Friday, April 24, 2020

ဂရိဒဏ္ဍာရီ (၃)

ပြစ်ဒဏ်ခံ ပရိုမီးသီးရပ်စ်နဲ့ လူသန်ကြီး ဟာကြူလီ (သို့မဟုတ်) ဟာရကယ်လ်
*************************************************************
လေကြမ်းတွေ တစ်ဝေါဝေါတိုက်နေတဲ့ မတ်မတ်စောက်စောက်ကော်ကေးဆပ်တောင်တန်းမြင့်ကြီးရဲ့ ထိပ်ကကျောက်စွန်းတစ်ခုပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ လူတစ်ယောက်။
ခြေရော၊ လက်ရော သံကြိုးတွေနဲ့ နှောင်တည်းခံထားရလို့ မလှုပ်ရှား မသွားလာနိုင်တဲ့ လူတစ်ယောက်။
သူ့ရင်ဘတ်က ဟောင်းလောင်းပွင့်နေပြီး သူ့အသည်းကိုတော့ လင်းယုန်ငှက်ကြီးတစ်ကောင်က သန်မာတဲ့နှုတ်သီးချွန်ကြီးနဲ့ စိမ်ပြေနပြေထိုးစားနေတယ်။
တစ်ချက်၊ တစ်ချက်မှာ သံမဏိလိုထက်တဲ့ လင်းယုန်လက်သည်းတွေနဲ့ ရင်ဘတ်ကိုထိုးခွဲပြီး နံရိုးအောက်ကအသည်းတွေကိုပါပေါ်စေလို့ ပွဲတော်ကောင်းကောင်းကြီးတည်နေလေရဲ့။

သံကြိုးတွေနဲ့ ချည်‌ခံထားရတဲ့သူကတော့ အသည်းခိုက်အောင်နာကျင်တဲ့ဒဏ်ကို အံတင်းတင်းကြိတ်လို့ခံရင်း မျက်လုံးတွေကိုစုံမှိတ်၊ ညကိုသာမြန်မြန်ရောက်စေဖို့ ဆန္ဒပြင်းပြနေရှာတယ်။
ညရောက်ရင် အသည်းကပြန်ပြည့်လို့ သူ့ခန္ဓာကိုယ်ကလဲအကောင်းပကတိပြန်ဖြစ်သွားမယ်မဟုတ်လား။
တကယ်တော့ သူကလူသားတစ်ယောက်လဲ မဟုတ်ပါဘူး။
ထာဝရရှင်သန်တဲ့ နတ်ဘုရားမျိုးနွယ်ဖြစ်လို့ မသေနိုင်ပဲ နေ့စဥ် ထပ်ကာ၊ ထပ်ကာ ညှင်းဆဲခံ၊ ပြစ်ဒဏ်ခံနေရတဲ့ လူသားတို့ရဲ့ ဖန်တီးသူ ပရိုမီးသီးရပ်စ်။
နတ်ဘုရားတို့ရဲ့ စံရာ အိုလံပစ်တောင်ပေါ်ကမီးကိုခိုးယူပြီး လူသားတွေကို ပေးခဲ့တဲ့ ပရိုမီးသီးရပ်စ်။
ကိုယ်တိုင် တိုက်တန်(Titan) တစ်ယောက်ဖြစ်ပေမယ့် ဇူးစ်နတ်ဘုရားနဲ့ အတူ တိုက်တန် တွေကို တိုက်ပွဲဝင်ပြီး ဇူးစ်နဲ့ အိုလံပစ်သား တွေကို နန်းတင်ပေးခဲ့တဲ့ ပရိုမီးသီးရပ်စ်။
လူသားတွေကိုချစ်မြတ်နိုးပြီး၊ လူသားတို့ကို ဗိသုကာ၊ အနုပညာ၊ နက္ခတ်တာရာက စလို့ သိပ္ပံပညာ အတတ်ပညာမျိုးစုံသင်ပေးခဲ့တဲ့ ပရိုမီးသီးရပ်စ်။
ဖြစ်ပြီးမှမြင်တတ် တွေးတတ်သူ အပီမီးသီးရပ်စ် (Epi-metheus) ရဲ့အစ်ကို၊ မဖြစ်ခင်ကြိုမြင် ကြိုတွေးနိုင်သူ တိုက်တန်နတ်ဘုရား ပရိုမီးသီးရပ်စ် (Pro-metheus) ပါ။

နှုတ်သီးကို‌မြှောက်၊ အသည်းကိုပေါက်ဖို့ နောက်တစ်ခေါက်ပြင်တဲ့အခိုက်မှာပဲ လေကိုတိုးလာတဲ့ 'ရွှီး' ဆိုတဲ့အသံတစ်ခုနဲ့အတူ လင်းယုန်ငှက်ကြီးဟာ ပရိုမီးသီးရပ်စ်ရဲ့အပေါ်ကနေ ဒလိမ့်ခေါက်ကွေးပြုတ်ကျသွားတယ်။
ငှက်ဆိုးကြီးရဲ့လည်ပင်းမှာတော့ တစ်ဆတ်ဆတ်တုန်နေသေးတဲ့ မြှားတံကြီးက နက်နက်နဲနဲစိုက်ဝင်လို့။
တောင်ပံကို တစ်ဖြတ်ဖြတ်ခတ်၊ ကျောက်ဆောင်ပေါ်မှာလူလိမ့်ရင်း ခဏတွင်းမှာပဲ လင်းယုန်ငှက်ကြီးဟာ အသက်ကုန်သွားတော့တယ်။
လေးကိုကိုင်ပြီး ပရိုမီးသီးရပ်စ်နားကို လျှောက်လာတာက ခြင်္သေ့သားရေကြီးကိုဝတ်ရုံအဖြစ်ခြုံထားတဲ့ သန်မာထွားကြိုင်းတဲ့လူတစ်ယောက်။

"သင်သည်ကား ငှက်လင်းယုန်၏ အသည်းဖောက်စားခြင်းကို အချိန် အဆုံးအစမရှိခံနေရသော တိုက်တန်ကြီး ပရိုမီးသီးရပ်စ်ပင် ဖြစ်လိမ့်မည်။"

" မှန်ပေသည်။ ငါ၏ ဒုက္ခကို အဆုံးသတ်ပေးသော ခွန်အားဗလနှင့်ပြည့်စုံသည့်လူငယ်...သင်ကား မည်သူနည်း"

" ကျွန်ုပ်အမည်ကို လူအချို့က ဟာရကယ်လ် (Heracles)  ဟုခေါ်ကြ၍ အချို့က ဟာကြူလီ (Hercules)  ဟုခေါ်ကြသည်။

အားလုံးက တစ်ညီတစ်ညွတ်ထဲ ခေါ်ကြသည်မှာ လူသားတို့တွင် အသန်မာဆုံးသူ၊ လူသားတို့တွင် အစွမ်းဆောင်နိုင်ဆုံးသောသူ၊ နတ်တို့ဘုရင်ဇူးစ်နတ်ဘုရား၏ သားတော် ဟုပင်။

ရန်သူများက ကျွန်ုပ်ကို သားရဲထက်ပင်ကြောက်ရွံ့ကြ၍ မိတ်ဆွေများကနတ်ဘုရားအလား ချီးမြှောက်အားထားကြသည်။

အခက်အခဲမျိုးစုံဖြတ်၍ ကြမ်းတမ်းလှသောခရီးကိုနှင်ခဲ့သည့် ကျွန်ုပ်ကား သင့်အား ကျိန်စာမှ လွတ်မြောက်စေမည့်သူပင်"

" ယုံကြည်ချက်ခိုင်မာသည့် သူရဲကောင်းလုလင်...သင်သည် ဇူးစ်၏ လင်းယုန်ကို သုတ်သင်နိုင်သော်လည်း ပန်းပဲအကျော်အမော် ဟက်ဖက်စတပ်စ် ကိုယ်တိုင်သွန်းလုပ်ခဲ့သည့်၊ ငါကဲ့သို့တိုက်တန်တစ်ယောက်ကိုပင် အကျဥ်းချနိုင်အောင်ခိုင်မာလှသည့် သံကြိုးကို ဖြတ်နိုင်ပါမည်လော "

