ကျွန်တော်က ကြောက်တတ်တဲ့သူတွေထဲမှာပါတယ်။
ပြီးတော့ ထိပ်တိုက်ရင်ဆိုင်မှု(Confrontation)အစား နားလည်မှု၊ ဆွေးနွေးညှိနှိုင်းမှုတွေနဲ့ပဲ ပြဿနာတွေကိုရှင်းလို့ရမယ်လို့ အမြဲယုံကြည်ခဲ့တယ်။
ဒါကြောင့်လဲ ထိပ်တိုက်တွေ့ပြီးဖိုက်တာကိုတတ်နိုင်သလောက်ရှောင်တယ်။
ကိုယ်လိုချင်တဲ့ ရလဒ်ကိုမရောက်မချင်း တခြားနည်းလမ်းတွေနဲ့ပဲ ကြိုးစားလေ့ရှိတယ်။
ရလဒ်မသေချာပဲ နေရာတိုင်းမှာဝင်ပါ၊ ဆန္ဒတွေပြ၊ အစိုးရတွေကို တိုက်ခိုက်နေမဲ့အစား ကိုယ့်ကိုယ်ကိုတိုးတက်အောင်လုပ်ပြီး ကိုယ့်နိုင်ငံသားတွေကို တတ်နိုင်သလောက်စောင့်ရှောက်ရမယ်လို့ခံယူထားတယ်။
ကိုယ့်ကိုယ်ကိုအရင်ဖြည့်မှ လိုတဲ့နေရာကိုကူဖြည့်ပေးနိုင်မယ်လို့ ယုံကြည်သူတစ်ယောက်ပါ။
တစ်ခုတော့ရှိတယ်။
ကိုယ့်လူတွေကို ကိုယ်နိုင်သလောက်ကြည့်ဖို့ဆိုတာကလဲ နိုင်ငံကတော့ ကောင်းကောင်းမွန်မွန်လည်ပတ်နေဖို့တော့လိုပါသေးတယ်။
နိုင်ငံက လူတကာရဲ့ချဥ်ဖတ်၊ နိုင်ငံတကာကဝိုင်းပယ်ထားတာခံရတယ်ဆိုရင် တိုင်းပြည်ကမတိုးတက်နိုင်ပြန်။ တိုင်းပြည်မတိုးတက်ရင် တိုင်းပြည်ကလူအားလုံး နာတာပဲ။
လူတိုင်းမက်ခွင့်ရှိတဲ့အိပ်မက်တွေကို ကိုယ့်တစ်နိုင်ငံတည်းကလူတွေကပဲ မက်ခွင့်မရှိဘူးဆိုရင် ဘယ်လောက်ဝမ်းနည်းစရာကောင်းလဲ။
အဲဒီတော့လဲ အားလုံးအတွက် အခွင့်အလမ်းတွေရှိမဲ့ အခင်းအကျင်းအတွက် အဓမ္မမှုကိုအရင်တိုက်ရပြန်ရော။
ကျွန်တော်က အေးအေးချမ်းချမ်းနေရတာပဲ သဘောကျပေမဲ့ခုတော့ တစ်နိုင်ငံလုံးနဲ့အတူ ဝိုင်းအော်၊ တသားတည်းရပ်နေရပါပြီ။
ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲတွေကိုအသာထားဦး၊ တစ်နိုင်ငံလုံးကလူတွေကို အနိုင်ကျင့်ပြီး မတရားလုပ်တာမျိုးဖြစ်လို့ ဆန့်ကျင်ရမှာပါ။
မတရားသိမ်းချင်တိုင်းသိမ်းလို့ရတဲ့ ဒီအလေ့အထကြီးသာ မြဲသွားရင် ကျွန်တော်တို့ တစ်သက်ဘယ်တော့မှ နောက်ကျောလုံမှာမဟုတ်ပါဘူး။
ဘယ်ပါတီပဲတက်တက်၊ လူတွေက ဘယ်သူ့ကိုပဲကြိုက်ကြိုက်၊ ဘယ်လိုတိုးတက်အောင်ပဲလုပ်လုပ် အချိန်တန်လို့လက်နက်ရှိတဲ့သူက “ငါမကြိုက်ရင် အကုန်သိမ်းပစ်လိုက်မယ်ကွ” ဆိုတာမျိုး စည်းလွတ်၊ဘောင်လွတ်လုပ်လို့ရနေတဲ့အနေအထားမျိုးမှာ ကျွန်တော်တို့အတွက် ဘာအာမခံချက်ရှိမှာလဲ။
