Friday, January 23, 2015
ဆင်ခြင်တုံတရားနဲ့ ပညာဉာဏ်
ဆင်ခြင်တုံတရားနဲ့ ပညာဉာဏ်
******************************
ဆင်ခြင်တုံတရားဆိုတာ မိမိ လုပ်ရပ်တစ်ခုခုကြောင့်ဖြစ်လာမယ့် အကျိုးဆက်ကို ကြိုတင်သိမြင်ပြီး မဖြစ်သင့်တာမဖြစ်ရအောင်၊ ဖြစ်သင့်တာဖြစ်ရအောင် ဖြစ်စေ၊ ဖြစ်လာမယ့်အကျိုးဆက်တွေကို သေသေချာချာ သိမြင်ပြီးလက်သင့်ခံဖို့ပြင်ဆင်ထားလို့ဖြစ်စေ၊ ကိစ္စတစ်ခုခုကို ပြောဆို၊ ဆောင်ရွက်ဖို့ဆုံးဖြတ်ရာမှာ လက်ကိုင်ထားတဲ့တရားပါ။ ဆင်ခြင်တုံတရားဟာ ပညာဉာဏ်ကလာပါတယ်။ အိမ်တစ်အိမ်ရှေ့မှာ ထီးတစ်လက်ချိတ်ထားတာတွေ့တဲ့အခါ ပိုင်ရှင်မရှိတုံးမှာမှ မယူလိုက်ရင် မိုက်မဲရာကျပေမပေါ့ဆိုတာ ခိုးသူတစ်ယောက်ရဲ့ ဆင်ခြင်တုံတရားဖြစ်ပြီး၊ ကိုယ့်ပစ္စည်းမဟုတ်တဲ့အတွက်ကြောင့်မယူပါဘူး ဆိုတာက လူကောင်းတစ်ယောက်ရဲ့ဆင်ခြင်တုံတရားပါ။ ဒါဟာ ပညာဉာဏ်နဲ့ဆိုင်ပါတယ်။ ပညာဆိုတာ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်သောဉာဏ်လို့ မြန်မာစာမှာ အနက်ဖွင့်ပါတယ်။ ဒီတော့ လူတိုင်းက ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် ထင်ရာလုပ်ကြပေမယ့် ပညာဉာဏ်မပါတဲ့ ဆင်ခြင်တုံတရားဟာ ဆင်ခြင်တုံတရားအစစ်မဟုတ်ပါဘူး။
“တစ်ရွာမပြောင်းသူကောင်းမဖြစ်” ဆိုတဲ့စကားပုံနဲ့ “သေချင်တဲ့ကျားတောပြောင်း” ဆိုတဲ့မြန်မာစကားပုံနှစ်ခုက ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်ထင်ရပေမယ့် တစ်ကယ်ကတော့ ကိစ္စရပ်တွေကို ဆင်ခြင်တုံတရားနဲ့ဆောင်ရွက်ဖို့ သတိပေးတဲ့စကားပုံတွေပါ။ ပြောင်းသင့်တဲ့အချိန်မှာ ပြောင်းပြီး၊ မပြောင်းသင့်တဲ့အချိန်မှာ မပြောင်းဖို့ပါပဲ။ အလားတူပဲ “ ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်” ဆိုတဲ့ လုပ်စရာကိုရဲရဲဝံ့ဝံ့လုပ်ဖို့အားပေးတဲ့စကားပုံနဲ့ “ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိ” ဆိုတဲ့ နေမြဲအတိုင်းနေဖို့အားပေးတဲ့ တစ်ခုနဲ့တစ်ခု ဆန့်ကျင်တဲ့အနက်ရှိတဲ့ စကားပုံနှစ်ခုလဲရှိပါတယ်။ ဆိုလိုတာက အချိန်အခါနဲ့ အခြေအနေကိုကြည့်တတ်ဖို့ပါ။ အဲဒီလို ပြောင်းသင့်တဲ့အချိန်၊ မပြောင်းသင့်တဲ့အချိန်နဲ့ ရဲသင့်တဲ့အချိန် မရဲသင့်တဲ့အချိန်ကိုသိဖို့အတွက်ကတော့ ပညာဉာဏ်ချွန်းအုပ်တဲ့ ဆင်ခြင်တုံတရားလိုပါတယ်။