တစ်မိုးအောက် တစ်ယောက်အသန်ဆုံးလို့ ပြောရလောက်အောင် သူမတူအောင်သန်စွမ်းတဲ့ လူစွမ်းကောင်းဟာရကယ်လ် က ပရိုမီးသီးရပ်စ်ကိုချုပ်နှောင်ထားတဲ့သံကြိုးကို လက်ဗလာနဲ့ဆွဲဖြတ်လိုက်ပြီး တိုက်တန်နတ်ဘုရားကို လွတ်‌မြောက်စေလိုက်တယ်။

လွတ်မြောက်သွားတဲ့ ပရိုမီးသီးရပ်စ်က အတုံ့အပြန်အနေနဲ့ ဘာအကူအညီပေးရမလဲ မေးတဲ့အခါ ဟာရကယ်လ်က သူ့ရဲ့  စွန့်စားခန်းနဲ့ ခရီးစဥ်ရှည်ကြီးအကြောင်းကို ရှင်းပြတယ်။

ရူးသွပ်စဥ်ခဏမှာ လုပ်ခဲ့မိတဲ့အပြစ်ကြီးတစ်ခုအတွက် ပြန်ပေးဆပ်ဖို့နဲ့ နတ်ဘုရားတွေရဲ့ ကောင်းချီးပေးတာကိုရဖို့ အတွက် ဟာရကယ်လ် ဟာနှစ်ပေါင်းများစွာကြာအောင် ခက်ခဲလွန်းမက ခက်ခဲတဲ့၊ မဖြစ်နိုင်ဘူးထင်ရတဲ့ အလုပ်ကြီးတွေကို တာရင်း (Tiryn) ရဲ့ဘုရင် ယူရီးစ်သီးရပ်စ် (Eurystheus) ခိုင်းတဲ့အတိုင်းလုပ်ပေးရတယ်။
စုစုပေါင်း အလုပ်ကြီးတစ်ဆယ့်နှစ်ခုလုပ်ရမယ့်ထဲက  ဆယ်ခုကိုအောင်မြင်စွာပြီးမြောက်ခဲ့ပြီ။

သူခြုံထားတဲ့ ခြင်္သေ့ရေကြီးက ပထမဆုံးအလုပ်ဖြစ်တဲ့ နီမီရန်ခြင်္သေ့ (Nemean lion)ကို သတ်တဲ့အလုပ်ကရတဲ့ အောင်ပွဲအထိမ်းအမှတ် ဆုလာဘ်။
ဓါး၊လှံ၊လေးမြားမတိုးအောင် ခိုင်ခံ့ထူထဲလှတဲ့သားရေပိုင်ရှင် ဆိုးသွမ်းလှတဲ့ ဧရာမနီမီရန်ခြင်္သေ့ကြီးကို နပန်းဝင်လုံး၊ သူ့ရဲ့ကြီးမားတဲ့ခွန်အားကိုသုံးလို့ အဲဒီခြင်္သေ့ကြီးကို လည်ပင်းညှစ်ပြီး သတ်ခဲ့ရတာ။
ခြင်္သေ့ရေကိုတော့ ခြင်္သေ့ကြီးရဲ့ လက်သည်းကိုသုံးပြီးဆုတ်၊ ကိုယ်ပေါ်မှာလွှမ်းခြုံပြီး ချပ်ဝတ်တန်ဆာအဖြစ်ဝတ်လို့ ရန်သူပေါင်းများစွာနဲ့တိုက်ခိုက်ရာမှာ ဓါးလှံလက်နက်ပြီးတဲ့ အကာအကွယ်ဖြစ်စေခဲ့တယ်။

အခု တစ်ဆယ့်တစ်ခုမြောက်အလုပ်အတွက် ပရိုမီးသီးရပ်စ်ရဲ့အကူအညီကို လိုလို့ရောက်လာခဲ့တာ။

သေခြင်းမှလွတ်မြောက်စေနိုင်သည့် ရွှေရောင်ပန်းသီး
*****************************************
ဒီတစ်ခါ ဘုရင် ယူရီးစ်သီးရပ်စ်ခိုင်းတဲ့အလုပ်က  နေဝင်ချိန်ကို‌စောင့်ရှောက်တဲ့ ဟက်စ်ပီးရိုက် (Hesperides) နတ်သမီးလေးတွေရဲ့ ဥယျာဥ်ထဲက ရွှေရောင်ပန်းသီးတွေကို သွားယူရမယ့်အလုပ်။
ဟက်စ်ပီးရိုက်နတ်သမီးလေးတွေဆိုတာက တိုက်တန်တစ်ယောက်ဖြစ်တဲ့ အတ်လပ်စ် (Atlas) ရဲ့ သမီးလေးတွေ၊ တစ်နည်းအားဖြင့် ပရိုမီးသီးရပ်စ်ရဲ့ တူမလေးတွေ။

လွန်ခဲ့သောနှစ်ရာပေါင်းများစွာက တိုက်တန်တွေနဲ့ ဇူးစ်တို့အိုလံပစ်သားတွေ စစ်ဖြစ်ခဲ့ကြတဲ့အချိန်မှာ ပရိုမီးသီးရပ်စ်တို့ တိုက်တန်ညီအစ်ကိုလေးယောက်ထဲက ပရိုမီးသီးရပ်စ်နဲ့  အပီမီးသီးရပ်စ်တို့က ဇူးစ်ဘက်ကဝင်တိုက်ပြီး  အတ်လပ်စ် နဲ့ တစ်ခြားညီငယ်ကတော့ တိုက်တန်တွေဘက်ကတိုက်ခဲ့တယ်။
စစ်ကြီးပြီးသွားလို့ တိုက်တန်တွေရှုံးတဲ့အခါမှာ ဇူးစ်က ကြီးမားထွားကြိုင်းလှတဲ့ တိုက်တန်ကြီး အက်လပ်စ်ကို ကောင်းကင်ကြီးကို ထမ်းထားဖို့ အပြစ်ပေးခဲ့လိုက်တယ်။
အဲဒီကတည်းက ကောင်းကင်ကြီးကို ထမ်းထားရတာ ဒီနေ့အထိပဲ ဖြစ်တယ်။
ပန်းသီးဥယျာဥ်စောင့်တဲ့ ဟက်စ်ပီးရိုက်နတ်သမီးလေးတွေက တိုက်တန်ကြီး အက်လပ်စ်ရဲ့ သမီးလေးတွေ။

ရွှေရောင်ပန်းသီးပင်ရဲ့ ပိုင်ရှင်က ဇူးစ်နတ်ဘုရားရဲ့ မိဖုရားခေါင်ကြီး ဟီးရာ (Hera)။
စားလိုက်ရင် ထာဝရအသက်ရှည်မှုကို ပိုင်ဆိုင်နိုင်စေတယ်လို့ဆိုကြတဲ့ ဒီပန်းသီးပင်ကို စောင့်ရှောက်ဖို့ ဟက်စ်ပီးရိုက် နတ်သမီးတွေတင်မက ခေါင်းပေါင်းတစ်ရာရှိတဲ့ မြွေနဂါးကြီး လေဒန် (Laydon) ကိုပါအစောင့်အရှောက်အဖြစ် ဟီးရာကတာဝန်‌ပေးထားတယ်။
မြွေနဂါးကြီး လေဒန်မှာက ခေါင်းပေါင်းတစ်ရာရှိတော့ ခေါင်းဘယ်နှစ်ခေါင်းအိပ်အိပ်၊ ကျန်တဲ့ခေါင်းတွေက တစ်ခေါင်းမဟုတ်တစ်ခေါင်းနိုးနေတတ်လို့ ၂၄နာရီပတ်လုံး ရွှေပန်းသီးပင်ကို ဘယ်သူမှကပ်လို့မရအောင်ကြည့်ထားနိုင်စွမ်းရှိတာပေါ့။

