ဒေါက်တာဆာဆာနဲ့ စင်ကာပူ THE STRAITS TIMES သတင်းစာအင်တာဗျူး (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)
**********************************
(ဘန်ကောက်)
အာဆီယံက စစ်အာဏာသိမ်းသူတွေနဲ့ပဲ အဆက်အသွယ်လုပ်ရမှာမဟုတ်ပဲ ဆန္ဒပြသူတွေကိုလဲဆက်သွယ်ပြီး စားပွဲဝိုင်းပေါ်ကဆွေးနွေးပွဲမှာအဖွဲ့ပေါင်းဆုံကိုကူညီပေးရမှာလို့ အဖယ်ရှားခံဥပဒေပြုသမားများ၏ ကိုယ်စားလှယ်ဆို။
"ဗိုလ်ချုပ်တွေဆီကိုလာပြီး 'မင်းတို့ပြောထားတဲ့အတိုင်း ရွေးကောက်ပွဲလုပ်ပေးရမယ်'ဆိုတာက ပြည်တွင်းရေးကိုစွက်ဖက်တာပဲ" လို့ အာဆီယံရဲ့ ပြည်တွင်းရေးကိုဝင်ရောက်မစွက်ဖက်ရေး မူဝါဒကိုရည်ညွှန်းပြီး ဒေါက်တာဆာဆာက The Straits Times သတင်းစာကိုပြော။
"သူတို့က ပြည်တွင်းရေးကိုဝင်မစွက်ဖက်ဘူးလို့ပြောရင် ဆွေးနွေးပွဲဖြစ်အောင်ပဲကူညီရမှာ" လို့သူကပြော။ ဆွေးနွေးပွဲက သုံးပွင့်ဆိုင်ဖြစ်သင့်ပြီး စစ်တပ်၊ ဖယ်ရှားခံရတဲ့ ရွေးကောက်ခံဥပဒေပြုသမားတွေနဲ့ ဆန္ဒပြသူတွေပါသင့်တယ်လို့ ထပ်ဖြည့်ပြော။
"ကျွန်တော်တို့က အိမ်နီးချင်းအာဆီယံနိုင်ငံတွေကိုလဲ စောင့်ကြည့်သူအနေနဲ့ စားပွဲဝိုင်းမှာထည့်သွင်းပေးနိုင်ပါတယ်" လို့ဒေါက်တာဆာဆာပြော။
လူလေးစားခံရတဲ့ ဆရာဝန် ဒေါက်တာဆာဆာကို ကုလသမဂ္ဂရဲ့ သံတမန်အဖြစ် ဖေဖော်ဝါရီ (၂၂) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကခန့်အပ်ခဲ့။
အဖွဲ့ဝင် (၁၇) ဦးပါတဲ့ ကော်မတီက ဖေဖော်ဝါရီ (၁) ရက်နေ့မှာအာဏာသိမ်းပြီး အကြီးအကျယ်ဖမ်းဆီးမှုတွေပြုလုပ်နေတဲ့ စစ်တပ်ကြောင့် ပုန်းရှောင်နေရ။
မြန်မာနိုင်ငံရှိ မဖွံ့ဖြိုးသေးတဲ့ချင်းပြည်နယ်ကလာတဲ့ ဒေါက်တာဆာဆာက အင်္ဂါနေ့ညက မဖော်ပြနိုင်တဲ့နေရာတစ်ခုကနေ Zoom ကိုသုံးပြီး သတင်းစာကိုဖြေကြားခဲ့။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ ဒီတစ်ပတ်မှာမြန်မာကိုလာမှာကြောင့် ရန်ကုန်ကအင်ဒိုနီးရှားသံရုံးရှေ့မှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သူတွေ ဆန္ဒပြမယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာအပြီးမှာ ပြောခဲ့တာဖြစ်။
ရတ်နိုမာဆူဒီရဲ့ ခရီးစဥ်ကဖျက်သိမ်းခဲ့။
ဗုဒ္ဓဟူးနေ့မှာတော့ မစ္စ ရတ်နိုက ဘန်ကောက်မြို့ကိုသွားရောက်ပြီး မြန်မာအာဏာသိမ်းအဖွဲ့ခန့် နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်လဲ ဘန်ကောက်ကိုရောက်ရှိ။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးနှစ်ယောက်တွေ့မယ်လို့ အတည်ပြု။
ဒီတစ်ပတ်ထဲမှာထွက်လာတဲ့ အတည်မပြုနိုင်တဲ့ သတင်းတစ်ခုက အင်ဒိုနီးရှားက အာဆီယံကို စစ်အာဏာသိမ်းသူတွေဆန္ဒရှိတဲ့အတိုင်း ရွေးကောက်ပွဲတစ်ခုလုပ်ခွင့်ပေးဖို့ တိုက်တွန်းမယ်လို့ဆို။ ဆန္ဒပြသူတွေအတွက်တော့ ဒါဟာ စစ်တပ်ရဲ့ နိုဝင်ဘာ(၈)ရက်နေ့မဲမသမာမှုဆိုတဲ့ သက်သေမပြနိုင်သေးတဲ့အဆိုကို တရားဝင်အသိအမှတ်ပြုလိုက်တာနဲ့ အတူတူဖြစ်။ ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီက ဒုတိယအကြိမ်သောင်ပြိုကမ်းပြိုနိုင်ခဲ့။
လူပေါင်း ၅၄သန်းရှိတဲ့ ဒီတိုင်းပြည်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ပွဲတွေ အကြီးအကျယ်ဖြစ်နေပြီး ဆေးရုံတွေ၊ ဘဏ်တွေ၊ မီးရထားလုပ်ငန်းတွေကိုပါပိတ်စေတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွေဖြစ်နေ။
ဆန္ဒပြမှုတွေကိုနှိမ်နင်းရာမှာ အနည်းဆုံးလူ လေးဦးထိသေဆုံး။ မျက်မြင်သက်သေတွေရဲ့အဆိုအရ တစ်ခါတရံ ကျည်အစစ်တွေသုံးပြီးနှိမ်နင်း။ နိုင်ငံရေးအကျဥ်းသားကူညီရေးအဖွဲ့ရဲ့အဆိုအရ လူပေါင်း (၆၀၀) ကျော်ဖမ်းဆီးခံရ။
ဖယ်ရှားခံရတဲ့ နိုင်ငံတော်အတိုင်ပင်ခံအောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ဖမ်းထားပြီး၊ ဆက်သွယ်ရေးဥပဒေ၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေတွေနဲ့ အမှုဖွင့်ထား။
ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိိုင်ဦးဆောင်တဲ့ အာဏာသိမ်းအဖွဲ့က များပြားလှတဲ့ငြိမ်းချမ်းစွာဆန္ဒပြမှုတွေကို "ဆူပူသောင်းကျန်းမှုတွေ" လို့ပြောခဲ့ပြီး သူတို့အရေးယူခဲ့တာတွေကလဲ ဒီမိုကရေစီရနိုင်ငံတွေမှာလုပ်သလို ဒီမိုကရေစီအလေ့အကျင့်တွေကိုလက်တွေ့ကျင့်သုံးပြီးလုပ်တာပါပဲလို့ပြော။ အဲဒီအဖွဲ့က ရွေးကောက်ပွဲကော်မရှင်ကို လူသစ်တွေနဲ့အစားထိုးခဲ့ပြီး သောကြာနေ့မှာနိုင်ငံရေးပါတီတွေကိုဖိတ်ခေါ်ခဲ့။
မြန်မာကနောက်ထပ်ရွေးကောက်ပွဲမလိုဘူး လို့ဒေါက်တာဆာဆာကပြော။
" ကျွန်တော်တို့ရွေးကောက်ပွဲကပြီးပြီးသား။ ဘာလို့ထပ်လုပ်ရမှာလဲ" လို့ သူကဆို။
စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲကလဲ မျှတမှာမဟုတ်ပါဘူး၊ စစ်တပ်ရဲ့မဟာမိတ်တွေပဲ ပါဖို့များပါတယ် လို့သူကထပ်ပြော။
တကယ်လို့သာ အာဆီယံရဲ့ဆိုခဲ့တဲ့အဆိုပြုချက်ကို အတင်းတိုက်တွန်းဖို့ကြိုးစားမယ်ဆိုရင် အာဆီယံရဲ့သမိုင်းကရိုင်းရလိမ့်မယ် လို့လဲ သူကသတိပေး။
" ကျွန်တော်တို့က တိတ်တိတ်ငြိမ်ခံမှာမဟုတ်ဘူး။ ကျွန်တော်တို့က ဒီလိုမျိုး အလိမ်အညာခံမှာမဟုတ်ဘူး။ ကျွန်တော်တို့က ရွေးကောက်ပွဲတွေကို ကလေးကစားစရာလိုသဘောထားမှာမဟုတ်ဘူး"
ပြောချင်တဲ့ သတင်းစကားတွေကိုဘယ်လိုပြောမလဲလို့မေးတဲ့အခါ ဒေါက်တာဆာဆာက ဗြိတိသျှနဲ့ အမေရိက က ဥပဒေပြုသူတွေနဲ့အရင်ဆက်သွယ်မယ်လို့ဆို။
"ကျွန်တော်တို့က တရုတ်ပြည်ကိုလဲကျွန်တော်တို့ဘက်မှာရှိစေချင်ပေမဲ့ အတော်တော့ခက်ခဲလိမ့်မယ်" လို့သူကပြော။ "အဲဒီတော့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေနဲ့ အရင်အလုပ်လုပ်ရမှာပဲ"
ဒေါက်တာဆာဆာက အစိုးရဝန်ထမ်းနဲ့ ပုဂ္ဂလိကဝန်ထမ်းတွေပါ ပါဝင်နေတဲ့ပြည်လုံးကျွတ်သပိတ်က တတိယပတ်ထဲကိုရောက်လာပြီး အဆင်းရဲဆုံးသူတွေအတွက် အထိအနာဆုံးဖြစ်နေတယ် လို့ပြော။
" ကျွန်တော်တို့ နာတော့နာတယ်။ ဒါပေမဲ့ လိုအပ်တဲ့သူတွေကိုကူညီဖို့သေချာပေါက်နည်းလမ်းတွေရှာသွားမှာပါ။ ကျွန်တော်တို့က 'မင်းကထမင်းချက်၊ ငါကဟင်းသီးဟင်းရွက်ချက်၊ ပြီးရင်အတူမျှစား' ဆိုတဲ့ နားလည်မှုမျိုးနဲ့ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဆောင်ရွက်နေကြတာ" လို့သူကဆို။
" ကျွန်တော်တို့တွေ အစာအာဟာရပြတ်လို့တော့မသေနိုင်ပါဘူး။ ဒါပေမဲ့ ကျည်ဆံထိပြီးတော့ တော့ သေနိုင်ပါတယ်"
မောင်ဇိ (ဖေဖော်ဝါရီ ၂၄)
#MaungZi #NewsTranslation #သတင်းဘာသာပြန် #မောင်ဇိ၏ပုံပြင်များ #ASEAN #အာဆီယံ
Friday, February 26, 2021
ဒေါက်တာဆာဆာနဲ့ စင်ကာပူ THE STRAITS TIMES သတင်းစာအင်တာဗျူး (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၁)
Saturday, February 20, 2021
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာ့အရေးပြောဆိုချက်
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး၏ မြန်မာ့အရေးပြောဆိုချက်
************************************************************************
စင်ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ ဖေဖော်ဝါရီ ၁၆ (အင်္ဂါနေ့) က မြန်မာနဲ့ပက်သက်လို့ နာရီဝက်နီးပါး ပါလီမန်မှာပြောသွားတဲ့ ပြောဆိုချက်ကို အကျဥ်းချုပ်ဘာသာပြန်ထားတာပါ။
နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ဗီဗီယန် ဘလာခရစ်ရှ်နန်။ ။
NLD က နိုဝင်ဘာ ၂၀၂၀ ရွေးကောက်ပွဲ မှာ အပြတ်အသတ်အနိုင်ရခဲ့။
ဖေဖော်ဝါရီ ၁၊ ၂၀၂၁ မနက်အစောပိုင်းမှာ တပ်မတော်က ဒေါ်အော်ငဆန်းစုကြည်၊ဦးဝင်းမြင့်နဲ့ အခြားခေါင်းဆောင်များကိုဖမ်းဆီးခဲ့။
စစ်တပ်က အရေးပေါ်တစ်နှစ်ကြေညာ၊ အစိုးရဖွဲ့ဖို့ကြိုးစား။
တစ်နိုင်ငံလုံးမှာ စစ်တပ်ကို အကြီးအကျယ်ဆန္ဒပြမှုတွေဖြစ်။
ဆန္ဒပြသူတွေထိခိုက်ဒဏ်ရာရမှုရှိ၊ ထိခိုက်ဒဏ်ရာများကြောင့် ဝမ်းနည်းဖွယ်ရာ တစ်ယောက်သေဆုံး။
သံချပ်ကာကားတွေနဲ့ တပ်တွေကိုမြို့တွေအများကြီးမှာချထားတာတွေ့ရတယ်လို့ သတင်းရ။
ဆန္ဒပြသူတွေနဲ့ လုံခြုံရေးသမားတွေ ထိပ်တိုက်တွေ့တာတွေရှိ၊ အစိုးရဝန်ထမ်းတွေနဲ့ ကျောင်းသားတွေအဖမ်းခံရတာရှိ။
အင်တာနက်ကိုလဲ မကြာခဏအဖြတ်ခံရပြီး သတင်းအချက်အလက်တွေရဖို့ခက်ခဲစေ။
ဒါတွေက စိုးထိတ်စရာတွေဖြစ်။
ထိခိုက်မှုနဲ့ အသက်ဆုံးရှုံးတာတွေထပ်မဖြစ်ဖို့ အာဏာပိုင်တွေကို အင်အားသုံးတာမလုပ်ရန်တိုက်တွန်း။
အခြေအနေကို အမြန်ဆုံးအေးချမ်းဖို့ဆောင်ရွက်စေချင်၊ လက်နက်မဲ့ပြည်သူတွေကို အကြမ်းမဖက်သင့်။
ငြိမ်းချမ်းစွာ ပြေလည်စေချင်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စေချင်။
သမ္မတ၊ အတိုင်ပင်ခံနဲ့ ခေါင်းဆောင်တွေကိုလွှတ်ပေးဖို့မျှော်လင့်။ ဒါမှသာဆွေးနွေးဖြေရှင်းနိုင်မှာဖြစ်။
နိုင်ငံသားတွေကဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်ရောက်ဖို့အပါအဝင် ရေရှည်အတွက်၊ ငြိမ်းချမ်းတဲ့နိုင်ငံရေး အဖြေတစ်ခုခုရအောင်ကြိုးပမ်းရမှာဖြစ်။
မြန်မာပြည်ရောက်စင်ကာပူနိုင်ငံသားတွေက သံရုံးနဲ့ အဆက်အသွယ်မပြတ်ကြဖို့၊ သတင်းတွေနားစွင့်ဖို့၊ သူ့နိုင်ငံရဲဥပဒေတွေလိုက်နာဖို့။
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်က ဖေဖော်ဝါရီ (၄) မှာပြန်ဖွင့်၊ အပတ်စဥ်ပုံမှန် Relief flight ပြန်ပြေးဆွဲ။
မြန်မာနဲ့ဆက်ဆံရေးကြာမြင့်ပြီဖြစ်၊ မြန်မာကအာဆီယံမှာအရေးပါတဲ့နိုင်ငံတစ်ခုလဲဖြစ်။
