Tuesday, December 27, 2016
အီတလီမှာ စွန့်စားပါ
အီတလီမှာ စွန့်စားပါ
ဗင်းနစ်မြို့ကနေ ဘတ်စ်ကားပေါ်ကိုတက်တော့ အစစအရာရာ အဆင်ပြေနေခဲ့သေးတယ်။ ကားမောင်းတဲ့ အီတာလျံအမျိုးသားကြီးကလက်မှတ်စစ်ရင်း “နိဟောင်” လို့တောင် မောင်ဇိကို နှုတ်ဆက်လိုက်သေး။ ဥရောပသားတွေအတေ်ာတေ်ာများများက အာရှတိုက်သားမှန်သမျှကို တရုတ်တွေလို့ထင်နေကြပုံရတယ်။ ဒါမှမဟုတ် တရုတ်စကားကိုပဲ အာရှရုံးသုံးဘာသာစကားများမှတ်နေလားမသိ။ လေ့လာရေးခရီးထွက်ကြတဲ့ အဖြူကလေးအုပ်စုတစ်ခုခုနဲ့များ တစ်နေရာရာမှာဆုံမိကြပြီဆိုရင် မောင်ဇိကို အမြဲလှမ်းနှုတ်ဆက်တတ်ကြတယ်။ “နိဟောင်” တဲ့။ အသားညိုညို မျက်လုံးပြူးပြူးနဲ့ဒီရုပ်က တရုတ်နဲ့တော်တော်တူတာကိုး။ သူတို့ကိုလဲ အပြစ်ပြောလို့တော့မရ။ ယူကေ၊ ဥရောပမှာ ခရီးသွားနေကြတဲ့ အာရှတိုက်သားတော်တော်များများက တရုတ်တွေ။ ဗင်းနစ်မြို့မှာလည်ခဲ့တုံးကလဲ water bus လို့ခေါ်တဲ့ ကျွန်းပတ်ပတ်လည်နဲ့ ကျွန်းထဲကိုပြေးတဲ့ ဘတ်စ်သင်္ဘောတွေပေါ်မှာ တစ်ယောက်ထဲ၊ အဖွဲ့လိုက်လျှောက်လည်နေကြတဲ့ တရုတ်တွေတောင် တွေ့ခဲ့ပါရဲ့။ အဆောက်အဦးတွေ တစ်စုနဲ့တစ်စုကိုတူးမြောင်းလေးတွေနဲ့ခြားထားပြီး တံတားတိုလေးတွေနဲ့ဆက်ထားတဲ့၊ သန့်ရှင်းသပ်ရပ်ပြီး လှပတဲ့၊ လမ်းတွေပေါ်မှာ လမ်းလျှောက်သူတွေကလွဲလို့ စက်ဘီး၊ဆိုင်ကယ်၊ ကား၊ ဘာယာဉ်ရထားမှမရှိတဲ့၊ ပို့ဆောင်ဆက်သွယ်ရေးအတွက် တူးမြောင်းတွေထဲက လှေတွေကိုပဲသုံးတဲ့ အီတာလျံသံဝဲဝဲနဲ့ ချစ်စရာဗင်းနစ်မြို့ကလေး။
ခုတော့ ဗင်းနစ်မြို့ကလေးကနေ ခွဲခွာလို့ ရောမမြို့ကိုခရီးရှည်သွားမဲ့ ဘတ်စ်ကားပေါ်ကို မောင်ဇိရောက်နေပြီ။ ရှစ်နာရီလောက်ကြာအောင်စီးရမယ့် ဘတ်စ်ကားခရီးက အီတလီနိုင်ငံတစ်နံတစ်လျားကို ဖြတ်ပြီးသွားမှာဆိုတော့ ရှုခင်းတွေကြည့်ရင်း ပျင်းရလိမ့်မယ်တော့မထင်။ နွေကာလဖြစ်လို့ အီတလီလေထုလေးဟာ ခပ်နွေးနွေးလေးနဲ့ တစ်မျိုး နေလို့ကောင်းနေတယ်။ ပြာလဲ့လဲ့ကောင်းကင်နဲ့၊ တစ်ပြန့်တစ်ပြောမြင်နေရတဲ့ ရိတ်သိမ်းပြီးစ အဝါရောင်ဂျုံခင်းတွေ၊ တောင်တွေကိုဖြတ်ဖောက်ထားတဲ့ လှိုဏ်ခေါင်းရှည်ကြီးတွေနဲ့ အဝေးပြေးလမ်းမကြီး၊ အားလုံးက စိတ်ဝင်စားစရာ သာယာလှပနေတယ်။ တစ်ခါ၊ တစ်ခါ မညီမညာကုန်းမြင့်လွင်ပြင်လေးတွေရဲ့အဆုံးက တောင်ကုန်း၊ တောင်တန်းလေးတွေထိပ်မှာဆောက်ထားတဲ့ ရှေးဟောင်း ခံတပ်ငယ်လေးတွေ၊ ရဲတိုက်ငယ်လေးတွေကိုလဲမြင်ရတတ်တယ်။ ဂျုံခင်းတွေထဲမှာ ရိပ်သိမ်းထားတဲ့ ဂျုံပင်တွေကို ဖျာလိပ်သလိုလိပ်ထားတဲ့ လူတစ်ရပ်လောက် ဂျုံပင်လိပ်ကြီးတွေ ပြန့်ကျဲနေတတ်တယ်။ တစ်ချို့အလိပ်တွေကိုတော့ အနက်ရောင် ပလတ်စတစ်အိတ်ကြီးတွေနဲ့ စွပ်လို့။ အစိမ်းရောင် အပင်ပုလေးတွေစိုက်ထားတဲ့ စိုက်ခင်းတွေကိုတော့ ဘာပင်တွေစိုက်ထားမှန်းမှန်းမခွဲခြားတတ်။ ကားစီးရင်းတော်တေ်ာကြာလာလို့ ထိုင်ခုံပေါ်မှာအိပ်ပျော်သွားတဲ့အခါ ဘေးမှာထိုင်လာတဲ့မောင်ဇိအဖေရဲ့ Sleeping beauty ဓါတ်ပုံရိုက်ခြင်းကို ခံရပါတော့တယ်။ ခရီးသွားရင် ကားပေါ်မှာအိပ်တဲ့သူငယ်ချင်းတွေကို အမြဲနှိပ်စက်လာတာ ကိုယ့်အဖေနဲ့မှ ဝဋ်ပြန်လည်တာပဲ။ မောင်ဇိမျက်လုံးဖွင့်ကြည့်ချိန်မှာ မောင်ဇိရဲ့ ပုံပျက်ပန်းပျက်အိပ်ပျော်နေတဲ့ပုံတွေကို ကားပေါ်ကလွှင့်ပေးထားတဲ့ wifi နဲ မြန်မာပြည်က မောင်ဇိရဲ့အစ်မ၊ သူ့သမီးတော်ဆီကို့ပို့ပြီးသွားလို့ ပြုံးဖြဲဖြဲနဲ့ ကျေနပ်နေတဲ့ မောင်ဇိအဖေကိုတွေ့ရတယ်။
လေးနာရီလောက်မောင်းပြီးချိန်မှာ ဘတ်စ်ကားက ဆီဖြည့်တဲ့စခန်းတစ်ခုမှာရပ်တယ်။ ကားမောင်းတဲ့ အီတာလျံအမျိုးသား လူပျော်ကြီးက အားလုံးကားပေါ်ကဆင်းပြီး ဆီဆိုင်ဘေးကတောင်ကုန်းလေးပေါ်မှာဆောက်ထားတဲ့ စားသောက်ဆိုင်၊ စတိုးဆိုင်တန်းမှာ အနားယူကြဖို့၊ သူလဲ နေ့လည်စာစားရမှာမို့ အကြာကြီးရပ်မှာဖြစ်ကြောင်း အီတာလျံသံဝဲတဲ့ အင်္ဂလိပ်စကားနဲ့ပြောတယ်။ ပတ်စ်ပို့၊ အရေးကြီးစာရွက်စာတမ်း၊ ပစ္စည်းတွေပါတဲ့ကျောပိုးအိပ်လေးကိုပိုက်ပြီး မောင်ဇိတို့သားအဖဆိုင်ထဲကိုဝင်တော့ လူတွေအများကြီးရောက်နေကြပြီ။ မောင်ဇိကို ဂြိုဟ်သားကြည့်သလိုလာလာကြည့်တဲ့၊ လေးငါးနှစ်အရွယ် အီတာလျံကလေးမလေးကို ပြုံးပြလိုက်တော့ ပြန်ပြုံးပြပြီးသူ့အဖေလက်ကိုသွားဆွဲနေလေရဲ့။ ပီဇာတစ်စိတ်မှာပြီးစားရင်း မောင်ဇိတို့သားအဖနှစ်ယောက် စကားတွေဖောင်ဖွဲ့လို့။ ပီဇာဆိုင်ကဝန်ထမ်းတွေနဲ့စကားပြောနေတဲ့ ကားဆရာကြီးကိုလဲတွေ့ရတယ်။ စားသောက်၊ အပေါ့အပါးသွား၊ လက်ဆေးပြီးထွက်လာတဲ့အချိန်မှာတောင် ဆိုင်ထဲမှာလူတွေကအပြည့်။
ကားပေါ်ကပဲသွားစောင့်နေကြမယ်ဆိုပြီး သားအဖနှစ်ယောက်ကားရှိရာလာတေ့ာ ကားကရပ်ထားတဲ့နေရာမှာမရှိတော့။ အကျိုးတော့နည်းပြီ။ ဓါတ်ဆီဆိုင်ထဲဝင်မေးတော့ တစ်ယောက်မှ အင်္ဂလိပ်လို မပြောတတ်ကြ။ ဒါနဲ့ စားသောက်ဆိုင်တန်းဘက်ပြန်လာ၊ လှေကားမှာရပ်နေတဲ့ ဗိုက်ပူပူနဲ့လူကြီးတစ်ယောက်ကိုတွေ့တာနဲ့ အင်္ဂလိပ်လိုပြောတတ်လား လှမ်းမေး၊ ပြောတတ်တယ်ဆိုတာနဲ့ ဝမ်းသာသွားပြီး အခြေအနေကိုရှင်းပြ၊ စီးလာတဲ့ဘတ်စ်ကားဘယ်ရောက်သွားမှန်းမသိကြောင်း ပြောရတာပေါ့။ သူကလဲ ဟိုနားသွားကြည့်ပါလား၊ ဒီနားသွားကြည့်ပါလားနဲ့ အကြံပေးရှာတယ်။ ဒါပေမယ့် ဘတ်စ်ကားကိုတော့ အမြှီးတောင် မမြင်ရတော့။ ဒါနဲ့ပဲ တခြားဘတ်စ်ကားတွေလာဦးမှာလားမေးတော့မှ သူကဒီကမဟုတ်ကြောင်း ခရီးသွားဖြစ်ကြောင်းပြောလို့ ဘယ်နိုင်ငံကလဲမေးမိတယ်။ အမေရိကန်တဲ့။
မှတ်ကရော။
မောင်ဇိမှာတော့ ဒေသခံမှတ်လို့ အချိန်ကုန်ခံပြီးအားတက်သရောမေးလိုက်ရတာ။
ပြီးတော့ အမေရိကန်လူမျိုးကို အင်္ဂလိပ်စကားပြောတတ်လားတောင် သွားမေးလိုက်သေးတယ်။