ဒီဥယျာဥ်က နေဝင်ရာ အနောက်အရပ်မှာရှိတယ်ဆိုတာကလွဲလို့ ဘယ်နေရာမှာ ရှိမှန်းဘယ်သူမှမသိကြဘူး။
အနောက်ဖက်အရပ်ကိုဦးတည်ပြီးထွက်လာခဲ့တဲ့ ဟာရကယ်လ်က ပရိုမီးသီးရပ်စ်ကို ကယ်တင်ပြီးတဲ့နောက် ဥယျာဥ်ရဲ့တည်နေရာကို သိလိုကြောင်းမေးတယ်။

" လေးမြားအတတ်ကို တစ်ဖတ်ကမ်းခတ်တတ်သော ရဲရင့်သည့်သူရဲကောင်းလူငယ် ဟာရကယ်လ်...နားစိုက်၍ မှတ်သားလော့။
ဤ အရပ်မှ အနောက်စူးစူးသို့ ဆက်သွားလျင် အင်မတန်မြင့်မားမတ်စောက်လှပြီးလျှင် တိမ်ဆိုင်တိမ်လိပ်ကြားမှ ကောင်းကင်သို့တိုင်ထိနေသည့် တောင်ထွတ်ကြီးကိုတွေ့ရအံ့။
၎င်းတောင်ထွတ်ကြီးကား အမှန်စင်စစ် တောင်မဟုတ်ပေ။
ဇူးစ်နတ်ဘုရား၏ အပြစ်ပေးခြင်းဖြင့် ကောင်းကင်ကြီးကို ထမ်းပိုးထားရသော ငါ၏ညီတော် တိုက်တန်တစ်ဦးဖြစ်သူ အတ်လပ်စ်ဖြစ်ပေသည်။
ကောင်းကင်ကြီးမှဆီး၍ ကြည့်ခြင်းဖြင့် ကမ္ဘာမြေတစ်ခွင်တွင် အတ်လပ်စ် မမြင်နိုင်သည့်အရပ်မရှိပေ။
သူ့ထံသွားရောက်၍ သူ့သမီးတော်များစောင့်ရှောက်သည့် ဟီးရာ၏ဥယျာဥ်တည်ရာ အရပ်ကိုမေးလော့ "

အတ်လပ်စ်
*********
ပရိုမီးသီးရပ်စ်ရဲ့ လမ်းညွှန်မှုနဲ့ ဟာရကယ်လ်ဟာ လူ့ဘီလူးကြီး အတ်လပ်စ်ရှိရာကိုရောက်ရှိခဲ့တယ်။
ကောင်းကင်ကို ထမ်းပိုးထားတဲ့ အတ်လပ်စ်ရဲ့ ဝန်ကို တောင်မြင့်ကြီးတစ်ခုပေါ်တက်လို့၊ ကောင်းကင်ကြီးကို ကူထမ်းပေးထားခြင်းနဲ့ကူညီပေးလိုက်တဲ့အခါ အတ်လပ်စ်ဟာ ပန်းသီးယူပေးဖို့ ဥယျာဥ်ရှိရှာအရပ်ကို ကြီးမားတဲ့ခြေလှမ်းကြီးတွေလှမ်းလို့ ခဏအတွင်းမှာရောက်ရှိအောင် ထွက်သွားတော့တယ်။

ကောင်းကင်ကိုတောင်ထမ်းနိုင်လောက်အောင် သန်မာတဲ့ဟာရကယ်လ်ကတော့ အတ်လပ်စ်ကိုယ်စား ကောင်းကင်ကြီးကိုထမ်းလို့ အတ်လပ်စ်ပြန်အလာကိုစောင့်ရင်းနဲ့ပေါ့။

အချိန်တစ်ခုကြာသွားတဲ့အခါမှာ ရွှေရောင်ပန်းသီးကိုကိုင်လို့ အတ်လပ်စ်ပြန်ရောက်လာခဲ့တယ်။

"ငါသည် မလှုပ်မယှက်ပဲ ကောင်းကင်ကြီးကို ထမ်းပိုးထားခဲ့ရသည်မှာ နှစ်ရာပေါင်းများစွာကြာခဲ့ပြီ။
တစ်နေရာထဲတွင်နေရသည့်ဘဝမှ လွတ်လပ်စွာသွားလာခွင့်ကိုရသည့်ကာလမှာ တိုတောင်းလွန်းလှသည်။
သင့်ကိုယ်စား ရွှေရောင်ပန်းသီးကို သင်ပြောသည့် ဘုရင် ယူရီးစ်သီးရပစ်ထံသို့ သွားပို့ခွင့်ပေးပါလေ"

ကောင်းကင်ကြီးကိုထမ်းထားရတဲ့ ဒုက္ခကလွတ်မြောက်သွားတဲ့ အတ်လပ်စ်က ဟာရကယ်လ်ကို သူ့နေရာမှာ လူစားလဲဖို့ ကြံစည်တာပါ။

"ကောင်းလှပါပြီ တိုက်တန်နတ်ဘုရား လပ္ပီးတပ်စ်၏သားတော်၊ ရှေ့ကိုကြိုမြင်နိုင်သူ ပရိုမီးသီးရပ်စ်၏ညီ တိုက်တန်ကြီး အတ်လပ်စ်။
သင်မသွားမှီ ကျွန်ုပ်၏ ပခုံးပေါ်မှကောင်းကင်ကြီးကို နေသားတကျထမ်းပိုးနိုင်ဖို့ ကူညီခဲ့ပါ။
ခဏသာသင်သွားမည်ဆို၍ ကောင်းကင်ကြီကိုသေချာမထမ်းထားရပါ။
ကောင်းကင်ကြီးကိုကြာရှည်ထမ်းနိုင်ဖို့ ပခုံးပေါ်ရှိ အခုအခံကို အတည်တကျနေရာချလိုသည်။
ခေတ္တခဏမျှ ကောင်းကင်ကြီးကို ပြန်လည်ထမ်းမ ထားပေးပါ။"

ဟာရကယ်လ်ရဲ့ စကားကြောင့် လူ့ဘီလူးကြီးအတ်လပ်စ်လဲ ပန်းသီးလေးကိုမြေပေါ်မှာချလို့ ကောင်းကင်ကြီးကို ဝင်ပြီးထမ်းပိုးပေးလိုက်တယ်။
သူ့ပခုံးပေါ်က ကောင်းကင်ကြီးရဲ့ ဝန်ကလွတ်သွားပြီဆိုတာနဲ့ တစ်ပြိုင်နက် မြေကြီးပေါ်က ရွှေရောင်ပန်းသီးလေးကိုကောက်ပြီး ဟာရကယ်လ်တစ်ယောက် သုတ်ချေတင်တော့တာပေါ့။

သူ့ကို လူစားထိုးပြီး ကောင်းကင်ထမ်းခိုင်းဖို့ကြံတဲ့ အတ်လပ်စ်ကို လှည့်စားပြီး မူလရည်မှန်းချက်အတိုင်း ရွှေရောင်ပန်းသီးလေးကို ဘုရင်ယူရီးစ်သီးရပ်စ်ဆီပို့ဖို့ ခရီးနှင်သွားတော့တယ်။
သူ့ကို လမ်းညွှန်မှုနဲ့ ဉာဏ်ပညာပေးလိုက်တဲ့ ပရိုမီးသီးရပ်စ်ကို ကျေးဇူးတင်စကားဆိုရင်းပေါ့။

အဲဒီလိုနဲ့ သန်စွမ်းသလောက် မဆုတ်မနစ် ဇွဲ၊ လုံ့လကြီးမားတဲ့ လူစွမ်းကောင်း ဟာရကယ်လ် (သို့) ဟာကြူလီဟာ ရှေ့ရေးကိုမျှော်တွေးနိုင်သူ ပရိုမီးသီးရပ်စ်ရဲ့ အကြံဉာဏ်ကိုကိုယူလို့ သူ့ရဲ့ ဧကာဒသမမြောက် အလုပ်ကြီးကို ပြီးမြောက်အောင်မြင်‌အောင်လုပ်နိုင်ခဲ့တယ်။