ဘယ်မှာနောက်ကြောလုံမှာလဲ။
အနာဂါတ်မှာရော ဘယ်လိုပျော်ရွှင်နိုင်မှာလဲ။
နောက်မျိုးဆက်အတွက်ကရော ဘယ်လိုစိတ်ချလို့ရမှာလဲ။
နိုင်ငံတော်ကမှစပြီး တရားမျှတမှုမရရင် ကျွန်တော်တို့ နေ့စဥ်ဘဝမှာ မတရားလုပ်ခံရတာတွေကြုံရင် တရားမျှတမှုအတွက် ဘယ်သူ့ကို အားကိုးရမှာလဲ။
လက်နက်ရှိတဲ့သူ၊ ခွန်အားကြီးသူလုပ်သမျှကို မတရားမှန်းသိသိနဲ့ တစ်သက်လုံးငုံ့ခံသွားရမှာလား။
ကျွန်တော်တို့ နောက်မျိုးဆက်တွေ၊ သားသမီးတွေကိုရော အဲဒီလိုဘဝမျိုးထဲမှာ စိတ်ချလက်ချထားခဲ့နိုင်မလား။
“ခွင့်တူညီမျှ ဝါဒဖြူစင်တဲ့မြေ...ဒို့ပြေ၊ဒို့မြေ” ဆိုတာ နိုင်ငံတော်သီချင်းဆိုဖို့အတွက်ပဲလား။
ဒီအချိန်မှာ အားလုံး အနာခံပြီး ဝိုင်းကြိုးစားမှ ကျွန်တော်တို့နောက်မျိုးဆက်တွေက “မြန်မာပြည်ကကွ” လို့ခေါင်းမော့ရင့်မော့ပြီး ဘယ်နေရာကိုမဆို၊ ဘယ်နိုင်ငံကိုမဆို ဂုဏ်သိက္ခာရှိရှိ၊မျက်နှာမငယ်ပဲ သွားနိုင်မှာပါ။
ခေတ်ကအများကြီးပြောင်းလဲနေပါပြီ။
တိုင်းပြည်စည်ပင်ဝပြောဖို့က တစ်နိုင်ငံတည်း “ဝါးလုံးခေါင်းထဲ လသာ” နေလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူး။
ဘေးအိမ်တွေအားလုံး အလင်းရောင်ရှိပြီး၊ ကိုယ့်အိမ်တစ်အိမ်တည်း မိုးချုပ်နေရင် အိမ်သားတွေဘယ်လောက်မျက်နှာငယ်ရလဲဆိုတာ ကျွန်တော်တို့ မျိုးဆက်တွေ ကောင်းကောင်းသိပြီးပါပြီ။
တရုတ်နိုင်ငံက သူများကိုသာဒုက္ခရောက်အောင်လုပ်မယ်။
သူ့နိုင်ငံသားတွေက ယူကေ၊ ယူအက်စ်၊ စင်ကာပူမှာ ပညာသင်နေကြတာအများကြီးပါ။
ဒေါက်တာဘွဲ့ရသွားတဲ့သူတွေ၊ ပညာတွေလေ့လာပြီး သူ့နိုင်ငံသယ်သွားတဲ့သူတွေ၊ နိုင်ငံခြားမှာအလုပ်လုပ်ရင်း သူ့နိုင်ငံကလိုအပ်ရင် အချိန်မရွေးပြန်မယ်ဆိုတဲ့သူတွေ အများကြီးတွေ့ဖူးပါတယ်။
နိုင်ငံတော်တော်များများကလူတွေက ပြည်မကြီးတရုတ်တွေဟာ ရိုင်းစိုင်းကြတယ်လို့ယူဆကြပေမဲ့ ငွေကြေးချမ်းသာ၊ အင်အားကြီးနိုင်ငံဖြစ်နေသေးတော့ သူတို့ပိုက်ဆံကြောင့် လက်ခံနေရသေးတာပါပဲ။
ကျွန်တော်တို့နိုင်ငံသာ တရုတ်အားကိုးပြီး နောက်ပြန်ဆွဲသွားရင် သူတို့ရတဲ့အခွင့်အရေးမျိုးတွေတော့ ရမှာမဟုတ်ပါဘူး။
နိုင်ငံပဲ အရင်အမှောင်ခေတ်ကလို တံခါးပိတ်သွားပြီး လူတွေလဲ မျက်စိပိတ်၊ နားပိတ်တွေပြန်ဖြစ်သွားမှာပါ။
