ပရိုမီးသီးရက်စ်ရဲ့ ပြစ်ဒဏ်
"""""""""""""""""""""""""
" အို...ခွန်အားဗလနှင့် ပြည့်စုံသော သားတော် ဟက်ဖက်စ်တပ်၊
အို...အလိုရှိရာ ကိရိယာကို မီးမှဖန်တီးနိုင်သော သားတော် ဟက်ဖက်စ်တပ်၊
ကမ္ဘာတည်သရွေ့ခိုင်မြဲသော သံကြိုးတို့ကို သွန်းလုပ်ပါလေ။
ရေ၊ လေ၊ နေ တို့ မတိုက်စားနိုင်သော ခိုင်မြဲသည့် အချုပ်အနှောင်တို့ဖြစ်ပါစေ။
ပုန်ကန်သူ ပရိုမီးသီးရက်စ်ကို ခိုင်ကျည်စွာ ချည်နှောင်နိုင်ပါစေ။
နတ်ဘုရားတို့ကို ပုန်ကန်၍ နိမ့်ကျသည့်လူသားတို့အား မီးပေးသူ၏ အပြစ်ကို စံနမူနာပြအံ့။"
အမျက်ဒေါသပြင်းထန်နေတဲ့ နတ်ဘုရားတို့ရဲ့ ဘုရင် ဇူးစ် (Zeus) အမိန့်နဲ့ ပန်းပဲဖိုပိုင်ရှင် နတ်ဘုရား ဟက်ဖက်စ်တပ်(Hephaestus)တစ်ယောက် ပရိုမီးသီးရက်စ်ကို အပြစ်ပေးရာမှာသုံးဖို့ သံကြိုးတွေကို ထုလုပ်ရပါပြီ။
ပရိုမီးသီးရက်စ် (Prometheus)ကတော့ ထွက်မပြေးပါဘူး။
ညီဖြစ်သူ အပီမီးသီးရက်စ်(Epimetheus)ကို ခေါ်ပြီး သူချစ်တဲ့လူသားတွေကို ဆက်စောင့်ရှောက်ပေးဖို့သာ အမှာစကားခြွေပါတယ်။
ရှေ့ကိုကြိုမျှော်မြင်တတ်သူပီပီ အရေးအကြီးဆုံးအရာတစ်ခုအနေနဲ့ ဇူးစ်ကဘာလက်ဆောင်ပေးပေးမယူဖို့ သေချာမှာပါတယ်။
" ညီငယ် အပီမီးသီးရက်စ်...ငါရှိနေသရွေ့တော့ လူသားတွေကို ဇူးစ်က မဖျက်စီးနိုင်။
ငါသွားချိန်မှာသာ ဇူးစ်က ဘာပေးပေးမယူမိပါစေနဲ့။
လူသားတို့၏ ကိုယ်စားလှယ်အဖြစ် ငါ့ကိုယ်စားဆက်လက်ကူညီပါလေ"
သံကြိုးတွေကို သွန်းလုပ်ပြီးတဲ့အခါမှာတော့ ဇူးစ်က ပရိုမီးသီးရက်စ်ကို မတ်စောက်မြင့်မားလှတဲ့ ကျောက်တောင်ကြီးတစ်ခုရဲ့ထိပ်မှာ သံကြိုးတွေနဲ့ တွဲပြီးချည်နှောင်စေပါတယ်။
နေ့စဥ်နေ့တိုင်း ဇူးစ်ရဲ့ အမှတ်သင်္ကေတဖြစ်တဲ့ လင်းယုန်တစ်ကောင်က ပရိုမီးသီးရက်စ်ရဲ့အသည်းကို လာ လာစားပါတယ်။
တစ်ညလွန်မြောက်ပြီဆိုတာနဲ့ ပရိုမီးသီးရက်စ်ရဲ့ အသည်းက ပြန်ပြည့်သွားပြီး နောက်နေ့မှာ တစ်ခါ အစားခံရပြန်တယ်။
သတ္တိကြီးမားသူ ပရိုမီးသီးရက်စ်ဟာ မညည်းညူပါဘူး။
အသနားမခံပါဘူး။
အထီးကျန်ခြင်းနဲ့ နာကျင်ခြင်းကို တစ်လှည့်စီခံစားပြီးနေ့နဲ့ညတွေကို ဖြတ်သန်းပါတယ်။
