Saturday, July 28, 2012

မျက်ရည်စက်လက် ခံရခက်သည် ဘာမှမပြောသာပါ တကား

ဇိုဇိ တို့ စင်ကာပူနိုင်ငံက ပိုလီကျောင်းဆင်း ပူပူနွေးနွေးဘဝပေါ့။ အလုပ်တွေလုပ်တော့မဟဲ့.....မိဘကျေးဇူး တစ်ပြန်တစ်လှည့်ဆပ်ရတော့မဟဲ့ဆိုပြီး ကြွတ၊ ကြွတ နဲ့ ဘယ်ကုမ္ပဏီကောင်းလဲ၊ ဘယ်အလုပ်လစာများလဲ ဆိုပြီးလေ့လာလို့ကောင်းတုံး။ သူငယ်ချင်းတွေနဲ့ အလုပ်အကြောင်းတိုင်ပင်တုံး။ အလုပ်လျှောက်လို့ကောင်းတုံး။

အဲ...ခုမှသတိရတယ်။  Student Pass ပြန်အပ်ပြီး အသစ်ထုတ်ပေးထားတဲ့ Student Pass Cancelation form နဲ့ ကျွန်းနိုင်ငံလေးမှာ သုံးလနေထိုင်ခွင့်ရထားတာ ပြည့်တော့မယ်။ ၃ ပတ် လောက်ပဲလိုတော့တယ်။ ဟုတ်ကပြီ။ စင်ကာပူ လူဝင်မှုကြီးကြပ်ရေးမှာ long term stay တစ်နှစ် ပြေးလျှောက်ထားဦးမှ။

သူငယ်ချင်းတွေရဲ့  ခိုင်လုံတဲ့ သတင်းအရ longterm pass လျှောက်ရင် ၁၀ ရက်ကနေ ၁၄ ရက်ပဲကြာတယ်တဲ့။ သေချာအောင် စင်ကာပူလူဝင်မှုကြီးကြပ်ရေးဝက်ဘ်ဆိုက်မှာ ဝင်ကြည့်။ ဟုတ်တယ်။ အနည်းဆုံး နေထိုင်ခွင့် ၁၀ ရက်ကျန်ရင်လျှောက်လို့ရတယ်။ အဲ...အဲ...နေဦး။ ပတ်စ်ပို့သက်တမ်းက ၆လလောက်တော့ လိုမယ်တဲ့။ မှန်းစမ်း ငါ့ပတ်စ်ပို့။ ဟဲ့...၅ လ ခွဲဆိုပါလား။ မဖြစ်သေး သက်တမ်းတိုးထားဦးမှ။ တစ်လက်စတည်း မြန်မာသံရုံးဝက်ဘ်ဆိုက်မှာ ရက်ချိန်းယူ။

ပလုတ်တုတ်....။ ရက်ချိန်းများအားလုံးပြည့်နေပါသည်....နောက်နေ့မှတစ်ခါဝင်ကြည့်ပါ ဆိုပါလား။ အဲဒါမှ ဂွ။ သံရုံးမှာ ပတ်စ်ပို့သက်တမ်းတိုးရင် ၂ ရက်ပဲကြာမှာဆိုတော့ ကိစ္စမရှိသေး။ မနက်ဖြန်မှ ထပ်ပြီး ရက်ချိန်းယူမှ။ စင်ကာပူလူဝင်မှုကြီးကြပ်ရေး (ICA) ကတော့ ပတ်စ်ပို့ရမှ သွားတော့မယ်။ ၂ ပတ်လောက်အလိုမှာရမှာဆိုတော့ အတော်ပါပဲ။ ကိုယ်ကစောတောင် စောနေသေးတယ်။

မနက်ဖြန်ရောက်ပြီ။ မနက်စောစောထ...ရက်ချိန်းယူ။ အလို....၊“ ပြည့်နေပါသည် မနက်ဖြန်မှ ထပ်ဝင်ကြည့်ပါ” ဆိုပါလား။ အင်း...မနက်ဖြန်ဆိုလဲ မနက်ဖြန်ပေါ့။