ပညာဉာဏ်ကို အကြားအမြင်ဗဟုသုတတွေဆည်းပူးခြင်း၊ ဖြစ်ပြီးသောအရာများ၊ ဖြစ်နေသောအရာများ(သမိုင်း)တွေကိုလေ့လာခြင်း၊ မိမိပတ်ဝန်းကျင်ကိုလေ့လာခြင်း၊ ကိုယ်ပိုင်အတွေ့အကြုံ စတာတွေနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ပေါင်းစပ်သုံးသပ်ရာကရနိုင်ပါတယ်။ သမိုင်းကိုကြည့်ရင်လဲ ဘာတွေလုပ်ခဲ့လို့ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိခဲ့တယ်ဆိုတာ ထင်ထင်ရှားရှားတွေ့နိုင်တယ်။ မိမိပတ်ဝန်းကျင်ကိုကြည့်ရင်လဲ ဘယ်အကြောင်းတရားတွေကြောင့် ဘာအကျိုးတရားတွေဖြစ်နေတယ်ဆိုတာ သဘောပေါက်သိမြင်နိုင်တဲ့ကိစ္စမျိုးတွေ ရှိပါတယ်။ ဂေါတမဗုဒ္ဓက ကာလမသုတ်မှာဟောခဲ့ပါတယ်။ တစ်ဆင့်စကား (ကောလဟာလ)တိ့ု၊ ရှေးအစဉ်အလာစကား ဖြစ်တယ်ဆိုရုံတို့နဲ့ အမှန်လို့မယုံကြည်ဖို့၊ ဒီလိုဖြစ်ဖူးတယ်ဆိုရုံ၊ ကျမ်းဂန်နဲ့ညီညွတ်တယ်ဆိုရုံ၊ နည်းမှီပြီးယူလို့ရတယ်ဆိုရုံနဲ့ အမှန်လို့မယုံကြည်ဖို့၊ ကျိုးကြောင်းဆီလျော်သလိုရှိတယ်၊ အထောက်အထားရှိတယ်လို့ဆိုယုံနဲ့ မယုံကြည်ဖို့၊ ယုံကြည်ထိုက်သူရဲ့စကားဖြစ်တယ်ဆိုရုံ၊ မိမိဆရာရဲ့စကားဖြစ်တယ်ဆိုရုံနဲ့ အမှန်လို့မယုံကြည်ကြဖို့။ တစ်ဆက်တည်းမှာပဲ ကိစ္စတစ်ခုနဲ့ပက်သက်တဲ့အခါ အကျိုးမဲ့ကြောင်း၊ ပညာရှိတို့ကဲ့ရဲ့အပ်ကြောင်း၊ မကောင်းမှုဖြစ်ကြောင်း မိမိကိုယ်တိုင်သိတဲ့အခါမှာ အဲဒီယုံကြည်ချက်ကိုစွန့်ပယ်ပြီး၊ အကျိုးတရားရှိကြောင်း၊ ပညာရှိတို့ချီးမွမ်းအပ်ကြောင်း၊ ကောင်းမှုဖြစ်ကြောင်းမိမိကိုယ်တိုင် သိမြင်တဲ့အခါမှာမှသာ ယုံကြည်ကျင့်ကြံကြဖို့ ဟောပြောခဲ့ပါတယ်။ အဲဒီတော့ မိမိသိမြင်ဆည်းပူးထားတဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေနဲ့ လက်တွေ့ကိုပေါင်းစပ်၊ ကိုယ်ပိုင်ဉာဏ်နဲ့သုံးသပ်လို့ အမှန်အမှား၊ အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြမ်းစိတ်ဖြာရမှာပါ။
နောက်ဆုံးအနေနဲ့ကတော့ ကိစ္စရပ်တစ်ခုခုကို ရေးတော့၊ပြောတော့၊ လုပ်တော့၊ ဖြန့်ချီတော့မယ်ဆိုရင် ပညာဉာဏ်ကြီးမှူးတဲ့ ဆင်ခြင်တုံတရားကို အသုံးပြုရုံမက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အမှန်တရားကိုမျက်ကွယ်ပြုစေနိုင်တဲ့တရားတွေမစွက်ဖက်အောင်ရယ်၊ ကြောက်လို့၊ချစ်လို့၊မုန်းလို့၊ နားမလည်မသိတတ်လို့ လုပ်လိုက်၊ ပြောလိုက်တာဆိုတဲ့ အဂတိတရားလေးပါးကနေကင်းလွတ်အောင်ရယ် အမြဲသတိပြုရမှာပါ။ အနှစ်ချူပ်ကတော့ အများအကျိုးပျက်စီးရာပျက်စီးကြောင်းကလွဲလို့၊ လူတွေရဲ့လောဘ၊ ဒေါသတွေကို ဆွပေးရုံကလွဲလို့၊ အမုန်းတရားတွေကိုကြီးထွားပွားများစေတာကလွဲလို့  ကောင်းကျိုးတစ်စုံတစ်ရာမရှိစေတဲ့ ရေးသား၊ပြောဆို၊ ဆောင်ရွက်ချက်တွေကို ရှောင်ဖယ်နိုင်ပြီး ဉာဏ်ပညာကြီးမှူးတဲ့၊ အဖက်ဖက်ကပြည့်စုံကောင်းမွန်တဲ့ ပြောဆိုချက်၊ ရေးသားချက်၊ ပြုမူဆောင်ရွက်ချက်မျိုးတွေကိုသာ ဆင်ခြင်တုံတရားနဲ့ပြည့်စုံတဲ့ အပြောအဆို၊ အရေးအသား၊ အပြုအမူတွေ လို့ခေါ်ရမှာဖြစ်ပါတယ်။
မောင်ဇိ
(The Voice Daily;Monday, May 15, 2017)
____________________________
******************************
မောင်ဇိ
____________________________
Thursday, January 22, 2015
ကလေးတစ်ချို့ 
ပြန်လာတဲ့အချိန်က မှောင်စပျိုးနေပြီ။
ဘတ်စ်ကားပေါ်ကိုတက်လိုက်တော့ နောက်ဖက်မှာနေရာလွတ်တွေက အများကြီး။
နောက်တံခါးပေါက်ကိုကျော်တဲ့ထိ လျှောက်သွားလိုက်ပြီး လွတ်နေတဲ့ခုံတစ်ခုမှာ ထောင့်ထိရောက်အောင်ကပ်ထိုင်နေလိုက်တယ်။
ပြီးတော့ ကားအဲကွန်းလေးအေးအေးနဲ့ အိပ်ငိုက်ရင်း စိတ်ချလက်ချပေါ့။
ဆင်းရမှာက ဂိတ်ဆုံးလေ။
ကား ငြိမ့်ကနဲရပ်သွားတာကိုခံစားလိုက်ရပြီး တံခါးတွေပွင့်သွားတဲ့ အသံနဲ့အတူမျက်လုံးကိုဖွင့်လိုက်တော့ ဂိတ်ဆုံးဖြစ်တဲ့ Bus interchange တစ်ခုကိုရောက်နေပြီ။
မတ်တပ်ရပ်၊ ဆင်းမယ်လုပ်တော့ နောက်ထဲက တစ်သောသောထွက်လာနေတဲ့လူတွေကြောင့် ထိုင်ခုံနှစ်ခုကြားထဲမှာပဲ မတ်တပ်လေးရပ်ရင်း စောင့်နေမိတယ်။
 စောင့်ရင်းနဲ့ ဘာရယ်မဟုတ်ကြည့်လိုက်မိတော့ ရှေ့ က ခုံမှာထိုင်နေတဲ့ မိန်းမနှစ်ယောက်ကလဲ ခုံကြားကထွက်ဖို့ ပြူတစ်ပြူတစ်စောင့်နေကြတုံး။
အလယ်မင်းလမ်းကလူတွေကလဲ မကုန်နိုင်မခမ်းနိုင်။
နောက်ကိုလှည့်ကြည့်လိုက်တော့ လမ်းတစ်လျှောက်မှာထွက်လာနေသေးတဲ့လူတွေ။
ကားကလဲ ရှည်တာကိုး။
ပျင်းရိငြီးငွေ့နေတဲ့ စိတ်ကို စိတ်ဝင်စားစရာလေးတစ်ခုက လာရိုက်ခတ်တယ်။
မင်းလမ်းကို ထွက်ဖို့ကြိုးစားနေတဲ့ မိန်းမနှစ်ယောက်နဲ့ မင်းလမ်းအတိုင်းထွက်လာတဲ့ ကလေးမလေးတစ်ယောက် အဆုံမှာ ။
ကလေးမလေးဆိုတာက လူကြီးတစ်ယောက်ရဲ့  ခါးလောက်ပဲ ရှိတဲ့အရပ်နဲ့ ၈ နှစ်၊ ၉ နှစ် အရွယ်ကောင်မလေး သေးသေးလေး။