“မင်းအတွက်စိတ်မကောင်းပါဘူး”လို့ ပခုံးတွန့်ပြီးဆိုလာတဲ့ ဦးအမေရိကန်ကို “ရပါတယ်၊ ကျေးဇူးပဲ” လို့ပြန်ပြောပြီး၊ ဆိုင်ပေါ်ပြန်ပြေးတက်၊ ဆိုင်ကဝန်ထမ်းတွေမေး၊ ဘယ်သူမှအင်္ဂလိပ်လို မပြောတတ်ကြပြန်။ ဟိုလူ့လွှဲချ၊ ဒီလူ့လွှဲချနဲ့ နောက်ဆုံး အင်္ဂလိပ်လိုပြောတတ်တယ်ဆိုတဲ့ ဝန်ထမ်းအမျိုးသမီးတစ်ယောက်ကို တွန်းပို့လိုက်ကြတယ်။ သူကလဲ တော်တော်ပြောတတ်ရှာပါတယ်။ ဟုတ်တယ်၊ မဟုတ်ဘူးနဲ့၊ နေကောင်းလား ဆိုတာလောက်။ မန်နေဂျာကို ခေါ်ခိုင်းတော့ အရပ်ပုပု၊ ရုပ်သန့်သန့်လူလတ်ပိုင်းအမျိုးသားတစ်ယောက်ရောက်လာတယ်။ သူကလဲ အင်္ဂလိပ်စကားမတတ်။ မန်နေဂျာရဲ့ဖုန်းကိုငှားပြီး ဘတ်စ်ကားကုမ္ပဏီကိုဖုန်းဆက်၊ အခြေအနေကိုရှင်းပြတော့ အော်ပရေတာအမျိုးသမီးက သူတို့အပြစ်မဟုတ်ကြောင်း အကျောက်အကန်ငြင်းတယ်။ ဟုတ်ပြီ၊ ဒါဆို ကားပေါ်မှာပါသွားတဲ့ ခရီးဆောင်အဝတ်အိတ်တွေကို ဂိတ်မှာသိမ်းထားပေးလို့ရမလား၊ ငါတို့ ရောမကိုရောက်မှလာယူမယ်ဆိုတော့လဲ၊ မဟုတ်ပြန်ဘူး။ ဘတ်စ်ကားရပ်ပြီး ၂ နာရီအတွင်း အိတ်တွေလာမယူရင် ပစ္စည်းပျောက်ဌာနကိုပို့မဲ့အကြောင်း၊ အဲဒါဆို ပြန်ရဖို့ တစ်ပတ်လောက်ကြာမှာဖြစ်တဲ့အကြောင်း၊ မြန်မြန်ရောက်အောင်သာလာခဲ့ဖို့အကြောင်း အတင်းပြောတယ်။ ကိုယ့်ဟာကိုယ်တောင်ဘယ်ရောက်နေမှန်းမသိပါဘူးဆို၊ ဘာမှ မကူညီနိုင်ပါဘူးဆိုတာချည်းပါလား။ တော်တော်လဲ အငြင်းသန်တဲ့ အီတာလျံတွေ။
ဘာသာစကားမပေါက်တာက ပြဿနာထဲမှာ အဆိုးဆုံး။ မောင်ဇိဘာမေးမေး၊ ဘယ်သူမှနားမလည်။ သူတို့ဘာပြောပြော မောင်ဇိလဲနားမလည်။ မောင်ဇိတတ်တာကလဲ အီတာလျံစကားနဲ့ဆင်တဲ့ “နေကောင်းလား၊ နေကောင်းတယ်၊ ကျေးဇူးတင်ပါတယ်၊ ကိစ္စမရှိပါဘူး၊ ကောင်မလေးလှတယ်” ဆိုတဲ့ စပိန်စကားလေး လေး၊ငါး ခွန်း။ လန်ဒန်မှာရှိတဲ့ အီတာလျံသူငယ်ချင်းတွေဆီဖုန်းဆက်တော့လဲ ရောမမြို့မှာ အိတ်တွေသွားယူပေးထားနိုင်တဲ့သူတို့အမျိုးတို့ သူငယ်ချင်းတို့ မရှိပြန်။ ဘတ်စ်ကားပေါ်ကနေ မောင်ဇိတို့ ကျန်ခဲ့တာကပြဿနာမရှိ၊ အဆင်ပြေတာတစ်ခုခုနဲ့စီစဉ်ပြီး ခရီးစဉ်ဆက်လို့ရပေမယ့်၊ အိတ်တွေပြန်ရဖို့က လွတ်သွားတဲ့ဘတ်စ်ကား ရောမမြို့မှာဆိုက်ပြီး ၂ နာရီအတွင်းရောက်အောင်သွားရမယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်က လူကိုတော်တော်ချွေးပြန်စေတာ။ ဘယ်လိုလုပ်ရမလဲမေးဖို့က အင်္ဂလိပ်လိုပြောတတ်သူတောင်မရှိ၊ နောက်ဘတ်စ်ကားဘယ်တော့လာမှာလဲဆိုတာလဲ သူတို့မသိ။ ရှာရင်းဖွေရင်း၊ မေးရင်းမြန်းရင်း၊ စောင့်ဆိုင်းရင်း၊ ဖုန်းဆက်ရင်းနဲ့ကို အချိန်ကနှစ်နာရီလောက်ကြာသွားပြီ။ လန်ဒန်က အီတာလျံသူငယ်ချင်းမလေးက နင်ရောက်နေတဲ့နေရာပို့ပါဆိုလို့ရောက်နေတဲ့နေရာရဲ့လိပ်စာကို လှမ်းပို့ရတယ်။ ခဏကြာသူ့ကို ဖုန်းပြန်ဆက်တော့မှ သူက မောင်ဇိတို့ရောက်နေတဲ့နေရာနဲ့ အနီးဆုံးဖြစ်တဲ့ ဖလောရင့်မြို့ကို တက်စီနဲ့သွားပြီး၊ အဲဒီကမှတစ်ဆင့်ရထားနဲ့ ရောမမြို့ကိုသွားဖို့ အကြံပေးတယ်။ သူပေးတဲ့အကြံအတိုင်းလုပ်ဖို့ သူ့ကိုပဲဆိုင်ကလူတွေနဲ့ အီတာလျံလိုစကားပြောခိုင်းရပြန်တယ်။ မေးလိုက်၊ ပြောလိုက်၊ ဘာသာပြန်လိုက်နဲ့ နောက်ဆုံးမှာတော့ ကြင်နာတတ်တဲ့အီတာလျံအမျိုးသမီးဝန်ထမ်းကြီးတစ်ယောက်အကူအညီနဲ့ တက်စီလှမ်းခေါ်လို့ရသွားတယ်။
တက်စီလာမယ့်နေရာထိလိုက်ပို့ပေးတဲ့ အမျိုးသမီးကြီးကိုကျေးဇူးတင်စကားပြောပြီး ကားပေါ်တက်လာတဲ့မောင်ဇိအတွက်က လုပ်စရာတွေကအများကြီးကျန်သေးတယ်။ ဖလော်ရင့်မြို့ကဘူတာမှာ ရောမကိုသွားတဲ့ရထားလက်မှတ်ရအောင် အမြန်ဆုံးဝယ်ရမယ်။ ရောမမြို့ကိုအချိန်မှီရောက်ရမယ်။ ပြီးတော့ ကားဂိတ်ကိုသွားရှာရမယ်။ အကယ်၍အဆင်မပြေခဲ့ရင်နောက်ဆက်တွဲ ဘယ်လိုလုပ်ရမလဲဆိုတာပါ စဉ်းစားရတယ်။ နာရီဝက်လောက် တက်စီ စီးပြီးတဲ့အခါ ဖလော်ရင့်မြို့ထဲကိုရောက်တယ်။ ဖလော်ရင့်မြို့က ခရီးစဉ်ထဲမှာမပါပေမယ့် ရောက်ဖို့ကံပါလာတော့လဲရောက်သွားတာပဲလို့တွေးရင်း တန်အောင်လို့ မြို့ထဲတစ်လျှောက်ကိုကားပေါ်ကနေအားရပါးရငေးခဲ့လိုက်တယ်။ ဘူတာကိုရောက်တော့ အနီးဆုံးရထားချိန်က နောက်မိနစ်နှစ်ဆယ်မှာ။ လက်မှတ်ရောင်းတဲ့ကောင်တာမှာ လက်မှတ်တန်းစီနေတဲ့လူတန်းကြီးက အရှည်ကြီး။ ဘူတာထဲမှာလိုက်ကြည့်တော့ လက်မှတ်ရောင်းတဲ့စက်တွေရှိတာကို သတိထားမိတယ်။ ဘာကြောင့်မှန်းတော့မသိ၊ စက်မှာဘယ်သူမှလက်မှတ်မဝယ်ကြပဲ ကောင်တာမှာပဲတန်းစီနေကြတာတွေ့ရတယ်။ ဘူတာကဝန်ထမ်းတစ်ယောက်ကိုပြေးမေးတော့ စက်တွေကသုံးလို့ရကြောင်းသိရလို့ စက်နဲ့ပဲလက်မှတ်ဝယ်လိုက်တာ အချိန်မှီလက်မှတ်ရသွားရော။ ရထားက ကားထက်နှစ်ဆမြန်တယ်။ ဒီတော့ မောင်ဇိတို့စီးခဲ့တဲ့ကား ဂိတ်ကိုရောက်ပြီး တစ်နာရီ၊ နှစ်နာရီအတွင်းမှာ ကားဂိတ်ကိုရောက်အောင်သွားနိုင်မယ်လို့တွက်လို့ရတယ်။ ရထားပေါ်ရောက်ချိန်မှာ သက်ပြင်းကိုတစ်ဝက်ပဲချပြီး ကျန်တစ်ဝက်ကိုအားလုံးအဆင်ပြေမှချဖို့အောင့်ထားရသေးတာပေါ့။
တိုတိုပြောရရင်တော့ ရောမမြို့ကိုရောက်တာနဲ့ ကားဂိတ်နဲ့အနီးဆုံးဘူတာမှာ ရထားပေါ်ကဆင်းပြီး ကားဂိတ်ကို အပြေးအလွှားရှာ၊ စီးခဲ့တဲ့ကားဘယ်မှာလဲ စုံစမ်းရတယ်ဆိုပါတော့။ ဂိတ်ကိုရောက်ချိန်မှာ
“ ဟာ…….သား၊ ဟိုမှာ ဖေဖေတို့စီးခဲ့တဲ့ကား” ဆိုပြီး မောင်ဇိအဖေလက်ညှိုးထိုးပြရာကိုကြည့်တော့ လမ်းဟိုဘက်မှာ မောင်းထွက်သွားတဲ့ဘတ်စ်ကားကြီးကိုတွေ့လိုက်ရပြီး ရင်ထဲမှာဆွေးသွားတယ်။ လိုက်မယ့်လိုက်အဆုံးထိလိုက်မှပါပဲဆိုပြီး ကားဂိတ်မှာသွားမေးတော့ အီတာလျံအမျိုးသားကြီးတစ်ယောက်က မောင်ဇိတို့ကိုဝမ်းသာအားရနဲ့ခေါ်သွားပြီး သူ့ကားထဲမှာထည့်ထားတဲ့အိတ်တွေကိုထုတ်ပေးတယ်။ မောင်ဇိတို့ကားဆရာက အိတ်တွေကို သူ့ကိုအပ်ခဲ့တာကိုး။ မောင်ဇိလဲ ခုမှ သက်ပြင်းရဲရဲချရဲတော့တယ်။ စွန့်စားခန်းကြီးတော့ အောင်မြင်သွားလေပြီပေါ့။
ပြုံးပြုံးရွှင်ရွှင်နဲ့ သူ့ခေါင်းကိုလက်ညှိုးထိုးပြပြီး “ Good thinking, Good thinking” လို့ ဘုမသိ၊ ဘမသိဇွတ်ချီးကျူးနေတဲ့အီတာလျံအမျိုးသားကြီးကိုတော့ “ ခင်ဗျား ဘာမှမသိဘူးနော်၊ ဒီမှာဘယ်လောက်ဒုက္ခရောက်ခဲ့လဲဆိုတာ” လို့တွေးရင်း စိတ်ရောလူရော၊ ဖတ်ဖတ်မောနေတဲ့မောင်ဇိတစ်ယောက်ယဲ့ယဲ့လေးပြုံးပြရင်း ကျေးဇူးတင်စကားပြောလိုက်ရပါတယ်။ မောင်ဇိတို့ကဒီလိုပဲလေ။ စွန့်စားခန်းမပါရင် ခရီးမသွားဘူးမဟုတ်လား။
(မောင်ဇိ)
_____________________________________
အီတလီမှာ စွန့်စားပါ
မှတ်ကရော။
(မောင်ဇိ)
Wednesday, December 7, 2016
ဟန်းနီးမွန်းအတွဲ၊ ဒိုင်ပင်ထိုးသူနှင့် ချောင်းသာခရီး
