Friday, January 23, 2015

ဆင်ခြင်တုံတရားနဲ့ ပညာဉာဏ်

ဆင်ခြင်တုံတရားနဲ့ ပညာဉာဏ်
******************************

ဆင်ခြင်တုံတရားဆိုတာ မိမိ လုပ်ရပ်တစ်ခုခုကြောင့်ဖြစ်လာမယ့် အကျိုးဆက်ကို ကြိုတင်သိမြင်ပြီး မဖြစ်သင့်တာမဖြစ်ရအောင်၊ ဖြစ်သင့်တာဖြစ်ရအောင် ဖြစ်စေ၊ ဖြစ်လာမယ့်အကျိုးဆက်တွေကို သေသေချာချာ သိမြင်ပြီးလက်သင့်ခံဖို့ပြင်ဆင်ထားလို့ဖြစ်စေ၊ ကိစ္စတစ်ခုခုကို ပြောဆို၊ ဆောင်ရွက်ဖို့ဆုံးဖြတ်ရာမှာ လက်ကိုင်ထားတဲ့တရားပါ။ ဆင်ခြင်တုံတရားဟာ ပညာဉာဏ်ကလာပါတယ်။ အိမ်တစ်အိမ်ရှေ့မှာ ထီးတစ်လက်ချိတ်ထားတာတွေ့တဲ့အခါ ပိုင်ရှင်မရှိတုံးမှာမှ မယူလိုက်ရင် မိုက်မဲရာကျပေမပေါ့ဆိုတာ ခိုးသူတစ်ယောက်ရဲ့ ဆင်ခြင်တုံတရားဖြစ်ပြီး၊ ကိုယ့်ပစ္စည်းမဟုတ်တဲ့အတွက်ကြောင့်မယူပါဘူး ဆိုတာက လူကောင်းတစ်ယောက်ရဲ့ဆင်ခြင်တုံတရားပါ။ ဒါဟာ ပညာဉာဏ်နဲ့ဆိုင်ပါတယ်။ ပညာဆိုတာ အကျိုးအကြောင်း၊ အဆိုးအကောင်းကို ဝေဖန်ပိုင်းခြားနိုင်သောဉာဏ်လို့ မြန်မာစာမှာ အနက်ဖွင့်ပါတယ်။ ဒီတော့ လူတိုင်းက ကိုယ့်ဆင်ခြင်တုံတရားနဲ့ကိုယ် ထင်ရာလုပ်ကြပေမယ့် ပညာဉာဏ်မပါတဲ့ ဆင်ခြင်တုံတရားဟာ ဆင်ခြင်တုံတရားအစစ်မဟုတ်ပါဘူး။

“တစ်ရွာမပြောင်းသူကောင်းမဖြစ်” ဆိုတဲ့စကားပုံနဲ့ “သေချင်တဲ့ကျားတောပြောင်း” ဆိုတဲ့မြန်မာစကားပုံနှစ်ခုက ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတယ်ထင်ရပေမယ့် တစ်ကယ်ကတော့ ကိစ္စရပ်တွေကို ဆင်ခြင်တုံတရားနဲ့ဆောင်ရွက်ဖို့ သတိပေးတဲ့စကားပုံတွေပါ။ ပြောင်းသင့်တဲ့အချိန်မှာ ပြောင်းပြီး၊ မပြောင်းသင့်တဲ့အချိန်မှာ မပြောင်းဖို့ပါပဲ။ အလားတူပဲ “ ကြောက်ရင်လွဲ၊ ရဲရင်မင်းဖြစ်” ဆိုတဲ့ လုပ်စရာကိုရဲရဲဝံ့ဝံ့လုပ်ဖို့အားပေးတဲ့စကားပုံနဲ့ “ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိ” ဆိုတဲ့ နေမြဲအတိုင်းနေဖို့အားပေးတဲ့ တစ်ခုနဲ့တစ်ခု ဆန့်ကျင်တဲ့အနက်ရှိတဲ့ စကားပုံနှစ်ခုလဲရှိပါတယ်။ ဆိုလိုတာက အချိန်အခါနဲ့ အခြေအနေကိုကြည့်တတ်ဖို့ပါ။ အဲဒီလို ပြောင်းသင့်တဲ့အချိန်၊ မပြောင်းသင့်တဲ့အချိန်နဲ့ ရဲသင့်တဲ့အချိန် မရဲသင့်တဲ့အချိန်ကိုသိဖို့အတွက်ကတော့ ပညာဉာဏ်ချွန်းအုပ်တဲ့ ဆင်ခြင်တုံတရားလိုပါတယ်။