အတ်လပ်စ်ကတော့ ဘယ်မှမသွားရပဲ ကောင်းကင်ကြီးကိုဆက်ပြီးထမ်းပိုးထားရတဲ့ ဒုက္ခကိုခံရတာ နောက်ဆုံးတစ်နေ့မှာ မက်ဒူးဆာ (Medusa) မိစ္ဆာမကိုသတ်လာတဲ့ သူရဲကောင်း ပါဆီရပ်စ် (Perseus) ရောက်လာတဲ့အထိပဲ။
 ပါဆီရပ်စ်က အတ်လပ်စ်ကို မက်ဒူးဆာရဲ့ခေါင်းကို ပြလိုက်တဲ့အခါမှ မက်ဒူးဆာရဲ့မျက်လုံးတွေကိုစိုက်ကြည့်ရင်း ကျောက်စိုင်ကျောက်သား တောင်တန်းကြီးအဖြစ်ပြောင်းလဲလို့ အတ်လပ်စ်တောင်တန်းကြီး အဖြစ် ဘဝနိဂုံးချုပ်သွားခဲ့ပါတယ်။

မောင်ဇိ (၂၄၊ ၀၄၊ ၂၀၂၀)











Friday, April 17, 2020

ဂရိဒဏ္ဍာရီ (၂)


ပရိုမီးသီးရက်စ်ရဲ့ ပြစ်ဒဏ်
"""""""""""""""""""""""""
" အို...ခွန်အားဗလနှင့် ပြည့်စုံသော သားတော် ဟက်ဖက်စ်တပ်၊
အို...အလိုရှိရာ ကိရိယာကို မီးမှဖန်တီးနိုင်သော သားတော် ဟက်ဖက်စ်တပ်၊
ကမ္ဘာတည်သရွေ့ခိုင်မြဲသော သံကြိုးတို့ကို သွန်းလုပ်ပါလေ။
ရေ၊ လေ၊ နေ တို့ မတိုက်စားနိုင်သော ခိုင်မြဲသည့် အချုပ်အနှောင်တို့ဖြစ်ပါစေ။
ပုန်ကန်သူ ပရိုမီးသီးရက်စ်ကို ခိုင်ကျည်စွာ ချည်‌နှောင်နိုင်ပါစေ။
နတ်ဘုရားတို့ကို ပုန်ကန်၍ နိမ့်ကျသည့်လူသားတို့အား မီးပေးသူ၏ အပြစ်ကို စံနမူနာပြအံ့။"

အမျက်‌ဒေါသပြင်းထန်နေတဲ့ နတ်ဘုရားတို့ရဲ့ ဘုရင် ဇူးစ် (Zeus) အမိန့်နဲ့ ပန်းပဲဖိုပိုင်ရှင် နတ်ဘုရား ဟက်ဖက်စ်တပ်(Hephaestus)တစ်‌ယောက် ပရိုမီးသီးရက်စ်ကို အပြစ်ပေးရာမှာသုံးဖို့ သံကြိုးတွေကို ထုလုပ်ရပါပြီ။

ပရိုမီးသီးရက်စ် (Prometheus)ကတော့ ထွက်မပြေးပါဘူး။
ညီဖြစ်သူ အပီမီးသီးရက်စ်(Epimetheus)ကို ခေါ်ပြီး သူချစ်တဲ့လူသားတွေကို ဆက်စောင့်ရှောက်ပေးဖို့သာ အမှာစကားခြွေပါတယ်။
ရှေ့ကိုကြိုမျှော်မြင်တတ်သူပီပီ အရေးအကြီးဆုံးအရာတစ်ခုအနေနဲ့ ဇူးစ်ကဘာလက်ဆောင်ပေးပေးမယူဖို့ သေချာမှာပါတယ်။
" ညီငယ် အပီမီးသီးရက်စ်...ငါရှိနေသရွေ့တော့ လူသားတွေကို ဇူးစ်က မဖျက်စီးနိုင်။
ငါသွားချိန်မှာသာ ဇူးစ်က ဘာပေးပေးမယူမိပါစေနဲ့။
လူသားတို့၏ ကိုယ်စားလှယ်အဖြစ် ငါ့ကိုယ်စားဆက်လက်ကူညီပါလေ"

သံကြိုးတွေကို သွန်းလုပ်ပြီးတဲ့အခါမှာတော့ ဇူးစ်က ပရိုမီးသီးရက်စ်ကို မတ်စောက်မြင့်မားလှတဲ့ ကျောက်တောင်ကြီးတစ်ခုရဲ့ထိပ်မှာ သံကြိုးတွေနဲ့ တွဲပြီးချည်နှောင်စေပါတယ်။
နေ့စဥ်နေ့တိုင်း ဇူးစ်ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ လင်းယုန်တစ်ကောင်က ပရိုမီးသီးရက်စ်ရဲ့အသည်းကို လာ လာစားပါတယ်။
တစ်ညလွန်မြောက်ပြီဆိုတာနဲ့ ပရိုမီးသီးရက်စ်ရဲ့ အသည်းက ပြန်ပြည့်သွားပြီး နောက်နေ့မှာ တစ်ခါ အစားခံရပြန်တယ်။
သတ္တိကြီးမားသူ ပရိုမီးသီးရက်စ်ဟာ မညည်းညူပါဘူး။
အသနားမခံပါဘူး။
အထီးကျန်ခြင်းနဲ့ နာကျင်ခြင်းကို တစ်လှည့်စီခံစားပြီးနေ့နဲ့ညတွေကို ဖြတ်သန်းပါတယ်။
ဗိုလ်ကျစိုးမိုးတာကို မကြိုက်လို့၊ တရားမျှတမှုကို လိုလားလို့ ခရိုးနက်စ်ကို ဇူးစ်နဲ့လက်တွဲပြီးတော်လှန်ခဲ့တာဖြစ်တယ်။
နောက်ထပ်ပေါ်လာတဲ့ အာဏာရှင်အသစ် ဇူးစ်ကိုလဲ တောင်းပန်တိုးလျှိုးဖို့ မကြိုးစားတော့ပါဘူး။
လူသားတွေရဲ့ သူရဲကောင်းတစ်ယောက်အနေနဲ့ လောကဓံကို ရဲဝံ့စွာရင်ဆိုင်ခဲ့သူတစ်ယောက်ပေါ့။
ဒီလိုနဲ့...နေ့စဥ်နေ့တိုင်း မသေနိုင်ပဲ ကြီးမားတဲ့ နာကျင်ခြင်းဒုက္ခကို နှစ်ရာပေါင်းများစွာ၊ ဆုံးစမရှိခံစားရတော့တာပါပဲ။
နောက်ဆုံးတစ်နေ့မှာ ဇူးစ်ရဲ့သားတစ်ယောက်ဖြစ်တဲ့ လူစွမ်းကောင်း ဟာရကယ် (Heracles) (ရောမအခေါ် ဟာကြူလီ) ရောက်လာပြီး သူ့ရဲ့သံကြိုးတွေကို ဖြတ်ပေးတဲ့အခါမှ လွတ်မြောက်ခွင့်ရပါတော့တယ်။ ( ဒါကတော့ နောက်ဇာတ်လမ်းတစ်ပုဒ်ပေါ့)

အပီမီးသီးရက်စ်တစ်ယောက်ကတော့ လူသားတွေကြားထဲမှာ နေထိုင်ပြီး သူ့အစ်ကိုပေးခဲ့တဲ့တာဝန်ကို ဆက်ထမ်းဆောင်နေခဲ့တယ်။
မီးကိုလိုသလိုအသုံးချနိုင်တဲ့နောက်မှာ လူသားတွေရဲ့ ယဥ်ကျေးမှုအဆင့်အတန်းကလဲ တစ်နေ့တစ်ခြား မြင့်မားလာခဲ့တာကို ဇူးစ်ကစောင့်ကြည့်နေခဲ့တယ်။
မီးကို အစားအစာချက်ဖို့တင်မက ပစ္စည်းကိရိယာတွေလုပ်တဲ့နေရာမှာ၊ အသုံးအဆောင်တွေ တီထွင်တဲ့နေရာတွေမှာ၊ အဆောက်အဦ ဆောက်တဲ့နေရာတွေမှာ စသဖြင့်သုံးပြီး လူသားတွေရဲ့ ကမ္ဘာကြီးဟာ စည်ပင်သထက်စည်ပင်လာနေတာကို ဇူးစ်က မြင်နေရတယ်။


