Wednesday, February 3, 2021

အနာဂါတ်

မရေရာတော့သော အနာဂါတ်များ
***********************
တစ်ချိန်တုန်းက မြန်မာပြည်ကြီးမှာ အီးမေးလ်တစ်စောင်လက်ခံမိတာနဲ့ အီလက်ထရောနစ်ဥပဒေနဲ့ အရေးယူပြီး ထောင်ပါချပစ်တဲ့ခေတ်ရှိခဲ့ဖူးတယ်။ ခု ခေတ်ကလေးတွေ နေ့တိုင်းကြည့်နေကြရတဲ့ ယူကျူ့ဘ် ဆိုတာကြီးကို ပိတ်ထားလို့ ကျွန်တော်တို့မှာ အဲဒီထဲက သီချင်းလေးတစ်ပိုင်း၊ ဗဟုသုတလေးတစ်ကွက်ရဖို့ မျိုးစုံကျော်ခွပြီး စိတ်ရှည်လက်ရှည် စောင့်ခဲ့ရဖူးတယ်။

နိုင်ငံရပ်ခြားကိုရောက်တဲ့အခါ
လူတိုင်းအလွယ်တကူသုံးခွင့်ရနေတဲ့ အင်တာနက်၊ နည်းပညာတွေနဲ့ လိုချင်တဲ့ အချက်အလက်တွေကို လက်တစ်ဖျစ်အတွင်းမှာရှာလို့ရ၊
လေ့လာချင်တဲ့အကြောင်းအရာတွေကို အိမ်ကနေထိုင်ရာမထ စုံစုံလင်လင်လေ့လာခွင့်ရ၊
 သင်ချင်တဲ့ပညာရပ်တွေကို အင်တာနက်ကိုသုံးပြီး သင်ခွင့်ရ၊ ဝင်ချင်တဲ့ကျောင်းကို အီးမေးလ်တစ်စောင်ပို့ပြီးမေးလို့ရတဲ့ ကျောင်းသားလူငယ်တွေကို တွေ့တဲ့အခါ ကိုယ့်တိုင်းပြည်က လူငယ်တွေ အဲဒီလိုအခွင့်အရေးရစေချင်စိတ်နဲ့ အားကျခဲ့ဖူးတယ်။

တစ်ခုခုဆိုရင် မပြောရဲ၊မဆိုရဲ ကြောက်စိတ်နဲ့ ကြီးပြင်းခဲ့ရတဲ့ဘဝက လာခဲ့ရတော့
 လွတ်လွတ်လပ်လပ်ဆွေးနွေး ဝေဖန်၊
ပြောစရာရှိတာတွေရဲရဲရင့်ရင့်ပြောရဲပြီး
 အမှန်နဲ့အမှား၊ ဓမ္မနဲ့ အဓမ္မကိုခွဲခြားနိုင်တဲ့၊
အမြင်ကျယ်ပြီး ကိုယ်ဝါသနာပါရာကို လွယ်လွယ်ကူကူ လေ့လာလိုက်စားနိုင်တဲ့
 သူများနိုင်ငံက လူငယ်တွေလိုမျိုး ကိုယ့်လူမျိုးလူငယ်တွေကို အခွင့်အရေးတွေ ရစေချင်ခဲ့တယ်။ ခေတ်မီ ပစ္စည်းအသုံးအဆောင်တွေကို ကျောင်းတက်ရင်း အချိန်ပိုင်းအလုပ်လုပ်ထားတဲ့ဝင်ငွေစုပြီး ကိုယ်တိုင်ဝယ်သုံးနိုင်တဲ့ လူငယ်တွေလိုမျိုး ကိုယ့်လူငယ်တွေကိုလဲဖြစ်စေချင်ခဲ့တယ်။ စနစ်ကောင်းတစ်ခုကိုချမဲ့ တိုင်းပြည်အတွက်၊ လူငယ်တွေအတွက် အမျှော်အမြင်ကြီးတဲ့ ခေါင်းဆောင်မျိုးရှိရင် သိပ်ကောင်းမှာပဲလို့ အမြဲတွေးခဲ့ဖူးတယ်။