ဟန်းနီးမွန်းအတွဲ၊ ဒိုင်ပင်ထိုးသူနှင့် ချောင်းသာခရီး
----------------------------------------------------------------
ခုတင်ပေါ်ရှိ ဖြူဖွေးသန့်ပြန့်သော အိပ်ယာခင်းပေါ်တွင် ဆန့်ဆန့်ကြီးလဲလျောင်းနေသည်က မောင်မိုး။ အထူးကု ၃ယောက်အပါအဝင် ဆရာဝန် ၅ ယောက်ကစိုးရိမ်ပူပန်စွာဖြင့် သူ့ကိုဝိုင်းပြီး ကုသနေကြသည်။ အခန်းထဲမှာရှိသည့် သူ့ကိုချစ်ခင်သည့်လူအားလုံး၏ မျက်နှာတွေပေါ်မှာက ပူပင်ကြောင့်ကျမှုများစွာပေါ်လွင်လျက်။ “ ငါ အရမ်းအေးတယ်၊ အရမ်းအေးတယ်” ဟု မျက်လုံးမဖွင့်ပဲ ဗလုံးဗထွေးပြောတော့ ကျန်သူများမှာ လေအေးစက်ပြေးပိတ်သူပိတ်၊ စောင်ခြုံပေးသူခြုံ၊ ခြေထောက်တွေကို စမ်းသူစမ်းဖြင့် အလုပ်ရှုပ်ကုန်သည်။ အခန်းထဲမှာရှိသည့် လူတွေခံစားနေရသည့် စိတ်ဖိစီးမှုများကြောင့် အခန်းကပို၍ ပို၍ ပူပြင်းမွန်းကျပ်လာသလိုလို။ ဗလုံးဗထွေးပြောနေရာမှ ရုတ်တရတ် သတိလစ်သွားပြီး ညည်းညူရင်း၊ ခြေလက်များကိုရုန်းကန်လာတော့ ကျန်လူအားလုံး၏မျက်နှာများမှာ ဆီးရွက်သာသာလောက်ကျန်သည်ထိ ငယ်ကုန်ကြသည်။ မှိတ်ထားသည့်မျက်လုံးထောင့်မှ မျက်ရည်စီးကြောင်းတစ်ခု စီးကျလာချိန်မှာ ကလေးလေးချီ၍သူ့ကုတင်ဘေးမှ ကြောင့်ကြစွာ ရပ်ကြည့်နေသည့် သူ့အမျိုးသမီး၏ မျက်လုံးများမှလည်း မျက်ရည်များ တစ်ပေါက်ပေါက်ကျလာသည်။
လွန်ခဲ့သော တစ်နာရီအထိကတော့ မောင်မိုးဆိုသည့်ငနဲ ပျော်ရွှင်မြူးတူးစွာဖြင့် ဟိုတယ်ရှိ ရေကူးကန်တွင်ရေကူးနေခဲ့သေးသည်။ “အားလုံး ရောက်လာတဲ့ထိစောင့်တာမဟုတ်ဘူး” ဆိုသည့် သူ့ချစ်ဇနီး၏စကားကို သူ့ကိုယ်ပိုင် နားရွက်ချိတ်လုလုဧရာမအပြုံးကြီးဖြင့်သာ တုံ့ပြန်ပြီး အစိမ်းရောင်ခပ်နောက်နောက်ရေထဲသို့ ဒိုင်ပင်ထိုးဆင်းသွားသည်ဟူ၏။ “အားလုံး”ဆိုသည်က သူနှင့်အတူ ဒီခရီးကိုထွက်လာကြသည့် ဟန်းနီးမွန်းအတွဲနှင့် ဟန်းနီးမွန်းအတွဲကိုကပ်မြှောင်လိုက်လာကြသော အပေါင်းအသင်းတစ်အုပ်ကို ဆိုလိုသည်။ သူတို့အဖွဲ့ထဲက တစ်ယောက်ဘိုကင်လုပ်ထားသည့်ဟိုတယ်ဆိုသော ပထမတည်းခိုခန်းမှာ ဈေးကြီးရုံမက အုန်းတောထဲတွင် ဆောက်ထားသည့် ကျူးကျော်တဲသာသာရှိသော အခန်းများဖြစ်နေ၍ ယခုဟိုတယ်ကို ရွှေ့ လာကြခြင်းပင်။ ကလေးငယ်ပါသည့် သူတို့လင်မယားကို ဟိုတယ်အသစ်သို့အရင်လွှတ်လိုက်ပြီး ကျန်လူတစ်စုက အုန်းတောကျူးကျော်တဲများတွင် ကြိုပေးထားသောစရံငွေများပြန်ရရေးအတွက် တိုက်ပွဲဝင်ကြရင်း၊ ပစ္စည်းများသိမ်းကြရင်း၊ ပြဿနာများရှင်းကြရင်း ကျန်နေခဲ့ကြခြင်းပါပေ။ ရေကူးကန်နှင့်တကွ ကောင်းမွန်သာယာလှသော ဟိုတယ်သစ်တွင် ပစ္စည်းများချပြီးသကာလ ပျော်ရွှင်ကြည်နူးမှုကို မထိမ်းချုပ်နိုင်တော့သော မောင်မိုးတစ်ယောက် မည်သူ့ကိုမှမစောင့်တော့ပဲ ရေကူးကန်ထဲသို့ နွားငတ်ရေကျ ဒိုင်ပင်ထိုးဆင်းသွားခြင်းပင်။ တစ်ခုပဲပြောစရာရှိသည်က သူဒိုင်ပင်ထိုးဆင်းသွားသည့်နေရာမှာ ရေအနက် နှစ်ပေသာသာခန့်သာရှိနေသည့် ရေတိမ်ပိုင်းဖြစ်နေခြင်းပင်တည်း။ ဒိုင်ပင်ထိုးဆင်းသော မောင်မိုး၏ နဖူးနှင့် ခပ်နောက်နောက်ရေအောက်တွင် ပျင်းရိစွာအိပ်ပျော်နေသည့် ရေကူးကန်ကြမ်းပြင်တို့ အားရပါးရမိတ်ဆက်မိပြီးနောက် မကြာမီအချိန်အတွင်း ထိုသတင်းမှာ တယ်လီဖုန်းမှတဆင့် ကျူးကျော်တဲအဖွဲ့ဆီသို့ ပျံ့ နှံ့သွားလေသည်။
“ ဟာ..ဟေ့ကောင်တွေ၊ မောင်မိုးခေါင်းကို ဆောင့်မိလို့တဲ့”
“ဟေ…ဘာကိုဆောင့်တာတုံး၊ တန်းနဲ့လား”
“ချော်လဲတာနေမှာပေါ့”
“နှာခေါင်းသွေးလဲထွက်တယ်ပြောတယ်”
“ရန်ဖြစ်ရင်း သူ့မိန်းမဆော်လိုက်တာလား မသိဘူး”
ပြဿနာပေါင်း တစ်သောင်းခြောက်ထောင် ဖြင့် နပမ်းလုံးနေသော ကျူးကျော်တဲအဖွဲ့မှာလည်းတစ်ယောက်တစ်ပေါက်ဖြင့် ထင်မြင်ချက်များအမျိုးမျိုးပေးကြရင်း မောင်မိုးကိုပြုစုကုသရန်အဖွဲ့ထဲမှဆရာဝန်များသူသွားကိုယ်သွားငြင်းခုန်ကြလေသည်။ မောင်မိုးတို့ သူငယ်ချင်းတစ်စုမှာ အထက်တန်းတွင်သာမက၊ ဆေးကျောင်းတူတူတက်ရင်း ခင်မင်လာခဲ့ကြပြီး အချို့ သူငယ်ချင်းများ အိမ်ထောင်ပြုကြ ကလေးများရကြသည့် ယခုချိန်ထိ လက်တွဲမဖြုတ်တမ်းပေါင်းသင်းလာကြသူများဖြစ်သည်။ ထို့ကြောင့် သူငယ်ချင်းများ၏ အိမ်သူသက်ထား၊ ချစ်သူများနှင့် ကလေးများပါမကျန်ပေါင်းလိုက်သောအခါ အဖွဲ့မှာထိုမျှတောင့်တင်းသွားရုံသာမက ဆရာဝန်များလည်းထိုမျှများပြားနေရခြင်းပင်။
“ဘယ်ကောင် ဂျီပီကောင်းလဲ၊ ဂျီပီကောင်းတဲ့ကောင်သွား”
“ ဟာ….ဘယ်သူသွားသွားအတူတူပဲပေါ့”
“အထူးကုတွေသွားကွာ”
ထိုအချိန်ထိ မောင်မိုးဒဏ်ရာ၏ အတိမ်အနက်ကို သူတို့မသိကြသေး။ သာမာန် ထိခိုက်ဒဏ်ရာဟုသာထင်နေကြဆဲပင်ဖြစ်သည်။
နောက်ဆုံးတော့ စကားနည်းသည့် ဒေါက်တာဗိုက်ပူနှင့် ဖင်ပေါ့သော၊ ဆရာဝန်သင်တန်းတစ်ပိုင်းတက်ဖူးသူ မောင်ဇိတို့ သွားဖို့ဖြစ်လာသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် မောင်မိုးတို့ကိုဟိုတယ်တွင်ထားခဲ့ပြီး ပစ္စည်းများပြန်ယူရန်အတွက် နေပူထဲတွင်ချွေးတစ်လုံးလုံး၊ မဲမဲသဲသဲဖြင့်ကျူးကျော်ရိပ်သာများသို့ပြန်လာသည့် ဂျက်ကောင်နှင့် ရှိုင်းကောင်တို့နှစ်ယောက်နှင့်ဆုံသဖြင့် သူတို့ငှားလာသည့် ဆိုင်ကယ်များကိုပင်ပြန်ငှားကာ ဟိုတယ်ရှိရာသို့ သုတ်ချေတင်ရလေသည်။ လိုအပ်မည်ထင်သော ဆေးများ၊ ချိတ်ရန်ပုလင်းနှင့် အပ်များကိုလဲ လမ်းတွင်အပြေးအလွှားဝင်ဝယ်ရသေးသည်။
ဟိုတယ်ကိုရောက် အိပ်ယာပေါ်တွင်ပက်လက်ဖြစ်နေသည့် မောင်မိုးကိုမြင်မှ ဒေါက်တာဗိုက်ပူနှင့် မောင်ဇိတို့ မျက်လုံးပြူးရသည်။ နှဖူးတွင်လည်း ထက်အောက်တစ်လက်မခန့်ရှည်၍ လက်မဝက်ခန့်အကျယ်ရှိသော အချိုင့်ကြီးက ထင်ထင်ရှားရှား။ ဒင်းအခြေအနေတော်တော်ဆိုးသည်ကိုး။ ဒေါက်တာဗိုက်ပူက မောင်မိုးမိန်းမထံမှ ထိခိုက်မှုရာဇဝင်ယူ၊ မောင်မိုး၏မျက်လုံးများကိုဖြဲပြီး ဓါတ်မီးနှင့်ထိုးကြည့်၊ မောင်မိုးကို “ဟိုဟာမြင်လား၊ ဒီဟာမြင်လား၊ ဝါးနေလား၊ မူးနေလား” စသည့်မေးခွန်းများအဆက်မပြတ်မေးပြီး ဒဏ်ရာအတိမ်အနက်၊ အပြင်းအပျော့ကိုစစ်ကြောသည်။ ကိုယ်တိုင်လဲဆရာဝန်တစ်ယောက်ဖြစ်သည့်မောင်မိုးက ဒေါက်တာဗိုက်ပူကို တခြားလိုအပ်သည့် အချက်အလက်များနှင့် သူ့အထင်အမြင်များကိုပါ ဖြည့်စွက်ပြောသည်။
