“မေမေ နောက်ဂျွမ်းထိုးတတ်လားဟင်” သုံးနှစ်၊ လေးနှစ်အရွယ်ကလေးငယ်လေးက မပီကလာ ပီကလာနဲ့မေးတော့
အမေက
“ဟင့်အင်း…မထိုးတတ်ဘူးသားရယ်။ သားရောထိုးတတ်လား”
သားက ရင်ကိုကော့ပြီး “ထိုးတတ်တာပေါ့…….သိပ်သိပ်လွယ်” ဆိုပြီး နောက်ဆုံး “သိပ်သိပ်လွယ်” ကို ဝင့်ကြွားသံအပြည့်နဲ့ဖြည်းဖြည်းချင်ဆွဲပြီး ပြုံးရွှင်စွာ ဖြေလေရဲ့ ။ ပျင်းရိငြီးငွေ့စွာနဲ့ ထိုင်နေတဲ့ကျွန်တော့အတွက် ဘေးကနေရာလွတ်မှာလာထိုင်တဲ့ သားအမိက စိတ်ဝင်စားစရာတစ်ခုဖြစ်လာပါပြီ။ မြေအောက်မှာပြေးနေတဲ့ရထားတစ်စီးပေါ်မှာ အင်တာနက်မမိ၊ ရှုခင်းမရှိဆိုတော့ လူအများစုက သတင်းစာတွေပဲဖတ်နေကြတာ၊ ဒါမှမဟုတ် ငြိမ်ငြိမ်သက်သက် ပျင်းပျင်းရိရိပဲ ထိုင်နေကြတာမဟုတ်လား။ သားရဲ့ မေးခွန်းတွေက အဆက်မပြတ် .…
“မေမေ ခြေထောက်ကို အကျယ်ကြီးကားပြီး ခြေထောက်အောက်ကနေ ကျောဘက်ကိုကုန်းကြည့်တာရော လုပ်တတ်လား”
“မေမေ….”
“မေမေ….”
“ပြီးတော့လေ မေမေ”
စသည်ဖြင့် သူ့မေးခွန်းတွေက မရပ်မနား။
ကလေးသဘာဝလေးကို နှစ်နှစ်ခြိုက်ခြိုက်အပြုံးလိုက်မိမှာ ဖြတ်ကနဲခေါင်းထဲမှာပေါ်လာတာက ကျွန်တော့ကလေးဘဝလေး။
ကျွန်တော်ငယ်ငယ်ကလဲ အဲလိုပဲ။ တစ်ခုခု အသစ်အဆန်းတတ်လာရင် လူကြီးတွေကို အရမ်းပြချင် အရမ်းအံ့သြစေချင်ခဲ့တာ။ တစ်ခါတစ်လေ တစ်လောကလုံးမှာ ကိုယ်တစ်ယောက်ပဲ ဥာဏ်ကောင်းလွန်းလို့ သိတာ၊ တတ်တာလို့ ထင်ချင်ထင်နေခဲ့သေးတာကလား။ လူကြီးစီး စက်ဘီးကြီးမှာ အလယ်တန်းအောက်ကို ကိုယ်လုံးသေးသေးလေးနဲ့ရှို၊ မြေကြီးကို ခြေထောက်နဲ့တွန်းလိုက်၊ စက်ဘီးမှာခိုစီးလိုက်လုပ်ရင်း တစ်ချိန်မှာ ဟန်ချက်သဘောတရားကို ခန္ဓာကိုယ်ကနားလည်အသွား၊ စက်ဘီးကိုမလဲအောင်စီးနိုင်သွားတဲ့အခါမှာ ငါလိုလူ ဇမ္ဗူမှာရှိသေးရဲ့ လားကွလို့ မာန်တက်ပြီး လူကြီးတွေကိုပြေးကြွားခဲ့ဘူးတယ်။ စာလေး၊ ဘာလေးဖတ်တတ်လာတဲ့အရွယ်ရောက်လာတော့ အသစ်အဆန်းအသစ်တစ်ခုခု