ပန်ဒိုရာ
"""""""
" မီးကိုလက်ခံရရှိတဲ့အတွက် တန်ရာတန်ကြေးကို ပြန်ပေးဖို့အချိန်ရောက်ပြီ"

လို့ ဇူးစ်က သတ်မှတ်တဲ့အချိန်မှာ သူ့သားတော် ပန်းပဲဆရာ ဟာဖက်စ်တပ်စ် ကို အမိန့်တစ်ခုပေးလိုက်တယ်။
အမိန့်ရတာနဲ့ အချိန်မဆိုင်းပဲ ပန်းပဲနတ်ဘုရား ဟာဖက်စ်တပ်စ်ကအလုပ် စ လုပ်ပါတော့တယ်။
ပထမဆုံး မြေကြီးတစ်ချို့ကို ရေနဲ့လုံးလိုက်တယ်။
အဲဒီနောက်တော့ မြေနဲ့ရေရောထားတဲ့ ရွှံ့စေးကိုလိုသလိုပုံဖော်ပြီး ချိုမြတဲ့အပြုံး၊ ကျက်သရေရှိတဲ့ကိုယ်ဟန်၊ လှပပြီးနတ်ဘုရားမတွေကို ယှဥ်ပြိုင်နိုင်တဲ့မျက်နှာနဲ့ ပထမဆုံးလူသားလုံမငယ်ကို ဖန်တီးလိုက်ပါတော့တယ်။
အင်မတန်လက်ရာမြောက်လွန်းတဲ့ ဖန်တီးမှုတစ်ခုဖြစ်တာမို့ နတ်ဘုရားမတွေတောင် အံ့သြချီးမွမ်းရတဲ့ အထိပါပဲ။
လူသားမိန်းမငယ်ကို လက်ဆောင်မွန်အားလုံးကိုလက်ခံရရှိသူဆိုတဲ့ အဓိပ္ပါယ်နဲ့ ပန်ဒိုရာလို့ နာမည်ပေးလိုက်ကြတယ်။
တကယ်လဲ အိုလံပစ်တောင်ပေါ်မှာနေတဲ့ နတ်ဘုရားအားလုံးက အနည်းနဲ့အများဆိုသလို လူသားလုံမငယ်အတွက် လက်ဆောင်တွေဖန်တီးပေးကြတယ်။
စစ်နတ်ဘုရားမ အသီးနား(Athena) ကငွေချည်တွေနဲ့ယက်လုပ်ထားတဲ့ လှပတဲ့ဝတ်စုံရှည်တစ်ခုကိုပေးရုံမက အချုပ်အလုပ်ပညာတွေကိုပါ ပန်ဒိုရာကို သင်ပေးလိုက်တယ်။
အချစ်နတ်ဘုရားမ အဖရိုဒိုက် (Aphrodite)(ရောမအခေါ် ဗီးနပ်စ်) ကတော့ ကျက်သရေတင့်တယ်မှုတွေကို ထပ်ဆောင်းပေးလိုက်တယ်။
ပျော်ရွှင်ဆော့ကစားမှုနဲ့ အပန်းဖြေမှုတို့ရဲ့ နတ်ဘုရားမငယ်လေးတွေဖြစ်တဲ့ ဂရေ့စ် (Graces)တို့ကတော့ ပန်ဒိုရာအတွက် ရွှေလည်ဆွဲလေးလက်ဆောင်ပေးကြတယ်။
သန်စွမ်းတဲ့ဆံပင်ရှည်ကြီးတွေပိုင်ဆိုင်တဲ့၊ သုံးရာသီကိုထိန်းကြောင်းသူ၊ အိုလံပစ်တောင်ရဲ့ အဝင်အထွက်လမ်းကို စောင့်ကြပ်သူ ဟိုရေး (Horae) နတ်ဘုရားမလေးတွေက ပန်ဒိုရာရဲ့ခေါင်းပေါ်မှာဆောင်းဖို့ ပန်းခက်သရဖူ။
နောက်ဆုံးမှာတော့ ခြေမြန်တမန်တော်၊ ဆေးပညာနဲ့ ကုန်သည်တို့ရဲ့နတ်ဘုရား ဟားမီးစ်က လူသားတို့ရဲ့ စကားသံကို သာယာစွာထည့်ပေးလိုက်တယ်။
ဒါတင်မက ဇူးစ်ရဲ့ ညွှန်ကြားချက်နဲ့ သာယာတဲ့စကားတွေကြားမှာ ပရိယာယ်ဝေဝုစ်တွေ၊ မုသားတွေပါထည့်ပေးလိုက်သေးလေရဲ့။

ပန်ဒိုရာသေတ္တာ
""""""""""""""""
လူသားတွေရဲ့ ပြဿနာတွေကို ပိုပြီးကြီးထွားစေဖို့ ကရားတစ်လုံးကိုလဲ ပန်ဒိုရာနဲ့အတူထည့်ပေးလိုက်ပါသေးတယ်။
နောက်ပိုင်းမှာတော့ အဲဒီပန်ဒိုရာကရားလေးကို ပန်ဒိုရာသေတ္တာလို့‌‌‌နှောင်းလူတွေက ခေါ်ကြပါတယ်။
လှပတဲ့ ဆေးမှင်တွေနဲ့ အဆန်းတကြယ်တန်ဆာဆင်ထားတဲ့ ကရားလေးကိုပိုက်ထားတဲ့ ပန်ဒိုရာဟာ အပီမီးသီးရက်စ်အတွက် သတို့သမီးလောင်းပါ။
ပန်ဒိုရာအတွက် အမှာစကားကတော့
" ဒီ ကရားလေးကို ဘယ်အခြေအနေမှာဖြစ်ဖြစ် ဘယ်တော့မှ ဖွင့်မကြည့်ရပါဘူး" ဆိုတဲ့စကားပါပဲ။

မြတ်နိုးဖွယ်ရာအတိနဲ့ ပန်ဒိုရာကိုမြင်တဲ့အခါ နောင်မှတွေးသူ အပီးမီးသီးရက်စ်ကြီးလဲ သူ့အစ်ကိုပရိုမီးသီးရက်စ်ရဲ့ သတိပေးစကားကို မေ့သွားပါတယ်။
"ဇူးစ်ဆီက ဘာလက်ဆောင်မှ မယူမိပါစေနဲ့ " ဆိုတဲ့ သူ့အစ်ကိုရဲ့စကားလဲ လေထဲမှာပဲလွင့်ပါးသွားလေရဲ့။
အပီမီးသီးရက်စ်ဟာ ဇူးစ်ရဲ့လက်ဆောင် ပန်ဒိုရာနဲ့ ကရားလေးကိုဝမ်းမြောက်စွာပဲ လက်ခံလို့ ပန်ဒိုရာကိုလဲ ချစ်ခင်စွာလက်ထပ်ယူလိုက်ပါတယ်။