ဒီလိုနဲ့ မနက်ဖြန်၊ သဘက်ခါ၊ ဖိန်းနွဲခါ၊ နောက်တစ်နေ့၊ tomorrow၊ the day after tomorrow၊ the day after the day after tomorrow ။ “ ပြည့်နေပါသည်...မနက်ဖြန်မှတစ်ခါပြန်ဝင်ကြည့်ပါ” လို့ပြောနေတုံးပါလား...။ ဘုရား ဘုရား။

နောက်ထပ် ၂ ရက် သုံးရက်ခန့် မနက်၊ နေ့လည်၊ ည၊ ဝေလီဝေလင်း၊ နေဝင်ရီတရော၊ မမှောင့်တစ်မှောင်၊ ညသန်းခေါင် အချိန်အားလုံး သံရုံးဝက်ဘ်ဆိုက်သို့ဝင်ကြည့်။ အဖြေက ထူးမခြားနား။ မှားနေပြီ...တစ်ခုခုတော့ မှားနေပြီ။

နီးစပ်ရာသူငယ်ချင်းတွေကို ဖုန်းဆက်မေး။ passport လုပ်ပေးတဲ့ agent တွေကိုဖုန်းဆက်မေး။ သံရုံးကိုတော့ မမေးတော့ပါဘူး။ ဖုန်းမကိုင်ဘူး...ကိုင်ရင်လဲမေးတာမဖြေဘူး ဆိုတာ ကြားထားပြီးသား။ ဒီတော့ တစ်ခြားသူတွေကိုမေး။ ဟုတ်တယ်...ကိုယ်တစ်ယောက်ထဲမဟုတ်ဘူး..။လူတိုင်းလုပ်လို့မရတာတဲ့။
သံရုံးဝက်ဘ်ဆိုက်က ပျက်နေတာတဲ့။ အော် ဂလိုလား။ ကိစ္စမရှိ သံရုံးကို သွားလိုက်တာပေါ့။ အချိန်တွေတောင် တော်တော်ကုန်သွား။ နှမြောစရာ။

သံရုံးကိုရောက်သောအခါ....
နေ့ခင်းသုံးနာရီခန့်ဆိုတော့ သံရုံးတွင်လူမတွေ့။ စောင့်နေသည့် လူများကလည်း တစ်ယောက်စ၊ နှစ်ယောက်စ။ ကောင်တာအားလုံးကလဲ လိုက်ကာချ၍ပိတ်ထား။ ငါ့နှယ်...ဘယ်သူ့ကို ဘယ်လိုမေးရပါ့။

ကံကောင်းထောက်မစွာနဲ့ သံရုံးကအစ်မကြီးတစ်ယောက်ကို လိုက်ကာကြားကနေဖျတ်ကနဲတွေ့ ၊ ပျောက်မသွားခင် အတင်းပြေးခေါ်။ အကျိုးအကြောင်းမေး။

“ဟုတ်တယ်မောင်လေးရဲ့ ၊ သံရုံးဝက်ဆိုက်ဒေါင်းနေတာ။ ပြင်နေကြပြီ။ တနင်္လာနေ့ မနက်ဆို ၉ နာရီထိုးတာနဲ့စလျှောက်လို့ရပြီ။”

“ဟိုလေ...အစ်မ၊ ဒီနေ့မှ ဗုဒ္ဓဟူးဆိုတော့ မနက်ဖြန်မနက်ကျွန်တော်လာခဲ့လို့ မရဘူးလား။ အချိန်သိပ်မရှိတော့လို့”

“ မဟုတ်ဘူးမောင်လေးရဲ့ ၊ အွန်လိုင်းကနေ appointment ယူရတယ်။ အစ်မတို့က အဲဒီက ဘားကုဒ်လေးပါမှ လုပ်ပေးလို့ရတာ။ အဲဒီစာရွက်လေး ရအောင် print ထုတ်ခဲ့...တနင်္လာနေ့ မနက်၉ နာရီနော်မောင်လေး....ဟုတ်ပြီလား”


“ ဟုတ်....ဟုတ်၊ အစ်မ။ ကျေးဇူးပါပဲ”