ပြီးတော့သွင်းစရာရှိသည့်ဆေးသွင်း၍ ထိုးစရာရှိသည့်ဆေးထိုးသည်။ မောင်ဇိက ဆေးပုလင်းချိတ်သည့်တိုင် လုပ်ရသည်။ ကောင်းကောင်းမွန်မွန်စကားပြောနိုင်သော်လည်း မူးသည်ဟုဆိုကာ မောင်မိုးတစ်ယောက်မျက်လုံးများကို မှိတ်ထားရရှာသည်။ မကြာခင် အခြားလူများရောက်လာတော့မှ ပါလာသည့် သွေးအားတိုင်းကိရိယာဖြင့် သွေးအားတိုင်းပေးသူတိုင်း၊ ကလေးအနှီးများဖြဲ၍ ရေခဲထုပ်သူထုပ်၊ နဖူးကို ရေခဲကပ်သူကပ်၊ ပုလင်းချိန်သည့်တိုင် ဂျူတီချိန်းသူချိန်း၊ ဆေးထပ်ထိုးသူထိုးဖြင့် လိုအပ်သည့်အရာများကို တိုင်တိုင်ပင်ပင်ဖြင့် ဇယ်ဆက်သလို လုပ်ကြသည်။ အပြောကောင်းသည့် ဒေါက်တာပေ က ဟိုတယ်မန်နေဂျာကို ခေါ်ပြီး တည်ငြိမ်အေးဆေးစွာဖြင့် အခြေအနေများကို လက်ကလေးတစ်ရမ်းရမ်းဖြင့်ရှင်းပြ၊ လိုအပ်သည့်အရာများကိုတောင်းဆို၊ လူနာကို ဆရာဝန်အုပ်ကြီးဝိုင်းကုနေသဖြင့် အခြေအနေမှာ ထိန်းချုပ်မှူအောက်တွင်ရှိကြောင်းအသိပေး စသည်တို့ကို တဆင့်ပြီးတဆင့်ပြုလုပ်သည်။ ဟိုတယ်မန်နေဂျာမှာ လူနာ၏နှဖူးကိုရေခဲကပ်နေသည့် ဂျင်းဘောင်းဘီစက၊ တီရှပ်ကလေးဖြင့်စလင်းဘတ်အိတ်လေးကို စလွယ်သိုင်းထားသော ၈တန်းကလေးအရွယ် နုနုနယ်နယ် ဒေါက်တာအိ ကိုကြည့်ပြီး အထူးကုဆိုသည့်စကားကို ယုံရနိုးနိုးစဉ်းစားနေပုံရ၏။ သို့သော်လဲ တည်တည်ငြိမ်ငြိမ်၊ တိတ်တိတ်ဆိတ်ဆိတ်၊ ကျွမ်းကျင်သွက်လက်စွာဖြင့် လူနာကိုစနစ်တကျကုသနေသော လူငယ်ဆရာဝန်အုပ်ကြီးကိုကြည့်ပြီး အပြောအဆိုအမူအရာ လေးလေးစားစား၊ ရိုရိုကျိုးကျိုးဖြင့်ပင် လိုအပ်သည်များကို ဖြည့်ဆည်းပေးသွားခဲ့သည်။ ဘေးမှကူညီလုပ်ကိုင်ပေးနေသော မောင်ဇိမှာလည်း သူငယ်ချင်းများ၏ ကိုယ်ကိုယ့်ကိုယုံကြည်မှုအပြည့်ဖြင့် သက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်နေကြသည်များကိုကြည့်ရင်း တစ်သက်မှာတစ်ခါဆိုသလို သူငယ်ချင်းများကို အထင်ကြီးမိပြီး သူတို့အတွက် အလွန်ဂုဏ်ယူမိသည်ဟူသတတ်။
နှဖူးမှဒဏ်ရာကိုကြည့်ပြီး စိတ်ချရစေဖို့ ခေါင်းကိုMRI scan ရိုက်ကြည့်ဖို့ ဆရာဝန်အားလုံးသဘောရသည်။ ခက်တာက သူတို့ရောက်နေကြသည့်နေရာက ချောင်းသာ။ ရောက်နေသည့် အကြောင်းရင်းက ဒေါက်တာပေနှင့် ဒေါက်တာဖီဖီ တို့၏ ဟန်းနီးမွန်း (သို့) မင်္ဂလာဦး ပျားရည်ဆမ်းခရီးကို တပျော်တပါးကြီး ကပ်မြှောင်လိုက်လာကြခြင်းဖြစ်သည်။ အနီးဆုံးဆေးရုံကြီးက ပုသိမ်မှာ။ သို့သော်ပုသိမ်ဆေးရုံမှာလဲ MRI scan ရိုက်၍မရကြောင်း သိကြသည်။ ဒီတော့ အကောင်းဆုံးမှာ လူနာကိုရန်ကုန်ဆေးရုံကြီးထိ ပြန်ပို့ကြရမည်။ သူတို့အဖွဲ့ကို ရန်ကုန်မှ ချောင်းသာသို့ တစ်နေကုန်ကားမောင်း၍ သယ်ဆောင်လာပေးသည့် ကားဆရာကြီးကို လိုက်ရှာတော့ ရေချိန်ကိုက်၍ ရေကူးကန်ထဲတွင် ပါးစပ်ကြီးဖြဲ၍ပျော်ရွှင်စွာ ရေဆော့နေသည်ကိုတွေ့ရသည်။ အရေးကြီးသည်ဆိုတော့ ခုပဲကားမောင်း၍ လူနာကိုပြန်ပို့ပေးမည်ဟုဆိုရှာသည်။ ရေချိန်ကိုက်နေသော ကားဆရာနှင့် လူနာကို ညဘက်ကြီး ခရီးဝေးလွှတ်ရမည်မှာ အန္တရာယ်များလွန်းလှသည်။ ပြီးတော့ လူနာကသက်သက်သာသာလဲလျောင်းနေဖို့လိုအပ်သည်။ ဟိုတယ်ပိုင်ရှင်နှင့်ခင်မင်သူတစ်ယောက်ဖြစ်သည့် ဒေါက်တာငှက်၊ လူနာတစ်ယောက်ကိုပြုံ၍ကုပေးနေသည့်ဆရာဝန်များနှင့် ဟိုတယ်မန်နေဂျာတို့၏ ပူးပေါင်းစီမံမှုဖြင့် လူနာတင်ယာဉ်ရသွား၍အဆင်ပြေသွားသည်။ သဘောကောင်းလွန်းလှသော ဒေါက်တာဗိုက်ပူနှင့် ဒေါက်တာယုတို့အတွဲက လူနာဘေးတွင်ပြုစုရင်း ဆင်းဆင်းရဲရဲ ကျပ်ကျပ်တည်းတည်းဖြင့် ပလတ်စတစ်ထိုင်ခုံပုလေးဖြင့် လိုက်သွားရမည့် လူနှစ်ယောက်နေရာကို လိုက်မည်ဟု စာရင်းပေးကြသဖြင့် သူတို့နှစ်ယောက်ကို ထည့်လွှတ်လိုက်သည်။ မောင်ဇိက ဆေးရုံရောက်လျင် ကိစ္စအဝဝအတွက် လူနာရှင်အဖြစ်၊ လူနာကိုယ်စားလက်မှတ်ထိုးရမည့် မောင်မိုး၏ အစ်ကိုထံသို့ဖုန်းဆက်ပြီး အခြေအနေကိုရှင်းပြရသည်။ စိတ်မပူရန် အားပေးရသည်။
ဤသို့ဖြင့် ဗြဟ္မာကြီးဦးခေါင်းကိုလူနာတင်ယာဉ်ပေါ်တို့တင်ပြီး အထူးကုနှစ်ယောက်ခြံရံစေလျက် ရန်ကုန်ဆေးရုံကြီးသို့ လွှတ်လိုက်ကြသည်။ လမ်းတွင် အထူးကုနှစ်ယောက် စားသောက်ရန်အတွက် ရေသန့်ဘူး ငါးဘူးတိတိထည့်ပေးလိုက်ကြသေးသည်။ သေးငယ်သောခွေးခြေခုံလေးကိုယ်စီပေါ်တွင် ကျဉ်းကျဉ်းကျပ်ကျပ်ထိုင်၍ ငါးနာရီခန့်ခရီးကို လူနာကြည့်ရင်းလိုက်သွားရသော အထူးကုအတွဲမှာ ပင်ပန်းသည့်ဒဏ်ကြောင့် လမ်းတွင်မကြာခဏအန်ပွဲဆင်ကြရရှာလေသည်။ ရန်ကုန်သို့ ည ၁၁ နာရီဝန်းကျင်ခန့်တွင် ရောက်သွားတော့ မောင်မိုးမှာ အလွန်ပင် နိုးနိုးကြားကြားနှင့် ထူထူထောင်ထောင်ဖြစ်နေလေပြီ။ အထူးကြပ်မတ်ကုသပေးခဲ့သော သူငယ်ချင်းများနှင့် အပင်ပန်းခံစောင့်ရှောက်ပြုစုပေးခဲ့သော ဒေါက်တာဗိုက်ပူနှင့် ဒေါက်တာယုတို့၏ အစွမ်းများကြောင့်ဟု ဆိုရမည်။ ရန်ကုန်ဆေးရုံကြီးတွင် ခေါင်းကို MRI scan ရိုက်ကြည့်ပြီး အသက်အန္တရာယ်မစိုးရိမ်ရကြောင်း၊ အခြေအနေကောင်းကြောင်းသိရမှသာ ဟန်းနီးမွန်းတစ်ဖွဲ့လုံး သက်ပြင်းချနိုင်ကြပြီး ဆရာငှက်ကတော်ချက်ပြုတ်စီမံလာသော အလွန်အရသာရှိသည့်စားကောင်း၊ သောက်ဖွယ်အစုံစုံကို အားရပါးရစားနိုင်ကြသည်။ ရန်ကုန်ဆေးရုံကြီးသို့သွားရာ လမ်းတွင်လိုသလိုသုံးရန်ပေးလိုက်သော မောင်ဇိနှင့် ပုသိမ်သားတို့၏ ပုဆိုးအဟောင်းနှစ်ထည်မှာတော့ ဆုံးသွားလေသည်။