မြန်မာနဲ့ပက်သက်လို့ စင်ကာပူကအမြဲကိုင်စွဲခဲ့တဲ့ မူကတော့ မြန်မာနိုင်ငံရဲ့အနာဂါတ်ဟာမြန်မာနိုင်ငံသားတွေရဲ့လက်ထဲမှာပဲရှိရမယ်ဆိုတာဖြစ်။
မြန်မာရဲ့ခက်ခဲတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ ကူညီအားပေးခဲ့။
လက်ရှိဖြစ်လာတဲ့ အဖြစ်အပျက်တွေကိုကြည့်ပြီး အလွန်စိုးရိမ်ပူပန်မိ။
လူမှုစီးပွားရေးခက်ခဲတဲ့မြန်မာက ကိုဗစ်ကြောင့်ပိုခက်ခဲ၊ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အရေး၊ အားလုံးသိတဲ့အတိုင်း ရခိုင်ကဒုက္ခသည်ကိစ္စတွေ။
အဲဒီအခြေအနေကြားထဲမှာ အခုနောက်ဆုံးဖြစ်လာတဲ့ကိစ္စတွေက တိုင်းပြည်ရဲ့အလားအလာတွေကိုထိခိုက်စေရုံမက ဒေသတွင်းထုတ်လုပ်မှုပါထိ။
အာဆီယံအဖွဲ့အနေနဲ့ အသင်းဝင်နိုင်ငံတွေရဲ့ ပြည်တွင်းကိုမစွက်ဖက်ဖို့မူဝါဒအရင်ကတည်းကရှိခဲ့ပေမဲ့ အာဆီယံဥက္ကဌက မြန်မာရဲ့အခြေအနေပြောင်းလဲမှုအရေးကြီးပုံကို သုံးသပ်ကြဖို့ကြေညာချက်တစ်စောင်အမြန်ဆုံးထုတ်ခဲ့။
ကြေညာချက်မှာ ထောက်ပြသတိပေးခဲ့တာတွေက အာဆီယံဖွဲ့စည်းပုံမှာပါတဲ့ အရေးကြီးအချက်တွေဖြစ်တဲ့ ဒီမိုကရေစီစံနှုန်းအရေးကြီးပုံ၊ ဥပဒေစိုးမိုးမှု၊ ကောင်းမွန်စွာအုပ်ချုပ်မှု၊ လူ့အခွင့်အရေး၊ အခြေခံလွတ်လပ်မှု။
တွေ့ဆုံဆွေးနွေးအဖြေရှာခြင်းဖြင့် ပြည်သူ့ဆန္ဒနဲ့အညီ မူလအတိုင်းဖြစ်အောင်လုပ်ဖို့လဲတိုက်တွန်းခဲ့။
အာဆီယံက မူလအတိုင်းငြိမ်းချမ်းမှုပြန်ရစေလို။
အာဆီယံဆွေးနွေးပွဲဆုံးဖြတ်ချက်အတိုင်း တစ်နိုင်ငံရဲ့ပြည်တွင်းရေးကိုတစ်နိုင်ငံဝင်မပါဖို့လဲလိုက်နာရ။
အာဆီယံအပြင်က အဓိကအင်အားကြီးမဟာမိတ်တွေကလဲ အရေးကြီးတဲ့နေရာကပါ။
သူတို့အမြင်တွေကတေ့ာပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာထုတ်တဲ့ ကြေညာချက်တွေကနေသိနိုင်။
ရင်ဆိုင်ဖြေရှင်းတာက ခွဲခြားပိတ်ပင်တာထက် ပိုပြီးကောင်းမွန်နိုင်။
အာဆီယံက ပြင်ပ ပါတနာတွေဖြစ်တဲ့ ကုလ၊ ယူအက်စ်၊ အိန္ဒိယ၊ တရုတ်၊ ဂျပန် နဲ့ အီးယူတို့နဲ့ အနီးကပ်တွဲလုပ်မှာဖြစ်၊ ဆွေးနွေးဖို့၊ ဒီမိုကရေစီလမ်းကြောင်းပြန်ရောက်ဖို့ တွန်းအားပေးမှာဖြစ်။
ကံမကောင်းစွာနဲ့ပဲ လက်ရှိနိုင်ငံရေးပြဿနာတွေက မြန်မာ့အရေးကိုပိုရှုပ်ထွေးစေမှာဖြစ်၊ အထူးသဖြင့်ရခိုင်နဲ့ ဒုက္ခသည်။
ဒါကြောင့် နေရပ်စွန့်ခွာသူတွေကို ပြန်လည်နေရာချဖို့က မလွှဲသာမရှောင်သာ စောင့်ဆိုင်းရဦးမှာဖြစ်။
ကိုဗစ်ကလဲ ရှိနေသေး။ ဒီတော့ ရေရှည်နိုင်ငံရေးအဖြေရဖို့ အချိန်ယူ၊ အထူးသဖြင့်ရခိုင်။
အဖွဲ့အားလုံး အခြေအနေကိုနားလည်ပြီးသည်းခံဖို့လို။
အာဆီယံက ဒုက္ခသည်တွေရဲ့လိုအပ်ချက်တွေကို ကူညီဖို့လဲဆက်လုပ်သွားမှာဖြစ်။
မေး၊၊ မြန်မာ့အရေးဆွေးနွေးသွားတဲ့ ဝန်ကြီးကိုကျေးဇူးတင်။ ဖြစ်ပျက်နေတဲ့အရာတွေနဲ့ စစ်အာဏာသိမ်းမှုကြောင့်ရိုက်ခတ်လာမဲ့ ရိုဟင်ဂျာဒုက္ခသည်နေရပ်ပြန်ရေးကိုပါရှင်းပြသွားတာကောင်း။
စစ်အာဏာသိမ်းမှုအပေါ် မြန်မာနဲ့ပက်သက်လို့ ဝန်ကြီးကိုင်စွဲမဲ့ဗျူဟာနဲ့ မြန်မာအတွက်ခန့်မှန်းချက်တွေပြောပြဖို့။
ဝန်ကြီးဖြေ။
ခန့်မှန်းချက်တော့ မပေးနိုင်။
အခြေခံဗျူဟာတစ်ချို့တော့ရှိ။
ပထမဆုံးကတော့ ပြောခဲ့တဲ့အတိုင်း အာဆီယံမူဝါဒဖြစ်တဲ့ နိုင်ငံရေးနဲ့ ကံကြမ္မာက သက်ဆိုင်ရာနိုင်ငံလူထုရဲ့အဆုံးအဖြတ်သာဖြစ်။
စင်ကာပူမှာလဲ ပြည်တွင်းရေးကို တခြားနိုင်ငံကစွက်ဖက်တာကို လက်မခံ။
အလားတူ စင်ကာပူကလဲသူများကိုမစွက်ဖက်။
ဒါက ခိုင်မာစွာကိုင်စွဲထားတဲ့မူဝါဒဖြစ်သလို အာဆီယံတည်ထောင်စဥ်ကအခြေခံမူဝါဒလဲဖြစ်။
မြန်မာအကြောင်းပြောရရင် ကမ္ဘာမှာ ၄၀ ခုမြောက်အကြီးဆုံးနိုင်ငံဖြစ်၊ ဗီယက်နမ်ထက် နှစ်ဆကြီး၊ သယံဇာတကြွယ်ဝ၊ ငယ်ရွယ်ဉာဏ်ကောင်းပြီး အလုပ်ကြိုးစားစည်းကမ်းရှိတဲ့ လူငယ်အများစုပါတဲ့ လူဦးရေ ၅၅ သန်းရှိ။
ဒီမှာရှိတဲ့သူတွေမှာ မြန်မာလုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတွေရှိကြရင် မြန်မာလူငယ်တွေနဲ့ပက်သက်လို့ ကျွန်တော်ပြောတာ အတိအကျမှန်တယ်ဆိုတာလက်ခံမှာဖြစ်။
ပျမ်းမျှအသက်တွေက ၂၉နှစ်ဖြစ်။ လူဦးရေရဲ့ ၅၅ ရာခိုင်နှုန်းက အသက် ၃၀အောက်။
မြေပုံကိုကြည့်ရင် အင်မတန်အရေးကြီးတဲ့ ဗျူဟာမြောက်နေရာမှာတည်ရှိတဲ့နိုင်ငံဖြစ်တာကိုလဲတွေ့ရမှာဖြစ်။
အိန္ဒိယ၊ တရုတ်၊ အင်ဒိုချိုင်းနား ဆုံရာမှာရှိ၊ အရှေ့တောင်အာရှရဲ့ဝင်ပေါက်လဲဖြစ်။
တရုတ်ရော အိန္ဒိယပါမြန်မာနဲ့ ရာစုပေါင်းများစွာအဆက်အဆံရှိခဲ့။
လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ရာကတော့ ဗြိတိသျှရာဇာတွေက မြန်မာနောက်ဆုံးမင်းဆက်နဲ့ ဘင်းဂလားပင်လယ်ဝန်းကျင်နဲ့ ရခိုင်ကိုထိန်းချုပ်ခွင့်ရဖို့အရေးစစ်ဖြစ်ခဲ့။
ရခိုင်က အင်းဂလိပ်လက်အောက်ကို ပထမဆုံးကျခဲ့၊ အင်းဂလိပ်မြန်မာ ပထမစစ်ပွဲမှာဖြစ်။
