Friday, May 22, 2015

ဆေးခြယ်သူများ

လူ့လောကကြီးဟာ ဆေးရောင်စုံပန်းချီကားကြီးနဲ့တူတယ်တဲ့။ မဟုတ်ပါဘူး။ ဆေးရောင်စုံပန်းချီကားကြီးတစ်ချပ်ကသာ လူ့လောကကြီးနဲ့တူကောင်းတူရမှာ။ တူခဲ့ရင်တောင် လူ့လောကကြီးရဲ့ အင်မတန်သေးငယ်တဲ့ အစိတ်အပိုင်းတစ်ခု၊ ကိုင်းဖျားကိုင်းနားလေးတစ်ခုလောက်ကိုသာ ပုံဖော် တုပ နိုင်မှာ။ ဒီလောက် အရောင်အသွေးစုံလင်၊ အဖြစ်အပျက်တွေဆန်းပြား၊ နှစ်သန်းပေါင်းများစွာချီခဲ့တဲ့ သမိုင်းဝင်လူ့လောကကြီးကို ဘယ်ပန်းချီကားက မှီအောင်တုနိုင်မှာလဲ။

လူ့လောကကြီးက အမြဲပြောင်းလဲနေတာ။ အဖြစ်အပျက်တွေက အစဉ်မပြတ်၊ နေရာအနှံ့မှာဖြစ်ပျက်နေတာ။ အသစ်အဆန်းတွေက အမြဲပေါ်နေသလို နှောင်းခတ်လူတွေ မသိမမှီ၊ မကြားဖူး၊ မတွေးမကြံခဲ့ဖူးတဲ့ အဟောင်းတွေကိုပြန်ရှာတွေ့နေတာကလဲ အပြည့်။ လုံးဝပျောက်ကွယ်သွားခဲ့တာတွေလည်း အများအပြား။ထပ်ပြောရရင်တော့ လူလောကကြီးက ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာရော အမြဲပြောင်းလဲနေခဲ့တာ။ ဝတ်စားဆင်ယင်မှုတွေ၊ အဆောက်အဦးတွေ၊ အသုံးအဆောင်တွေ၊ ယာဉ်ရထားတွေ၊ ဆေးဝါးတွေ၊ နည်းပညာတွေ၊ အတွေးအခေါ်တွေ၊ စံနှုန်းတွေ အမြဲ၊ အမြဲ....အမြဲပဲပြောင်းလဲနေခဲ့တာ။

 ဘုရင်တွေ၊ အုပ်ချုပ်သူတွေ၊ နယ်စား၊ မြို့ စားတွေ၊ တီထွင်သူတွေ၊ စူးစမ်းလေ့လာသူတွေ၊ နယ်ပယ်ချဲ့ ထွင်သူတွေ၊ ကျူးကျော်အုပ်စိုးသူတွေ၊ခုခံကာကွယ်သူတွေ၊ ပုန်ကန်သူတွေ၊ လူသားမျိုးနွယ်တစ်ခုလုံးကို အဆိတ်ခတ်သူတွေ၊ လွတ်မြောက်ရေးကို ဆောင်ကျဉ်းပေးသူတွေ၊ စစ်မီးမွှေးသူတွေ၊ အမုန်းတရားဖြန့်ဖြူးသူတွေ၊ ငြိမ်းချမ်းရေးကိုသယ်ဆောင်လာသူတွေ၊ အသိပညာဆောင်ကျဥ်းပေးသူတွေ၊ အမှန်တရားကို ပိတ်ပင်တတ်သူတွေ၊ လူ့လောကကို ကူညီစောင့်ရှောက်သူတွေ၊ ပေါ်လာလိုက်၊ ပျောက်သွားလိုက်၊ အားကောင်းလာလိုက်၊ အားနည်းသွားလိုက်၊ များလာလိုက်၊ နည်းသွားလိုက်၊ ဖြစ်လာလိုက်၊ ပျက်သွားလိုက်......။