ပညာဉာဏ်ကို အကြားအမြင်ဗဟုသုတတွေဆည်းပူးခြင်း၊ ဖြစ်ပြီးသောအရာများ၊ ဖြစ်နေသောအရာများ(သမိုင်း)တွေကိုလေ့လာခြင်း၊ မိမိပတ်ဝန်းကျင်ကိုလေ့လာခြင်း၊ ကိုယ်ပိုင်အတွေ့အကြုံ စတာတွေနဲ့ ကိုယ်ပိုင်ဉာဏ်နဲ့ပေါင်းစပ်သုံးသပ်ရာကရနိုင်ပါတယ်။ သမိုင်းကိုကြည့်ရင်လဲ ဘာတွေလုပ်ခဲ့လို့ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိခဲ့တယ်ဆိုတာ ထင်ထင်ရှားရှားတွေ့နိုင်တယ်။ မိမိပတ်ဝန်းကျင်ကိုကြည့်ရင်လဲ ဘယ်အကြောင်းတရားတွေကြောင့် ဘာအကျိုးတရားတွေဖြစ်နေတယ်ဆိုတာ သဘောပေါက်သိမြင်နိုင်တဲ့ကိစ္စမျိုးတွေ ရှိပါတယ်။ ဂေါတမဗုဒ္ဓက ကာလမသုတ်မှာဟောခဲ့ပါတယ်။ တစ်ဆင့်စကား (ကောလဟာလ)တိ့ု၊ ရှေးအစဉ်အလာစကား ဖြစ်တယ်ဆိုရုံတို့နဲ့ အမှန်လို့မယုံကြည်ဖို့၊ ဒီလိုဖြစ်ဖူးတယ်ဆိုရုံ၊ ကျမ်းဂန်နဲ့ညီညွတ်တယ်ဆိုရုံ၊ နည်းမှီပြီးယူလို့ရတယ်ဆိုရုံနဲ့ အမှန်လို့မယုံကြည်ဖို့၊ ကျိုးကြောင်းဆီလျော်သလိုရှိတယ်၊ အထောက်အထားရှိတယ်လို့ဆိုယုံနဲ့ မယုံကြည်ဖို့၊ ယုံကြည်ထိုက်သူရဲ့စကားဖြစ်တယ်ဆိုရုံ၊ မိမိဆရာရဲ့စကားဖြစ်တယ်ဆိုရုံနဲ့ အမှန်လို့မယုံကြည်ကြဖို့။ တစ်ဆက်တည်းမှာပဲ ကိစ္စတစ်ခုနဲ့ပက်သက်တဲ့အခါ အကျိုးမဲ့ကြောင်း၊ ပညာရှိတို့ကဲ့ရဲ့အပ်ကြောင်း၊ မကောင်းမှုဖြစ်ကြောင်း မိမိကိုယ်တိုင်သိတဲ့အခါမှာ အဲဒီယုံကြည်ချက်ကိုစွန့်ပယ်ပြီး၊ အကျိုးတရားရှိကြောင်း၊ ပညာရှိတို့ချီးမွမ်းအပ်ကြောင်း၊ ကောင်းမှုဖြစ်ကြောင်းမိမိကိုယ်တိုင် သိမြင်တဲ့အခါမှာမှသာ ယုံကြည်ကျင့်ကြံကြဖို့ ဟောပြောခဲ့ပါတယ်။ အဲဒီတော့ မိမိသိမြင်ဆည်းပူးထားတဲ့ ဗဟုသုတတွေ၊ အတွေ့အကြုံတွေနဲ့ လက်တွေ့ကိုပေါင်းစပ်၊ ကိုယ်ပိုင်ဉာဏ်နဲ့သုံးသပ်လို့ အမှန်အမှား၊ အဆိုးအကောင်း၊ အကျိုးအကြောင်းကို ခွဲခြမ်းစိတ်ဖြာရမှာပါ။