ဒုတိယကမ္ဘာစစ်မှာတော့ မြန်မာရဲ့ဗျူဟာမြောက်အနေအထားကြောင့် အဓိက စီမံကိန်းကြီးတွေကိုမြန်မာကနေဆင်နွှဲခဲ့။
တရုတ်က ဒီနေ့မှာ ကီလိုမီတာ (၂၀၀၀) လောက်မြန်မာနဲ့မြေပြင်ထိစပ်နေ။
မနှစ်ကမြန်မာနဲ့ ယူအက်စ် ၁၀.၂ ဘီလီယံ ကုန်သွယ်ခဲ့။
အကြီးဆုံးကုန်သွယ်ဖက်ဖြစ်၊ တခြားအာဆီယံနိုင်ငံတွေနဲ့ တရုတ်နဲ့ကုန်သွယ်တာထက်ကိုပိုကြီးတဲ့ပမာဏဖြစ်။
နေရာအကွက်အကွင်းကျလို့ အင်အားကြီး အိမ်နီးချင်းတွေရဲ့အပြိုင်အဆိုင်လွှမ်းမိုးခံရမှုက အထူးအဆန်းမဟုတ်ခဲ့။
မြန်မာကတော့ ဘယ်သူ့မှမမှီခိုတဲ့ နိုင်ငံခြားရေးမူဝါဒကိုသုံးဖို့ကြိုးစားနေတာကြာမြင့်ပြီဖြစ်။
ဒါကြောင့်လဲ အာဆီယံမှာ ပါခဲ့တာဖြစ်မယ်လို့ထင်။
အားလုံးကိုသတိပေးချင်တာက မြန်မာဟာလွတ်လပ်ရေးရကတည်းက ပြည်ထောင်စုအဖြစ်နဲ့ဖြစ်။
လွတ်လပ်ရေးရတယ်ဆိုတာ စင်ကာပူထက်အများကြီးစော။
ဒါပေမဲ့ လွတ်လပ်ရေးရကတည်းက မတူခြားနားတဲ့လူမျိုးစုတွေနဲ့ နိုင်ငံတစ်ခုရဲ့ပုံရိပ်တစ်ခုတည်ဆောက်ဖို့ကြိုးစားရာမှာ ရုန်းကန်ရမှု၊ ခက်ခဲမှုတွေရှိနေ။
လူမျိုးရေးဘာသာရေးခွဲခြားမှု တွေက အဓိကလူမျိုး (၈)ခုနဲ့ လူမျိုးစု (၁၃၅)ခုကြားမှာ နက်နက်ရှိုင်းရှိုင်းစွဲနေ။
လူမျိုးရေးလက်နက်ကိုင်တွေရှိသလို၊ မဖြေရှင်းနိုင်သေးတဲ့ရခိုင်က ဒုက္ခသည်ပြဿနာရှိ၊ သမိုင်းနဲ့ချီရှုပ်ထွေးမှုတွေရှိ။
ခုလို ထိလွယ်၊ ရှလွယ်တဲ့အခြေအနေတွေကိုမူတည်ပြီးသုံးသပ်ရရင် အမျိုးသားစည်းလုံးညီညွတ်မှုနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တွေက ဘာကြောင့်အရေးအင်မတန်ကြီး၊ လိုအပ်သလို၊ အင်မတန်လဲ ထိခိုက်လွယ်တာကိုနားလည်မှာဖြစ်။
မြန်မာမှာ ရှည်ကြာစွာမတည်ငြိမ်ဘူးဆိုရင် အရှေ့တောင်အာရှကိုလဲ ထိခိုက်မှာဖြစ်။
မြန်မာက ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ ခရီးရှည်လျှောက်ခဲ့ရ။
စင်ကာပူကလဲမြန်မာမှာရင်းနှီးမြှုပ်နေပြီဖြစ်။
စင်ကာပူက မြန်မာရဲ့အကြီးဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ယူအက်စ်ဒေါ်လာ ၂၄ ဘီလီယံမြှုပ်နှံခဲ့ (ဒီဇင်ဘာ ၂၀၂၀စာရင်းအရ)။
အများဆုံးက လွန်ခဲ့တဲ့ငါးနှစ်အတွင်း NLD အစိုးရလက်ထက်မှာဖြစ်၊ အဲဒီမတိုင်ခင် ငါးနှစ်ထက် ဒီငါးနှစ်မှာ တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုက ၁၀ ဆတိုးတက်လာတာဖြစ်။
ကုမ္ပဏီတွေက စီးပွားရေးအခွင့်အလမ်းကိုသာကြည့်ပြီးရင်းနှီးတာဖြစ်၊ နိုင်ငံရေးလွှမ်းမိုးမှုကြောင့်လုပ်ခဲ့တာမဟုတ်၊ စီးပွားရေးကုပ္မဏီတွေက ဒီမိုကရေစီအပြောင်းအလဲလုပ်နေတဲ့အစိုးရအောက်မှာ ကောင်းမွန်တဲ့အခွင့်အလမ်းတွေတွေ့လိုလုပ်တာသာဖြစ်တာ တွေ့ရ။
ဒါကိုပြောရတာက ကျွန်တော်တို့တွေ စီးပွားရေးအမြင်၊ဆုံးဖြတ်ချက်နဲ့ ကြည့်ပြီး နိုင်ငံရေးမှာဝင်ပါသင့်တယ်ဆိုတာကို အကြံပေးလိုလို့ဖြစ်။
စီးပွားရေးလုပ်ငန်းတွေကလဲ နိုင်ငံရေးဆုံးဖြတ်ချက်တွေကိုကြည့်ပြီး ဘယ်မှာရင်းနှီးမြှုပ်နှံရမလဲဆိုတာကို သတိပြုနေတာဖြစ်။
ဒါကြောင့် အခုဖြစ်သွားတဲ့ကိစ္စတွေဟာ စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုဆွဲဆောင်ရာမှာ အကြီးအကျယ်နောက်ပြန်ဆုတ်သွားစေတာဖြစ်။
အခုလိုထိလွယ်ရှလွယ်အခြေအနေတွေ၊ နိုင်ငံခြားသားပါအဖမ်းခံရတဲ့အခြေအနေတွေက ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အာမခံချက်ရှိမှုတွေအပေါ် သက်ရောက်မှုရှိမှာဖြစ်။
ကျွန်တော်တို့ရဲ့ စင်ကာပူစီးပွားရေးသမားတွေလဲ စွန့်စားရမဲ့ အခြေအနေကိုပြန်သုံးသပ်နေပြီဖြစ်မှာဖြစ်။
ယူအက်စ်၊ ဂျာမနီနဲ့ တခြားနိုင်ငံများစွာနဲ့ပြောခဲ့ရာမှာ စီးပွားရေးပိတ်ဆို့တာကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မလုပ်ဖို့တိုက်တွန်းခဲ့။
ရှင်းပြရမယ်ဆိုရင် ကမ္ဘာ့ဘဏ်ရဲ့အဆိုအရ မြန်မာ့လူဦးရေ ၂၅ ရာခိုင်နှုန်းက ဆင်းရဲမွဲတေမှုမျဥ်းရဲ့အောက်ကိုရောက်နေ၊ ခုဆိုကိုဗစ်ကြောင့်ပိုဆိုး။
ဒါကြောင့် ဖုန်းပြောတာတွေ၊ ဆွေးနွေးမှုတွေအားလုံးမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စီးပွားရေးပိတ်ဆို့တာမလုပ်ဖို့၊ အဲလိုလုပ်ရင် သာမန်လူတန်းစားသာ ထိခိုက်မှာဖြစ်။
အချုပ်အနေနဲ့ သမိုင်း၊ မြေနေရာအနေအထား၊ စီးပွားရေး၊ လူမျိုးစု အခြေအနေအားလုံးကိုခြုံငုံသုံးသပ်ပြီးပြောရရင် အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလေးနက်စွာမျှော်လင့်။
ဒီလိုဖြစ်ဖို့ဆိုတာကလဲ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးအပေးအယူလုပ်အဖြေရှာဖို့ကသာ တစ်ခုတည်းသောနည်းလမ်းဖြစ်။
သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံကိုပြန်လွှတ်ပေးဖို့မျှော်လင့်၊ ဒါမှသာ စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်မှာဖြစ်။