ဘုရင်၊ မင်း၊ တော်ဝင် မျိုးနွယ်တွေကို ကုသိုလ်ကံကြီးမားသူများသာဖြစ်ခွင့်ရတဲ့ဘဝတွေ၊ ဘုရားအမိန့်နဲ့လာသူတွေလို့ အားကျ၊ လေးစား၊ ရိုကျိုးပျပ်ဝပ်၊ အထင်ကြီးဖူးမြော်ခဲ့ကြဖူးတယ်။ အဲဒီ လူတွေကိုပဲ အခွင့်ထူးခံ၊ ရေပေါ်ဆီ၊ ဖောက်ပြန်တဲ့ လူတန်းစားဆိုတဲ့ အမြင်နဲ့ သတ်ကြ၊ဖြတ်ကြ၊ ရှုံ့ ချပုန်ကန်ကြတဲ့ ခေတ်တွေလဲရှိခဲ့ဖူးတယ်။ လူလူချင်းကျွန်ပြုခဲ့တဲ့ခေတ်တွေရှိခဲ့ဖူးသလို၊ ကျွန်စနစ်ပျောက်ကွယ်သွားတဲ့ အချိန်တွေလဲ ရှိခဲ့တယ်။ အမျိုးအနွယ်မြင့်မြတ်မှုကို ချီးမြှောက်ခဲ့ကြတယ်။ အမျိုးအနွယ်မြင့်မြတ်သူတွေကို မျိုးရိုးစဉ်ဆက်ဂုတ်သွေးစုတ်ခဲ့သူတွေကိုဆိုပြီး နှိမ်ချတိုက်ခိုက်ခဲ့ကြပြန်တယ်။ တစ်ခါ အမျိုးအနွယ်ကောင်းမွန်မှုဟာ အရေးကြီးကြောင်းပြောကြတယ်။လူသားဟာ အားလုံးအတူတူပဲလို့ ဆိုခဲ့ကြပြန်တယ်။ ဒီလိုနဲ့ ငွေကြေးဥစ္စာကို ရှာဖွေစုဆောင်းတတ်သူတွေကို သူဌေး၊ သူကြွယ်တွေအနေနဲ့ နေရာပေး၊ အထင်ကြီးခဲ့ရာက အမြတ်ကြီးစား၊ အတ္တသမား၊ ကိုယ်ကျိုးစီးပွားရှာသမားတွေလို့ ရှုမြင်သူတွေ၊ ရှုမြင်တဲ့အတွေးအခေါ်တွေ ပေါ်လာပြန်တယ်။ အများစုချမ်းသာမှ လူ့ဘောင်ဆိုသူနဲ့ အများစုတန်းတူညီမျှမှ လူ့လောက ဆိုသူတွေ အငြင်းပွားကြတယ်။ ဥစ္စာ၊ဓန တိုးပွားလိုသူတွေနဲ့ ပစ္စည်းဥစ္စာဆိုတာ ဖောက်ပြန်သူလူတန်းစားတွေရဲ့  အဆင်တန်ဆာပါဆိုသူတွေ အချင်းချင်းမုန်းတီးကြတယ်။ ဘယ်ဘက်က အားကြီးကြီး၊ အားကြီးတဲ့သူက အားနည်းတဲ့သူကို ဒုက္ခပေးကြတယ်။ အများစုက အနည်းစုကို အနိုင်ကျင့်ကြတယ်။ စံနစ်တွေဖြစ်လာတယ်။ ပျက်သွားတယ်။ သဘောတရားတွေပေါ်လာတယ်။ ငုပ်လျှိုးသွားတယ်။ အားကောင်းတဲ့အရာက အားနည်းတဲ့အရာကို ဝါးမျိုတယ်။ လူကြိုက်များတဲ့ အရာကလူကြိုက်နည်းတဲ့အရာကိုသတ်တယ်။ စံနစ်တွေ အချင်းချင်းသတ်ကြတယ်။ လူတွေအချင်းချင်းသတ်ကြတယ်။ အချိန်တန်တော့ အတွေးအခေါ်၊ အယူအဆ၊ စံနှုန်းတွေ ပြောင်းကြပြန်တယ်။ ဟုတ်ခဲ့တဲ့အရာတွေက မဟုတ်တော့ဘူး ဆိုတယ်။ မဟုတ်တော့တဲ့အရာတွေက ဟုတ်နိုးနိုးဆိုတယ်။ကမ္ဘာ့ဒေသတစ်ခုမှာ ယဉ်ကျေးတဲ့အပြုအမူတစ်ခုက တစ်ခြားနေရာတစ်ခုမှာ အင်မတန်ရိုင်းစိုင်းတဲ့ အရာဖြစ်ချင်ဖြစ်နေတတ်ပြန်ရော။ ငြင်းကြ၊ ခုန်ကြ၊ ပဋိပက္ခတွေဖြစ်ကြ၊ကဲ့ရဲ့ ကြ၊ ရှုံ့ ချကြ၊ အမုန်းတွေပွားကြ။ အဖြစ်အပျက်တွေက ထပ်ခါ၊ ထပ်ခါကျော့ ၊ သံသရာတွေက အဆက်မပြတ်လည်၊ ဓါးစာခံတွေက ကြားထဲက မဟားတရားသေ။ ဘယ်မှာလဲ အမှန်တရား။