သင်လာရပြီဆို အိမ်ကလူကြီးတွေ ဒါမျိုးမသိလောက်ဘူးချည်းဆိုတာမျိုးချည်းလဲ တွေးခဲ့မိဘူးတာပါပဲ။ တစ်ခါကလည်း ကလေးဘဝမှာပဲ၊ မကြားဖူးတဲ့ အင်္ဂလိပ်စာလုံးလေးတစ်ခုသိလာတော့ ကျောင်းဆရာလုပ်လာတဲ့ ဦးလေးတစ်ယောက်ကိုသွားပြီး ဒီစာလုံးသိသလားဆိုပြီး သွားစိန်ခေါ်ခဲ့သေးတာ။ ကလေးတစ်ယောက်အတွက်ကတော့ သူမမြင်ဖူး၊ မကြားဖူးတာတစ်ခုဆိုရင် သူများလဲမသိလောက်ဘူးဆိုတာမျိုးကိုး။ အရွယ်တွေရောက်လာ၊ လူကြီးဖြစ်လာတော့လဲ အဲလိုအတွေးမျိုးရှိတဲ့သူတွေနဲ့ ရံဖန်ရံခါဆက်ဆံရ၊ ဆရာအလုပ်ခံရရင် ကိုယ့်ကလေးဘဝက အမှားလေးကိုပြန်တွေးပြီး ခပ်ပြုံးပြုံးနဲ့ ခွင့်လွှတ်ပေးဖြစ်လာတယ်။ အရွယ်ရောက်မှုဟာ လူတိုင်းမှာ တစ်ပြေးညီ မဖြစ်တတ်သလို၊ တစ်ချို့ လူတွေမှာ လူကြီးဖြစ်လာပေမဲ့ နောက်ကျကျန်ခဲ့တတ်တဲ့ တွေးခေါ်မြော်မြင်ပုံနဲ့ အတ္တအစိတ်အပိုင်းတွေလဲရှိနေတတ်တယ်။ ဘယ်သူ့မှ မထိခိုက်ရင် ဒါမျိုးကိုခွင့်လွှတ်ပေးခြင်းဖြင့် ကလေးဘဝ ကလေးအတွေးနဲ့လုပ်ချင်ရာလုပ်ခဲ့တဲ့ ကိုယ့်ကိုယ်ကိုနဲ့နှိုင်းလို့ နားလည်စာနာပေးရာရောက်မယ်၊ ကလေးဘဝက ကိုယ့်အပြုအမူလေးတွေကိုလဲပြန်ခွင့်လွှတ်ပေးရာရောက်မယ်လို့ ယူဆတာလဲပါတာပေါ့။
အတွေးမျှင်နောက်ကို ခက်သွက်သွက်လေးလိုက်နေတုံးမှာ ဆင်းရတဲ့ဘူတာမှာရထားရပ်လို့ ခတ်ဖျတ်ဖျတ်လေးဆင်းရပြန်တော့ ဟိုသားအမိက ကိုယ့်ရှေ့ မှာ။ “ထွက်ပေါက်သို့” ဆိုတဲ့ လမ်းညွှန်စာတန်းအတိုင်း မြွေလိမ်၊ မြွေကောက်မြေအောက်ဥမင်တွေတစ်လျှောက် လှေကားထစ်တွေကိုနင်းပြီးတက်လိုက်၊ ဆင်းလိုက်ကွေ့လိုက်ကောက်လိုက်နဲ့ ကိုယ့်ကိုယ်ကို ပုရွက်ဆိတ်အုံထဲများရောက်နေလားလို့တောင် ထင်ရစေတဲ့ခရီးတစ်လျှောက် တွေးရင်း ငေးရင်းလျှောက်နေတုံးမှာ
“ နှစ်ဆယ်၊ နှစ်ဆယ့်တစ်၊ နှစ်ဆယ့်နှစ်……..။ လှေကားထစ်တွေအားလုံးပေါင်း နှစ်ဆယ့်နှစ်ထစ်ရှိပြီ ”