ဒီခေတ်မှာ ဘယ်သူနဲ့မှအဆက်အဆံမလုပ်ပဲ ရှိတာလေးပဲ အောက်စျေးနဲ့ရောင်းစားနေရင် နိုင်ငံကချုံးချုံးကျသွားပြီး မကြာခင်မှာပဲ အာဖရိကက အဆင်းရဲအမွဲတေဆုံးဆိုတဲ့နိုင်ငံတစ်ချို့နောက်တောင်ရောက်သွားပါလိမ့်မယ်။
အဲဒီ ဆင်းရဲတဲ့နိုင်ငံတွေကလဲ တစ်ချိန်က အာဏာရှင်တွေအုပ်ချုပ်ခဲ့လို့ပါပဲ။
လူတိုင်းတန်းတူညီမျှ၊ ကြိုးစားသလောက်အရာထင်ဖို့အတွက် လမ်းစရှိတုန်းမှာ အမှောင်တိုက်မဖုံးစေချင်ပါ။
အမှောင်တိုက်မရှိတောင် အစစ၊အရာရာ စနစ်တကျရှိဖို့၊ သူများတန်းတူ နိုင်ငံသားတွေ စားဝတ်နေရေး၊ လူနေမှုအဆင့်အတန်းအဆင့်အတန်းမှီဖို့ လုပ်စရာတွေအများကြီးသေးတဲ့အချိန်မှာ ခုလိုမျိုး အမှောင်တိုက်ကြီးကျသွားတာ တိုင်းပြည်အတွက်၊ တိုင်းပြည်ကလူတွေအတွက် ဘယ်နည်းနဲ့မှကို မကောင်းတာဆိုတာ သေသေချာချာသိဖို့လိုပါတယ်။
ဒါကြောင့်မို့လို့ အေးအေးချမ်းချမ်းနေရတာကြိုက်တာတောင်မှ သူများတွေနဲ့အတူ မတရားတာကို မတရားတဲ့အကြောင်းပြောဖို့ရွေးချယ်ရတာပါ။
ကိုယ်လုပ်နိုင်တာကို တတ်နိုင်သလောက်အကုန်လုပ်ပြီး လိပ်ပြာလုံချင်လို့ပါ။
ဖြစ်နိုင်ရင် လူတိုင်းက မတရားမှုကို ရွံရှာစက်ဆုပ်ပြီး ရှုတ်ချတာမျိုးလုပ်စေချင်ပေမဲ့ ကိုယ့်အကြောင်းနဲ့ကိုယ် သဘောထားမပြနိုင်သူတွေကို ဆဲဆိုတာမျိုးကိုတော့ ကျွန်တော်သဘောမကျပါ။
မတရားလုပ်သွားတာ ခံရတာတောင် “နေပါစေ” ဆိုပြီး ခံတတ်တဲ့သူမျိုးကိုလဲတွေ့ဖူးသလို၊ ကိုယ့်ခံယူချက်နဲ့ကိုယ် အသံတိတ်နေသူလဲရှိလို့ အဲလိုလူမျိုးကိုကျွန်တော်ကတော့ အပြစ်တွေတင်မနေချင်ပါ။
အဲဒီအစား မတရားလုပ်သူတွေနဲ့ မတရားမှုအားပေးသူတွေကိုသာ ကန့်ကွက်ကြောင်းပိုပြောပါ့မယ်။
တချို့က အသံမထွက်ပေမဲ့ လက်တွေ့လုပ်နေကြတာတွေလဲရှိပါတယ်။
အသံမထွက်ပေမဲ့ လူတွေအပေါ် တတ်နိုင်သလောက်အကျိုးပြုတဲ့သူတွေကို အသံမထွက်လို့ဆိုပြီး ဆဲဆိုကြိမ်းမောင်းတာမျိုးက သူတို့အသံထွက်လာအောင် အားပေးရာရောက်တယ်လို့လဲ ကျွန်တော်တော့ မယုံပါ။
အာဏာရှင်ဘက်က အောက်ခြေတပ်သားတွေ၊ ရဲသားတွေကိုတောင်မှ ကောင်းကောင်းမွန်မွန်ဆက်ဆံပြီး လူထုဖက်ပါလာအောင်ဆွဲဖို့ ပြောနေတဲ့အချိန်မှာ ခြံစည်းရိုးခွထိုင်ပြီး သာကူးလုပ်တဲ့သူတစ်ချို့ကိုဆဲတာက ပြဿနာမရှိပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အသံမထွက်နိုင်သူလူကောင်းတွေကို အတင်းဖိနှိပ်ပြောဆိုနေတာမျိုးကိုလဲ မလုပ်စေချင်တာအမှန်ပါပဲ။