သူတို့တွေ အဆုံမှာ အဲဒီကောင်မလေးက ရုတ်တရတ်ရပ်လိုက်တယ်။
ပြီးတော့ အပြုံးလေးနဲ့ လက်ကလေးကို ယဉ်ယဉ်ကျေးကျေး ထိုးပြပြီး “သွားပါ” တဲ့။
သူက၊အဲဒီကလေးလေးက....လူကြီးတွေကိုဦးစားပေးလိုက်တာ။
လူကြီးတစ်ချို့ မှာတောင် ရှားပါးမျိုးတုံးလုဖြစ်နေတဲ့ စိတ်ထားကောင်းလေး။
အဲဒီစိတ်ထားကောင်းလေးကို ပြလိုက်တဲ့ကလေးတစ်ယောက်ရဲ့  အပြုအမူလေး။
ကြီးကြီးကျယ်ကျယ်ဖြစ်သွားတာမဟုတ်ပါဘူး။
အမှတ်တမဲ့ ကိစ္စသေးသေးလေးပါ။
 ဒါပေမယ့် ရင်ဘတ်ကို တည့်တည့်လာမှန်တယ်။
သူ့ကို သင်ပေးတဲ့ မိဘတွေက အင်မတန်ယဉ်ကျေးတဲ့သူတွေ ဖြစ်ရမယ်ဆိုတဲ့အထိကို ဖြန့်တွေးမိသွားတယ်။
ကလေးကိုရော၊ သူ့ကိုသင်ကြားပေးခဲ့တဲ့ မိဘတွေ (သို့မဟုတ်) ဆရာကိုလဲ လေးစားစိတ်တွေဝင်မိတဲ့အထိ။
ခရီးတိုလေး တစ်ခု၊ ဒါပေမယ့် စိတ်ကိုကြည့်နူးစေတဲ့ အတွေ့အကြုံလေးကလဲတစ်ခု။
လူပြောမသန် လူသန်မပြော
ပြောနေရရင်ပြီးတာပဲ ဆိုတဲ့သူတွေ များလွန်းလှတယ်။ အသိပညာဆိုတာ သူများနဲ့ ငြင်းခုန်ဖို့၊ ဗဟုသုတဆိုတာ အမြင်မတူသူကိုဆဲဖို့၊ တံဆိပ်ကပ်သူကိုမုန်းတယ်ဆိုတာ ကိုယ်ယုံကြည်ရာကို မယုံကြည်သူတွေကို တံဆိပ်ကပ်ဖို့....။ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးက သာယာလှပါလာပါလိမ့်မယ်။ စောင့်နေပါ။ စောင့်နေလိုက်ပါ။ စောင့်မြဲစောင့်နေလိုက်ပါ။
Saturday, January 17, 2015
ဒီနေ့ တစ်ခုခုချက်မယ်
ခပ်နွေးနွေးရေပေါက်တွေအဆက်မပြတ်ကျနေတဲ့ရေပန်းအောက်မှာ ခေါင်းလျှိုဝင်လိုက်ရင်း ရေမချိုးဖြစ်တာတောင် ဘယ်နှစ်ရက်ရှိနေပြီလဲလို့ တွေးနေမိတယ်။ သုံးရက်လား၊ လေးရက်လား၊ မကဘူးထင်တယ်။ အေးတာကို အကြောင်းပြပြီး ရေမချိုးဖြစ်တာတောင်ကြာပေါ့။ ငယ်ငယ်တုံးက အင်မတန်ပူတဲ့ဒေသ၊ အင်မတန်ပူတဲ့ရာသီမှာတောင် ရေချိုးဖို့အရေး တစ်အိမ်လုံးဝိုင်းဖမ်းကြရတာကို သတိရတော့ ပြုံးမိတယ်။ မေမေကတော့ ထုံးစံအတိုင်း “ငါ့သားရေချိုးပျင်းတာနဲ့၊ ရာသီဥတုကအေးတာနဲ့ကတော့ အကိုက်ပဲ” လို့ပြောမှာသေချာတယ်။
အခန်းထဲမှာ အပူပေးစက်ဖွင့်ထားလို့နွေးနေပေမယ့် အပြင်မှာအေးလိမ့်မယ်။ အပူထိန်းပေးတဲ့ အသားကပ်အင်္ကျီလက်ရှည်၊ အဲဒီပေါ်ကဆွယ်တာ၊ နောက် ခေါင်းစွပ်ပါတဲ့ အနွေးထည်အင်္ကျီတစ်ထည်ကိုပါဝတ်၊ လည်ပင်းထိဇစ်ကိုဆွဲစေ့လိုက်ပြီး အပြင်ကိုထွက်လာခဲ့တယ်။ ဖြင်းခနဲတိုက်လိုက်တဲ့လေအေးအေးကြောင့် စိမ့်ခနဲတော့ဖြစ်သွားတယ်။ ဒီမြို့ က ဆောင်းတွင်းမှာ အအေးဓါတ်ပိုတာအပြင် ဒီလိုလေအေးအေးတွေကြောင့် ပိုပြီးချမ်းစိမ့်စိမ့်ဖြစ်တာ။ ရှုပ်ပါတယ်…ခေါင်းစွပ်ကိုပါ စွပ်ကွာ။