ဖေဖော်ဝါရီ ၁၅ မှာ စင်ကာပူရဲတပ်ဖွဲ့က နိုင်ငံတွင်းမှာဆန္ဒပြမှုနဲ့ပက်သက်ပြီးမလုပ်ကြဖို့ ကြိုတင်သတိပေးဖို့လိုအပ်တယ်ထင်လို့ ထုတ်ပြန်ခဲ့။
စင်ကာပူမှာ နေထိုင်လုပ်ကိုင်စားသောက်နေကြတဲ့ နိုင်ငံခြားသားအားလုံး သူတို့ရဲ့ပြည်တွင်းနိုင်ငံရေးတွေကို စင်ကာပူထဲကိုမသယ်လာဖို့ သတိပေး။
ဒါက ကျွန်တော်တို့ နိုင်ငံရဲ့အကျိုးစီးပွားကိုထိခိုက်မှာဖြစ်လို့ ဥပဒေအတိုင်းတင်းကျပ်စွာကိုင်တွယ်မှာဖြစ်။
မေး။ ။ မြန်မာ့မတည်ငြိမ်မှုက စင်ကာပူကိုလဲရိုက်ခတ်နိုင်တာနားလည်ရ။ အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးတွေရဲ့အထူးအစည်းအဝေးရှိတယ်လို့သိရ၊ စင်ကာပူက
၁။ အစည်းအဝေးသွားမှာလား၊ ဘာတွေဆောင်ရွက်ဖို့
အစီအစဥ်ရှိပါသလဲ။
၂။ စင်ကာပူက မြန်မာရဲ့စီးပွားရေးအများဆုံးရင်းနှီးမြှုပ်နှံသူဖြစ်ရင် စစ်တပ်နဲ့လုပ်ကိုင်တာတွေရှိပါသလား။
ရှိရင်စီးပွားရေးပိတ်ဆို့မှုတွေအတွက် ဘယ်လိုအကြံပေးချင်ပါသလဲ။
ဖြေ။ ။
၁။ တရားဝင်အစည်းအဝင်မရှိသေး။ အစည်းအဝေးလုပ်ဖို့ သဘောတူညီချက်ရအောင်ကြိုးစားဆဲ။
ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီလမ်းပေါ်ပြန်ရောက်ရေးအားပေးမယ်။
အခြေအနေကိုပိုမဆိုးဖို့လုပ်ရမှာဖြစ်။
ဒါကြောင့် မြန်မာရဲ့ သာမန်နိုင်ငံသားတွေကို မထိခိုက်အောင် တစ်နိုင်ငံလုံးကိုအားလုံးခြုံငုံပြီးလုပ်တဲ့ စီးပွားရေးပိတ်ဆို့မှုမျိုးကို အားမပေးတာဖြစ်။
၂။ ဘာသာမပြန်တော့။
Friday, February 5, 2021
အချိန်အခါ
ပြီးတော့ ထိပ်တိုက်ရင်ဆိုင်မှု(Confrontation)အစား နားလည်မှု၊ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ပဲ ပြဿနာတွေကိုရှင်းလို့ရမယ်လို့ အမြဲယုံကြည်ခဲ့တယ်။
ဒါကြောင့်လဲ ထိပ်တိုက်တွေ့ပြီးဖိုက်တာကိုတတ်နိုင်သလောက်ရှောင်တယ်။
ကိုယ်လိုချင်တဲ့ ရလဒ်ကိုမရောက်မချင်း တခြားနည်းလမ်းတွေနဲ့ပဲ ကြိုးစားလေ့ရှိတယ်။
ရလဒ်မသေချာပဲ နေရာတိုင်းမှာဝင်ပါ၊ ဆန္ဒတွေပြ၊ အစိုးရတွေကို တိုက်ခိုက်နေမဲ့အစား ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ပြီး ကိုယ့်နိုင်ငံသားတွေကို တတ်နိုင်သလောက်စောင့်ရှောက်ရမယ်လို့ခံယူထားတယ်။
ကိုယ့်ကိုယ်ကိုအရင်ဖြည့်မှ လိုတဲ့နေရာကိုကူဖြည့်ပေးနိုင်မယ်လို့ ယုံကြည်သူတစ်ယောက်ပါ။
တစ်ခုတော့ရှိတယ်။
ကိုယ့်လူတွေကို ကိုယ်နိုင်သလောက်ကြည့်ဖို့ဆိုတာကလဲ နိုင်ငံကတော့ ကောင်းကောင်းမွန်မွန်လည်ပတ်နေဖို့တော့လိုပါသေးတယ်။
နိုင်ငံက လူတကာရဲ့ချဥ်ဖတ်၊ နိုင်ငံတကာကဝိုင်းပယ်ထားတာခံရတယ်ဆိုရင် တိုင်းပြည်ကမတိုးတက်နိုင်ပြန်။ တိုင်းပြည်မတိုးတက်ရင် တိုင်းပြည်ကလူအားလုံး နာတာပဲ။
လူတိုင်းမက်ခွင့်ရှိတဲ့အိပ်မက်တွေကို ကိုယ့်တစ်နိုင်ငံတည်းကလူတွေကပဲ မက်ခွင့်မရှိဘူးဆိုရင် ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ။
အဲဒီတော့လဲ အားလုံးအတွက် အခွင့်အလမ်းတွေရှိမဲ့ အခင်းအကျင်းအတွက် အဓမ္မမှုကိုအရင်တိုက်ရပြန်ရော။
ကျွန်တော်က အေးအေးချမ်းချမ်းနေရတာပဲ သဘောကျပေမဲ့ခုတော့ တစ်နိုင်ငံလုံးနဲ့အတူ ဝိုင်းအော်၊ တသားတည်းရပ်နေရပါပြီ။
ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေကိုအသာထားဦး၊ တစ်နိုင်ငံလုံးကလူတွေကို အနိုင်ကျင့်ပြီး မတရားလုပ်တာမျိုးဖြစ်လို့ ဆန့်ကျင်ရမှာပါ။
မတရားသိမ်းချင်တိုင်းသိမ်းလို့ရတဲ့ ဒီအလေ့အထကြီးသာ မြဲသွားရင် ကျွန်တော်တို့ တစ်သက်ဘယ်တော့မှ နောက်ကျောလုံမှာမဟုတ်ပါဘူး။
ဘယ်ပါတီပဲတက်တက်၊ လူတွေက ဘယ်သူ့ကိုပဲကြိုက်ကြိုက်၊ ဘယ်လိုတိုးတက်အောင်ပဲလုပ်လုပ် အချိန်တန်လို့လက်နက်ရှိတဲ့သူက “ငါမကြိုက်ရင် အကုန်သိမ်းပစ်လိုက်မယ်ကွ” ဆိုတာမျိုး စည်းလွတ်၊ဘောင်လွတ်လုပ်လို့ရနေတဲ့အနေအထားမျိုးမှာ ကျွန်တော်တို့အတွက် ဘာအာမခံချက်ရှိမှာလဲ။
ဘယ်မှာနောက်ကြောလုံမှာလဲ။
အနာဂါတ်မှာရော ဘယ်လိုပျော်ရွှင်နိုင်မှာလဲ။
နောက်မျိုးဆက်အတွက်ကရော ဘယ်လိုစိတ်ချလို့ရမှာလဲ။
နိုင်ငံတော်ကမှစပြီး တရားမျှတမှုမရရင် ကျွန်တော်တို့ နေ့စဥ်ဘဝမှာ မတရားလုပ်ခံရတာတွေကြုံရင် တရားမျှတမှုအတွက် ဘယ်သူ့ကို အားကိုးရမှာလဲ။
လက်နက်ရှိတဲ့သူ၊ ခွန်အားကြီးသူလုပ်သမျှကို မတရားမှန်းသိသိနဲ့ တစ်သက်လုံးငုံ့ခံသွားရမှာလား။
ကျွန်တော်တို့ နောက်မျိုးဆက်တွေ၊ သားသမီးတွေကိုရော အဲဒီလိုဘဝမျိုးထဲမှာ စိတ်ချလက်ချထားခဲ့နိုင်မလား။
“ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ...ဒို့ပြေ၊ဒို့မြေ” ဆိုတာ နိုင်ငံတော်သီချင်းဆိုဖို့အတွက်ပဲလား။