ဇာတ်လမ်းကဒီတွင်မပြီးသေးပါ။ ကျူးကျော်တဲများကို စရံပေးကာ ရွပ်ရွပ်ချွံချွံ ငှားပေးခြင်းဖြင့် ဆရာဝန်သူငယ်ချင်းများရော၊ ဆရာဝန်မဟုတ်သူ သူငယ်ချင်းများကိုပါ ဆေးထိုးခဲ့သော တရားခံဖြစ်သည့် ဒေါက်တာကောင်းမှာ ရန်ကုန်တွင် ဆေးရှုံညဂျူတီရှိ၍ မိန်းမနှင့်ကလေးကို ချောင်းသာသို့ ကျန်လူများနှင့်အရင်ထည့်ပေးလိုက်သူဖြစ်သည်။ ယခု ညဂျူတီပြီး၍ချောင်းသာသို့ကားမောင်းကာ ဒေါက်တာဗိုက်ပူတို့အတွဲနှင့်အတူပြန်လာမည်ဆိုသောအခါ ပါးစပ်ကြီးတစ်ဖြဲဖြဲဖြင့် “ငါကောင်းနေပြီ၊ ငါလဲပြန်လိုက်ခဲ့မယ်၊ ငါ့လဲ ခေါ်ပါကွာ” ဟု တကျည်ကျည်ပူဆာသူမှာ အခြားသူမဟုတ်၊ မောင်မိုးပင်ဖြစ်မည်ဟု လူတိုင်းမှန်းမိကြပါလိမ့်မည်။ မောင်မိုးအား ဆူ၊ ဆဲ၍ ဆေးရုံတွင်အတင်းထားခဲ့ပြီး ညတွင်းချင်းကားဖြင့် ပြန်မောင်းလာကြသော ထိုသုံးယောက်မှာ ချောင်းသာသို့ မနက်လင်းချိန်တွင်ရောက်ရာ ဆာဆာဖြင့် ဟိုတယ်တွင် ကျန်ခဲ့သူများထံမှ မနက်စာဘူဖေးလက်မှတ် သုံးစောင်ကိုဆွဲကာ သွားစားကြလေသည်။ အကျိုးဆက်အနေဖြင့်ကား ဟိုတယ်တွင်ကျန်ခဲ့သူများအနက်မှ အခြားအိမ်ထောင်ရှိ၊ ချစ်သူရှိသူများကဲ့သို့ ဂရုစိုက်ပေးမည့် back up မရှိရှာသော လူပျိုလေးများဖြစ်ကြသည့် မောင်ဇိ၊ ရှိုင်းကောင်နှင့် ပုသိမ်သားတို့မှာ မနက်စာငတ်ကြသည်ဟူလို။ ဒေါက်တာပေနှင့် ဒေါက်တာဖီဖီတို့၏ ပျားရည်ဆမ်းခရီး ပထမညမှာကား ဗရုတ်သုတ်ခများ၊ ကသောင်းကနင်းဖြစ်ရပ်များဖြင့် ဤသို့ပင် ရင်မောစရာများဖြင့် မှတ်မှတ်ရရ၊ ပျော်ပျော်ရွှင်ရွှင်ပြီးသွားလေသတည်း။ ။
( ပျားရည်ဆမ်းခရီး ဒုတိယနေ့တွင် ထပ်မံကြုံတွေ့ရသော အကြပ်အတည်း၊ အနှောက်အယှက် အခက်အခဲများနှင့် ကို့ယို့ကားယားကိစ္စများကို ထပ်မံ၍မဖော်ပြတော့ပြီ။)
မောင်ဇိ ( စင်ကာပူစံတော်ချိန် ည ၃ နာရီ ၁၀ မိနစ် )
Wednesday, November 23, 2016
ကိုယ်ချင်းစာနာစွာ ယဉ်ကျေးပျူ ငှာ
အထူးကုသင်တန်းတက်နေတဲ့ ဆရာဝန်သူငယ်ချင်းမလေးတစ်ယောက်၊ သူ့စာတမ်းအတွက် တစ်ခြားဆေးရုံတစ်ခုမှာ ဆရာဝန်ကြီးတစ်ယောက်နဲ့တွေ့ဖို့အသွား၊ ကြမ်းတိုက်ထားတာရေမခြောက်သေးတဲ့ ဆေးရုံစင်္ကြန်လမ်း ၁၀ပေလောက်လေးပေါ်လမ်းလျှောက်လိုက်မိလို့ သူနာပြုဆရာမတစ်ယောက်ရဲ့  နင်ပဲငဆ အပြောကိုခံလိုက်ရတဲ့အကြောင်းရေးထားတာဖတ်လိုက်ရတယ်။ ကြမ်းတိုက်ထားတာသိလို့ သူများဘက်ကစဉ်းစားပေးပြီး ကြမ်းပြင်တွေမပေအောင်နံရံနားလေးက ကပ်လျှောက်ပေးခဲ့ရုံမက ဆရာဝန်ဖြစ်လျက်နဲ့ သူနာပြုဆရာမကို တောင်းတောင်းပန်ပန်ပြောခဲ့တာတောင် မပြီးနိုင်မစီးနိုင် အဆူအဟောက်ခံလိုက်ရလို့ စိတ်ပျက်ရကြာင်းသူ့စာမှာဖတ်ရတယ်။ ဆရာဝန်တစ်ယောက်ဖြစ်ပေမယ့် ကိုယ်တာဝန်မကျတဲ့ဆေးရုံကို ကိစ္စရှိလို့သွားတဲ့အခါ အခေါက်တိုင်း စိတ်အနှောက်အယှက်ဖြစ်စရာတွေအများကြီး ကြုံရလို့ နောက်တစ်ခေါက်သွားရမှာတောင် ကြောက်နေမိကြောင်းရင်ဖွင့်ထားလေတယ်။ သူ့စာကိုဖတ်ပြီး ရှင်းရှင်းလင်းလင်းနားလည်ရတာက သူချစ်တဲ့ပတ်ဝန်းကျင်ကို သူကြောက်တဲ့ပတ်ဝန်းကျင် မဖြစ်စေချင်တဲ့အကြောင်း။ စာကိုဖတ်ပြီးတော့ စိတ်မကောင်းလဲဖြစ်မိသလို လူတွေရဲ့  ကြီးနိုင်ငယ်ညှင်းစိတ်ဓါတ်၊ ကိုယ့်ဂွင်ရောက်ရင်အသေဆော်စိတ်ဓါတ်၊ ကိုယ်ချင်းစာတရားခေါင်းပါးတဲ့စိတ်ဓါတ်တွေကိုလဲ အံ့သြမိတယ်။
ရိုင်းစိုင်းတဲ့ ယာဉ်နောက်လိုက်တွေက လိုင်းကားစီးခရီးသည်တွေကို မခြေမငံဆက်ဆံတာ၊ ရိုက်တာနှက်တာ။ ဘာမဟုတ်တဲ့ကိစ္စလေးနဲ့ ဒေါသတွေကြီးပြီးသတ်ကြဖြတ်ကြတဲ့ထိဖြစ်တာတွေ နေ့စဉ်သတင်းတွေမှာ ပလူပျံလို့။ ကုသိုလ်ရေးလို့ခေါင်းစဉ်တပ်ပြီး မစာမနာ ဆူညံသံတွေနဲ့အဆက်မပြတ်နှိပ်စက်တာကို ခံရတဲ့သူတွေမှာ ကုသိုလ်မဖြစ်ပဲ၊ အကုသိုလ်တွေပိုပိုပွားလာနေရတာကိုလဲအမြဲ မြင်ကြားနေရ။ ကျွန်တော်တို့နိုင်ငံကလူအများစုရဲ့ စိတ်ဓါတ်တွေက ဘာလို့အဲလိုဖြစ်နေရတာလဲ။ ထားပါတော့ အမြဲပြောနေကျစကား၊ စနစ်ကြောင့်။ ဒါဖြင့် တစ်ဦးချင်းစီက ပြုပြင်ပြောင်းလဲချင်စိတ်မရှိကြတော့ဘူးလား။
လူတွေပညာရည်နိမ့်ကျလို့ ဒါမျိုးတွေဖြစ်တာပါဆိုတဲ့စကားကိုပြောမယ်ဆိုရင်တော့ နောက်ဆရာဝန်သူငယ်ချင်းတစ်ယောက်ရဲ့ အဖြစ်ကိုရေးပြရလိမ့်မယ်။ ခုရေးပြမယ့် ဆရာဝန်သူငယ်ချင်း ဘွဲ့လွန်သင်တန်းတက်တုံးက ထုံးစံအတိုင်း ဆေးရုံလဲပုံမှန်ဆင်း၊ အလုပ်လဲလုပ်ရတာပေါ့။ တစ်နေ့တော့ သူဆေးရုံရောက်ချိန်မှာ ကားရပ်ဖို့နေရာမရှိလို့ သူ့အပေါ်ကစီနီယာဆရာဝန်ရဲ့ ကားရပ်နေကျနေရာမှာ အမှတ်တမဲ့ရပ်လိုက်မိတယ်။ အဲဒီအတွက် စီနီယာဆရာဝန်ကသူ့ရဲ့  ကားတံခါးဘေးကို ကားသော့နဲ့ အစင်းကြောင်းထင်သွားအောင်ခြစ်သွားရုံမက သူ့ကိုပါခေါ်ပြီး အားရပါးရ အော်ဟစ်ဆူပူပါသေးသတဲ့။ သူ့ဘွဲ့လွန်စာမေးပွဲကို အနှောက်အယှက်ပေးနိုင်တဲ့ စီနီယာဖြစ်နေလို့ သည်းခံပြီးပြန်တောင်းပန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ကြားကြားချင်းမှာ ပညာဒီလောက်တတ်တဲ့လူတန်းစားမှာ ဒီလိုစိတ်ဓါတ်အောက်တန်းကျတဲ့သူတစ်ယောက်ရှိနေပါလားဆိုတဲ့အတွေးနဲ့ တော်တော်ဒေါသထွက်ခဲ့မိသေးတယ်။ ဒါတင်မက ကြားရတဲ့ ဇာတ်လမ်းတွေ အများကြီးရှိသေး။ ဒီတော့ စိတ်ဓါတ်အောက်တန်းကျခြင်း၊ စိတ်ထားမြင့်မြတ်ခြင်းဟာ ပညာတတ်တာ၊ ပညာမတတ်တာ၊ ချမ်းသာတာ၊ ဆင်းရဲတာနဲ့မဆိုင်ပဲ တစ်ဦးချင်းစီနဲ့ပဲဆိုင်ကြောင်း ပိုသဘောပေါက်မိတယ်။
ကျွန်တော်တို့နိုင်ငံဟာ ဗြဟ္မစိုရ်တရားထွန်းကားကြောင်း၊ ဘာသာတရားအဆုံးအမကြောင့် သူများနိုင်ငံတွေထက် လိမ္မာယဉ်ကျေးကြကြောင်း ထပ်ပြန်တလဲလဲကြားနေရတာတွေဟာ နွားခြေရာခွက်ထဲက ဖားသူငယ်အတွေးအခေါ်မျိုးသာဖြစ်ကြောင်း တစ်ခြားနိုင်ငံတွေကိုရောက်တဲ့အခါမှာ တဖြည်းဖြည်းသိလာရတယ်။ ဘာသာမဲ့တွေအများစုရှိတဲ့ အနောက်နိုင်ငံတွေကိုရောက်ချိန်မှာ ကုသိုလ်ရချင်လို့မဟုတ်ပဲ ကိုယ်ချင်းစာစိတ်နဲ့ လူတစ်ဖက်သားကို ယဉ်ကျေးပျူငှာစွာ ကူညီယိုင်းပင်းတတ်တဲ့ လူမျိုးခြားတွေကိုတွေ့ခဲ့ရတယ်။ လူတန်းစားမရွေးလေးလေးစားစား ဆက်ဆံပေးတတ်တဲ့ ပတ်ဝန်းကျင်မျိုးကို ကိုယ်တိုင်မြင်ခဲ့ရတယ်။ စက်လှေကား၊ ဓါတ်လှေကားသိပ်မရှိပဲ ရိုးရိုးလှေကားတွေသာ အများစုရှိတတ်တဲ့ လန်ဒန်မြေအောက်ရထားဘူတာရုံတွေမှာ ကလေးတွန်းလှည်းနဲ့အမျိုးသမီးတွေ၊ အထုပ်ကြီးအထုပ်ငယ်နဲ့ သက်ကြီးရွယ်အိုတွေ အပူအပင်မဲ့သွားလာနေနိုင်ကြတာ ဘာကြောင့်လဲဆိုတော့ ကြုံကြိုက်တဲ့သူက လူဖြူ၊ လူမည်း၊ လူဝါ၊ လူညို၊ ကိုးကွယ်ရာဘာသာတရားတူသူ၊ မတူသူမရွေးလှေကားတွေမှာကူညီသယ်ပို့ပေးကြလို့။ ဒါ့အပြင်လမ်းကူးဖို့စောင့်နေတဲ့မျက်မမြင်ကို နီးစပ်ရာသူက ကူညီတွဲခေါ်လမ်းကူးပေးသွားတာမျိုးကိုကြုံရတာလဲ အကြိမ်ကြိမ်။ နော်ဝေနိုင်ငံက မြို့ငယ်လေးတစ်ခုမှာ မျဉ်းကြားမဟုတ်တဲ့နေရာက လမ်းဖြတ်ကူးတဲ့သူကိုတောင် ညှာတာတဲ့အနေနဲ့အဝေးကြီးကနေကားရပ်ပေးပြီး ပြုံးပြုံးရွှင်ရွှင် အေးအေးချမ်းချမ်းသွားခွင့်ပေးခဲ့တာမျိုးကို အခါခါကြုံခဲ့ရဖူးတယ်။ အဲဒါမျိုးတွေကိုတွေ့တဲ့အခါ အဲဒီလူတွေကို လေးစားစိတ်နဲ့အားကျမိသလို ကိုယ့်နိုင်ငံကလူတွေကိုလဲ အဲလိုမျိုးလေးတွေဖြစ်စေချင်မိတယ်။ အင်မတန် လှပတဲ့ စိတ်ဓါတ်တွေမဟုတ်လား။