လက်နှစ်ဖက်ကို အင်္ကျီအိတ်ထဲထည့်ပြီး ခပ်သွက်သွက်လျှောက်နေတုံး လမ်းအကွေ့လေးမှာ ကြောင်ဖြူဖြူဝဝတစ်ကောင်ဖြတ်ပြေးသွားတာ တွေ့လိုက်တယ်။ ဒီငနဲနဲ့နောက်နေ့မှ ဘော်ဒါလုပ်ရမယ်လို့ စိတ်ထဲမှာတေးထားလိုက်ပြီး လျှောက်လက်စခြေလှမ်းကို ခပ်သွက်သွက်ဆက်လျှောက်၊ လမ်းမကြီးဘေးရောက်တော့ ဟိုငေး၊ ဒီငေးနဲ့ ပလက်ဖောင်းပေါ်ကနေ ဆက်လျှောက်။ ဆောင်းတွင်းဆိုတော့ အရိုးပြိုင်းပြိုင်းကျနေတဲ့ သစ်ပင်တွေက ပလက်ဖောင်းတစ်လျှာက်မှာ  အစီအရီနဲ့။ ဒီလောက် ကားတစ်စီးမောင်းစာမကကျယ်တဲ့ ပလက်ဖောင်းပေါ်မှာ ၄ယောက်ရင်ပေါင်တန်းပြီး လမ်းပိတ်လျှောက်တဲ့သူတွေကလဲရှိသေး။ တစ်ဆိတ်လောက်လို့ ပြောတာကိုလဲမကြား၊ စကားတွေတစ်ဖောင်ဖောင်ပြောလို့ အော်ကြီးဟစ်ကျယ်နဲ့ အူမြူးနေကြသေး။ ခပ်ကျယ်ကျယ်လေး နောက်တစ်ခေါက် တစ်ဆိတ်လောက်မှပဲ ပျာပျာသလဲနဲ့ စိတ်မရှိပါနဲ့ပြောပြီး လမ်းဖယ်ပေး။ မဆိုးပါဘူး။ ပြန်ပြုံးပြပြီး သူတို့ကိုကျော်တက် အရှိန်နဲ့ဆက်လျှောက် ဒီနေ့ ဘာချက်စားရင်ကောင်းမလဲ စဉ်းစားနေမိတယ်။
အရင်ရက်တွေက စာတွေပိပြီးဖြစ်သလိုစားနေခဲ့တာ။ ခုတော့ ပြဿနာထုပ်တွေကို တစ်ထုပ်ပြီးတစ်ထုပ်ရှင်းထုတ်လိုက်တာတော်တော်ပေါ့ပါးသွားပေါ့။ နောက်ဆုံးကျန်တဲ့ ဒီ လက်တွေ့ခန်းအစီရင်ခံစာကို တင်ပြီးရင် ချက်လို့ရပြီ။ ဘာချက်ရင်ကောင်းမလဲ။ ဝယ်ထားတဲ့ ကြက်သားတွေတော့ရှိသေးတယ်။ ကြက်သားတစ်မျိုးထဲ ချက်မယ်ဆိုလဲပျင်းစရာပဲ။ ကြက်သားနဲ့ အာလူးဆိုကောင်းမလား။ အိုးထဲကို ဆီနည်းနည်းထည့် ဆီလေးပူချင်လာတာနဲ့ ကြက်သွန်နီပါးပါးလှီးထည့် ၊ ကြက်သွန်ဖြူပါထည့်၊  ၂ မိနစ် ၃ မိနစ်လောက်နှပ်ထား။ပြီးရင် ခရမ်းချဉ်သီးတစ်လုံးလောက် လှီးထည့်၊ ငပိပါ တစ်ဇွန်းလောက်ပစ်ထည့်ပြီး ရေနည်းနည်းလောင်းလို့ မွှေပေးလိုက်မယ်။ ဟုတ်တယ်.. တရုတ်တန်းက ဝယ်လာတဲ့ ဗီယက်နမ်ပုဇွန်ငပိပုလင်းလေး စမ်းကြည့်ရမယ်။ အားမရသေးရင် ခနော ကြက်သားမှုန့်တစ်တုံးပါ ခြေပြီးထည့်လိုက်ဦး။ ပြီးတော့မှ ဆနွင်းနဲ့ဆားနဲ့ သေချာနယ်ထားတဲ့၊ ရေစင်စင်ဆေးထားတဲ့ကြက်သားတုံးလေးတွေကိုအိုးထဲထည့်မွှေရေနည်းနည်းထပ်လောင်းထည့်ပြီး အဖုံးပိတ်၊ အချိန်ပေးထားလိုက်မယ်။ နူးပါစေ ကြက်သားတွေ။ ကြက်သားနဲ့ တစ်ခြားအဆာပလာတွေ အိုးထဲမှာလုံးနေကြတုံး အားလူးထည့်ရမယ်။ အာလူး….ဟင် အာလူးမရှိဘူးပဲ။ ကိစ္စမရှိဘူး၊ ကျောင်းကအပြန်မှဝင်ဝယ်လိုက်မယ်။