ဒီအချိန်မှာ အားလုံး အနာခံပြီး ဝိုင်းကြိုးစားမှ ကျွန်တော်တို့နောက်မျိုးဆက်တွေက “မြန်မာပြည်ကကွ” လို့ခေါင်းမော့ရင့်မော့ပြီး ဘယ်နေရာကိုမဆို၊ ဘယ်နိုင်ငံကိုမဆို ဂုဏ်သိက္ခာရှိရှိ၊မျက်နှာမငယ်ပဲ သွားနိုင်မှာပါ။
ခေတ်ကအများကြီးပြောင်းလဲနေပါပြီ။
တိုင်းပြည်စည်ပင်ဝပြောဖို့က တစ်နိုင်ငံတည်း “ဝါးလုံးခေါင်းထဲ လသာ” နေလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး။
ဘေးအိမ်တွေအားလုံး အလင်းရောင်ရှိပြီး၊ ကိုယ့်အိမ်တစ်အိမ်တည်း မိုးချုပ်နေရင် အိမ်သားတွေဘယ်လောက်မျက်နှာငယ်ရလဲဆိုတာ ကျွန်တော်တို့ မျိုးဆက်တွေ ကောင်းကောင်းသိပြီးပါပြီ။
တရုတ်နိုင်ငံက သူများကိုသာဒုက္ခရောက်အောင်လုပ်မယ်။
သူ့နိုင်ငံသားတွေက ယူကေ၊ ယူအက်စ်၊ စင်ကာပူမှာ ပညာသင်နေကြတာအများကြီးပါ။
ဒေါက်တာဘွဲ့ရသွားတဲ့သူတွေ၊ ပညာတွေလေ့လာပြီး သူ့နိုင်ငံသယ်သွားတဲ့သူတွေ၊ နိုင်ငံခြားမှာအလုပ်လုပ်ရင်း သူ့နိုင်ငံကလိုအပ်ရင် အချိန်မရွေးပြန်မယ်ဆိုတဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်။
နိုင်ငံတော်တော်များများကလူတွေက ပြည်မကြီးတရုတ်တွေဟာ ရိုင်းစိုင်းကြတယ်လို့ယူဆကြပေမဲ့ ငွေကြေးချမ်းသာ၊ အင်အားကြီးနိုင်ငံဖြစ်နေသေးတော့ သူတို့ပိုက်ဆံကြောင့် လက်ခံနေရသေးတာပါပဲ။
ကျွန်တော်တို့နိုင်ငံသာ တရုတ်အားကိုးပြီး နောက်ပြန်ဆွဲသွားရင် သူတို့ရတဲ့အခွင့်အရေးမျိုးတွေတော့ ရမှာမဟုတ်ပါဘူး။
နိုင်ငံပဲ အရင်အမှောင်ခေတ်ကလို တံခါးပိတ်သွားပြီး လူတွေလဲ မျက်စိပိတ်၊ နားပိတ်တွေပြန်ဖြစ်သွားမှာပါ။
ဒီခေတ်မှာ ဘယ်သူနဲ့မှအဆက်အဆံမလုပ်ပဲ ရှိတာလေးပဲ အောက်စျေးနဲ့ရောင်းစားနေရင် နိုင်ငံကချုံးချုံးကျသွားပြီး မကြာခင်မှာပဲ အာဖရိကက အဆင်းရဲအမွဲတေဆုံးဆိုတဲ့နိုင်ငံတစ်ချို့နောက်တောင်ရောက်သွားပါလိမ့်မယ်။
အဲဒီ ဆင်းရဲတဲ့နိုင်ငံတွေကလဲ တစ်ချိန်က အာဏာရှင်တွေအုပ်ချုပ်ခဲ့လို့ပါပဲ။
လူတိုင်းတန်းတူညီမျှ၊ ကြိုးစားသလောက်အရာထင်ဖို့အတွက် လမ်းစရှိတုန်းမှာ အမှောင်တိုက်မဖုံးစေချင်ပါ။
အမှောင်တိုက်မရှိတောင် အစစ၊အရာရာ စနစ်တကျရှိဖို့၊ သူများတန်းတူ နိုင်ငံသားတွေ စားဝတ်နေရေး၊ လူနေမှုအဆင့်အတန်းအဆင့်အတန်းမှီဖို့ လုပ်စရာတွေအများကြီးသေးတဲ့အချိန်မှာ ခုလိုမျိုး အမှောင်တိုက်ကြီးကျသွားတာ တိုင်းပြည်အတွက်၊ တိုင်းပြည်ကလူတွေအတွက် ဘယ်နည်းနဲ့မှကို မကောင်းတာဆိုတာ သေသေချာချာသိဖို့လိုပါတယ်။
ဒါကြောင့်မို့လို့ အေးအေးချမ်းချမ်းနေရတာကြိုက်တာတောင်မှ သူများတွေနဲ့အတူ မတရားတာကို မတရားတဲ့အကြောင်းပြောဖို့ရွေးချယ်ရတာပါ။
ကိုယ်လုပ်နိုင်တာကို တတ်နိုင်သလောက်အကုန်လုပ်ပြီး လိပ်ပြာလုံချင်လို့ပါ။
ဖြစ်နိုင်ရင် လူတိုင်းက မတရားမှုကို ရွံရှာစက်ဆုပ်ပြီး ရှုတ်ချတာမျိုးလုပ်စေချင်ပေမဲ့ ကိုယ့်အကြောင်းနဲ့ကိုယ် သဘောထားမပြနိုင်သူတွေကို ဆဲဆိုတာမျိုးကိုတော့ ကျွန်တော်သဘောမကျပါ။
မတရားလုပ်သွားတာ ခံရတာတောင် “နေပါစေ” ဆိုပြီး ခံတတ်တဲ့သူမျိုးကိုလဲတွေ့ဖူးသလို၊ ကိုယ့်ခံယူချက်နဲ့ကိုယ် အသံတိတ်နေသူလဲရှိလို့ အဲလိုလူမျိုးကိုကျွန်တော်ကတော့ အပြစ်တွေတင်မနေချင်ပါ။
အဲဒီအစား မတရားလုပ်သူတွေနဲ့ မတရားမှုအားပေးသူတွေကိုသာ ကန့်ကွက်ကြောင်းပိုပြောပါ့မယ်။
တချို့က အသံမထွက်ပေမဲ့ လက်တွေ့လုပ်နေကြတာတွေလဲရှိပါတယ်။
အသံမထွက်ပေမဲ့ လူတွေအပေါ် တတ်နိုင်သလောက်အကျိုးပြုတဲ့သူတွေကို အသံမထွက်လို့ဆိုပြီး ဆဲဆိုကြိမ်းမောင်းတာမျိုးက သူတို့အသံထွက်လာအောင် အားပေးရာရောက်တယ်လို့လဲ ကျွန်တော်တော့ မယုံပါ။
အာဏာရှင်ဘက်က အောက်ခြေတပ်သားတွေ၊ ရဲသားတွေကိုတောင်မှ ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး လူထုဖက်ပါလာအောင်ဆွဲဖို့ ပြောနေတဲ့အချိန်မှာ ခြံစည်းရိုးခွထိုင်ပြီး သာကူးလုပ်တဲ့သူတစ်ချို့ကိုဆဲတာက ပြဿနာမရှိပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အသံမထွက်နိုင်သူလူကောင်းတွေကို အတင်းဖိနှိပ်ပြောဆိုနေတာမျိုးကိုလဲ မလုပ်စေချင်တာအမှန်ပါပဲ။
အခြေအနေနဲ့အချိန်အခါက မတရားတာကိုတတ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ရမဲ့အချိန်ဆိုတာ လူတိုင်းသိဖို့ပဲလိုပါတယ်။
တိုင်းပြည်ကိုချစ်ရင် တိုင်းပြည်ရဲ့အနာဂါတ်ကိုကြည့်ရပါ့မယ်။
တိုင်းပြည်ရဲ့အနာဂါတ်က တိုင်းပြည်မှာနေတဲ့သူတွေရဲ့ အနာဂါတ်ပဲမို့ ဘယ်လိုအနာဂါတ်မျိုးလိုချင်လဲဆိုတာကိုယ်တိုင်ရွေးချယ်ခွင့်ရတုန်းမှာရွေးချယ်ကြတဲ့သဘောပါပဲ။
သက်ဦးဆံပိုင်ဘုရင်စနစ်ကို အားကျတဲ့ အာဏာရှင်အောက်မှာနေချင်လား၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ အခွင့်အလမ်းရှိတဲ့ အုပ်ချုပ်မှုစနစ်မျိုးကိုယ်တိုင်ဖန်တီးမလားဆိုတာ ဆုံးဖြတ်ရတဲ့အချိန်အခါပါ။