ဇိုဇိတို့ ဒုက္ခရောက်တော့မည်။ သံရုံး၏ ဒေါင်းနေသောဝက်ဆိုက်ကို ယုံကြည်၍ နေ့စဉ်ကြိုးစားပမ်းစား ဝင်ကြည့်နေတာက ၇ရက်၊ တစ်ပတ် မက ၁၀ ရက်ခန့်။ နောက်ထပ် ၅ရက်ခန့် ထပ်စောင့်ရဦးမယ်ဆိုတော့ မဖြစ်တော့။ နေထိုင်ခွင့်ကုန်တော့မည်။ Over stay နှင့်အဖမ်းခံနေရပါက ကွပြီ။  ICA ကိုသွားပြီး နောက်ထပ်တစ်လခန့် နေထိုင်ခွင့်သက်တမ်း တိုးထားမှ။

နောက်တစ်ရက် ICA ကိုအပြေးကလေးသွား။ အကျိုးအကြောင်းပြောပြ။ တာဝန်ကျအရာရှိက သေချာရှင်းပြတာက long term stay လျှောက်ရန် passport သက်တမ်း၅ လနှင့်မဖြစ်နိုင်ကြောင်း၊ visit pass မှာလည်း ၃ လပေးပြီး ဖြစ်၍ ထပ်မံ၍တစ်လပေးရန်မှာ သူတို့ရုံး policy အရမဖြစ်နိုင်ကြောင်း၊ဆိုပါကလား...။

ဘာမဟုတ်သည့် ဝက်ဆိုက်လေးဒေါင်းသည့်ကိစ္စနှင့် ဇိုဇိတို့ အောင်ဖျာလိပ်၍ အောင်မွေးရပ်မြေပြန်ရမည့်ကိန်း။ မဖြစ်သေး..မဖြစ်သေး။ အဲဒီလိုတော့မဖြစ်သေး။ မျက်နှာသေလေးလုပ်ပြီး ကျွန်တော့ ပတ်စ်ပို့မှာ တစ်လခန့်သာနေထိုင်ခွင့်ထပ်ပေးလျှင် သက်တမ်းတိုး၍ရနိုင်ကြောင်း၊ မဟုတ်ပါက မြန်မာပြည်ပြန်ရမှာဖြစ်ပါကြောင်း၊ တစ်လခန့်သာပေးပါ လုံလောက်ပါကြောင်း တို့ကို သနားသွားအောင် အရာရှိအား မျက်ရည်ခံထိုး။

တော်သေးတာပေါ့။ အရာရှိက သနားသွားပြီး သူ့အထက်အရာရှိကိုသွားမေးပေး။ ကဲ...ထုံးစံတော့မရှိဘူး။မင်းကိုတော့ လုပ်ပေးလိုက်မယ်ဆိုပြီး student pass cancelation form လေးပြန်သိမ်းပြီး တစ်လနေထိုင်ခွင့် white card လေး ပြန်ထုတ်ပေးလိုက်လို့။ ပျော်လိုက်တာ...အားလုံးအဆင်ပြေတော့မယ်။

တနင်္လာနေ့မှ ရင်ကော့ခေါင်းမော့ပြီး မြန်မာသံရုံးကိုသွားလိုက်ရော။ အဲဒီမှာ ပြဿနာက အထုပ်လိုက်တွေ့ပါပကောလား။ white card နှင့်ဖြစ်သောကြောင့် သက်တမ်းတိုးမပေးနိုင်....တဲ့။ သေပြီ။

“အဟင့်...အဟင့်၊ အစ်မရယ်...အဲလိုမရက်စက်ပါနဲ့။ ကျွန်တော့မှာ ဒါလေးရဖို့မနည်း မျက်ရည်ခံထိုးခဲ့ရတာပါ။ ဒီမှာ ကျောင်းသားဖြစ်ကျောင်းသက်သေ သုံးနှစ်တက်ခဲ့တဲ့ဘွဲ့လက်မှတ်လည်းရှိပါတယ်။ ကျောင်းသားကတ်လေးတွေလည်းရှိပါတယ်။ ”