“ပီးပေါ်၊ ပီးပေါ်”….. အို..အရေးထဲဒီဥသြသံစူးစူးက တစ်မျိုး။ လူနာတင်ကား၊ ဒါမှမဟုတ်ရဲကားပဲပေါ့။ ကြည့်မနေတော့ပါဘူး။ အာလူးကိုပဲ ဘယ်လိုလုပ်ရင်ကောင်းမလဲစဉ်းစားလိုက်ဦးမယ်။ စဉ်းစားဆိုမှ ကောင်းကင်ကြီးကလဲတယ်ပြာပါလား။ တိမ်တွေကလဲ လှကလှနဲ့။ အမယ်လေယာဉ်ပျံတောင်ပျံနေလိုက်သေး။ အင်း…......ဒီတော့ အာလူးကို ခပ်သေးသေးလေးတွေပဲဝယ်ပြီး ရေဆေး အခွံမခွာပဲနှစ်ခြမ်းခြမ်းပစ်ရမယ်။ အချိန်ကုန်လဲသက်သာ၊ အလုပ်လဲမရှုပ်တော့ဘူး။ ကြက်သားအိုးထဲကိုလောင်းထည့်၊ ရေကိုအားလုံးမြုပ်အောင်ထပ်ချိန်ထည့်၊ ပွက်ပွက်ဆူလာမှ ငံပြာရည်၊ ငရုတ်သီးမှုန့်၊ မဆလာ လိုသလိုထပ်ထည့်။ ကြက်သား၊ အားလူးဟင်းလေးက မီးဖိုခန်းတစ်ခုလုံးမွှေးနေမှာသေချာတယ်။ အရည်ပူပူလေးလဲသောက်၊ ဟင်းရည်လဲဆမ်း၊ အသားလဲစား၊ အာလူးလဲပါ။ တယ်အရသာရှိတဲ့ ဟင်းလေးပဲဖြစ်မှာ။ ဟင်းချက်တာကလဲ ဖန်တီးမှုတစ်ခုလို့ သဘောထားရင် အနုပညာပဲပေါ့။ ကိုယ့်စိတ်ကူးနဲ့ကိုယ်ကွန့်ချင်တိုင်းကွန့်ပြီး အရသာရှိတဲ့ဟင်းတစ်ခွက်ကို ချက်လိုက်ရတာလဲ စိတ်ကိုကျေနပ်မှုပေးနိုင်တာပဲ။
ဟိုတွေး၊ ဒီတွေးနဲ့ ကျောင်းကိုတောင်ရောက်လာပေါ့။ ဒီအဆောက်အဦးထဲကို အရင်ဝင်ရမယ်။ အစီရင်ခံစာတင်ရဦးမယ်။စကြံင်္လမ်းကျဉ်းကျဉ်းလေးကတစ်ဆင့်အဆောက်အဦးထဲကိုချိုးဝင်မယ်အလုပ်မှာ အဲဒီတံခါးမကြီးထဲကထွက်လာတာကကောင်မလေးတစ်ယောက်။  ကောင်မလေးကဒီဘက်ကိုလျှောက်လာတာ လမ်းကိုမကြည့်ပဲ ဆန့်ကျင်ဘက်အရပ်ကို လည်ပြန်ကြီးကြည့်လို့ပါလား။ရွှေရောင်ဆံပင်ရှည်တွေကလွဲလို့ သူ့မျက်နှာလဲမမြင်ရ။ ဒီလမ်းကျဉ်းကျဉ်းလေးမှာ ကိုယ်ကမြင်ရဲ့ သားနဲ့တော့ ဝင်အတိုက်မခံနိုင်ဘူး။ ဆက်လျှောက်ရင်တိုက်မိတော့မယ်။ ဆက်မလျှောက်ပဲရပ်နေမှ။ တိုက်လုတိုက်ခင်မှပဲ မမက လမ်းကိုကြည့်တော်မူတော့တယ်။ ခုမှအလန့်တကြားနဲ့ တောင်းပန်စကားကိုအလောတကြီး အထပ်ထပ်ဆိုလို့။ ရပါတယ် ကိစ္စမရှိပါဘူး ပေါ့။ အဆောက်အဦးထဲကိုကွေ့ဝင်၊ လေးထပ်ကိုဓါတ်လှေကားနဲ့တက်၊ ဓါတ်လှေကားအတူစီးတဲ့ဆရာကိုနှုတ်ဆက်၊ အထွေထွေခန်းကိုဝင်ပြီးတော့ ပါလာတဲ့ လက်တွေ့ခန်းအစီရင်ခံစာကို စာရွက်ချုပ်စက်နဲ့ တစ်ချက်ချုပ်၊ အခန်းထဲကပြန်ထွက်၊ အခန်းဝနံရံမှာရှိတဲ့ စာတိုက်ပုံးတွေအများကြီးထဲက ထည့်ရမယ့်ဟာကိုရွေး၊ ရက်ပေါင်းများစွာအိပ်ရေးပျက်အောင်လုပ်ခဲ့တဲ့ အစီရင်ခံစာကို စိတ်နာနာနဲ့နောက်ဆုံးတစ်ခေါက်ကြည့်၊ သွားလေရော့လဟယ်ဆိုပြီး စာတိုက်ပုံးထဲ ပစ်ထည့်။ တယ်အားရလှပေါ့။