ဘာသာတရားတွေပေါ်လာတယ်၊ ဘာသာတရားအဆုံးအမနဲ့ လူတွေအချင်းချင်းသတ်ကြတယ်။ အမုန်းတရားတွေပွားကြတယ်။ ဘာသာတရားအဆုံးအမနဲ့ လူအချင်းချင်း စောင့်ရှောက်ကြတယ်။ ပညာ ဆိုတဲ့စကားကို တွင်တွင်သုံးတဲ့ခေတ်ရှိခဲ့တယ်။ ပညာကြောင့် အသတ်ပေးရသူတွေရှိခဲ့တယ်။ ပညာကြောင့် ထင်ပေါ်လေးစားခံခဲ့ရသူတွေရှိတယ်။ ပညာကိုအရင်းပြု ပြီး လူ့ဘောင်ကို တည်ဆောက်လိုသူတွေ၊ ဥစ္စာကို အခြေပြုတဲ့အသိုက်အဝန်းဖြစ်ချင်သူတွေ၊ အတတ်ပညာအားကိုးတဲ့ ပတ်ဝန်းကျင်ဖန်တီးလိုသူတွေ၊ အာဏာကြီးမှူးတဲ့ အရိပ်အမြုံ လိုလားသူတွေ၊ ဝိဝါဒတွေကွဲပြား၊ ခြားနားတဲ့အမြင်တွေနဲ့ ကိုယ်မှန်ကန်ကြောင်းသက်သေပြလိုကြပြန်တယ်။ အမှန်တရားကို ကိုယ်လိုရာ အဓိပ္ပါယ်ဖွင့် ကိုယ်ပြောတာမှ အမှန်တရားခေတ်ရောက်ပြန်တယ်။ အမှန်တရား ဆိုတာကဘာလဲ။ လူ့လောကကြီးမှာ အမှန်တရားဆိုတာက ဘာကိုဆိုလိုသလဲ။ ခေတ်အလိုက် အမြဲပြောင်းလဲနေတဲ့အမှန်တရားက တကယ်တမ်းဖမ်းဆုပ်ကြည့်ဖို့တော့ အရမ်းခက်ခဲလောက်အောင် ရုပ်ပြောင်းရုပ်လွှဲကျွမ်းကျင်လွန်းလှပြန်တယ်။ ဒီခေတ်က အမှန်တရားက နောက်တစ်ခေတ်မှာ မဟုတ်ပြန်ဘူး။ အရင်က အမှန်တရားမဟုတ်ခဲ့တဲ့ဟာက အခုအမှန်တရားဖြစ်ချင်ဖြစ်။

