြည့်ဘဲ လက်နဲ့ယက်ထုတ်လိုက်တာ ကြမ်းပြင်ပေါ်မှာ ခွေခွေလေးလဲနေရှာတော့တယ်။ "ငါရှိနေရင် ဘယ်သူမှ ရွ ဖို့မစဉ်းစားနဲ့ " တဲ့။ စိတ်အားထက်သန်ခြင်းက ကြုံးဝါးလိုက်တယ်။ ကြိုးကြောင်းဆင်ခြင်ခြင်းကတော့ တော်တော်ကျေနပ်နေတယ်။ ခုမှ လောကကြီးက တစ်ကယ်ကောင်းတော့မှာလို့ တွေးရင်းနဲ့။
အခြေအနေကို အကဲခတ်မိတဲ့ ပျင်းရိခြင်းက သူ့တပည့်သုံးယောက်ကို လက်တို့ပြီး လွတ်ရာကျွတ်ရာကို သုတ်ခြေတင်ကြလေတော့တယ်။ ပျင်းရိခြင်းတစ်ယောက်ကလွဲလို့ ကျန်တဲ့သူတွေ မလွတ်ရှာပါဘူး။ ကျိုးကြောင်းဆင်ခြင်ခြင်းက ညီအစ်ကို သုံးယောက်ကိုဖမ်းဆွဲထားလိုက်တာကိုး။ အာရုံလွင့်ပါးခြင်း၊ ရေသာခိုခြင်းနဲ့ အပျော်အပါးမက်ခြင်းတို့ ညီအစ်ကိုသုံးယောက်ဟာ ကျိုးကြောင်းဆင်ခြင်ခြင်းရဲ့  စိတ်ဓါတ်ပြုပြင်ရေးစခန်းကို အပို့ခံကြရရှာတော့တယ်။ စခန်းမှာ အဓိကသင်တန်းမှူးက ရုပ်ဆိုးဆိုးနဲ့ အလုပ် ဆိုတဲ့အကောင်ကြီး။ အလုပ်ပြီး အလုပ်၊ အလုပ် အလုပ်နဲ့..... ညီအစ်ကိုသုံးယောက်လဲ အပိုးကျိုးရတော့မှာပါကလား။
တက်ကြွနေတဲ့စိတ်အားထက်သန်ခြင်းကို ကျေကျေနပ်နပ်ကြီးကြည့်နေတဲ့ကျိုးကြောင်းဆင်ခြင်ခြင်းက တစ်ယောက်ထဲပြောနေတယ်။ အလုပ် ရယ်၊ စိတ်အားထက်သန်ခြင်းရယ် ဒီနှစ်ယောက်ရှိရင် မကောင်းတဲ့ကောင်တွေ မခံနိုင်ပါဘူးတဲ့။ အဲ...သူမမြင်ရတဲ့ ချောင်တစ်ချောင်မှာတော့ အခွင့်အရေးကိုချောင်းနေတဲ့ ပျင်းရိခြင်းရှိလေရဲ့ ။ ကျိုးကြောင်းဆင်ခြင်ခြင်းကလဲ သိပါတယ်။ အခွင့်အရေးရတာနဲ့ ပျင်းရိခြင်းပြန်ဝင်လာမယ်ဆိုတာ။ ဒီတော့ ဘယ်လိုလုပ်ကြမလဲ....။ စိတ်အားထက်သန်ခြင်း ပြန်အိပ်ပျော်မသွားအောင် ပဲ တတ်နိုင်သလောက် ကြိုးစားရတော့မှာပေါ့။ အလုပ် ကတော့ စိတ်အားထက်သန်ခြင်းကို နိုးကြားနေစေမယ့် အကောင်းဆုံးအဖော်ဖြစ်မယ် မျှော်လင့်မိပါရဲ့ ။
နေရောင်ခြည်ဖြာနေတဲ့ နေ့တစ်နေ့မှာ.......ကခုန်နေတဲ့ စိတ်အားထက်သန်ခြင်းရယ်... အခွင့်အရေးကိုချောင်းပြီး ပုန်းအောင်းနေတဲ့ ပျင်းရိခြင်းရယ်...သူတို့ဆရာပြန်အလာကို စောင့်မျှော်နေတဲ့ စိတ်ပျံ့ လွင့်ခြင်း၊ ရေသာခိုခြင်းနဲ့ အပျော်အပါးမက်ခြင်း ညီအစ်ကိုသုံးယောက်ရယ် အသီးသီး ရှိခဲ့ကြလေတယ်။ နေရောင်ခြည် ဖြာနေတဲ့ လှပတဲ့နေ့တစ်နေ့မှာပေါ့........။
No comments:
Post a Comment