ပန်ဒိုရာဖွင့်တဲ့ကရား
"""""""""""""""""""
စပြီးဖန်တီးကတည်းက စပ်စုစိတ်နဲ့ သိလိုစိတ်ပြင်းပြမှုကို ပန်ဒိုရာဆီမှာ ထည့်ထားပေးလိုက်ပြီးဖြစ်လို့ တစ်နေ့မှာ ဒီကရားကို ပန်ဒိုရာဖွင့်ကြည့်မှာပဲဆိုတာ ဇူးစ်က ဒုတ်ဒုတ်ထိ သိပြီးသားပါ။
အပီမီးသီးရက်စ်နဲ့ ပျော်ရွှင်စွာနေထိုင်လို့ အချိန်တွေကြာလာတဲ့အခါမှာ ကရာလေးကိုဖွင့်ကြည့်ချင်စိတ်က ပန်ဒိုရာမှာ ပြင်းသထက် ပြင်းပြလာပါတယ်။
မလုပ်ရဘူးလို့ ပြောထားတဲ့အရာတစ်ခုဖြစ်လို့ ပိုလို့တောင်လုပ်ချင်ပါသေးတယ်။
နောက်ဆုံးတစ်နေ့မှာတော့ သိချင်စိတ်ကို မချုပ်တည်းနိုင်တော့တဲ့ ပန်ဒိုရာက ကရားအဖုံးလေးကို လှစ်ကြည့်လိုက်ပါတော့တယ်။

ကရားအဖုံးကိုလှစ်လိုက်တာနဲ့ တစ်ပြိုင်နက် ကရားထဲကနေတိုးဝှေ့ပြီး ထွက်လာတာက လူ့လောကကို ဒုက္ခပေးမယ့်အရာတွေ။
ကောက်ကျစ်စဥ်းလဲမှုတွေ၊
မကောင်းမှုဒုစရိုက်တွေ၊
ရောဂါဘယတွေ၊
ကပ်ရောဂါတွေနဲ့
ဒုက္ခပေါင်းစုံတို့ဟာ ကရားထဲကထွက်လာပြီးတာနဲ့ လူ့လောကအနှံ့ခြေဆန့်လို့ ပြဿနာ‌ပေါင်းစုံကိုဖန်တီးကြတော့တာပါပဲ။
ဒီလိုနဲ့ သာယာလှပတဲ့ လူ့လောကကြီးဟာ ဒုက္ခသုက္ခတွေကြားထဲကလူ့လောကကြီးဖြစ်သွားပါတယ်။

ကရားထဲကထွက်လာတဲ့အရာတွေကိုမြင်ပြီး ထိတ်လန့်တုန်လှုပ်သွားတဲ့ ပန်ဒိုရာက ကရားအဖုံးကိုအမြန်ပိတ်လိုက်တဲ့အခါ အထဲမှာ တစ်စုံတစ်ခုကျန်ခဲ့တာကို သိလိုက်ရတယ်။
အဲဒီအရာကတော့ Hope လို့ခေါ်ကြတဲ့ မျှော်လင့်ခြင်း ဖြစ်လို့ လူသားတွေဟာ ဒုက္ခဆင်းရဲမျိုးစုံကို
ဒီမျှော်လင့်ချက်လေးကိုပဲ ဆုပ်ကိုင်လို့ ရင်ဆိုင်ကြရပါတယ်။

ပန်ဒိုရာသေတ္တာထဲမှာ ကျန်ခဲ့တဲ့ မျှော်လင့်ချက် (Hope) ကလေးရှိနေသရွေ့ လူသားတွေဟာ ဘယ်အရာကိုမှ အရှုံးမပေးပဲ ရဲရဲရင့်ရင့်နဲ့ အရာအားလုံးကို ဆက်ပြီးရင်ဆိုင်သွားမှာပါ။
ကမ္ဘာတည်သရွေ့ မျှော်လင့်ချက်ကလေးကိုဆွဲကိုင်ပြီး ဒုက္ခဆင်းရဲအားလုံးကို ခံတိုက်သွားမယ့် လူသားမျိုးနွယ်ပေါ့။

မောင်ဇိ ( ၁၇၊ ၀၄၊ ၂၀၂၀)





ဒဏ္ဍာရီထဲက ဂရိပုံပြင်တွေ

ဇူးစ် (Zeus)
""""""

တိမ်စိုင်တိမ်လိပ်တွေကြားက မြင့်မားလှတဲ့အိုလံပစ်တောင်ထိပ်ပေါ်မှာ ခမ်းနားလှတဲ့ နတ်ဘုရားတို့ရဲ့နန်းတော်ကြီးတစ်ခုရှိတယ်။
နန်းတော်ရဲ့ ညီလာခံခန်းမထဲကို တည့်တည့်ဝင်သွားရင် တွေ့ရမှာက ဘယ်ဘက်ခြမ်းမှာ ပိုဆီဒန်(Poseidon)၊ အေးရိစ်(Aries)၊ အပိုလို (Apollo)စတဲ့နတ်ဘုရားတွေထိုင်နေတဲ့ ပလ္လင်တွေ၊ အဲဒီပလ္လင်တွေနဲ့ မျက်နှာချင်းဆိုင်  ညာဘက်ခြမ်းမှာတော့ ဒမီတာ(Demeter)၊ အသီးနား(Athena)၊ အားတိမစ်စ်(Artemis)စတဲ့ နတ်ဘုရားမတွေ ထိုင်နေတဲ့ ပလ္လင်တွေ။
 ခန်းမရဲ့ထိပ်တည့်တည့်မှာတော့ တံးခါးကိုမျက်နှာမူထားတဲ့ ပလ္လင်နှစ်ခု။
နတ်ဘုရားတို့ရဲ့ ဘုရင်၊ ကောင်းကင်ကိုစိုးမိုးသူ ဇူးစ်(Zeus)နတ်ဘုရားနဲ့ မိဖုရား ဟီးရာ(Hera)တို့ ထိုင်ရာနေရာတွေပေါ့။

ကျောက်လှေကား ၇ဆင့်ရဲ့ ထိပ်က စကျင်ကျောက်နက်သားနဲ့လုပ်ထားတဲ့ ပလ္လင်ပေါ်မှာ ထိုင်နေရင်း ပျင်းရငြီးငွေ့နေတဲ့ နတ်ဘုရားဇူးစ်ဟာ အတိတ်မှာဖြစ်ခဲ့တဲ့ စစ်ပွဲကြီးတစ်ခုအကြောင်းကို စဥ်းစားနေတယ်။ သူ့အဖေ ခရိုးနက်စ်(Cronus) ဆီကနေ ထီးနန်းလုဖို့အတွက် သူ့အဖေနဲ့ အပေါင်းအပါ သူ့ ဦးရီးတော် တိုက်တန်(Titan) တွေနဲ့တိုက်ခဲ့ရတဲ့ စစ်ပွဲကြီး။
 သူ့အဖေနဲ့မတည့်တဲ့၊ သူ့အဖေအကျဥ်းချထားတဲ့ ငရဲဘုံတားတားရက်စ်(Tartarus) က ဆိုက်ကလော့(Cyclopes) တွေနဲ့ ဟက်ကာတွန်ခိုင်ရားစ် (Hecatoncheires)တွေရဲ့ အကူအညီရဖို့အတွက် သူတို့ကို တားတားရက်စ်ကနေလွတ်မြောက်အောင် ကူညီခဲ့ရတယ်။
တားတားရက်စ်ရဲ့ တံခါးကြီးကို ရိုက်ချိုးလိုက်တဲ့အခါမှာ "‌ဟေး"ဆိုပြီး တစ်ခဲနက်ထွက်လာတဲ့ အသံကြီးနဲ့အတူ ဇူးစ် သိလိုက်တာက သူ့အတွက် အဖိုးမဖြတ်နိုင်တဲ့ မဟာမိတ်အင်အားစုကြီးတစ်ခုရလိုက်ပြီ ဆိုတာပါပဲ။