ဗိုလ်ကျစိုးမိုးတာကို မကြိုက်လို့၊ တရားမျှတမှုကို လိုလားလို့ ခရိုးနက်စ်ကို ဇူးစ်နဲ့လက်တွဲပြီးတော်လှန်ခဲ့တာဖြစ်တယ်။
နောက်ထပ်ပေါ်လာတဲ့ အာဏာရှင်အသစ် ဇူးစ်ကိုလဲ တောင်းပန်တိုးလျှိုးဖို့ မကြိုးစားတော့ပါဘူး။
လူသားတွေရဲ့ သူရဲကောင်းတစ်ယောက်အနေနဲ့ လောကဓံကို ရဲဝံ့စွာရင်ဆိုင်ခဲ့သူတစ်ယောက်ပေါ့။
ဒီလိုနဲ့...နေ့စဥ်နေ့တိုင်း မသေနိုင်ပဲ ကြီးမားတဲ့ နာကျင်ခြင်းဒုက္ခကို နှစ်ရာပေါင်းများစွာ၊ ဆုံးစမရှိခံစားရတော့တာပါပဲ။
နောက်ဆုံးတစ်နေ့မှာ ဇူးစ်ရဲ့သားတစ်ယောက်ဖြစ်တဲ့ လူစွမ်းကောင်း ဟာရကယ် (Heracles) (ရောမအခေါ် ဟာကြူလီ) ရောက်လာပြီး သူ့ရဲ့သံကြိုးတွေကို ဖြတ်ပေးတဲ့အခါမှ လွတ်မြောက်ခွင့်ရပါတော့တယ်။ ( ဒါကတော့ နောက်ဇာတ်လမ်းတစ်ပုဒ်ပေါ့)
အပီမီးသီးရက်စ်တစ်ယောက်ကတော့ လူသားတွေကြားထဲမှာ နေထိုင်ပြီး သူ့အစ်ကိုပေးခဲ့တဲ့တာဝန်ကို ဆက်ထမ်းဆောင်နေခဲ့တယ်။
မီးကိုလိုသလိုအသုံးချနိုင်တဲ့နောက်မှာ လူသားတွေရဲ့ ယဥ်ကျေးမှုအဆင့်အတန်းကလဲ တစ်နေ့တစ်ခြား မြင့်မားလာခဲ့တာကို ဇူးစ်ကစောင့်ကြည့်နေခဲ့တယ်။
မီးကို အစားအစာချက်ဖို့တင်မက ပစ္စည်းကိရိယာတွေလုပ်တဲ့နေရာမှာ၊ အသုံးအဆောင်တွေ တီထွင်တဲ့နေရာတွေမှာ၊ အဆောက်အဦ ဆောက်တဲ့နေရာတွေမှာ စသဖြင့်သုံးပြီး လူသားတွေရဲ့ ကမ္ဘာကြီးဟာ စည်ပင်သထက်စည်ပင်လာနေတာကို ဇူးစ်က မြင်နေရတယ်။
ပန်ဒိုရာ
"""""""
" မီးကိုလက်ခံရရှိတဲ့အတွက် တန်ရာတန်ကြေးကို ပြန်ပေးဖို့အချိန်ရောက်ပြီ"
လို့ ဇူးစ်က သတ်မှတ်တဲ့အချိန်မှာ သူ့သားတော် ပန်းပဲဆရာ ဟာဖက်စ်တပ်စ် ကို အမိန့်တစ်ခုပေးလိုက်တယ်။
အမိန့်ရတာနဲ့ အချိန်မဆိုင်းပဲ ပန်းပဲနတ်ဘုရား ဟာဖက်စ်တပ်စ်ကအလုပ် စ လုပ်ပါတော့တယ်။
ပထမဆုံး မြေကြီးတစ်ချို့ကို ရေနဲ့လုံးလိုက်တယ်။
အဲဒီနောက်တော့ မြေနဲ့ရေရောထားတဲ့ ရွှံ့စေးကိုလိုသလိုပုံဖော်ပြီး ချိုမြတဲ့အပြုံး၊ ကျက်သရေရှိတဲ့ကိုယ်ဟန်၊ လှပပြီးနတ်ဘုရားမတွေကို ယှဥ်ပြိုင်နိုင်တဲ့မျက်နှာနဲ့ ပထမဆုံးလူသားလုံမငယ်ကို ဖန်တီးလိုက်ပါတော့တယ်။
အင်မတန်လက်ရာမြောက်လွန်းတဲ့ ဖန်တီးမှုတစ်ခုဖြစ်တာမို့ နတ်ဘုရားမတွေတောင် အံ့သြချီးမွမ်းရတဲ့ အထိပါပဲ။