နောက်ဆုံးအနေနဲ့ကတော့ ကိစ္စရပ်တစ်ခုခုကို ရေးတော့၊ပြောတော့၊ လုပ်တော့၊ ဖြန့်ချီတော့မယ်ဆိုရင် ပညာဉာဏ်ကြီးမှူးတဲ့ ဆင်ခြင်တုံတရားကို အသုံးပြုရုံမက လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အမှန်တရားကိုမျက်ကွယ်ပြုစေနိုင်တဲ့တရားတွေမစွက်ဖက်အောင်ရယ်၊ ကြောက်လို့၊ချစ်လို့၊မုန်းလို့၊ နားမလည်မသိတတ်လို့ လုပ်လိုက်၊ ပြောလိုက်တာဆိုတဲ့ အဂတိတရားလေးပါးကနေကင်းလွတ်အောင်ရယ် အမြဲသတိပြုရမှာပါ။ အနှစ်ချူပ်ကတော့ အများအကျိုးပျက်စီးရာပျက်စီးကြောင်းကလွဲလို့၊ လူတွေရဲ့လောဘ၊ ဒေါသတွေကို ဆွပေးရုံကလွဲလို့၊ အမုန်းတရားတွေကိုကြီးထွားပွားများစေတာကလွဲလို့  ကောင်းကျိုးတစ်စုံတစ်ရာမရှိစေတဲ့ ရေးသား၊ပြောဆို၊ ဆောင်ရွက်ချက်တွေကို ရှောင်ဖယ်နိုင်ပြီး ဉာဏ်ပညာကြီးမှူးတဲ့၊ အဖက်ဖက်ကပြည့်စုံကောင်းမွန်တဲ့ ပြောဆိုချက်၊ ရေးသားချက်၊ ပြုမူဆောင်ရွက်ချက်မျိုးတွေကိုသာ ဆင်ခြင်တုံတရားနဲ့ပြည့်စုံတဲ့ အပြောအဆို၊ အရေးအသား၊ အပြုအမူတွေ လို့ခေါ်ရမှာဖြစ်ပါတယ်။

မောင်ဇိ
(The Voice Daily;Monday, May 15, 2017)
____________________________
ဆင္ျခင္တုံတရားနဲ႔ ပညာဉာဏ္
******************************

ဆင္ျခင္တုံတရားဆိုတာ မိမိ လုပ္ရပ္တစ္ခုခုေၾကာင့္ျဖစ္လာမယ့္ အက်ိဳးဆက္ကို ႀကိဳတင္သိျမင္ၿပီး မျဖစ္သင့္တာမျဖစ္ရေအာင္၊ ျဖစ္သင့္တာျဖစ္ရေအာင္ ျဖစ္ေစ၊ ျဖစ္လာမယ့္အက်ိဳးဆက္ေတြကို ေသေသခ်ာခ်ာ သိျမင္ၿပီးလက္သင့္ခံဖို႔ျပင္ဆင္ထားလို႔ျဖစ္ေစ၊ ကိစၥတစ္ခုခုကို ေျပာဆို၊ ေဆာင္႐ြက္ဖို႔ဆုံးျဖတ္ရာမွာ လက္ကိုင္ထားတဲ့တရားပါ။ ဆင္ျခင္တုံတရားဟာ ပညာဉာဏ္ကလာပါတယ္။ အိမ္တစ္အိမ္ေရွ႕မွာ ထီးတစ္လက္ခ်ိတ္ထားတာေတြ႕တဲ့အခါ ပိုင္ရွင္မရွိတုံးမွာမွ မယူလိုက္ရင္ မိုက္မဲရာက်ေပမေပါ့ဆိုတာ ခိုးသူတစ္ေယာက္ရဲ႕ ဆင္ျခင္တုံတရားျဖစ္ၿပီး၊ ကိုယ့္ပစၥည္းမဟုတ္တဲ့အတြက္ေၾကာင့္မယူပါဘူး ဆိုတာက လူေကာင္းတစ္ေယာက္ရဲ႕ဆင္ျခင္တုံတရားပါ။ ဒါဟာ ပညာဉာဏ္နဲ႔ဆိုင္ပါတယ္။ ပညာဆိုတာ အက်ိဳးအေၾကာင္း၊ အဆိုးအေကာင္းကို ေဝဖန္ပိုင္းျခားႏိုင္ေသာဉာဏ္လို႔ ျမန္မာစာမွာ အနက္ဖြင့္ပါတယ္။ ဒီေတာ့ လူတိုင္းက ကိုယ့္ဆင္ျခင္တုံတရားနဲ႔ကိုယ္ ထင္ရာလုပ္ၾကေပမယ့္ ပညာဉာဏ္မပါတဲ့ ဆင္ျခင္တုံတရားဟာ ဆင္ျခင္တုံတရားအစစ္မဟုတ္ပါဘူး။