ကိုယ့်နိုင်ငံမှာကတော့ မျဉ်းကြားကနေကူးနေတဲ့လူတွေအတွက် ကားရပ်ပြီးစောင့်ပေးမိလို့ နောက်ကားတွေရဲ့  အဆက်မပြတ်ဟွန်းတီးတာတွေ၊ ဆဲတာတွေကို လှလှပပကြီးခံခဲ့ရသေး။
ယဉ်ကျေးပျူငှာမှု၊ တာဝန်သိမှုနဲ့၊ ကိုယ်ချင်းစာနာမှုက အသက်အရွယ်နဲ့လဲ မဆိုင်ပါဘူး။ အင်္ဂလန်နိုင်ငံကနယ်မြို့ လေးတစ်မြို့ ကိုသွားလည်တုံးက သူငယ်ချင်းကိုဓါတ်ပုံရိုက်ဖို့ချိန်နေတဲ့ကျွန်တော့ရှေ့ ကို ၇နှစ်၊ ၈နှစ်အရွယ်ကလေးမလေးတစ်ယောက်က လမ်းလျှောက်လာရင်းဖြတ်သွားဖို့ဖြစ်လာတယ်။ ကျွန်တော့ရှေ့ ကိုခြေတစ်လှမ်းလှမ်းပြီးကာမှ ဓါတ်ပုံရိုက်ဖို့လုပ်နေတာကိုတွေ့လို့ ကျွန်တော့အနောက်ကနေပတ်သွားပါလေရော။ အရွယ်နဲ့ မမျှအောင်ကိုယ်ချင်းစာနာစိတ်နဲ့၊ နားလည်သိတတ်မှုရှိတဲ့ ကလေးမလေးကိုရော၊ သူ့ကိုမွေးခဲ့တဲ့၊ အတုမြင်အတတ်သင်ဖို့ ပတ်ဝန်းကျင်ကောင်းဖန်တီးပေးခဲ့တဲ့ သူ့မိဘတွေကိုရော အထင်ကြီးလေးစားမိခဲ့တယ်။ နောက်တစ်ခါမှတ်မှတ်ရရကြုံတာက ကျွန်တော်အချိန်ပိုင်းအလုပ်လုပ်တဲ့ စားသောက်ဆိုင်မှာ။ စားပွဲပေါ်က ရေခွက်ကို မတော်တဆတိုက်မိပြီးမှောက်ကျသွားလို့ ၄နှစ်၊ ၅နှစ်သားကလေးက သူ့အဖေကို မပီကလာ၊ ပီကလာလေးနဲ့တောင်းပန်နေတာ။ ချစ်စရာကောင်းသလို၊ အတုယူလေးစားစရာလဲကောင်းပါတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေက အများကြီး။ ရေးပြရရင်တော့ ဆုံးမှာမဟုတ်။
နှစ်သက်မြတ်နိုးစရာ၊ အထင်ကြီးလေးစားစရာ အဲလိုယဉ်ကျေးမှုမျိုးကိုမြင်ရတဲ့အခါ ယဉ်ကျေးပါတယ်ဆိုပြီး တဖွဖွအော်နေတဲ့ကိုယ့်လူမျိုးတစ်ချို့ရဲ့  အတ္တရှေ့ တန်းတင်တတ်တဲ့ ယဉ်ကျေးမှုကိုသံသယဝင်မိတယ်။ နဂိုစိတ်ကောင်းရှိတဲ့ ၊ ကူညီတတ်တဲ့၊ ရက်ရောတဲ့၊ သည်းခံတတ်တဲ့ ကျွန်တော်တို့လူမျိုးတွေကို အဲလိုမျိုးယဉ်ကျေးစေချင်မိတယ်။ ဘယ်သူ့ကြောင့်၊ ဘယ်ဝါ့ကြောင့်၊ စနစ်ကြောင့်ဆိုတာမျိုး အပြစ်တွေပုံချနေတာမျိုးထက် ယဉ်ကျေးတယ်ဆိုတာ ဒီလိုမျိုးပါလားဆိုတာမျိုးအသိရှိပြီး၊ တစ်ဦးချင်းကနေစလို့၊ ကိုယ့်ပတ်ဝန်းကျင်ကိုပါကောင်းတာလေးတွေးကူးစက်အောင် လုပ်လို့မရနိုင်ဘူးလားလို့တွေးမိတယ်။
ငါ့တုံးကဒီလိုကြုံခဲ့လို့ သူ့အလှည့်လဲဒီလိုလုပ်လိုက်မယ်ဆိုတဲ့ ကလဲ့စားခြေတတ်တဲ့ စိတ်မျိုးမွေးမဲ့အစား၊ သူများအလှည့်ကျရင်တော့ ငါကြုံခဲ့ရတဲ့ဒုက္ခမျိုးမကြုံစေရပါဘူးလေဆိုတဲ့ ကိုယ်ချင်းစာနာစိတ်ကိုအခြေခံတဲ့ စိတ်သဘောထားမြင့်မြတ်မှုမျိုးလေးတွေ မွေးတဲ့အကျင့် ကျွန်တော်တို့ဆီမှာ ကျယ်ကျယ်ပြန့်ပြန့် ထွန်းကားလာရင် သိပ်ကောင်းမှာပဲ။
Friday, August 26, 2016
ခရီးပြင်းနှင်ခဲ့သော ထိုကိုးရက်
---------------------------------------
“ညီလေး မင်းငှားထားတဲ့ ကားကြီးကိုပြန်အပ်ပြီး တို့တွေ ရထားနဲ့ပဲသွားကြရအောင်နော်....နော်“ လို့ကျွန်တော်တောင်းပန်တော့ မောင်မင်းကြီးသားက ပြုံးပြုံးကြီးလုပ်ပြီး “ဘာမှမပူပါနဲ့ အစ်ကိုရာ၊ ကျွန်တော်ကားမမောင်းတာ ၁၄နှစ်လောက်ကြာပြီဆိုပေမယ့် ဟိုးငယ်ငယ် ကားမောင်းတုံးကလဲ အိမ်ကမသိအောင် ဒရိုင်ဘာကိုဖယ်ခိုင်းပြီးခိုးမောင်းလာတာ။ ကားမောင်းသင်တန်းတောင် တက်ခဲ့တာမဟုတ်ဘူး။ ဘာမှမဖြစ်ဘူး။ စိတ်ချ“ တဲ့။ ပြောတဲ့သူက စင်ကာပူကနေ ယူကေကိုလာလည်တဲ့ ညီအစ်ကိုလိုခင်ရတဲ့ သူငယ်ချင်းအရင်းတစ်ယောက်။
အင်း......စိတ်ချစရာပါပဲ။ စိတ်ချစရာပါပဲ။ “မင်း ယူကေရဲ့  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေလဲနားမလည်၊ လမ်းလဲမသိပဲနဲ့ မဖြစ်ဘူးနဲ့တူပါတယ်ကွာ။“ ထပ်ပြီး လေပြေလေးနဲ့ပြောကြည့်ပါသေးတယ်။ ဟုတ်တယ်လေ...တော်ကြာ မတော်တဆ တစ်ခုခုဖြစ်ပြီး အကုန်ဂိကုန်ရင် ဘယ်လိုလုပ်မလဲ။ “ မပူပါနဲ့ဗျာ၊ အဲဒါကြောင့် ကျွန်တော် အင်တာနက်မလိုပဲမြေပုံနဲ့ကိုယ်ရောက်တဲ့နေရာကိုကြည့်လို့ရတဲ့ application တစ်ခုဝယ်ထားတယ်။ပြီးတော့ ယူကေတစ်နိုင်ငံလုံးရဲ့ မြေပုံကို ဒေါင်းလုပ်ချထားတယ်။ ဟောဒီ...ipad ထဲမှာ။ ကျွန်တော်က မောင်းမယ်၊ အစ်ကိုက ဘေးကမြေပုံကြည့်ပြီး navigate လုပ်။ ကားက ပြန်အပ်လို့မရတော့ဘူး။” တဲ့။ ဘယ်လိုမှ ဖျောင်းဖြလို့မရ။ အကူအညီရမလားလို့ သူ့အမျိုးသမီးကိုလှမ်းကြည့်လိုက်တော့လဲ confidence အပြည့်နဲ့ သူ့အမျိုးသားကို အင်မတန်ယုံကြည်အားကိုးတဲ့ရုပ်နဲ့ ခပ်တည်တည်ပဲဆိုတော့ အထွန့်မတက်ချင်တော့။
ဒါနဲ့ပဲ ငယ်ငယ်တုံးကလို စွန့်စားတဲ့စိတ်မျိုးပြန်မွေး၊ အသက်ကိုဖက်နဲ့ထုပ်လို့ ဒီ road trip တစ်ခုကို သွားဖြစ်ခဲ့တယ်ဆိုပါတော့။ ငယ်ငယ်တုံးကတော့ အန္တရာယ်ရှိတဲ့ကစားနည်းတွေကို ဆော့မယ်ဆိုရင် ၁၀ ရာခိုင်နှုန်းကအောင်မြင်မယ်ဆို၊ အဲဒီ ၁၀ ရာခိုင်နှုန်းလေးကိုဆုပ်ပြီး မကြောက်မရွံ့လုပ်ခဲ့တာ။ စက်ဘီးကို ရှေ့ ဘီးထာင်ပြီးစီးတယ်။ တောင်ကုန်းပေါ်ကနေ စက်ဘီးစီးပြီးခုန်ချတယ်။ ဘရိတ်မမိတဲ့ စက်ဘီးနဲ့ ကုန်းဆင်းပေါ်ကနေ ကားလမ်းကိုဖြတ်နင်းတယ်။ ကော်ကျည်ဆန်ထွက်တဲ့လေသေနတ်တွေသုံးပြီး သူငယ်ချင်းတွေနဲ့ စစ်တိုက်တိုင်းဆော့တယ်။ သစ်ပင်အမြင့်ကြီးတွေပေါ်တက်ပြီး အိမ်ဆောက်တယ်။ ဝါးတွေသုံးပြီး လေးနဲ့မြားလုပ်၊ တွေ့ကရာလျှောက်ပစ်တယ်။ ပြီးတော့ ဘရိတ်ပေါက်နေတဲ့ကားကိုမောင်းတယ်။ ကလပ်ပေါက်နေတဲ့ကားနဲ့ အပြင်ထွက်တယ်။ ဘာမှမဖြစ်ခဲ့တာကံကောင်း။ ခုချိန်မှာတော့ ပြဿ နာတက်နိုင်တဲ့ ရာခိုင်နှုန်းလေး ၁၀ ရာခိုင်နှုန်းရှိရင်တောင် အဲဒါလေးကိုတွေးပူပြီး အစစ၊ အရာရာ အန္တရာယ်ကင်းမှလုပ်ချင်တော့တယ်။ အသက်ကြီးလာလေ၊ ပိုကြောက်တတ်လာလေဆိုတာ သိပ်မှန်တာပေါ့။