လူသားမိန်းမငယ်ကို လက်ဆောင်မွန်အားလုံးကိုလက်ခံရရှိသူဆိုတဲ့ အဓိပ္ပါယ်နဲ့ ပန်ဒိုရာလို့ နာမည်ပေးလိုက်ကြတယ်။
တကယ်လဲ အိုလံပစ်တောင်ပေါ်မှာနေတဲ့ နတ်ဘုရားအားလုံးက အနည်းနဲ့အများဆိုသလို လူသားလုံမငယ်အတွက် လက်ဆောင်တွေဖန်တီးပေးကြတယ်။
စစ်နတ်ဘုရားမ အသီးနား(Athena) ကငွေချည်တွေနဲ့ယက်လုပ်ထားတဲ့ လှပတဲ့ဝတ်စုံရှည်တစ်ခုကိုပေးရုံမက အချုပ်အလုပ်ပညာတွေကိုပါ ပန်ဒိုရာကို သင်ပေးလိုက်တယ်။
အချစ်နတ်ဘုရားမ အဖရိုဒိုက် (Aphrodite)(ရောမအခေါ် ဗီးနပ်စ်) ကတော့ ကျက်သရေတင့်တယ်မှုတွေကို ထပ်ဆောင်းပေးလိုက်တယ်။
ပျော်ရွှင်ဆော့ကစားမှုနဲ့ အပန်းဖြေမှုတို့ရဲ့ နတ်ဘုရားမငယ်လေးတွေဖြစ်တဲ့ ဂရေ့စ် (Graces)တို့ကတော့ ပန်ဒိုရာအတွက် ရွှေလည်ဆွဲလေးလက်ဆောင်ပေးကြတယ်။
သန်စွမ်းတဲ့ဆံပင်ရှည်ကြီးတွေပိုင်ဆိုင်တဲ့၊ သုံးရာသီကိုထိန်းကြောင်းသူ၊ အိုလံပစ်တောင်ရဲ့ အဝင်အထွက်လမ်းကို စောင့်ကြပ်သူ ဟိုရေး (Horae) နတ်ဘုရားမလေးတွေက ပန်ဒိုရာရဲ့ခေါင်းပေါ်မှာဆောင်းဖို့ ပန်းခက်သရဖူ။
နောက်ဆုံးမှာတော့ ခြေမြန်တမန်တော်၊ ဆေးပညာနဲ့ ကုန်သည်တို့ရဲ့နတ်ဘုရား ဟားမီးစ်က လူသားတို့ရဲ့ စကားသံကို သာယာစွာထည့်ပေးလိုက်တယ်။
ဒါတင်မက ဇူးစ်ရဲ့ ညွှန်ကြားချက်နဲ့ သာယာတဲ့စကားတွေကြားမှာ ပရိယာယ်ဝေဝုစ်တွေ၊ မုသားတွေပါထည့်ပေးလိုက်သေးလေရဲ့။
ပန်ဒိုရာသေတ္တာ
""""""""""""""""
လူသားတွေရဲ့ ပြဿနာတွေကို ပိုပြီးကြီးထွားစေဖို့ ကရားတစ်လုံးကိုလဲ ပန်ဒိုရာနဲ့အတူထည့်ပေးလိုက်ပါသေးတယ်။
နောက်ပိုင်းမှာတော့ အဲဒီပန်ဒိုရာကရားလေးကို ပန်ဒိုရာသေတ္တာလို့နှောင်းလူတွေက ခေါ်ကြပါတယ်။
လှပတဲ့ ဆေးမှင်တွေနဲ့ အဆန်းတကြယ်တန်ဆာဆင်ထားတဲ့ ကရားလေးကိုပိုက်ထားတဲ့ ပန်ဒိုရာဟာ အပီမီးသီးရက်စ်အတွက် သတို့သမီးလောင်းပါ။
ပန်ဒိုရာအတွက် အမှာစကားကတော့
" ဒီ ကရားလေးကို ဘယ်အခြေအနေမှာဖြစ်ဖြစ် ဘယ်တော့မှ ဖွင့်မကြည့်ရပါဘူး" ဆိုတဲ့စကားပါပဲ။
မြတ်နိုးဖွယ်ရာအတိနဲ့ ပန်ဒိုရာကိုမြင်တဲ့အခါ နောင်မှတွေးသူ အပီးမီးသီးရက်စ်ကြီးလဲ သူ့အစ်ကိုပရိုမီးသီးရက်စ်ရဲ့ သတိပေးစကားကို မေ့သွားပါတယ်။
"ဇူးစ်ဆီက ဘာလက်ဆောင်မှ မယူမိပါစေနဲ့ " ဆိုတဲ့ သူ့အစ်ကိုရဲ့စကားလဲ လေထဲမှာပဲလွင့်ပါးသွားလေရဲ့။