“တစ္႐ြာမေျပာင္းသူေကာင္းမျဖစ္” ဆိုတဲ့စကားပုံနဲ႔ “ေသခ်င္တဲ့က်ားေတာေျပာင္း” ဆိုတဲ့ျမန္မာစကားပုံႏွစ္ခုက ေျဖာင့္ေျဖာင့္ႀကီးဆန႔္က်င္ေနတယ္ထင္ရေပမယ့္ တစ္ကယ္ကေတာ့ ကိစၥရပ္ေတြကို ဆင္ျခင္တုံတရားနဲ႔ေဆာင္႐ြက္ဖို႔ သတိေပးတဲ့စကားပုံေတြပါ။ ေျပာင္းသင့္တဲ့အခ်ိန္မွာ ေျပာင္းၿပီး၊ မေျပာင္းသင့္တဲ့အခ်ိန္မွာ မေျပာင္းဖို႔ပါပဲ။ အလားတူပဲ “ ေၾကာက္ရင္လြဲ၊ ရဲရင္မင္းျဖစ္” ဆိုတဲ့ လုပ္စရာကိုရဲရဲဝံ့ဝံ့လုပ္ဖို႔အားေပးတဲ့စကားပုံနဲ႔ “ထိုင္ေနအေကာင္းသား၊ ထသြားမွက်ိဳးမွန္းသိ” ဆိုတဲ့ ေနၿမဲအတိုင္းေနဖို႔အားေပးတဲ့ တစ္ခုနဲ႔တစ္ခု ဆန႔္က်င္တဲ့အနက္ရွိတဲ့ စကားပုံႏွစ္ခုလဲရွိပါတယ္။ ဆိုလိုတာက အခ်ိန္အခါနဲ႔ အေျခအေနကိုၾကည့္တတ္ဖို႔ပါ။ အဲဒီလို ေျပာင္းသင့္တဲ့အခ်ိန္၊ မေျပာင္းသင့္တဲ့အခ်ိန္နဲ႔ ရဲသင့္တဲ့အခ်ိန္ မရဲသင့္တဲ့အခ်ိန္ကိုသိဖို႔အတြက္ကေတာ့ ပညာဉာဏ္ခြၽန္းအုပ္တဲ့ ဆင္ျခင္တုံတရားလိုပါတယ္။

ပညာဉာဏ္ကို အၾကားအျမင္ဗဟုသုတေတြဆည္းပူးျခင္း၊ ျဖစ္ၿပီးေသာအရာမ်ား၊ ျဖစ္ေနေသာအရာမ်ား(သမိုင္း)ေတြကိုေလ့လာျခင္း၊ မိမိပတ္ဝန္းက်င္ကိုေလ့လာျခင္း၊ ကိုယ္ပိုင္အေတြ႕အႀကဳံ စတာေတြနဲ႔ ကိုယ္ပိုင္ဉာဏ္နဲ႔ေပါင္းစပ္သုံးသပ္ရာကရႏိုင္ပါတယ္။ သမိုင္းကိုၾကည့္ရင္လဲ ဘာေတြလုပ္ခဲ့လို႔ ဘယ္လိုအက်ိဳးသက္ေရာက္မႈေတြရွိခဲ့တယ္ဆိုတာ ထင္ထင္ရွားရွားေတြ႕ႏိုင္တယ္။ မိမိပတ္ဝန္းက်င္ကိုၾကည့္ရင္လဲ ဘယ္အေၾကာင္းတရားေတြေၾကာင့္ ဘာအက်ိဳးတရားေတြျဖစ္ေနတယ္ဆိုတာ သေဘာေပါက္သိျမင္ႏိုင္တဲ့ကိစၥမ်ိဳးေတြ ရွိပါတယ္။ ေဂါတမဗုဒၶက ကာလမသုတ္မွာေဟာခဲ့ပါတယ္။ တစ္ဆင့္စကား (ေကာလဟာလ)တိ့ု၊ ေရွးအစဥ္အလာစကား ျဖစ္တယ္ဆို႐ုံတို႔နဲ႔ အမွန္လို႔မယုံၾကည္ဖို႔၊ ဒီလိုျဖစ္ဖူးတယ္ဆို႐ုံ၊ က်မ္းဂန္နဲ႔ညီၫြတ္တယ္ဆို႐ုံ၊ နည္းမွီၿပီးယူလို႔ရတယ္ဆို႐ုံနဲ႔ အမွန္လို႔မယုံၾကည္ဖို႔၊ က်ိဳးေၾကာင္းဆီေလ်ာ္သလိုရွိတယ္၊ အေထာက္အထားရွိတယ္လို႔ဆိုယုံနဲ႔ မယုံၾကည္ဖို႔၊ ယုံၾကည္ထိုက္သူရဲ႕စကားျဖစ္တယ္ဆို႐ုံ၊ မိမိဆရာရဲ႕စကားျဖစ္တယ္ဆို႐ုံနဲ႔ အမွန္လို႔မယုံၾကည္ၾကဖို႔။ တစ္ဆက္တည္းမွာပဲ ကိစၥတစ္ခုနဲ႔ပက္သက္တဲ့အခါ အက်ိဳးမဲ့ေၾကာင္း၊ ပညာရွိတို႔ကဲ့ရဲ႕အပ္ေၾကာင္း၊ မေကာင္းမႈျဖစ္ေၾကာင္း မိမိကိုယ္တိုင္သိတဲ့အခါမွာ အဲဒီယုံၾကည္ခ်က္ကိုစြန႔္ပယ္ၿပီး၊ အက်ိဳးတရားရွိေၾကာင္း၊ ပညာရွိတို႔ခ်ီးမြမ္းအပ္ေၾကာင္း၊ ေကာင္းမႈျဖစ္ေၾကာင္းမိမိကိုယ္တိုင္ သိျမင္တဲ့အခါမွာမွသာ ယုံၾကည္က်င့္ႀကံၾကဖို႔ ေဟာေျပာခဲ့ပါတယ္။ အဲဒီေတာ့ မိမိသိျမင္ဆည္းပူးထားတဲ့ ဗဟုသုတေတြ၊ အေတြ႕အႀကဳံေတြနဲ႔ လက္ေတြ႕ကိုေပါင္းစပ္၊ ကိုယ္ပိုင္ဉာဏ္နဲ႔သုံးသပ္လို႔ အမွန္အမွား၊ အဆိုးအေကာင္း၊ အက်ိဳးအေၾကာင္းကို ခြဲျခမ္းစိတ္ျဖာရမွာပါ။