စိတ်လက်ပေါ့ပေါ့ပါးပါးနဲ့ဆိုတော့ စာသင်ချိန်တွေမှာ အာရုံစိုက်ရတာလဲပိုသက်သာသလိုပဲ။ အတန်းထဲကကောင်တွေကတော့ တယ်လဲ အမေးအမြန်းထူကြတယ်။ အင်မတန်ရှင်းနေတဲ့ကိစ္စတောင် ကြံဖန်ပြီးမေးခွန်းမေးတတ်တဲ့ကောင်တွေ။ ဆရာတွေကတော့ ဘာမေးမေး ကောင်းကောင်းမွန်မွန်ပြန်ဖြေကြသား။ အင်း…အတန်းပြီးလို့ အိမ်ရောက်ရင်တော့ သေချာ စိတ်တိုင်းကျဟင်းချက်ပစ်ရမယ်။ လိုတဲ့ဟာတွေဝယ်ဖို့စဉ်းစားထား။ ခရမ်းချဉ်သီးလဲ ဝယ်ရဦးမှာပဲ။ သူငယ်ချင်းတွေကိုနှုတ်ဆက်ပြီး ပြန်လာတော့ ဗိုက်တောင်နည်းနည်းဆာနေပေါ့။ အင်း…..ဟုတ်တယ်။ ဟင်းမချက်ခင် ထမင်းအိုးအရင်တည်ထားရမယ်။ ဟင်းကျက်တာနဲ့ တန်းစားယုံပဲ။ ဟိုလိုလုပ်မယ်၊ ဒီလိုလုပ်မယ်တွေးတာနဲ့ပဲ စိတ်ကတော်တော်တက်ကြွလာသား။
ကျောင်းကထွက်လာတော့ ကလေးတွန်းလှည်းတွန်းလာတဲ့ မိန်းမတစ်ယောက်၊ နောက်မှာလဲ ၂နှစ်သားလောက်ချစ်စရာကလေးလေးတစ်ယောက်က ယက်ကန်၊ ယက်ကန်လျှောက်ရင်းသူ့အမေကို အမှီလိုက်ဖို့ကြိုးစားလို့။ ကြည့်နေတုံး ကလေးလေးက ပလက်ဖောင်းပေါ်မှာ လဲကျသွားတယ်။ ကားတွေဘာတွေတော့ ပူစရာမလိုပါဘူး ပလက်ဖောင်းက အကျယ်ကြီးပဲ။ သူ့အမေကလဲ လှည်းတစ်ဖက်နဲ့ မလှမ်းမကမ်းမှာဆိုတော့ ကလေးလေးကို ဆွဲထူပေးလိုက်တယ်။ “ထထ၊ ဂရုစိုက်” လို့ လက်ကလေးကို ကိုင်ပြီး အသာအယာလေးဆွဲထူပေးတော့ ကလေးလေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ပြူးကြောင်ကြောင်လေးကြည့်နေတယ်။ အသားဖွေးဖွေး၊ ပါးဖောင်းဖောင်းလေးကို ပြုံးပြလိုက်တော့ ဒီဘက်ကြည့်လိုက် သူ့အမေကိုကြည့်လိုက်ဖြစ်နေရှာတယ်။ လူစိမ်းတွေကို နည်းနည်းကြောက်ပုံရတယ်။ သူ့အမေက အပြုံးနဲ့ ကျေးဇူးတင်စကားလှမ်းပြောတော့ ကူညီရတာဝမ်းသာပါတယ်လို့ ပြန်ပြောဖြစ်တယ်။ ပြီးတော့ ကိုယ့်လမ်းကိုဆက်လျှောက်။