မရဘူးမောင်လေးရဲ့ ၊ မင်းမှာ student pass cancelation form ကလဲ မရှိတော့”


“ဘယ်လိုလုပ်ရှိမှာလဲ အစ်မရယ်၊ ပြန်အပ်လိုက်ရတဲ့ဟာကို ၊ ဘာနည်းလမ်းမှ မရှိတော့ဘူးလား ”


“ရှိတာပေါ့ မောင်လေးရယ်၊ long term pass ရအောင်လုပ်ခဲ့၊ status တစ်ခုနဲ့သာနေ၊ အစ်မ သက်တမ်းတိုးပေးမယ် ”

“ဟင်......အစ်မရယ်၊ passport သက်တမ်းမရှိပဲ ဘယ်သူက long term pass ပေးမှာလဲ၊ ကူညီလို့မရဘူးလားဗျာ။ ကျွန်တော်ဒီမှာ ကျောင်းသုံးနှစ်တက်ကြောင်း တစ်ခြားသက်သေစာရွက်စာတမ်းတွေ အများကြီးရှိပါတယ်။ ဘွဲ့လက်မှတ်တွေရော၊ ကျောင်းသားကတ်တွေရော။”


“ မရဘူးမောင်လေးရယ်၊ ကျောင်းသားဖြစ်ကြောင်း ကျောင်းထောက်ခံစာ၊ student pass အဲဒါတွေမပါရင် white card ကိုလုပ်ပေးလို့မရဘူး။ လုပ်လို့ရကြေးဆို လူတိုင်းစင်ကာပူလာပြီး passport လုပ်ကုန်ကြမှာပေါ့...မဟုတ်ဘူးလား”

ဒါနဲ့ ICA မှာတုံးက သူ့အထက်ကအရာရှိကိုသွားမေးပေးပြီး အဆင်ပြေအောင်လုပ်ပေးလိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးအရာရှိကို သတိရတာနဲ့ မရဲတရဲလေး


“  ဒါဖြင့်အစ်မရယ်....အစ်မအပေါ်က ဆုံးဖြတ်ပေးနိုင်တဲ့ officer နဲ့တွေ့ပြီး ပြောပြပါရစေလား ”


“ အစ်မက officer ပဲလေ မောင်လေးရဲ့ ။ မရပါဘူးဆို ”

မှတ်ကရော....ကိစ္စပြတ်ပဟ။

“ ရက်စက်လိုက်တာ..အစ်မရယ်၊ ICA ကတောင် ကျွန်တော့ကို အဆင်ပြေအောင်လုပ်ပေးလိုက်သေးတယ်။ ကျွန်တော့နိုင်ငံသံရုံးကမှပဲ ဆင်တစ်ကောင်လုံးမြင်ရဲ့ သားနဲ့ ဆင်ဖြစ်ကြောင်းသက်သေခံ ဆင်ခြေရာ မတွေ့ရလို့ ဆိုပြီး ဘွဲ့လက်မှတ်တွေကို အသိအမှတ်မပြုပဲ မြန်မာပြည် ပြန်လွှတ်ရက်တယ်....အဟင့် အဟင့် ရွှတ်”


“ ပတ်စ်ပို့သက်တမ်းမရှိမှတော့ ဘယ်အလုပ်ကလဲ ခေါ်ပြီး  S pass လျှောက်ပေးတော့မလဲ၊ ဘယ် longterm pass ကလဲ ကျလာတော့မလဲ....အစ်မရဲ့ ...အဲ့အဲ့...ဗြဲ။ ”

္က္ကဤသို့ဖြင့်.... စင်ကာပူတွင်နေထိုင်၍ ကျောင်းတက်ခဲ့သည်ဟု သက်သေမခိုင်လုံရှာလေသူ မောင်ဇိုဇိတစ်ယောက် ပတ်စ်ပို့သက်တမ်းတိုးရန် မြန်မာနိုင်ငံသို့ မျက်ရည်စက်လက်နှင့် အောင်မြင်စွာ ဆုတ်ခွာသွားလေသတည်း....................။                        ။

No comments:

Post a Comment