အပီမီးသီးရက်စ်ဟာ ဇူးစ်ရဲ့လက်ဆောင် ပန်ဒိုရာနဲ့ ကရားလေးကိုဝမ်းမြောက်စွာပဲ လက်ခံလို့ ပန်ဒိုရာကိုလဲ ချစ်ခင်စွာလက်ထပ်ယူလိုက်ပါတယ်။
ပန်ဒိုရာဖွင့်တဲ့ကရား
"""""""""""""""""""
စပြီးဖန်တီးကတည်းက စပ်စုစိတ်နဲ့ သိလိုစိတ်ပြင်းပြမှုကို ပန်ဒိုရာဆီမှာ ထည့်ထားပေးလိုက်ပြီးဖြစ်လို့ တစ်နေ့မှာ ဒီကရားကို ပန်ဒိုရာဖွင့်ကြည့်မှာပဲဆိုတာ ဇူးစ်က ဒုတ်ဒုတ်ထိ သိပြီးသားပါ။
အပီမီးသီးရက်စ်နဲ့ ပျော်ရွှင်စွာနေထိုင်လို့ အချိန်တွေကြာလာတဲ့အခါမှာ ကရာလေးကိုဖွင့်ကြည့်ချင်စိတ်က ပန်ဒိုရာမှာ ပြင်းသထက် ပြင်းပြလာပါတယ်။
မလုပ်ရဘူးလို့ ပြောထားတဲ့အရာတစ်ခုဖြစ်လို့ ပိုလို့တောင်လုပ်ချင်ပါသေးတယ်။
နောက်ဆုံးတစ်နေ့မှာတော့ သိချင်စိတ်ကို မချုပ်တည်းနိုင်တော့တဲ့ ပန်ဒိုရာက ကရားအဖုံးလေးကို လှစ်ကြည့်လိုက်ပါတော့တယ်။
ကရားအဖုံးကိုလှစ်လိုက်တာနဲ့ တစ်ပြိုင်နက် ကရားထဲကနေတိုးဝှေ့ပြီး ထွက်လာတာက လူ့လောကကို ဒုက္ခပေးမယ့်အရာတွေ။
ကောက်ကျစ်စဥ်းလဲမှုတွေ၊
မကောင်းမှုဒုစရိုက်တွေ၊
ရောဂါဘယတွေ၊
ကပ်ရောဂါတွေနဲ့
ဒုက္ခပေါင်းစုံတို့ဟာ ကရားထဲကထွက်လာပြီးတာနဲ့ လူ့လောကအနှံ့ခြေဆန့်လို့ ပြဿနာပေါင်းစုံကိုဖန်တီးကြတော့တာပါပဲ။
ဒီလိုနဲ့ သာယာလှပတဲ့ လူ့လောကကြီးဟာ ဒုက္ခသုက္ခတွေကြားထဲကလူ့လောကကြီးဖြစ်သွားပါတယ်။
ကရားထဲကထွက်လာတဲ့အရာတွေကိုမြင်ပြီး ထိတ်လန့်တုန်လှုပ်သွားတဲ့ ပန်ဒိုရာက ကရားအဖုံးကိုအမြန်ပိတ်လိုက်တဲ့အခါ အထဲမှာ တစ်စုံတစ်ခုကျန်ခဲ့တာကို သိလိုက်ရတယ်။
အဲဒီအရာကတော့ Hope လို့ခေါ်ကြတဲ့ မျှော်လင့်ခြင်း ဖြစ်လို့ လူသားတွေဟာ ဒုက္ခဆင်းရဲမျိုးစုံကို
ဒီမျှော်လင့်ချက်လေးကိုပဲ ဆုပ်ကိုင်လို့ ရင်ဆိုင်ကြရပါတယ်။
ပန်ဒိုရာသေတ္တာထဲမှာ ကျန်ခဲ့တဲ့ မျှော်လင့်ချက် (Hope) ကလေးရှိနေသရွေ့ လူသားတွေဟာ ဘယ်အရာကိုမှ အရှုံးမပေးပဲ ရဲရဲရင့်ရင့်နဲ့ အရာအားလုံးကို ဆက်ပြီးရင်ဆိုင်သွားမှာပါ။
ကမ္ဘာတည်သရွေ့ မျှော်လင့်ချက်ကလေးကိုဆွဲကိုင်ပြီး ဒုက္ခဆင်းရဲအားလုံးကို ခံတိုက်သွားမယ့် လူသားမျိုးနွယ်ပေါ့။
မောင်ဇိ ( ၁၇၊ ၀၄၊ ၂၀၂၀)
No comments:
Post a Comment