ခပ်စူးစူး အသံလေးက အတွေးကို ဖောက်ဝင်လာလို့ လှမ်းကြည့်တော့ ဟိုသားအမိ။ တက်ကြွနေတဲ့ ကလေးလေးက အရာရာကို စူးစမ်းပြီး လေ့လာမှတ်သားနေပါပေါ့။ ကျွန်တော်လဲ ဟိုးငယ်ငယ် ကလေးဘဝတုံးက အဲလိုပဲ အသေးစိတ်ကလေးတွေကအစ အရာရာကိုသတိပြု မှတ်သားခဲ့ဖူးတယ်။ အိမ်နဲ့လမ်းထိပ်ကို ခြေလှမ်းဘယ်နှစ်လမ်းလှမ်းရင်ရောက်တယ်ဆိုတာက အထိ။ ရွှေဘိုဆိုတဲ့မြို့ ကလေးမှာနေခဲ့တုံးက ရွှေဘိုမြို့ ထောင့်စေတီဘုရားပွဲကိုမိသားစုနဲ့သွားရင်း မိဘတွေနဲ့ကွဲသွားတုံးက ကျွန်တော့အသက်က ၅ နှစ်လောက်။ ကိုယ့်ထက်သုံးပြန်လောက်အရပ်မြင့်တဲ့ လူကြီးတွေကြပ်သိပ်နေတဲ့ လူအုပ်ကြီးကြားထဲမှာ မိဘတွေနဲ့ အစ်ကို၊အစ်မတွေကိုရှာမတွေ့ခဲ့တော့တဲ့ကျွန်တော်၊ ဘုရားပွဲအဝင်ဝက မြင်းလှည်းဂိတ်ကိုတော့ ကံကောင်းထောက်မစွာ ကွေ့ပတ်ပြီးရောက်အောင်သွားနိုင်ခဲ့တယ်။ မြင်းလှည်းဆရာကို ကျွန်တော်နေတဲ့ရပ်ကွက်ကိုပြောပြီး လိုက်ပို့ခိုင်း၊ ရပ်ကွက်ထဲရောက်ရင် အိမ်ကိုကျွန်တော်ကလမ်းပြ၊ ပြီးရင် အိမ်မှာကျန်ခဲ့တဲ့ အဖွားဆီကမြင်းလှည်းခတောင်းပြီးပေးလိုက်မယ် ဆိုတာက ကျွန်တော့ရဲ့ မာစတာပလန်။ မှတ်မှတ်သားသားရှိခဲ့တော့ ဒုက္ခတွေ့တောင် အနည်းဆုံး အစီအစဉ်လေးတစ်ခုတော့ဆွဲနိုင်ခဲ့တာပေါ့။ကလေးဘဝမှာတော့ ပတ်ဝန်းကျင်ကို စူးစမ်းပြီး လေ့လာမှတ်သားမှုတွေ များခဲ့ကြတာပါပဲ။ ကလေးတစ်ယောက်အတွက် ထိတွေ့ရတဲ့ပတ်ဝန်းကျင်၊ ဆက်ဆံရတဲ့လူ၊ မှတ်သားရတဲ့ အသိပညာတွေကလဲ သိပ်အများကြီးမရှိသေးဘူးမဟုတ်လား။
မှတ်မှတ်သားသားနဲ့ သူ့အမေအထင်ကြီးအောင် လုပ်ပြနေတဲ့ ကလေးလေးကို ပြုံးကြည့်မိရင်း ကိုယ့်ဖုန်းနံပါတ်တောင် ကိုယ်မနည်းပြန်မှတ်နေရတဲ့အဖြစ်ကိုရယ်ချင်သွားမိတယ်။ ကိုယ်နေတဲ့အခန်းတောင် ၂ ထပ်နဲ့ ၃ထပ်မှားမှားတက်သွားတာတို့၊ သွားနေကြ ခရီးတစ်ခုကို အမှတ်တမဲ့ရထားမှားစီးတာတို့၊ ရင်းနှီးတဲ့လူတစ်ယောက်ကို ရုတ်တရက်နာမည်မေ့နေတာတို့က မကြာခဏဖြစ်တတ်တဲ့ အရာတွေဖြစ်လာပြီ။ သင်ယူစရာတွေကျတော့ရော။ ပတ်ဝန်းကျင်မှာ ကိုယ်စိတ်မဝင်စားတော့တဲ့အရာတွေက ပိုများလာတယ်။ မှတ်သားစရာတွေများလွန်းလို့ ဘယ်ဟာမှကို လိုက်မမှတ်ချင်တော့တာ။ ၁၀ တန်းအောင်၊ တက္ကသိုလ်တက်တဲ့ထိ မှတ်စုစာအုပ်လေးတွေထားပြီး တွေ့သမျှ၊ ဖတ်ဖူးသမျှထဲက စိတ်ဝင်စားတာလေးတွေကိုမှတ်သားထားခဲ့ဖူးတဲ့ ကိုယ့်ကိုယ်ကို အိမ်အပြန်စာအုပ်အဟောင်းပုံထဲမှာ ပြန်ရှာတွေ့တုံးက တအံ့တသြနဲ့ အထင်တောင်ကြီးခဲ့မိသေး။ ကိုယ့်ကိုယ်ကိုတောင် မေ့နေတာကြာပေါ့။
ကလေးဘဝမှာအရာရာကို စိတ်ဝင်စား၊ စူးစမ်း၊ မှတ်သားတတ်တာကို ဒီကလေးလေးက ပြန်သတိပေးလိုက်တာပဲ။ တွေ့ဆုံ၊ ဆက်ဆံ၊ ပြောဆိုခဲ့ရတဲ့လူတွေများလွန်းလို့ အရောရောအထွေးထွေးဖြစ်ကုန်တဲ့အခါမျိုးမှာမျက်နှာ တစ်ခါမြင်ဖူးရင် အမြဲမှတ်မိတတ်တဲ့ ကလေးတွေရဲ့ မှတ်ဥာဏ်မျိုးကို ပြန်လိုချင်မိတယ်။ ပြီးတော့ ဘယ်ဟာကိုမဆို စိတ်ဝင်စားမှုအပြည့်နဲ့ စပ်စုချင်တတ်တဲ့ စိတ်မျိုးကိုရောပေါ့။ အသက်အရွယ်နဲ့ အတွေ့အကြုံ အလျောက် တွေ့ရကြုံရတာတွေများလာတဲ့အချိန်မှာ အရာတော်တော်များများက ဆွဲဆောင်မှုအားနည်းသွားတယ်။ အကျိုးမရှိ၊ စိတ်ကိုသာပင်ပန်းစေတဲ့အရာတွေအတွက်လဲ အချိန်မပေးချင်တော့ဘူး။ ဘယ်မှမရောက်တဲ့ ရထားတစ်စီးပေါ်ကိုလုယက်ပြီးတက်စီးနေတဲ့သူတွေ၊ ရထားလမ်းပေါ်က လူတိုင်းတွေ့နေတဲ့ဘူတာဆိုင်းဘုတ်တွေကို ရထားတစ်စီးလုံးကြားအောင် ဘူတာစဉ် အော်ဟစ်ပြီးဖတ်တတ်သူတွေ၊ ရထားတစ်စီးလုံးပေါ်ကလူတွေ ဘယ်သူမှ ကိုယ့်လောက်ဘယ်ရထားဘယ်ရောက်လဲဆိုတာမသိဘူးလို့ သူများကိုထင်မှတ်ဆက်ဆံတတ်သူတွေ၊ ခဏတစ်ဖြုတ်ထိုင်စီးရတဲ့ ထိုင်ခုံလေးတစ်ခုအတွက် ပူပူလောင်လောင်ရန်ဖြစ်နေကြတဲ့သူတွေ မြင်ရတဲ့အခါ စိတ်ကပင်ပန်းတတ်လာတယ်။ ကျွန်တော်သဘောကျတာက သက်ကြီးရွယ်အိုနဲ့၊ ကလေးမိခင်၊ နာမကျန်းသူတွေကို ကိုယ်ချင်းစာတရားအပြည့်နဲ့ နေရာဖယ်ပေးတတ်သူတွေ၊ တိတ်တိတ်ဆိတ်ဆိတ် ရထားစီးတတ်ပေမယ့် မသွားတတ်၊ မလာတတ်သူတွေတွေ့လာရင် စေတနာအပြည့်နဲ့ ဂရုတစိုက်လမ်းညွှန်ပေးတတ်သူတွေ၊ ပြီးတော့ လိုအပ်လာရင် ရထားအတက်အဆင်းမှာ ဝန်စည်စလည်နဲ့လူတွေ ကလေးနဲ့လူတွေကို ဖေးမတတ်သူတွေ။