တစ်ခါတစ်လေလောက်ပြန်ပြီး စွန့်စားကြည့်ချင်တာရော၊ ဟိုးငယ်ငယ်ကတည်းက စိတ်ဝင်စားခဲ့ရတဲ့ Loch Ness ရေအိုင်ကြီးဆီကိုရောက်မယ်ဆိုတဲ့ငါးမြှားချိတ်ကို ဟပ်မိတာရောကြောင်၊့ လူကြီးတွေလစ်တိုင်း ကားခိုးမောင်းပြီး စနစ်တကျသင်လာတယ်ဆိုတဲ့၊ အဲဒါပြီးတော့ ကားမမောင်းတာ ၁၄နှစ်လောက်ရှိပြီဆိုတဲ့ ကိုယ်တော်ချောမာင်းတဲ့ကားကိုစီးလို့ ၉ရက်ကြာခရီးကို ထွက်ခဲ့ဖြစ်တော့တယ်။ ဒင်းမောင်းတာအခြေအနေအရမ်းဆိုးရင်တော့ ယူကေလိုင်စင်မရှိသေးပေမယ့် ကိုယ်တိုင်တက်မောင်းမယ်လို့တော့စဉ်းစားထားခဲ့တာပေါ့လေ။ အသက်နဲ့ကိုယ် အိုးစားကွဲတာထက်စာရင် ရဲအဖမ်းခံရတာကမှ တော်သေးတယ်မဟုတ်လား။
မြေပုံကြည့်ဖို့ လက်ထဲကိုထည့်ပေးထားတဲ့ အိုင်ပက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ရင်း၊ လမ်းတစ်ခုလုံးကို ကျီးကန်းတောင်းမှောက်ကြည့်၊ တွေ့သမျှကိုအော်ဟစ်သတိပေးလို့ အောက်စ်ဖို့မြို့ ကို အောင်မြင်စွာလည်ပတ်ခဲ့ကြတယ်။ ပြီးတော့ အမြန်လမ်းပေါ်တက်၊ နာမည်ကြီးလှတဲ့ Stonehenge ကိုဦးတည်။ ကိုယ့်ကိုကျော်တက်သွားကြတဲ့ကားတွေပေါ်က ပါးစပ်ကိုပွစိ ပွစိလုပ်ပြပြီး ဆဲသွားကြတဲ့ ကားမောင်းသူကောင်မလေးတွေရဲ့ ကျေးဇူးနဲ့ အမြန်လမ်းမှာ လုပ်မိတဲ့အမှားတွေကို ကိုယ့်ဟာကိုသဘောပေါက်ကြ။ Stone Henge ကိုချောချောမောမောရောက်တော့မှ အောင့်ထားတဲ့ အသက်ကို တစ်ဝက်ခိုးရှူ၊ ကွင်းပြင်ကြီးထဲမှာ ထီးထီးကြီးဖြစ်နေတဲ့ ကျောက်တုံး၊ ကျောက်ပြားစက်ဝိုင်းကြီးနဲ့ ဓါတ်ပုံတွေရိုက်။ ပြီးတော့ဝေလပြည်နယ်ရဲ့ မြို့ တော် Cardiff ကိုခရီးဆက်။ ဝေလပြည်အဝင်က တိုးဂိတ်မှာ ချိုသာတဲ့အပြုံး၊ မိခင်စိတ်အပြည့်နဲ့ “ သားတို့၊ Cardiff ကိုဘယ်လိုသွားရမယ်ဆိုတာရော သိလား” လို့မေးတဲ့ လက်မှတ်ဖြတ်ပေးသူဝေလနယ်သူ အမျိုးသမီးကြီးကို “ကျွန်တော်တို့မှာ GPS ပါပါတယ်ခင်ဗျ” လို့ ဂုဏ်ယူဝင့်ကြွားစွာဖြေပြီး ဘာစာတွေရေးလို့ရေးထားမှန်းမသိတဲ့ ဝေလနယ်ကဆိုင်းဘုတ်တွေကိုကြည့်လို့ Cardiff မြို့ ထဲကိုရောက်ခဲ့ပါလေရော။ သူငယ်ချင်းယူလာတဲ့ လမ်းညွှန်မြေပုံက “မင်းသွားချင်တဲ့နေရာ ရောက်ပါပြီ” ဆိုပြီးထားခဲ့တဲ့နေရာက သွားချင်တဲ့ဟိုတယ်မဟုတ်ပဲ၊ လမ်းလယ်ခေါင်ကြီးဖြစ်နေလို့၊ ကိုယ့်ကိုထားချင်ရာထားသွားတဲ့ လမ်းညွှန်မြေပုံကို အပြစ်တင်ရင်း ဟိုတယ်ကို အမောတကောပတ်ရှာရ။ ဒီလိုနဲ့ ဂူဂယ်မြေပုံရော၊ apple မြေပုံရော၊ လမ်းညွှန်မြေပုံရော အားလုံးအကူအညီသုံးပြီးမှ ဟိုတယ်ကိုရောက်၊ တစ်နေ့တာအတွက် သက်ပြင်းချနိုင်တော့တယ်။ တစ်နေကုန်ကြုံခဲ့ရတဲ့အခက်အခဲတွေကတော့ မနည်းမနော။ ဒါပေမယ့် အားလုံးအဆင်ပြေခဲ့တာပဲ အတော်ကံကောင်း။ ယူကေကလူတွေက ယဉ်ကျေးပြူငှာပြီး၊ ဖော်ရွေ ကူညီတတ်ကြတာကတော့ မှတ်မှတ်ရရလို့ပြောရမယ်။တစ်နေကုန်ကားမောင်းတဲ့သူတော့မသိ၊ အိပ်တောင်မငိုက်ရဲဘဲ မြေပုံကြည့်၊ ဇောချွေးတွေပြန်၊ အရှိန်လျှော့ဖို့သတိပေးရင်းဘေးကထိုင်လိုက်ခဲ့တဲ့ကိုယ့်မှာတော့ တော်တော်ပင်ပန်းသွားတယ်။
နောက်နေ့မနက် Cardiff မြို့ ပေါ်မှာလည်ပတ်၊ အင်္ဂလန်နိုင်ငံအလည်လောက်မှာရှိတဲ့ warwick ရဲတိုက်ကို ဆက်ချီတက်၊ အဲဒီကနေမှ မရပ်မနားပဲဆက်မောင်းလိုက်တာ ည ၁၁နာရီလောက်မှ အင်္ဂလန်အရှေ့ မြောက်နားမှာရှိတဲ့ Middlesbrough မြို့ လေးကိုရောက်ပါတယ်။ ခရီးစဉ်က စိတ်လှုပ်ရှားစရာကောင်းသလို ပျော်စရာလဲကောင်းတယ်လို့ပြောရမယ်။ ငြင်းကြ၊ ခုန်ကြ၊ လမ်းတွေရှာကြ၊ အစီအစဉ်တွေဆွဲကြ၊ သိချင်တာတွေကို အင်တာနက်ကနေရှာပြီး လေ့လာကြနဲ့ပေါ့။ Middlesbrough မှာရှိတဲ့ အင်မတန် ဧည့်ဝတ်ကျေ၊ သဘောကောင်းတဲ့ သူငယ်ချင်းလင်မယားရဲ့ အိမ်ကိုအခြေပြုပြီး အဲဒီမြို့ ကနေ ၁နာရီ၊ ၂နာရီခရီးအတွင်းမှာရှိတဲ့ Newcastle မြို့ ၊ အဲဒီ Newcastle မြို့ နားက Tyne မြစ်ရဲ့ အဆုံးသတ် TyneMouth ပင်လယ်ဝနဲ့ကမ်းခြေ၊ ပြီးတော့ whitby ကမ်းခြေနဲ့ ရှေးဟောင်းဘုရားကျောင်း၊ စတဲ့နေရာတွေနဲ့ တစ်ခြားစိတ်ဝင်စားစရာ ကမ်းခြေ၊မြို့ အများအပြားကိုလည်ပတ်ဖြစ်ခဲ့တယ်။ နေသာတဲ့ နွေကာလလေးဖြစ်လို့ ကောင်းကင်ပြာပြာ၊ တိမ်သာသာလေးတွေနဲ့ တော်တော်လေးလှပါတယ်။ နောက်…Middlesbrough မြို့ လေးရဲ့ အနောက်ဘက်တည့်တည့်လောက်၊ အင်္ဂလန်ရဲ့ အနောက်မြောက်စွန်းလောက်မှာရှိတဲ့ Lake district ဆိုတဲ့ အမျိုးသားသဘာဝဥယျာဉ်သတ်မှတ်ထားရာအရပ်ကိုလဲ ပျော်ပွဲစားတစ်ရက်ထွက်ဖြစ်ခဲ့တယ်။ ကားတစ်စီးစာပဲကျယ်တဲ့ မြွေလိမ်၊မြွေကောက် တောက်တက်၊ တောင်ဆင်းလမ်းလေးတွေပေါ်မှာ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ကားစီးခဲ့ရတာကတော့ မမေ့နိုင်စရာပါပဲ။သဘာဝဥယျာဉ်နယ်နိမိတ်ထဲက လူကုံတန်အိမ်တွေအများကြီးရှိတဲ့၊ အင်္ဂလန်နိုင်ငံမှာအကျယ်ဆုံးဖြစ်တဲ့ ဆယ့်တစ်မိုင်လောက်ရှည်ပြီး တစ်မိုင်လောက်ကျယ်တဲ့ သဘာဝရေကန်ကြီး၊ ဝင်ဒါမီယာကန်ဘေးက ဝင်ဒါမီယာမြို့ လေးကိုမြင်တော့ မြန်မာပြည်က အင်ယားကန်ဘေးမှာရှိတဲ့ ဝင်ဒါမီယာရပ်ကွက်ကြီးကို သတိရမိတယ်။ ဧရာမကန်ကြီးတစ်ခုဘေးမှာရှိတာရော၊ ကုန်းတက်ကုန်းဆင်းနဲ့လမ်းကျဉ်းလေးတွေရှိတာရော၊ အိမ်ကြီးအိမ်ကောင်းတွေရှိတာရော၊ တော်တော်လေးဆင်ပါတယ်။ ရေကန်ကြီးထဲမှာတော့ ရွက်လှေတွေရော၊ အပျော်စီးသင်္ဘောတွေရောပြည့်လို့။ သဘာဝကို မြတ်နိုးတတ်ပြီး ရဲတိုက်တို့၊ ခံတပ်တို့လိုမျိုးရှေးဟောင်းအဆောက်အဦးတွေကို ထိမ်းသိမ်းတတ်တဲ့ အင်္ဂလိပ်လူမျိုးတွေကို လေးစားမိတယ်။