ေနာက္ဆုံးအေနနဲ႔ကေတာ့ ကိစၥရပ္တစ္ခုခုကို ေရးေတာ့၊ေျပာေတာ့၊ လုပ္ေတာ့၊ ျဖန႔္ခ်ီေတာ့မယ္ဆိုရင္ ပညာဉာဏ္ႀကီးမႉးတဲ့ ဆင္ျခင္တုံတရားကို အသုံးျပဳ႐ုံမက ေလာဘ၊ ေဒါသ၊ ေမာဟဆိုတဲ့ အမွန္တရားကိုမ်က္ကြယ္ျပဳေစႏိုင္တဲ့တရားေတြမစြက္ဖက္ေအာင္ရယ္၊ ေၾကာက္လို႔၊ခ်စ္လို႔၊မုန္းလို႔၊ နားမလည္မသိတတ္လို႔ လုပ္လိုက္၊ ေျပာလိုက္တာဆိုတဲ့ အဂတိတရားေလးပါးကေနကင္းလြတ္ေအာင္ရယ္ အၿမဲသတိျပဳရမွာပါ။ အႏွစ္ခ်ဴပ္ကေတာ့ အမ်ားအက်ိဳးပ်က္စီးရာပ်က္စီးေၾကာင္းကလြဲလို႔၊ လူေတြရဲ႕ေလာဘ၊ ေဒါသေတြကို ဆြေပး႐ုံကလြဲလို႔၊ အမုန္းတရားေတြကိုႀကီးထြားပြားမ်ားေစတာကလြဲလို႔  ေကာင္းက်ိဳးတစ္စုံတစ္ရာမရွိေစတဲ့ ေရးသား၊ေျပာဆို၊ ေဆာင္႐ြက္ခ်က္ေတြကို ေရွာင္ဖယ္ႏိုင္ၿပီး ဉာဏ္ပညာႀကီးမႉးတဲ့၊ အဖက္ဖက္ကျပည့္စုံေကာင္းမြန္တဲ့ ေျပာဆိုခ်က္၊ ေရးသားခ်က္၊ ျပဳမူေဆာင္႐ြက္ခ်က္မ်ိဳးေတြကိုသာ ဆင္ျခင္တုံတရားနဲ႔ျပည့္စုံတဲ့ အေျပာအဆို၊ အေရးအသား၊ အျပဳအမူေတြ လို႔ေခၚရမွာျဖစ္ပါတယ္။

ေမာင္ဇိ
(The Voice Daily;Monday, May 15, 2017)
____________________________

No comments:

Post a Comment