ဝယ်နေကျ ကုန်ခြောက်၊ကုန်စိမ်းအစုံရောင်းတဲ့ အိန္ဒိယဆိုင်လေးမှာ သီးသီးတွေပါလား။ အညာမှာဆိုသီးသီးမှည့်ကို ကွန်ကရစ်ပြားပေါ်ပေါက်ခွဲ၊ သကြားနဲ့ခလောက်ပြီးစားရတာ။ မာလကာစိနဲ့တူတဲ့ သီးသီးအစေ့နုနုလေးတွေကိုပါ ဝါးစားရတဲ့ ချိုချိုချဉ်ချဉ် သီးသီး အရသာကလျှာပေါ်မှာပြန်ပေါ်လာသလိုလို။ ဇီးသီး၊ သြဇာသီး၊ ပိန္ဒဲသီး၊ ငှက်ပျောသီးတွေရောစုံလို့ပါလား။ အဲဒါတွေထားပါဦး။ ခုအရေးကြီးတာက အာလူးနဲ့ ခရမ်းချဉ်သီးဝယ်ဖို့။ အနာမပါတဲ့ အားလူးသီးလေးတွေ၊ ခရမ်းချဉ်သီးလေးတွေရွေးပြီးတော့ စီထားတဲ့ကုန်ခြောက်တွေကိုလျှောက်ကြည့်။ ပဲအမျိုးမျိုး၊ ဟင်းခတ်အမွှေးအကြိုင်အစုံစုံ၊ အံမယ်…ကွမ်းသီးတွေ၊ စမုံစပါးတွေတောင်ပါသေး။ နေပါဦး…ဟိုကောင်တာနောက်က နှုတ်ခမ်းနီနီနဲ့ အိန္ဒိယသားက ကွမ်းဝါးနေတာလား၊ ကွမ်းသီးဝါးနေတာလားမသိ။ ကွမ်းရွက်တွေတော့ ရောင်းတာမတွေ့ပါဘူး။ ထားပါတော့။
ဒီရာသီမှာ အထုပ်တစ်ဖက်ကိုလက်ဆွဲပြီး လမ်းလျှောက်ရတာကလဲ သိပ်တော့မလွယ်ဘူး။ အထုပ်ဆွဲထားတဲ့လက်က အေးအေးလာတော့ နောက်လက်တစ်ဖက်ကို အင်္ကျီအိတ်ထောင်ထဲကထုတ်၊ လက်ပြောင်းကိုင်၊ အေးတဲ့လက်ကို အိတ်ထောင်ထဲထည့်၊ ဒါတောင်မိုးမရွာလို့တော်သေး။ လက်အိတ်ယူလာမိရင်လဲကောင်းသား။ လူတွေကတော့ အနွေးထည်ထူထူထဲထဲကြီးတွေဝတ်၊ မာဖလာတွေလည်ပင်းမှာပတ်ပြီး လမ်းပေါ်မှာ သွားလို့ လာလို့။ အင်္ကျီလက်ရှည်ကြီးဝတ်ပြီး ဘောင်းဘီတိုလေးနဲ့ အပြေးကျင့်လာတဲ့လူကြီးကို လွတ်လွတ်လပ်လပ်ပြေးနိုင်အောင် ဘေးကပ်ပေးလိုက်တယ်။ ကလေးမလေးတစ်ယောက်ကတော့ သူ့ခွေးလေးကိုဆွဲပြီး အိမ်မွေးတိရစ္ဆာန်အစာရောင်းတဲ့ဆိုင်ထဲကို ဝင်သွားလေရဲ့ ။
အခန်းကိုပြန်ရောက်ရောက်ချင်း အထုပ်တွေချ၊ ပစ္စည်းဝယ်လာတဲ့ ငွေချေပြေစာလေးထိပ်မှာ မြင်သာအောင်ရက်စွဲလေးတပ်၊ စုစုပေါင်းကျသင့်ငွေကို ဘောပင်နဲ့ဝိုင်းလိုက်ပြီး၊ ပြေစာထည့်တဲ့ဘူးကိုဖွင့်လို့ အောက်ဆုံးမှာစီထည့်လိုက်တယ်။ ရပြီ။ ချက်လို့ပြုတ်လို့ရပြီ။ ချက်မယ်၊ ဟင်းတစ်ခွက်ကို သေသေချာချာလှလှပပလေး အရသာရှိရှိချက်လိုက်မယ်။ စိတ်ကူးတည့်ရာ ကောင်းမယ်ထင်တာလေးတွေပေါင်းစပ်ပြီး တစ်ခေါက်နဲ့တစ်ခေါက်မတူအောင်၊ တစ်ခါထက်တစ်ခါပိုကောင်းအောင် သေချာဖန်တီးရမယ်။ သေသေချာချာကြိုစဉ်းစားထားတဲ့အတိုင်း စိတ်တိုင်းကျ ဟင်းတစ်ခွက်ဖြစ်အောင် စီမံရတာလဲ ဘဝရဲ့ အရသာတစ်ခုပဲ။
ဟင်းမချက်ခင် တွေးမိသမျှ ရောက်တတ်ရာရာလေးတွေကို ချရေးရင်ကောင်းမလား။ တော်ပါပြီ။ မရေးတော့ပါဘူး။ ဟင်းတစ်ခွက်ပဲ ကောင်းကောင်းလေးချက်ကြတာပေါ့။