ကျွန်တော်တို့ လူငယ်တွေက တက္ကသိုလ်တက်ချိန်ထိ မိဘကိုမှီခိုပြီး ဆုံးဖြတ်ချက်တွေတောင် သေချာမချနိုင်သေးချိန်မှာ သူများနိုင်ငံကလူငယ်တွေက အထက်တန်းကျောင်းမှာကတည်းက ကိုယ်ဘာလိုချင်လဲဆိုတာသိပြီး၊ ကိုယ်သွားချင်ရာလမ်းကြောင်းကို ဘယ်လိုလျှောက်သွားရမလဲဆိုတာသိနေပြီ။

လူတိုင်းလွယ်လွယ်ကူကူရနိုင်တဲ့ သတင်းအချက်အလက်တွေကြောင့်နဲ့ တန်းတူညီမျှပြီး ကြိုးစားသူတိုင်းအခွင့်အရေးရနိုင်တဲ့  စနစ်ကောင်းတွေ၊ လူငယ်တွေတိုးတက်ဖို့အတွက်ရည်ရွယ်တဲ့ ပညာရေးစနစ်တွေကြောင့်ပါ။

 တစ်ကမ္ဘာလုံးက အစိုးရတွေက နိုင်ငံကလူငယ်တွေအနာဂါတ်အတွက် လမ်းတွေဖောက်၊ ပညာရေးတွေမြှင့်တင်နေချိန်မှာ ကျွန်တော်တို့ကတော့ သတင်းအချက်အလက်တွေပိတ်ပင်တာ၊ မပြောရဲမဆိုရဲအောင် အကြောက်တရားနဲ့အုပ်ချုပ်တာ ကိုကြုံခဲ့ရတယ်။  တစ်ဖက်ပိတ်ကိုယ့်လူမျိုးသာအကြီးကျယ်ဆုံးဆိုတဲ့ ဝါဒမှိုင်းတွေသွင်းတာခံရပြီး ဘာအရည်အချင်းမှမယ်မယ်ရရရှိအောင်သင်ကြားလေ့ကျင့်တာမခံရ၊ လူသားပီသတဲ့ စိတ်ဓါတ်တွေရှိအောင် ပျိုးထောင်တာမခံရဘဲနဲ့ အခြောက်တိုက် ဘဝင်မြင့်အောင်၊ လူမျိုးစွဲ အတ္တစွဲကြီးအောင် ပဲလုပ်ပေးလိုက်တာခံရတယ်။

ကိုယ့်လူမျိုးကိုချစ်တယ်ဆိုတာ ရှေးကရွှေထီးဆောင်းခဲ့ချိန်တွေ၊ သူများကို ကျူးကျော်သိမ်းပိုက်ခဲ့ချိန်တွေအတွက် အားရဝမ်းသာဖြစ်နေရမဲ့အစား
 သမိုင်းကအမှားတွေလေ့လာ၊
 ပိုကောင်းအောင်လုပ်၊
 သူများနိုင်ငံတွေနဲ့အမီလိုက်ပြီး
လက်ရှိနိုင်ငံသားနဲ့ အနာဂါတ်မျိုးဆက်အတွက် ကောင်းမွန်တဲ့မျိုးစေ့တွေချ၊
အသိပညာ၊စီးပွားရေး၊လူမှုရေးတွေ တိုးတက်ထွန်းကားအောင်လုပ်ရမှာမဟုတ်ဘူးလား။