ခေတ်၊ စံနစ်၊ ဘာသာတရား၊ ယဉ်ကျေးမှု ၊ အတွေးအခေါ် ၊နေရာဒေသ ဘာတွေပဲကွာကွာ မပြောင်းလဲတာတွေတော့ရှိတယ်။လူ့ အခြေခံစိတ်ဓါတ်။ လူ့ အတ္တ၊ လူ့လောဘ၊ မနာလိုစိတ်၊ သာယာလိုစိတ်၊ ဒေါသစိတ်၊ ကြောက်ရွံ့ စိတ်၊ ချစ်ခင်မြတ်နိုးစိတ် စတဲ့ လူ့အခြေခံသဘောတရားတွေကတော့ ဘယ်တော့မှမပြောင်း။ ကျောက်ခေတ်လူ၊ ဓါးခေတ်လှံခေတ်လူ၊ စက်မှုခေတ်လူ၊ အိုင်ဖုန်းခေတ်လူတွေ ခေတ်အဆက်ဆက်မှာ ဒီအခြေခံစိတ်နဲ့ရှင်သန်ခဲ့ကြ။ သူဆင်းရဲတွေ၊ သူဌေးသူကြွယ်တွေ၊ ဘုရင်မင်းမြတ်တွေကစ၊ သာသနာပိုင်ထိ ဒီအခြေခံစိတ်တွေက အတူတူ။ နည်းတာ၊ များတာ၊ ဖွင့်လှစ်ခွင့်ရတာ၊ မရတာ၊ အသုံးချခွင့်ရတာ၊ မရတာ၊ ထိန်းချုပ်နိုင်စွမ်းရှိတာ၊ မရှိတာသာ ကွာတယ်။ စိတ်အလိုကျ ဖွင့်လှစ်ဖော်ပြ၊ စိတ်တိုင်းကျဇက်ကြိုးလွှတ်ပေးတတ်သူတွေက ပိုပြီးပူလောင်ရ၊ မှားရ၊ ကြိုးဆွဲခံကြရတယ်။ ထိန်းသိမ်းနိုင်သူတွေက သက်သာမှုရသလို၊ သူများအခြေခံစိတ်ကိုပါ လိုသလိုကစားနိုင်သူတွေက အဖြစ်အပျက်တွေကို ပုံဖော် ထိမ်းချုပ်ကြတယ်။ ခေတ်တိုင်း၊ စံနစ်တိုင်း၊ အဖြစ်အပျက်တိုင်းမှာ ဒီအခြေခံသဘောတရားတွေက အမှန်တရားအနေနဲ့ မပြောင်းလဲပဲ အမြဲပါတယ်။