လူအားလုံး တစ်စိတ်တစ်ဝမ်းတည်း ခံစားနေရတာမို့ ဒီထက်ကောင်းတဲ့အချိန်အခါလဲမရှိတော့ပါဘူး။
အာဏာရှင်လက်အောက်ကဘဝကဆိုးရွားလွန်းလို့ လူတွေ ဘယ်လောက်မုန်းလဲဆို အဲလိုဘဝမျိုးနောက်တစ်ကြိမ်ထပ်မရောက်အောင် နေရာဒေသ၊ ဌာနအသီးသီးကပညာရှင်တွေ၊ ပညာတတ်တွေအပါအဝင် နိုင်ငံသားအားလုံးနီးပါးကသက်မွေးဝမ်းကြောင်းဘဝတွေနဲ့ရင်းပြီးဆန့်ကျင်နေတာကြည့်ရင် သိနိုင်ပါတယ်။
ဆန့်ကျင်ရင်း၊ ဆန္ဒသဘောထားတွေဖော်ထုတ်ရင်းနဲ့ စည်းလုံးသထက်စည်းလုံးလာပြီး နည်းလမ်းကောင်းတွေ၊ နည်းလမ်းသစ်တွေသိလာမှာဖြစ်သလို နိုင်ငံတကာကလဲ သတိပြုမိလာပါလိမ့်မယ်။
ဒါမေမဲ့ ကိုယ့်အနာဂါတ်က ကိုယ့်လက်ထဲမှာပဲ ဆိုတာကိုတော့ မေ့လို့မရပါဘူး။
“တစ်ခဲနက်” ဆိုတဲ့စကား။
“ညီညီညာညာ” ဆိုတဲ့စကား။
“လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” ဆိုတဲ့စကားတွေက မတရားမှုကိုဆန့်ကျင်နေတဲ့လူအားလုံးရဲ့ တူညီတဲ့ဆန္ဒကိုထင်ဟပ်နေတာမို့ လူတိုင်းစွမ်းအားရှိသလောက်နည်းအမျိုးမျိုးနဲ့ကြိုးစားရင် အားလုံးတောင့်တတဲ့ “တရားမျှတခြင်း” မကြာခင်ရောက်မယ်လို့ မျှော်လင့်ပါတယ်။
တက်ညီလက်ညီနဲ့ ဇွဲမလျှော့ပဲ နည်းလမ်းတွေရှိသရွေ့ကြိုးစားသွားကြဖို့ပါပဲ။
မတရားမှုကျဆုံးပါစေ။
မောင်ဇိ
=======================================
Wednesday, February 3, 2021
အနာဂါတ်
***********************
တစ်ချိန်တုန်းက မြန်မာပြည်ကြီးမှာ အီးမေးလ်တစ်စောင်လက်ခံမိတာနဲ့ အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူပြီး ထောင်ပါချပစ်တဲ့ခေတ်ရှိခဲ့ဖူးတယ်။ ခု ခေတ်ကလေးတွေ နေ့တိုင်းကြည့်နေကြရတဲ့ ယူကျူ့ဘ် ဆိုတာကြီးကို ပိတ်ထားလို့ ကျွန်တော်တို့မှာ အဲဒီထဲက သီချင်းလေးတစ်ပိုင်း၊ ဗဟုသုတလေးတစ်ကွက်ရဖို့ မျိုးစုံကျော်ခွပြီး စိတ်ရှည်လက်ရှည် စောင့်ခဲ့ရဖူးတယ်။
နိုင်ငံရပ်ခြားကိုရောက်တဲ့အခါ
လူတိုင်းအလွယ်တကူသုံးခွင့်ရနေတဲ့ အင်တာနက်၊ နည်းပညာတွေနဲ့ လိုချင်တဲ့ အချက်အလက်တွေကို လက်တစ်ဖျစ်အတွင်းမှာရှာလို့ရ၊
လေ့လာချင်တဲ့အကြောင်းအရာတွေကို အိမ်ကနေထိုင်ရာမထ စုံစုံလင်လင်လေ့လာခွင့်ရ၊
သင်ချင်တဲ့ပညာရပ်တွေကို အင်တာနက်ကိုသုံးပြီး သင်ခွင့်ရ၊ ဝင်ချင်တဲ့ကျောင်းကို အီးမေးလ်တစ်စောင်ပို့ပြီးမေးလို့ရတဲ့ ကျောင်းသားလူငယ်တွေကို တွေ့တဲ့အခါ ကိုယ့်တိုင်းပြည်က လူငယ်တွေ အဲဒီလိုအခွင့်အရေးရစေချင်စိတ်နဲ့ အားကျခဲ့ဖူးတယ်။
တစ်ခုခုဆိုရင် မပြောရဲ၊မဆိုရဲ ကြောက်စိတ်နဲ့ ကြီးပြင်းခဲ့ရတဲ့ဘဝက လာခဲ့ရတော့
လွတ်လွတ်လပ်လပ်ဆွေးနွေး ဝေဖန်၊
ပြောစရာရှိတာတွေရဲရဲရင့်ရင့်ပြောရဲပြီး
အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မကိုခွဲခြားနိုင်တဲ့၊
အမြင်ကျယ်ပြီး ကိုယ်ဝါသနာပါရာကို လွယ်လွယ်ကူကူ လေ့လာလိုက်စားနိုင်တဲ့
သူများနိုင်ငံက လူငယ်တွေလိုမျိုး ကိုယ့်လူမျိုးလူငယ်တွေကို အခွင့်အရေးတွေ ရစေချင်ခဲ့တယ်။ ခေတ်မီ ပစ္စည်းအသုံးအဆောင်တွေကို ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ထားတဲ့ဝင်ငွေစုပြီး ကိုယ်တိုင်ဝယ်သုံးနိုင်တဲ့ လူငယ်တွေလိုမျိုး ကိုယ့်လူငယ်တွေကိုလဲဖြစ်စေချင်ခဲ့တယ်။ စနစ်ကောင်းတစ်ခုကိုချမဲ့ တိုင်းပြည်အတွက်၊ လူငယ်တွေအတွက် အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်မျိုးရှိရင် သိပ်ကောင်းမှာပဲလို့ အမြဲတွေးခဲ့ဖူးတယ်။
ကျွန်တော်တို့ လူငယ်တွေက တက္ကသိုလ်တက်ချိန်ထိ မိဘကိုမှီခိုပြီး ဆုံးဖြတ်ချက်တွေတောင် သေချာမချနိုင်သေးချိန်မှာ သူများနိုင်ငံကလူငယ်တွေက အထက်တန်းကျောင်းမှာကတည်းက ကိုယ်ဘာလိုချင်လဲဆိုတာသိပြီး၊ ကိုယ်သွားချင်ရာလမ်းကြောင်းကို ဘယ်လိုလျှောက်သွားရမလဲဆိုတာသိနေပြီ။
လူတိုင်းလွယ်လွယ်ကူကူရနိုင်တဲ့ သတင်းအချက်အလက်တွေကြောင့်နဲ့ တန်းတူညီမျှပြီး ကြိုးစားသူတိုင်းအခွင့်အရေးရနိုင်တဲ့ စနစ်ကောင်းတွေ၊ လူငယ်တွေတိုးတက်ဖို့အတွက်ရည်ရွယ်တဲ့ ပညာရေးစနစ်တွေကြောင့်ပါ။
တစ်ကမ္ဘာလုံးက အစိုးရတွေက နိုင်ငံကလူငယ်တွေအနာဂါတ်အတွက် လမ်းတွေဖောက်၊ ပညာရေးတွေမြှင့်တင်နေချိန်မှာ ကျွန်တော်တို့ကတော့ သတင်းအချက်အလက်တွေပိတ်ပင်တာ၊ မပြောရဲမဆိုရဲအောင် အကြောက်တရားနဲ့အုပ်ချုပ်တာ ကိုကြုံခဲ့ရတယ်။ တစ်ဖက်ပိတ်ကိုယ့်လူမျိုးသာအကြီးကျယ်ဆုံးဆိုတဲ့ ဝါဒမှိုင်းတွေသွင်းတာခံရပြီး ဘာအရည်အချင်းမှမယ်မယ်ရရရှိအောင်သင်ကြားလေ့ကျင့်တာမခံရ၊ လူသားပီသတဲ့ စိတ်ဓါတ်တွေရှိအောင် ပျိုးထောင်တာမခံရဘဲနဲ့ အခြောက်တိုက် ဘဝင်မြင့်အောင်၊ လူမျိုးစွဲ အတ္တစွဲကြီးအောင် ပဲလုပ်ပေးလိုက်တာခံရတယ်။