မြင့်မြင့်ပျံတဲ့ငှက်ကဝေးဝေးမြင်တယ်တဲ့။
ဝေးဝေးသွားရင် များများမြင်တယ်။
နွားခြေရာခွက်ထဲကထွက်ပြီး များများသွား၊ များများလေ့လာလို့ အပေါ်စီးက အားလုံးကိုကြည့်နိုင်တဲ့အခါ သူများလူငယ်တွေနဲ့ ကိုယ့်လူငယ်တွေရဲ့အခွင့်အရေးတွေ ဘယ်လောက်ကွာခြားခဲ့လဲဆိုတာ ပိုသိရတယ်။
လူငယ်တွေရဲ့အနာဂါတ်က တိုင်းပြည်အတွက်အရေးကြီးဆုံးဆိုတဲ့ အုပ်ချုပ်သူတွေနဲ့ ကိုယ်အာဏာရဖို့ လူငယ်တွေကို နား၊မျက်စိပိတ်၊ ဖိနှိပ်ချိုးနှိမ်ထားရမယ်ဆိုတဲ့ အုပ်ချုပ်သူတွေကြား ဘယ်လောက်ကွာခြားလဲဆိုတာ သိရတဲ့အခါ ခံပြင်းစိတ်ဖြစ်ရတယ်။

ကျွန်တော်တို့ နိုင်ငံလေး လမ်းတွေ စပွင့်လာပြီ။
အလင်းရောင်လေးမြင်ရပြီ။
လူငယ်တွေအတွက် ပညာရေးတွေ၊ အခွင့်အလမ်းတွေ စပေါ်လာနေပြီလို့ ခံစားရတဲ့အချိန်၊
 မြန်မာလူငယ်တိုင်းက နိုင်ငံတကာနဲ့အလွယ်တကူချိတ်ဆက်လာနိုင်ပြီး ထူးချွန်တဲ့သူတွေ ထူးချွန်သလောက်ပျံသန်းခွင့်ရလာနိုင်ပြီလို့ ခံစားရတဲ့အချိန်လေး ရောက်လာလို့ ဝမ်းသာရတုန်းပဲရှိပါသေးတယ်။
ကိုယ့်နိုင်ငံလေးက တိုးတက်ဖွံ့ဖြိုးစပြုလာလို့၊
နိုင်ငံတကာမှာ မျက်နှာပန်းလှစပြုလာလို့
 ပြင်ပကသယ်လာတဲ့ အတတ်ပညာ၊ ငွေကြေးတွေနဲ့ နိုင်ငံကို တတ်နိုင်သလောက်ဝိုင်းတည်‌ဆောက်မယ်ဆိုတဲ့ ပညာတတ်တွေ တဖွဲဖွဲပြန်လာတုန်းရှိပါသေးတယ်။

အနာဂါတ်အတွက်၊
ကလေးတွေအတွက်၊
 လူငယ်တွေအတွက်၊
 လူတိုင်းအတွက်
 ပိုကောင်းတဲ့ စနစ်တွေနဲ့ နိုင်ငံတကာမှာလဲ မသိမ်ငယ်ရပဲ ဝင်ဆံ့သူတွေဖြစ်လာတော့မယ်လို့ တွေးပြီး ပျော်နေရတုန်းရှိပါသေးတယ်။

အခုတော့ နောက်ကိုပြန်ဆွဲချပြီတဲ့လား။

ရောဂါဘယကြားက
 လူငယ်တွေရဲ့အနာဂါတ်၊
 တိုင်းပြည်ရဲ့ စီးပွားရေးအခွင့်အလမ်း၊
လူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ၊
 နိုင်ငံတကာနဲ့ ရင်ဘောင်တန်းနိုင်မဲ့ ပညာရေးစနစ်တွေ၊
ဆေးရုံတွေ၊
 ဆက်သွယ်ရေးနည်းပညာတွေတည်ဆောက်နေတဲ့ကြားက အဲဒါတွေအားလုံး ဘာကိုမှမငဲ့ညှာမထောက်ထားပဲ ကိုယ်တစ်ဦးကောင်း၊တစ်ယောက်ကောင်း၊ တစ်ဖွဲ့ကောင်းဖို့အတွက် အမှောင်ထဲကို ဘယ်လောက်ကြာအောင် ထပ်ဆွဲခေါ်သွားဦးမှာတဲ့လဲ။
ဒီတစ်သက်ရော ကျွန်တော်တို့လူမျိုးက နာလံပြန်ထူဦးမှာလား။
နောက်ထပ်နှစ်ပေါင်းဘယ်လောက်ကြာအောင် အမှောင်ခေတ်ထဲကိုပြန်ဆင်းရဦးမှာလဲ။

