ပြန်လာတဲ့အချိန်က မှောင်စပျိုးနေပြီ။
ဘတ်စ်ကားပေါ်ကိုတက်လိုက်တော့ နောက်ဖက်မှာနေရာလွတ်တွေက အများကြီး။
နောက်တံခါးပေါက်ကိုကျော်တဲ့ထိ လျှောက်သွားလိုက်ပြီး လွတ်နေတဲ့ခုံတစ်ခုမှာ ထောင့်ထိရောက်အောင်ကပ်ထိုင်နေလိုက်တယ်။
ပြီးတော့ ကားအဲကွန်းလေးအေးအေးနဲ့ အိပ်ငိုက်ရင်း စိတ်ချလက်ချပေါ့။
ဆင်းရမှာက ဂိတ်ဆုံးလေ။
ကား ငြိမ့်ကနဲရပ်သွားတာကိုခံစားလိုက်ရပြီး တံခါးတွေပွင့်သွားတဲ့ အသံနဲ့အတူမျက်လုံးကိုဖွင့်လိုက်တော့ ဂိတ်ဆုံးဖြစ်တဲ့ Bus interchange တစ်ခုကိုရောက်နေပြီ။
မတ်တပ်ရပ်၊ ဆင်းမယ်လုပ်တော့ နောက်ထဲက တစ်သောသောထွက်လာနေတဲ့လူတွေကြောင့် ထိုင်ခုံနှစ်ခုကြားထဲမှာပဲ မတ်တပ်လေးရပ်ရင်း စောင့်နေမိတယ်။
စောင့်ရင်းနဲ့ ဘာရယ်မဟုတ်ကြည့်လိုက်မိတော့ ရှေ့ က ခုံမှာထိုင်နေတဲ့ မိန်းမနှစ်ယောက်ကလဲ ခုံကြားကထွက်ဖို့ ပြူတစ်ပြူတစ်စောင့်နေကြတုံး။
အလယ်မင်းလမ်းကလူတွေကလဲ မကုန်နိုင်မခမ်းနိုင်။
နောက်ကိုလှည့်ကြည့်လိုက်တော့ လမ်းတစ်လျှောက်မှာထွက်လာနေသေးတဲ့လူတွေ။
ကားကလဲ ရှည်တာကိုး။
ပျင်းရိငြီးငွေ့နေတဲ့ စိတ်ကို စိတ်ဝင်စားစရာလေးတစ်ခုက လာရိုက်ခတ်တယ်။
မင်းလမ်းကို ထွက်ဖို့ကြိုးစားနေတဲ့ မိန်းမနှစ်ယောက်နဲ့ မင်းလမ်းအတိုင်းထွက်လာတဲ့ ကလေးမလေးတစ်ယောက် အဆုံမှာ ။
ကလေးမလေးဆိုတာက လူကြီးတစ်ယောက်ရဲ့  ခါးလောက်ပဲ ရှိတဲ့အရပ်နဲ့ ၈ နှစ်၊ ၉ နှစ် အရွယ်ကောင်မလေး သေးသေးလေး။
သူတို့တွေ အဆုံမှာ အဲဒီကောင်မလေးက ရုတ်တရတ်ရပ်လိုက်တယ်။
ပြီးတော့ အပြုံးလေးနဲ့ လက်ကလေးကို ယဉ်ယဉ်ကျေးကျေး ထိုးပြပြီး “သွားပါ” တဲ့။
သူက၊အဲဒီကလေးလေးက....လူကြီးတွေကိုဦးစားပေးလိုက်တာ။
လူကြီးတစ်ချို့ မှာတောင် ရှားပါးမျိုးတုံးလုဖြစ်နေတဲ့ စိတ်ထားကောင်းလေး။
အဲဒီစိတ်ထားကောင်းလေးကို ပြလိုက်တဲ့ကလေးတစ်ယောက်ရဲ့  အပြုအမူလေး။
ကြီးကြီးကျယ်ကျယ်ဖြစ်သွားတာမဟုတ်ပါဘူး။
အမှတ်တမဲ့ ကိစ္စသေးသေးလေးပါ။
ဒါပေမယ့် ရင်ဘတ်ကို တည့်တည့်လာမှန်တယ်။
သူ့ကို သင်ပေးတဲ့ မိဘတွေက အင်မတန်ယဉ်ကျေးတဲ့သူတွေ ဖြစ်ရမယ်ဆိုတဲ့အထိကို ဖြန့်တွေးမိသွားတယ်။
ကလေးကိုရော၊ သူ့ကိုသင်ကြားပေးခဲ့တဲ့ မိဘတွေ (သို့မဟုတ်) ဆရာကိုလဲ လေးစားစိတ်တွေဝင်မိတဲ့အထိ။
ခရီးတိုလေး တစ်ခု၊ ဒါပေမယ့် စိတ်ကိုကြည့်နူးစေတဲ့ အတွေ့အကြုံလေးကလဲတစ်ခု။

No comments:
Post a Comment