ဆယ်ကျော်သက်တုံးက ဆရာတွေကိုအမှားရှာပြီး ကိုယ်သိတာလေးနဲ့ထောက်ပြခဲ့တဲ့ကျွန်တော်မဟုတ်တော့ဘူး။ ဖတ်ထား၊ မှတ်ထားသမျှလေးနဲ့ လူပေါ်လူဇော်လုပ်ချင်ခဲ့တဲ့ကျွန်တော်မဟုတ်တော့ဘူး။ ကိုယ်လုပ်တာမှ အကောင်းဆုံးဆိုတဲ့စိတ်မျိုးနဲ့ ကျွန်တော် မဟုတ်တော့ဘူး။
တစ်ချို့ အရာတွေက သိထားပေမယ့် မပြောတာပိုကောင်းတယ်ဆိုတာသိလာခဲ့ပြီ။ ဗဟုသုတဆိုတာ ဥာဏ်ပညာအထိန်းအကွပ်မပါရင် မာနနဲ့ အဆိပ်အတောက်ကိုသာပေးတတ်တာလဲမြင်ခဲ့ဖူးပြီ။ ကျွန်တော်အကျွမ်းကျင်ဆုံးကိစ္စမျိုးကိုတောင် ကျွန်တော့ထက်ပိုကောင်းအောင်လုပ်နိုင်တဲ့သူမျိုးတွေလဲတွေ့ခဲ့ဖူးပြီ။
နှစ်ပေါင်းသုံးဆယ်သွားခဲ့တဲ့ခရီးမှာ ကျွန်တော်သိခဲ့တာတွေအများကြီး၊ အဲလိုပဲ မသိခဲ့တာတွေလဲအများကြီး။ နောက်ထပ်သွားနေရသရွေ့ ခရီးမှာလဲ သင်ယူစရာတွေအများကြီးကစောင့်နေဦးမှာ။ လောဘ၊ ဒေါသ၊ မောဟ၊ မာနနဲ့ အတ္တတွေအတွက် မပြောသင့်တဲ့အရာတွေကိုပြောမိလို့ နောင်တရမိမှာမျိုးတွေ တတ်နိုင်သလောက်နည်းသွားစေချင်ပြီ။
အသက်ကြီးလာတာနဲ့အမျှ ဖြစ်တတ်တာတွေအများကြီး၊ ဖြစ်နိုင်တာတွေအများကြီးဆိုတဲ့အသိနဲ့ ဘာကိုမှသိပ်မအံ့သြတတ်တော့ပေမယ့် အရာရာကို တက်တက်ကြွကြွ စူးစမ်းလေ့လာမှတ်သားတတ်တဲ့ ဒီကလေးလေးရဲ့ စိတ်မျိုးကိုတော့ လိုချင်မိသေးတယ်။ ဘဝမှာ မကုန်ခမ်းနိုင်တဲ့သင်ယူစရာတွေ၊ လေ့လာစရာတွေအတွက် အမြဲအဆင်သင့်ဖြစ်နေဖို့က သူ့လိုအရာရာ စူးစမ်းမှတ်သားတတ်တဲ့ စိတ်မျိုးရှိဖို့လိုတယ်ဆိုတာ ဒီကလေးလေးက သတိပေးလိုက်တာပါပဲ။အဲ....... ကျွန်တော့လို နောက်ဂျွမ်းထိုးတတ်လားဆိုတာကတော့ ကျွန်တော်တို့ ဘယ်တော့မှ မမေးရမယ့် မေးခွန်းဖြစ်လိမ့်မယ်ထင်ပါတယ်။
No comments:
Post a Comment