မျက်တောင်မွေးတစ်ဆုံးပဲကြည့်ပြီး မျက်စိတစ်ဆုံးမကြည့်ပဲ ကိုယ်ကျိုးအတွက် တိုင်းပြည်တစ်ခုလုံးကို စတေးလိုက်တာမျိုးကို မြင်ရတဲ့အခါ အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်။
 ခုကျွန်တော်တို့ မျိုးဆက်မှာ ညီညီညာညာရုန်းကာမှ နောက်မျိုးဆက်အတွက် စိတ်ချရတဲ့ရေခံမြေခံကောင်းတွေချပေးနိုင်မှာမို့ သားသမီးရှိတဲ့ မိဘတွေ၊
 အနာဂါတ်လူငယ်တွေအတွက် ကြည့်တဲ့သူတွေက စနစ်ကောင်းတစ်ခုကိုပျိုးဖို့ကြိုးစားနေကြတုန်းရှိပါသေးတယ်။

လက်တစ်ဆုပ်စာလူတစ်စုကိုကိုးကွယ်ပြီး၊ သူတို့ကိုဘုရားထူး၊  သူတို့ပေးတဲ့အရိုးအရင်းလောက်ကိုက်ရတဲ့ဘဝအစား ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ဘဝကိုလူငယ်တွေအားလုံးကို တကယ်ကိုခံစားခွင့်ရစေချင်ခဲ့တာပါ။

မတရားမှုကိုလုပ်ရမှာ၊ သူများကို အနိုင်ကျင့်ရမှာ အရှက်တရားရှိ၊ အကြောက်တရားရှိတဲ့ လူငယ်မျိုးဆက်တွေ၊
 မတရားမှုကို မတရားတဲ့အကြောင်းဖွင့်ပြီးပြောရဲတဲ့ စက်ဆုပ်ရွံရှာတတ်တဲ့ ‌ဖြောင့်မှန်သတ္တိရှိတဲ့လူငယ်မျိုးဆက်တွေ လိုကိုလိုအပ်ပါတယ်။
 တိုင်းပြည်အပေါ် တကယ်စေတနာရှိပြီး တိုင်းသူပြည်သားတွေကို အမှန်တကယ်ကြီးပွားစေချင်တဲ့ စနစ်မျိုးနဲ့ဦးဆောင်မဲ့ခေါင်းဆောင်တွေပဲလိုပါတယ်။
တိုင်းပြည်ကို ကိုယ်အမွေရတဲ့ပစ္စည်းလို ကိုယ်ကျိုးကြည့်ပြီး အုပ်ချုပ်မင်းလုပ်ချင်တဲ့သူမျိုးတွေ မရှိသင့်တော့ပါဘူး။

ကျွန်တော်ချစ်တဲ့တိုင်းပြည်လဲ အာဏာရူးတွေနဲ့ပဲတွေ့နေရတဲ့ကျိန်စာကလွတ်မြောက်ပြီး လွတ်လပ်ပါစေ၊ တိုးတက်ထွန်းကားပါစေ။
မိဘတွေက သားသမီးတွေရဲ့နောင်ရေးအတွက် စိတ်ပူရတဲ့ခေတ်၊ လူငယ်တွေလဲ အနာဂါတ်ပျောက်တဲ့ ဘဝတွေနဲ့ခေတ်ကို ပြန်မရောက်ပါရစေနဲ့တော့။

တရားမျှတမှုနဲ့ လောကပါလတရားများထွန်းကားပါစေ။

မောင်ဇိ
#MaungZi #Justiceprevails #မောင်ဇိ၏ပုံပြင်များ

==============================

No comments:

Post a Comment