ငရဲဘုံတားတားရက်စ်က လွတ်ပြီးတာနဲ့ အဆမတန်ကြံ့ခိုင်သန်စွမ်းလွန်းလှတဲ့ ဆိုက်ကလော့တွေက ကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ ဇူးစ်အတွက် မိုးကြိုးလက်နက်တွေကိုဖန်တီးထုဆစ်ပေးတော့တယ်။
နဖူးအလည်တည့်တည့်မှာ မျက်လုံးတစ်လုံးပဲ ပါတဲ့ ဧရာမ ဆိုက်ကလော့ညီအစ်ကိုတွေက တိုက်ခိုက်ရေးမှာအားကိုးရရုံမက ထူးချွန်တဲ့ပန်းပဲဆရာတွေလဲဖြစ်ကြတာကိုး။
ဆိုက်ကလော့တွေက ဇူးစ်ရဲ့ တစ်ခြားညီအစ်ကိုတွေဖြစ်တဲ့ ပိုဆီဒန် (Poseidon)နဲ့ ဟေးဒီးစ်(Hades)တို့အတွက်လဲ လက်နက်တန်ဆာတွေ ထုလုပ်ပေးခဲ့ကြပါသေးတယ်။
ပိုဆီဒွန်အတွက် လက်နက်အဖြစ်ကိုင်ဖို့ သုံးခွမှိန်းကြီးနဲ့ ဟေးဒီးစ် အတွက် ကိုယ်ပျောက်စေနိုင်တဲ့ သံခမောက်ပါ။

ဆိုက်ကလော့တွေနဲ့ အတူ အချုပ်အ‌‌နှောင်ကနေ ဇူးစ် လွှတ်ပေးခဲ့တဲ့ဟက်ကာတွန်ခိုင်ရားစ်တွေကတော့ အရွယ်အားဖြင့် အင်မတန်ကြီးမားပြီး ထွားကျိုင်းသန်မာတဲ့ ‌လက်ပေါင်းတစ်ရာ၊ ခေါင်းပေါင်း ငါးဆယ်ရှိတဲ့ သတ္တဝါကြီးတွေ။
ဒီသတ္တဝါမျိုး ၃ ကောင်လောက်နဲ့တိုက်ရတဲ့ ဘယ်သူမဆို အရေးမနိမ့်ဖို့အတွက် အကြီးအကျယ် ရုန်းကန်ရမှာ အသေအချာပဲ။
တိုက်တန်ထဲက သူတို့ဘက်ကိုပူးပေါင်းလာတဲ့ ပရိုမီးသီးရက်စ် (Prometheus)နဲ့ ညီတော်မောင် အပီမီးသီးရက်စ်(Epimethius) တို့ရဲ့ ခွန်အားကလဲ တိုက်ပွဲဝင် ဇူးစ်တို့ ညီအစ်ကို၊မောင်နှမတွေအတွက် အထောက်အပံ့ကြီးကြီးမားမားဖြစ်ခဲ့တာ အသေအချာပဲ။
ခက်ခက်ခဲခဲနဲ့ ၁၀ နှစ်လောက်တိုက်အပြီး နောက်ဆုံးမှာတော့ မိုးကြိုးလက်နက်ပိုင်ရှင် ဇူးစ်တို့အဖွဲ့က စစ်ပွဲကို အပြီးအပြတ်အောင်မြင်ခဲ့တော့တယ်။

 တိုက်တန်တွေကို အပြစ်အသီးသီးပေးပြီးတဲ့နောက်...

ကောင်းကင်ကို မိုးကြိုးသွားပိုင်ရှင် ဇူးစ်။
ရေပြင်ကို သုံးခွမှိန်းပိုင်ရှင် ပိုဆီဒင်။
မြေအောက်ကမ္ဘာ တားတားရက်စ်ကို ကိုယ်ပျောက်ခမောက်ပိုင်ရှင် ဟေးဒီးစ်။
အစွမ်းအထက်ဆုံးနတ်ဘုရားသုံးပါးက နယ်မြေတွေ အသီးသီး  ခွဲခြမ်းလို့ စိုးမိုးအုပ်ချုပ်ခဲ့ကြတော့တာပါပဲ။

ပရိုမီးသီးရက်စ်(Prometheus)
''''''''''''''''''''''''''''''''''
ပရိုမီးသီးရက်စ် ဆိုတဲ့နာမည်က ရှေ့ရေးကိုကြိုတွေးသူလို့ အဓိပ္ပါယ်ရတယ်။
အကြံဉာဏ်ကောင်းသူ၊ တရားမျှတမှုကိုလိုလားသူ၊ သနားကြင်နာတတ်သူဖြစ်တယ်။
ပရိုမီးသီးရက်စ်ရဲ့အဖေ လပ္ပီးတပ်စ်(Lapetus) က အဲဒီအချိန်ကနတ်ဘုရားတို့ရဲ့ ဘုရင် ခရိုးနပ်စ်ရဲ့ ညီ၊ တိုက်တန်တစ်ဦးဖြစ်လို့ ပရိုမီးသီးရက်စ်ကလဲ တိုက်တန်မျိုးပါပဲ။
သူ့ ဦးလေး နတ်ဘုရားဘုရင်ခရိုးနပ်စ်ရဲ့သားဖြစ်တဲ့ ဇူးစ်က ခရိုးနပ်စ်ကို ပုန်ကန်တဲ့အခါမှာ သူ့ ညီအစ်ကို ဝမ်းကွဲဘက်ကနေစစ်ပွဲကို ဝင်တိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။
သူ့ ဦးလေး ခရိုးနပ်စ်နဲ့ တိုက်တန်မျိုးတွေက တစ်ဖက်၊ သူ့ ညီအစ်ကိုဝမ်းကွဲ ဇူးစ်နဲ့မောင်နှမတွေကတစ်ဖက်တိုက်ခဲ့ကြတဲ့ စစ်ပွဲကြီးမှာ သူတင်မက သူ့ ညီ အပီမီးသီးရက်စ်ကိုပါ ဇူးစ်တို့ဘက်က ဝင်တိုက်ပေးဖို့ ဆွဲဆောင်စည်းရုံးနိုင်ခဲ့တယ်။
ညီဖြစ်သူရဲ့ အပီမီးသီးရက်စ်ဆိုတဲ့ နာမည်ကတော့ ပရိုမီးသီးရက်စ်နဲ့ ပြောင်းပြန် 'နောင်မှအကြံရသူ' လို့အဓိပ္ပါယ်ရတယ်။

လူကိုဖန်တီးခြင်း
''''''''''''''''''''''''''''''''''''
စစ်ပွဲ‌အောင်နိုင်ပြီးတဲ့နောက် အိုလံပစ်တောင်ပေါ်မှာ မြို့နန်းတည်၊ မောင်နှမသားသမီးတစ်စုနဲ့ နတ်ဘုရားတွေကို စိုးမိုးနေတဲ့ဇူစ်းဟာ ကြာတော့လဲပျင်းလာတယ်။
တစ်နေ့မှာတော့ အကြံတစ်ခုရလာတဲ့ ဇူးစ်က ပရိုမီးသီးရက်စ်တို့ ညီအစ်ကို ကိုခေါ်ဖို့ တံခါးပေါက်နဲ့ အနီးဆုံးပလ္လင်မှာထိုင်နေတဲ့ သားတော် ခြေမြန်ဟားမီစ်ကို လွှတ်လိုက်တယ်။
ဖိနပ်မှာတောင်ပံပါတဲ့ ဟားမီစ်က နတ်ဘုရားနဲ့ နတ်ဘုရားမ စုစုပေါင်း ၁၃ဦးနန်းစံနေတဲ့ ညီလာခံခန်းမကနေ လှစ်ခနဲပျံထွက်သွားပြီး ပရိုမီးသီးရက်စ်ကို သတင်းပို့ဖို့ထွက်သွားတော့တယ်။

ပရိုမီးသီးရက်စ်နဲ့ အပီမီးသီးရက်စ်တို့ ညီအစ်ကိုရောက်လာတဲ့အခါမှာ ဇူးစ်က အမိန့်ပေးလိုက်တယ်။

"ကဲ....တိုက်တန်ညီအစ်ကိုတို့...............ငါတို့ကို ဖျော်ဖြေနိုင်တဲ့ သတ္တဝါတွေ၊ နတ်ဘုရားတွေရဲ့စိတ်ကို အပန်းပြေစေမယ့် အရာတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ သက်ရှိတွေကို ကမ္ဘာမြေကြီးပေါ်မှာ ဖန်တီးကြပေတော့"