ကိုယ့်လူမျိုးကိုချစ်တယ်ဆိုတာ ရှေးကရွှေထီးဆောင်းခဲ့ချိန်တွေ၊ သူများကို ကျူးကျော်သိမ်းပိုက်ခဲ့ချိန်တွေအတွက် အားရဝမ်းသာဖြစ်နေရမဲ့အစား
သမိုင်းကအမှားတွေလေ့လာ၊
ပိုကောင်းအောင်လုပ်၊
သူများနိုင်ငံတွေနဲ့အမီလိုက်ပြီး
လက်ရှိနိုင်ငံသားနဲ့ အနာဂါတ်မျိုးဆက်အတွက် ကောင်းမွန်တဲ့မျိုးစေ့တွေချ၊
အသိပညာ၊စီးပွားရေး၊လူမှုရေးတွေ တိုးတက်ထွန်းကားအောင်လုပ်ရမှာမဟုတ်ဘူးလား။
မြင့်မြင့်ပျံတဲ့ငှက်ကဝေးဝေးမြင်တယ်တဲ့။
ဝေးဝေးသွားရင် များများမြင်တယ်။
နွားခြေရာခွက်ထဲကထွက်ပြီး များများသွား၊ များများလေ့လာလို့ အပေါ်စီးက အားလုံးကိုကြည့်နိုင်တဲ့အခါ သူများလူငယ်တွေနဲ့ ကိုယ့်လူငယ်တွေရဲ့အခွင့်အရေးတွေ ဘယ်လောက်ကွာခြားခဲ့လဲဆိုတာ ပိုသိရတယ်။
လူငယ်တွေရဲ့အနာဂါတ်က တိုင်းပြည်အတွက်အရေးကြီးဆုံးဆိုတဲ့ အုပ်ချုပ်သူတွေနဲ့ ကိုယ်အာဏာရဖို့ လူငယ်တွေကို နား၊မျက်စိပိတ်၊ ဖိနှိပ်ချိုးနှိမ်ထားရမယ်ဆိုတဲ့ အုပ်ချုပ်သူတွေကြား ဘယ်လောက်ကွာခြားလဲဆိုတာ သိရတဲ့အခါ ခံပြင်းစိတ်ဖြစ်ရတယ်။
ကျွန်တော်တို့ နိုင်ငံလေး လမ်းတွေ စပွင့်လာပြီ။
အလင်းရောင်လေးမြင်ရပြီ။
လူငယ်တွေအတွက် ပညာရေးတွေ၊ အခွင့်အလမ်းတွေ စပေါ်လာနေပြီလို့ ခံစားရတဲ့အချိန်၊
မြန်မာလူငယ်တိုင်းက နိုင်ငံတကာနဲ့အလွယ်တကူချိတ်ဆက်လာနိုင်ပြီး ထူးချွန်တဲ့သူတွေ ထူးချွန်သလောက်ပျံသန်းခွင့်ရလာနိုင်ပြီလို့ ခံစားရတဲ့အချိန်လေး ရောက်လာလို့ ဝမ်းသာရတုန်းပဲရှိပါသေးတယ်။
ကိုယ့်နိုင်ငံလေးက တိုးတက်ဖွံ့ဖြိုးစပြုလာလို့၊
နိုင်ငံတကာမှာ မျက်နှာပန်းလှစပြုလာလို့
ပြင်ပကသယ်လာတဲ့ အတတ်ပညာ၊ ငွေကြေးတွေနဲ့ နိုင်ငံကို တတ်နိုင်သလောက်ဝိုင်းတည်ဆောက်မယ်ဆိုတဲ့ ပညာတတ်တွေ တဖွဲဖွဲပြန်လာတုန်းရှိပါသေးတယ်။
အနာဂါတ်အတွက်၊
ကလေးတွေအတွက်၊
လူငယ်တွေအတွက်၊
လူတိုင်းအတွက်
ပိုကောင်းတဲ့ စနစ်တွေနဲ့ နိုင်ငံတကာမှာလဲ မသိမ်ငယ်ရပဲ ဝင်ဆံ့သူတွေဖြစ်လာတော့မယ်လို့ တွေးပြီး ပျော်နေရတုန်းရှိပါသေးတယ်။
အခုတော့ နောက်ကိုပြန်ဆွဲချပြီတဲ့လား။
ရောဂါဘယကြားက
လူငယ်တွေရဲ့အနာဂါတ်၊
တိုင်းပြည်ရဲ့ စီးပွားရေးအခွင့်အလမ်း၊
လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊
နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မဲ့ ပညာရေးစနစ်တွေ၊
ဆေးရုံတွေ၊
ဆက်သွယ်ရေးနည်းပညာတွေတည်ဆောက်နေတဲ့ကြားက အဲဒါတွေအားလုံး ဘာကိုမှမငဲ့ညှာမထောက်ထားပဲ ကိုယ်တစ်ဦးကောင်း၊တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖို့အတွက် အမှောင်ထဲကို ဘယ်လောက်ကြာအောင် ထပ်ဆွဲခေါ်သွားဦးမှာတဲ့လဲ။
ဒီတစ်သက်ရော ကျွန်တော်တို့လူမျိုးက နာလံပြန်ထူဦးမှာလား။
နောက်ထပ်နှစ်ပေါင်းဘယ်လောက်ကြာအောင် အမှောင်ခေတ်ထဲကိုပြန်ဆင်းရဦးမှာလဲ။
မျက်တောင်မွေးတစ်ဆုံးပဲကြည့်ပြီး မျက်စိတစ်ဆုံးမကြည့်ပဲ ကိုယ်ကျိုးအတွက် တိုင်းပြည်တစ်ခုလုံးကို စတေးလိုက်တာမျိုးကို မြင်ရတဲ့အခါ အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်။
ခုကျွန်တော်တို့ မျိုးဆက်မှာ ညီညီညာညာရုန်းကာမှ နောက်မျိုးဆက်အတွက် စိတ်ချရတဲ့ရေခံမြေခံကောင်းတွေချပေးနိုင်မှာမို့ သားသမီးရှိတဲ့ မိဘတွေ၊
အနာဂါတ်လူငယ်တွေအတွက် ကြည့်တဲ့သူတွေက စနစ်ကောင်းတစ်ခုကိုပျိုးဖို့ကြိုးစားနေကြတုန်းရှိပါသေးတယ်။
လက်တစ်ဆုပ်စာလူတစ်စုကိုကိုးကွယ်ပြီး၊ သူတို့ကိုဘုရားထူး၊ သူတို့ပေးတဲ့အရိုးအရင်းလောက်ကိုက်ရတဲ့ဘဝအစား ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ဘဝကိုလူငယ်တွေအားလုံးကို တကယ်ကိုခံစားခွင့်ရစေချင်ခဲ့တာပါ။
မတရားမှုကိုလုပ်ရမှာ၊ သူများကို အနိုင်ကျင့်ရမှာ အရှက်တရားရှိ၊ အကြောက်တရားရှိတဲ့ လူငယ်မျိုးဆက်တွေ၊
မတရားမှုကို မတရားတဲ့အကြောင်းဖွင့်ပြီးပြောရဲတဲ့ စက်ဆုပ်ရွံရှာတတ်တဲ့ ဖြောင့်မှန်သတ္တိရှိတဲ့လူငယ်မျိုးဆက်တွေ လိုကိုလိုအပ်ပါတယ်။
တိုင်းပြည်အပေါ် တကယ်စေတနာရှိပြီး တိုင်းသူပြည်သားတွေကို အမှန်တကယ်ကြီးပွားစေချင်တဲ့ စနစ်မျိုးနဲ့ဦးဆောင်မဲ့ခေါင်းဆောင်တွေပဲလိုပါတယ်။
တိုင်းပြည်ကို ကိုယ်အမွေရတဲ့ပစ္စည်းလို ကိုယ်ကျိုးကြည့်ပြီး အုပ်ချုပ်မင်းလုပ်ချင်တဲ့သူမျိုးတွေ မရှိသင့်တော့ပါဘူး။
ကျွန်တော်ချစ်တဲ့တိုင်းပြည်လဲ အာဏာရူးတွေနဲ့ပဲတွေ့နေရတဲ့ကျိန်စာကလွတ်မြောက်ပြီး လွတ်လပ်ပါစေ၊ တိုးတက်ထွန်းကားပါစေ။
မိဘတွေက သားသမီးတွေရဲ့နောင်ရေးအတွက် စိတ်ပူရတဲ့ခေတ်၊ လူငယ်တွေလဲ အနာဂါတ်ပျောက်တဲ့ ဘဝတွေနဲ့ခေတ်ကို ပြန်မရောက်ပါရစေနဲ့တော့။
တရားမျှတမှုနဲ့ လောကပါလတရားများထွန်းကားပါစေ။
မောင်ဇိ
#MaungZi #Justiceprevails #မောင်ဇိ၏ပုံပြင်များ
==============================