လူသားဆန်မှုဆိုတာ လောဘ၊ ဒေါသ၊ အတ္တ၊ မာန၊ မစ္စရိယ စတဲ့ စိတ်ဆိုးစိတ်ညစ်တွေကိုပဲဆိုလိုတာပဲဆိုရင်လဲမှားတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်ချင်းစာတရား၊ မေတ္တာတရား၊ ကရုဏာတရား၊ မုဒိတာတရားဆိုတဲ့  ကောင်းမြတ်တဲ့အချက်လေးတွေကလဲ လူသားဆန်မှုရဲ့  လက္ခဏာရပ်တွေ။ တစ်ချို့  ကာလတွေ၊ တစ်ချို့ ဒေသတွေ၊ တစ်ချို့ အခြေအနေတွေမှာ အခွင့်သင့်သလို ပေါ်လာတတ်တဲ့ ဒီကောင်းမြတ်ခြင်းတရားလေးတွေက လှပတယ်။ ဘယ်ခေတ်၊ ဘယ်ဒေသ၊ ဘယ်စံနစ်မှာ မဆိုလှပတယ်။ ဘုရင်ဖြစ်ဖြစ်၊ ဆင်းရဲသားဖြစ်ဖြစ် ကောင်းမြတ်ခြင်းတရားရှိတဲ့သူကလူကောင်းပဲ။ သူဌေးဖြစ်ဖြစ်၊ ပစ္စည်းမဲ့လူတန်းစားဖြစ်ဖြစ်၊ စွမ်းနိုင်သလောက် ဘဝတူလူသားကို အကျိုးပြုသူက လှပသူပဲ၊ ပညာတတ်ဖြစ်ဖြစ်၊ ပညာမရှိသူဖြစ်ဖြစ်၊ စိတ်ဆိုးစိတ်ညံ့ရှိသူက လူဆိုးပဲ။ သမိုင်းတွေကလဲ သက်သေပြခဲ့ပြီးပြီ။ အဖြစ်အပျက်တွေကလဲ ပုံဖော်ခဲ့ကြပြီးပြီ။ မျက်စိရှေ့ မှာလဲ မြင်ခဲ့ကြရပြီးပြီ။ အုပ်ချုပ်ခံလူတွေကို တိုးတက်ချမ်းသာစေခဲ့တဲ့ ကြီးမြတ်တဲ့ဘုရင်တွေရှိခဲ့သလို၊ တိုင်းသူပြည်သားတွေကို နှိပ်စက်တတ်တဲ့ဆိုးယုတ်တဲ့ဘုရင်တွေ အုပ်စိုးခဲ့ဖူးတယ်။ ကောင်းမွန်တဲ့လူသားဝါဒီတွေရှိသလို၊ လူသားဝါဒီနာမည်သုံးပြီး လူမဆန်ခဲ့တဲ့သူတွေလဲ သမိုင်းမှာ ဒုနဲ့ဒေး။ ဒီဘုရင်စံနစ်တစ်ခုထဲက ထွက်လာတဲ့ ဆန့်ကျင်ဘက် ဘုရင်နှစ်ပါး၊ ဒီ လူသားဝါဒီဆိုတာကိုပဲ ဟောပြောစည်းရုံးနေတဲ့ မတူညီတဲ့ သဘောတရားခေါင်းဆောင်တွေ။ အခြေခံစိတ်ဓါတ်မကောင်းသူက ဘာအရေခြုံခြုံ အချန်တန်ရင် ပေါ်လာတတ်တာပဲ။ ကောင်းမွန်သူက ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ် သူ့ရဲ့ အရည်အသွေးကိုပြမှာပဲ။ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံးက ဒီလိုမျိုး အင်္ဂါရပ်ရှိတွေရှိတဲ့ လူသားတွေနဲ့ဖွဲ့စည်းထားတာဆိုတာကလဲ ငြင်းလို့မရတဲ့ အမှန်တရားနောက်တစ်ခု။ လူသားဆန်လွန်းတဲ့လူသားတွေကတော့ ဘယ်ခေတ်၊ ဘယ်ကာလ၊ ဘယ်နည်းပညာ၊ ဘယ်စံနစ်ကိုရောက်ရောက်၊ ဆိုခဲ့တဲ့ စိတ်ဆိုးစိတ်ညစ်လေးတွေရယ်၊ ကောင်းမြတ်တဲ့စိတ်ကလေးတွေရယ် ဒွန်တွဲလျက်၊ (ဒါမှမဟုတ်) တစ်ခုက အားကောင်း၊ တစ်ခုကအားနည်း၊ (ဒါမှမဟုတ်) တစ်လှည့်စီအားကောင်းလိုက်နဲ့ ဒီစိတ်နှစ်ခုစေရာအတိုင်း လူ့ဘောင်လောကကြီးကို ဆက်ပြီး ဆေးရောင်တွေခြယ်နေကြဦးမှာပဲ။ ခြယ်သွားကြဦးမှာပဲ။

No comments:

Post a Comment