အပီမီးသီးရက်စ်က သတ္တဝါလေးတွေကို စပြီးဖန်တီးလိုက်၊ နတ်ဘုရားတွေရဲ့ လက်ဆောင်တစ်ခုချင်းစီကို သတ္တဝါတစ်ကောင်ချင်းစီမှာ ထည့်ပေးလိုက်နဲ့ အလုပ်တွေများတော့တာပေါ့။
ငှက်တွေကို တောင်ပံထည့်ပေးလိုက်ပြီး၊ သားရိုင်းတွေကိုတော့ ခွန်အားနဲ့ အစွယ်တွေထည့်ပေးလိုက်တယ်။
တစ်ချို့ သတ္တဝါတွေကို အကြေးခွံထည့်ပေးပြီး တစ်ချို့ကိုတော့ ဆူးတောင်တွေပေးလိုက်တယ်။
လျင်မြန်ဖြတ်လတ်မှုကို လက်ဆောင်အနေနဲ့ ရတဲ့သတ္တဝါရှိသလို၊ ရေထဲမှာ ကူးခပ်ရှင်သန်နိုင်စွမ်းကို ရတဲ့သတ္တဝါတွေလဲ ရှိကြတယ်။

သတ္တဝါတွေဖန်တီးလိုက် လက်ဆောင်တွေထည့်ပေးလိုက်နဲ့ အပီမီးသီးရက်စ်က အလုပ်များနေချိန်မှာ အစ်ကိုဖြစ်သူ ပရိုမီးသီးရက်စ်ကတော့ ရွံ့စေးတွေနဲ့ အရာတစ်ခုကိုပုံဖော်နေခဲ့တယ်။
နတ်ဘုရားတွေနဲ့ အသွင်သဏ္ဌာန်ချင်း ဆင်တဲ့အရာတစ်ခုကို ရွံ့စေးကနေပုံဖော်ပြီးတဲ့အခါမှာတော့ အဲဒီအရာက လူသားဖြစ်လာခဲ့ပြီး ကမ္ဘာမြေကို စိုးမိုးမယ့် မျိုးစိတ်တစ်ခုရဲ့ အစ ဖြစ်လာခဲ့တယ်။
ပရိုမီးသီးရက်စ်ရဲ့ လူသားတွေဟာ အသက်တွေရာပေါင်းများစွာရှည်ကြပြီး အနာရောဂါကင်းကြတယ်။
က‌လေးဘဝက နေလူကြီးဖြစ်ဖို့ နှစ်တစ်ရာလောက်ကြာပြီး ပျော်ရွှင်ကျန်းမာကြတယ်။

မီးကိုဆုံးရှုံးရသောလူသားများ
""""""""""""""""""""""""""""
တစ်နေ့မှာတော့ မက်ကွန်း(Mecone) လို့ခေါ်တဲ့အရပ်ဒေသမှာ မသေမျိုးဖြစ်တဲ့ နတ်ဘုရားတွေနဲ့ သေမျိုးဖြစ်တဲ့ လူသားတွေရောနှောတွေ့ဆုံကြတဲ့ပွဲကြီးလုပ်ကြတယ်။
နွားတစ်ကောင်ကို ပရိုမီးသီးရက်စ်ကိုပေးလိုက်ပြီး အသားတွေကို လူသားတွေနဲ့ နတ်ဘုရားတွေကြားမှာ ‌ဝေခြမ်းရေးလုပ်ဖို့ ဇူးစ်က တာဝန်ပေးလိုက်တယ်။
သူဖန်တီးထားတဲ့ လူသားတွေကို ချစ်ခင်ရင်းစွဲရှိတဲ့ ပရိုမီးသီးရက်စ်က ဟင်းလျာကို နှစ်ဖို့ ခွဲတဲ့အခါမှာ လူသားတွေအသာရစေဖို့ အကြံအဖန်တစ်ခုလုပ်ခဲ့တယ်။
အဲဒါကဘာလဲဆိုတော့ အင်မတန်ဆူဖြိုးတဲ့၊ နူးညံ့ကောင်းမွန်တဲ့အသားတွေကို အပေါ်ကနေ အမဲကလီစာတွေဖုံးထားတဲ့ အသားခွက်ရယ်၊ အရိုးတွေကို အပေါ်ကနေ အဆီတွေနဲ့ဖုံးထားတဲ့ အသားခွက်ရယ်၊ အဲဒီနှစ်ခုထဲက ကြိုက်ရာရွေးဖို့ ဇူးစ်ကိုပေးလိုက်တာပါ။
ဇူးစ်ကလဲ အဆီဖုံးထားတဲ့ အရိုးခွက်ကို နတ်ဘုရားတွေအတွက်ရွေးလိုက်ပါတယ်။
လူသားတွေကတော့ ကလီစာတွေနဲ့ အုပ်ထားတဲ့ အသားကောင်းတွေပါတဲ့ခွက်ကို ရလိုက်တာပေါ့။
အဲဒီကတည်းကစပြီး လူသားတွေက နတ်ဘုရားတွေကို အရိုးတွေ၊ အဆီတွေနဲ့ ပူဇော်ပသပြီး သူတို့ကတော့ အသားကောင်းတွေကို စားတဲ့ အလေ့ဖြစ်လာတော့တာပါပဲ။
ကလိမ်ကျခံလိုက်ရတယ်လို့ သိရတဲ့အခါမှာ ဇူးစ်က အမျက်ထွက်သွားပြီး လူသားတွေအတွက် ပေးထားတဲ့လက်ဆောင်၊ အသားတွေကို ချက်ပြုတ်တဲ့အခါမှာ လူသားတွေသုံးတဲ့ 'မီး' ကို ပြန်သိမ်းသွားပါလေရော။

"နင်တို့မှာ မီးမရှိရင် အဲဒီအသားကောင်းတွေကို ဘာနဲ့ ဖုတ်၊ ကင်၊ ချက်၊ ပြုတ်ပြီး စားကြမလဲ ကြည့်ကြသေးတာပေါ့" လို့ ကြုံးဝါးရင်းနဲ့ပေါ့။

ဒီလိုနဲ့ လူသားတွေအတွက် ညအခါအလင်းရောင်ပေးတဲ့၊ ချမ်းအေးချိန်မှာ အ‌နွေးဓါတ်ပေးတဲ့၊ ချက်ပြုတ်ရာမှာသုံးတဲ့၊ အလွန်အသုံးဝင်တဲ့ 'မီး' ဟာ လူသားတွေဆီကနေ ဆုံးရှုံးသွားပါလေတော့တယ်။

မီးကိုပြန်ခိုးပေးတဲ့ ပရိုမီးသီးရက်စ်
"""""""""""""""""""""""""""""
လူသားတွေကိုချစ်မြတ်နိုးတဲ့ ပရိုမီးသီးရက်စ်ကဒီကိစ္စကို မကျေနပ်ပါဘူး။
လူသားတွေအတွက် မျှတမှုရှိတယ်လို့လဲ မထင်ပါဘူး။
ဒါ‌ကြောင့်ပဲ အိုလမ်ပစ်တောင်ပေါ်ကိုတက်ပြီး ဇူးစ်ရဲ့ သားတစ်ယောက်ဖြစ်တဲ့ ဟက်ဖက်စ်တက်စ်(Hephaestus)ပန်းပဲလုပ်နေတဲ့ ပန်းပဲဖိုကနေ မီးကိုပြန်သွားခိုးလာပါတယ်။
စမုန်စပါးပင် အကြီးကြီးတစ်ခုရဲ့ ရိုးတံထဲမှာ မီးကိုခိုးထည့်လာခဲ့ပြီး လူသားတွေကို ပြန်ပေးခဲ့တာပါ။
မီးကို အသုံးချပြီး လက်နက်ကိရိယာတွေပါ လုပ်နိုင်လာတဲ့နောက်မှာ လူသားတွေရဲ့ တိုးတက်မှုဟာ ပိုပြီးလျင်မြန်လာခဲ့ပေမဲ့ ပရိုမီးသီးရက်စ်ကတော့ ဇူးစ်နတ်ဘုရားရဲ့  ပြင်းထန်တဲ့အမျက်ကိုရင်ဆိုင်ရပါတော့ယ်။