အခြေအနေနဲ့အချိန်အခါက မတရားတာကိုတတ်နိုင်တဲ့နည်းနဲ့ ဆန့်ကျင်ရမဲ့အချိန်ဆိုတာ လူတိုင်းသိဖို့ပဲလိုပါတယ်။
တိုင်းပြည်ကိုချစ်ရင် တိုင်းပြည်ရဲ့အနာဂါတ်ကိုကြည့်ရပါ့မယ်။
တိုင်းပြည်ရဲ့အနာဂါတ်က တိုင်းပြည်မှာနေတဲ့သူတွေရဲ့ အနာဂါတ်ပဲမို့ ဘယ်လိုအနာဂါတ်မျိုးလိုချင်လဲဆိုတာကိုယ်တိုင်ရွေးချယ်ခွင့်ရတုန်းမှာရွေးချယ်ကြတဲ့သဘောပါပဲ။
သက်ဦးဆံပိုင်ဘုရင်စနစ်ကို အားကျတဲ့ အာဏာရှင်အောက်မှာနေချင်လား၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးဖို့ အခွင့်အလမ်းရှိတဲ့ အုပ်ချုပ်မှုစနစ်မျိုးကိုယ်တိုင်ဖန်တီးမလားဆိုတာ ဆုံးဖြတ်ရတဲ့အချိန်အခါပါ။
လူအားလုံး တစ်စိတ်တစ်ဝမ်းတည်း ခံစားနေရတာမို့ ဒီထက်ကောင်းတဲ့အချိန်အခါလဲမရှိတော့ပါဘူး။
အာဏာရှင်လက်အောက်ကဘဝကဆိုးရွားလွန်းလို့ လူတွေ ဘယ်လောက်မုန်းလဲဆို အဲလိုဘဝမျိုးနောက်တစ်ကြိမ်ထပ်မရောက်အောင် နေရာဒေသ၊ ဌာနအသီးသီးကပညာရှင်တွေ၊ ပညာတတ်တွေအပါအဝင် နိုင်ငံသားအားလုံးနီးပါးကသက်မွေးဝမ်းကြောင်းဘဝတွေနဲ့ရင်းပြီးဆန့်ကျင်နေတာကြည့်ရင် သိနိုင်ပါတယ်။
ဆန့်ကျင်ရင်း၊ ဆန္ဒသဘောထားတွေဖော်ထုတ်ရင်းနဲ့ စည်းလုံးသထက်စည်းလုံးလာပြီး နည်းလမ်းကောင်းတွေ၊ နည်းလမ်းသစ်တွေသိလာမှာဖြစ်သလို နိုင်ငံတကာကလဲ သတိပြုမိလာပါလိမ့်မယ်။
ဒါမေမဲ့ ကိုယ့်အနာဂါတ်က ကိုယ့်လက်ထဲမှာပဲ ဆိုတာကိုတော့ မေ့လို့မရပါဘူး။
“တစ်ခဲနက်” ဆိုတဲ့စကား။
“ညီညီညာညာ” ဆိုတဲ့စကား။
“လှည်းနေလှေအောင်း မြင်းဇောင်းမကျန်” ဆိုတဲ့စကားတွေက မတရားမှုကိုဆန့်ကျင်နေတဲ့လူအားလုံးရဲ့ တူညီတဲ့ဆန္ဒကိုထင်ဟပ်နေတာမို့ လူတိုင်းစွမ်းအားရှိသလောက်နည်းအမျိုးမျိုးနဲ့ကြိုးစားရင် အားလုံးတောင့်တတဲ့ “တရားမျှတခြင်း” မကြာခင်ရောက်မယ်လို့ မျှော်လင့်ပါတယ်။
တက်ညီလက်ညီနဲ့ ဇွဲမလျှော့ပဲ နည်းလမ်းတွေရှိသရွေ့ကြိုးစားသွားကြဖို့ပါပဲ။
မတရားမှုကျဆုံးပါစေ။
မောင်ဇိ
=======================================
No comments:
Post a Comment