Middlesbrough ကနေ စကော့တလန်နိုင်ငံကိုထွက်တဲ့နေ့မှာတော့ မနက်စောစောထပြီး မောင်းဖြစ်ခဲ့ကြတယ်။ အဝေးပြေးလမ်းတစ်လျှောက်မှာရှိတဲ့ ဓါတ်ဆီဆိုင်တွေနဲ့တွဲလျက်ကုန်စုံဆိုင်လေးတွေကြောင့် ကားအတွက်ဆီနဲ့ လူသောက်ဖို့ရေကတော့ပူစရာမလိုခဲ့ပါဘူး။ ယူကေမြောက်ပိုင်းရောက်လာတော့ စကားဝဲတဲ့သူတွေကိုတွေ့လာရတယ်။ အနည်းဆုံး နှစ်ခါပြန်လောက်နားထောင်ယူမှ မြောက်ပိုင်းသူ၊ မြောက်ပိုင်းသားတွေပြောတာကို နားလည်သယောင်ယောင်ရှိတယ်လို့ ဆိုရမှာပဲ။ အမြန်လမ်းမကြီးတွေပေါ်မှာ တစ်နာရီကို မိုင် ၇၀ ထိမောင်းခွင့်ပေးထားပေမယ့် မြို့ ဝင်၊ မြို့ ထွက်တွေ၊ လမ်းပြင်တဲ့နေရာတွေမှာ လမ်းပိတ်တတ်လို့၊ တစ်နာရီ ၅ မိုင်နှုန်းနဲ့မောင်းခဲ့ရတာတွေကလည်းမကြာခဏပေါ့။ တစ်နာရီမိုင် ၇၀ ဆိုပေမယ့် မိုင် ၈၀ မကမောင်းသွားတဲ့သူတွေကများပါတယ်။ ဒီလိုနဲ့ အမြန်လမ်းအထာတွေကို ကောင်းကောင်းနပ်လာတော့ ကိုယ့်ရှေ့ ကလှုပ်စိ လှုပ်စိမောင်းနေတဲ့ကားတွေကို ကျော်တက်ရင်း ကိုယ်တွေပါ ပွစိပွစိလုပ်တတ်လာခဲ့တယ်။ လမ်းတွေကကောင်းပြီး လမ်းညွှန်ဆိုင်းဘုတ်တွေကလဲ ရှင်းလင်းပြတ်သားတော့ သွားရေးလာရေးလွယ်ကူလို့ ကိုယ့်နိုင်ငံကိုလဲ အဲလိုဖြစ်စေချင်တဲ့ အားကျစိတ်ပေါ်ခဲ့မိတာတော့ အမှန်ပဲ။ မြေပုံကို ဂူဂယ်မြေပုံနဲ့တွဲကြည့်တော့ တစ်ခါတစ်လေ အမြန်လမ်းပိတ်မယ်ဆိုတာ ကြိုသိရင် တစ်ခြားကားရှင်းတဲ့ ကျေးလက်လမ်းကြောင်းလေးတွေကို ရွေးပြီး ပတ်သွားဖြစ်ကြတယ်။ ယူကေကျေးလက်ဒေသတွေက သန့်စင်ပြီး၊ အေးချမ်းလှပတယ်။ ပြီးတော့ တည်ငြိမ်ဖွံ့ဖြိုးတယ်။ ကျောက်တုံးကျောက်ခဲတွေ၊ အုတ်တွေနဲ့ အခိုင်အခံဆောက်ထားတဲ့ တစ်ထပ်တိုက်၊ နှစ်ထပ်တိုက်ပုလေးတွေရှိတဲ့ ချစ်စရာရွာကလေးတွေ၊ အမွေးပြောင်နေတဲ့သိုးကလေးတွေ၊ ထွားကြိုင်းလှပတဲ့မြင်းတွေနဲ့ မြက်စားနေတဲ့နွားတွေလွှတ်ထားတဲ့ စားကျက်စိမ်းစိမ်းစိုစိုတွေ၊ မရိတ်သိမ်းရသေးတဲ့ အဝါရောင်ဂျုံခင်းတွေဆိုတာက အင်္ဂလန်ကျေးလက်၊ ယူကေကျေးလက်ရဲ့  သင်္ကေတတွေ။
စကော့တလန်မှာ ဒုတိယအကြီးဆုံးနဲ့ မြို့ တော်ဖြစ်တဲ့ အီဒင်ဘရာ ( Edinburgh) ၊ အဲဒီကမှ အနောက်ယွန်းယွန်းမှာရှိတဲ့ အကြီးဆုံးမြို့  ဂလက်စဂို (Glasgow) ကို တစ်ရက်ထဲမှာပဲရောက်တယ်။ နောက်ရက်မှာ မြောက်ပိုင်းကို ဆက်တက်လို့ နာမည်ကြီးလှတဲ့ Loch Ness (လော့နက်) ရေကန်ကြီးဆီကို သွားခဲ့ကြတယ်။ လမ်းတစ်လျှောက်မှာ တွေ့သမျှရှုခင်းသာတိုင်းမှာနားပြီး အပန်းဖြေလို့ပေါ့။ ဒေသခံတွေက Loch ကို လော့ခ် လို့ ခကွေးသံအဆုံးသတ်နဲ့ထွက်ကြတယ်။ လော့ခ်ျ လို့ ချသံမထွက်ဘူး။ ဒီတော့ အတိအကျနီးပါးအသံထွက်ရင် ( လော့ခ်နက်စ်) ပေါ့။ အဲဒီမှာ ကျွန်တော်ကလေးဘဝကတည်းက စာတွေထဲမှာမကြာခဏ စိတ်ဝင်တစားရှာဖတ်ခဲ့ရတဲ့ လော့နက်သတ္တဝါကြီးလို့ သတင်းကြီးတဲ့ နက်ဆီ ( Nessie ) ရှိတယ်လေ။ ( သွားခဲ့တဲ့နေရာဒေသတစ်ခုချင်းစီရဲ့ အသေးစိတ်အကြောင်းအရာတွေကတော့ နောက်မှ အချိန်ရရင် တစ်ခုချင်းရေးတာပေါ့။) Loch ဆိုတာက စကော့တလန်ဘာသာစကားနဲ့ ရေအိုင်ကြီး ( lake) လို့ အဓိပ္ပါယ်ရပါတယ်။ စကော့တလန်ကုန်းပြင်မြင့်တစ်ခုလုံးမှာ ရေအိုင်တွေအများကြီးရှိပြီး အားလုံးက loch နဲ့စပါတယ်။ Loch Lomond, loch Ness စသည်ဖြင့်ပေါ့။ ခံတပ်တွေ၊ ရဲတိုက်တွေကလဲ အင်္ဂလန်တင်မက၊ စကော့တလန်အနှံ့အပြားမှာပါရှိပါသေးတယ်။ ဒီနေရာမှာ တစ်ခါတုံးကရေးခဲ့ပြီးသားဖြစ်ပေမယ့် စကားစပ်လို့ထပ်ပြောရမယ်ဆိုရင် အင်္ဂလန်၊ စကော့တလန်၊ ဝေလ နဲ့ အိုင်ယာလန်ဆိုတာ ဟိုးရှေးတုံးက kingdom လို့ခေါ်တဲ့ ကိုယ်ပိုင်ဘုရင်တွေရှိတဲ့ နိုင်ငံတွေပါ။ နှစ်ရာပေါင်းများစွာကတည်းက ဘုရင်တွေအချင်းချင်းတိုက်ခိုက်ကြရာကနေ တဖြည်းဖြည်းနဲ့ အင်္ဂလန်ကနိုင်ငံအားလုံးကိုသိမ်းလိုက်ပြီး ယူနိုက်တက်ကင်းဒမ်း ( UK ) ဆိုပြီးဖြစ်လာပါတယ်။ အဲဒီထဲကမှ အိုင်ယာလန်ကျွန်းရဲ့ ပြည်နယ် ၃၂ ခုထဲက တောင်ပိုင်း ၂၆ခုက ၁၉၂၂ မှာလွတ်လပ်ရေးယူသွားပြီး အိုင်ယာလန်နိုင်ငံလို့ တည်ထောင်လိုက်သလို ကျန်တဲ့မြောက်ပိုင်း၅ပြည်နယ်ကတော့ မြောက်အိုင်ယာလန်အနေနဲ့ ယူကေထဲမှာပဲကျန်ခဲ့ပါတယ်။ ဒီတော့အကျဉ်းချုပ်ပြောရရင် မြောက်အိုင်ယာလန်၊ စကော့တလန်၊ ဝေလ ( ဝေးလ် ) နဲ့ အင်္ဂလန်လေးခုပေါင်းကို စုပေါင်းပြီး ယူကေလို့ခေါ်ပါတယ်။ အိုင်ယာလန်ကျွန်းမပါဘဲ ကျန်နိုင်ငံသုံးခုပါတဲ့ ကျွန်းမကြီိးကို ဂရိတ်ဗြိတိန် ( Great Britain ) လို့ခေါ်ပြီး၊ တစ်ခါထပ်အသေးစိတ်ခွဲဦးမယ်ဆိုရင် ကျွန်းမကြီးရဲ့ အရှေ့ တောင်ဧရိယာကြီးကို အင်္ဂလန်ခေါ်ပါတယ်။ အင်္ဂလန်ရဲ့ အနောက်၊ ဂရိတ်ဗြိတိန်ကျွန်းကြီးမှာ အနောက်ဘက်ကိုအစွန်းထွက်နေတဲ့နေရာက ဝေလပြည်ဖြစ်ပြီး၊ ကျွန်းမကြီးရဲ့ မြောက်ပိုင်းက စကော့တလန်ဖြစ်ပါတယ်။ ( ယူကေရဲ့ ရာဇဝင်၊ ဘုရင်နဲ့ ဘုရင်မတွေအကြောင်းဖတ်နေတာပြီးသွားရင်တော့ စိတ်ဝင်စားတာလေးတွေရေးဖြစ်ကောင်းရေးဖြစ်ပါဦးမယ်)
ခရီးစဉ်ကိုပြန်ဆက်ရရင်တော့ လော့နက်ရေကန်ကြီးကနေတဆင့် မြောက်ဖျားပိုင်းမှာရှိတဲ့ အင်ဗားနက်စ် ( Inverness ) မြို့ လေးထိ ခြေဆန့် ခရီးဆက်ခဲ့ကြတယ်ဆိုပါတော့။ စကော့တလန်တစ်ခုလုံးဟာ တောင်ကုန်းတောင်တန်းတွေ၊ ရေအိုင်တွေ၊ မြက်ခင်းပြင်ကြီးတွေ၊ စမ်းချောင်းလေးတွေ၊ မြစ်တွေနဲ့ တော်တော်လေးသာယာလှပတာကို ကိုယ်တိုင်ကိုယ်ကျ ခံစားတွေ့ကြုံခဲ့ရတယ်။ ရာသီဥတုသာယာရင် ကောင်းကင်ပြင်ကြီးက ကြည်လင်ပြာလဲ့ပြီး၊ ဖြူဖွေးနေတဲ့ အဆုပ်လိုက် အဆုပ်လိုက်တိမ်တွေကလဲ လေကြောင်းအတိုင်းလွင့်လို့။ ကန်ကြီးတွေဘေးက ကျောက်ဆောင်ကြီးတွေပေါ်မှာ ပက်လက်လှန်ရင်း၊ ကန်ရေပြင်ကိုဖြတ်တိုက်လာတဲ့ သန့်ရှင်းလတ်ဆတ်တဲ့လေကိုရှူ၊ တိမ်တွေကိုကြည့်ရင်း အေးအေးချမ်းချမ်းအနားယူရတာ စည်းစိမ်တစ်ခုပါပဲ။ ယူကေတစ်ခုလုံးမှာ အဲဒီလိုမျိုးနေရာတွေကို အမျိုးသားသဘာဝဥယျာဉ်အနေနဲ့ ထိမ်းသိမ်းထားတဲ့ ကြီးမားကျယ်ပြန့်တဲ့ သဘာဝမြေမျက်နှာပြင်ဧရိယာတွေ အများကြီးပါ။ ဥပမာအနေနဲ့ပြောရရင် Lake district သဘာဝဥယျာဉ်တစ်ခုထဲကိုက ဧရိယာစတုရန်းမိုင် ၈၀၀ ကျော်ကျယ်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လွန်းတာကြောင့် ယူကေတစ်နိုင်ငံလုံးကို တောင်ဖျားနဲ့မြောက်ဖျား၊ အရှေ့ စွန်းနဲ့ အနောက်စွန်းကို ၉ ရက်အတွင်းပတ်လိုက်တာ မိုင်ပေါင်း ၂၀၀၀ ဝန်းကျင်လောက်ကို ခရီးရောက်ခဲ့ပါရောလား။ ၁၄နှစ်လောက် ကားမမောင်းဖြစ်ခဲ့ဘူးဆိုတဲ့ သူငယ်ချင်းလဲ မီးနီတွေကိုတစ်ခါတစ်ရံ မမြင်မိတတ်တာကလွဲလို့ တော်တော်ကို ကားမောင်းကျွမ်းကျင်သွားသလို ကျွန်တော်လဲ မြေပုံကိုအင်မတန်ကို ပိုင်ပိုင်နိုင်နိုင်ကြည့်နိုင်သွားပါတော့တယ်။
နောက်ဆုံးတစ်ရက်မှာတော့ ဘောလုံးပွဲကြည့်ချင်တဲ့ သူငယ်ချင်းဆန္ဒအတိုင်း မန်ချက်စတာမြို့ မှာ ကားပြန်အပ်၊ အဲဒီမှာတစ်ညအိပ်ပြီးမှ အစီစဉ်အတိုင်း ရထားနဲ့ လန်ဒန်ကိုပြန်ပေါ့။ လန်ဒန်ကိုသွားတဲ့ရထားပေါ်တက်၊ ထိုင်ခုံပေါ်မှာကျကျနနနေရာယူပြီးမှပဲ စိတ်ကိုလျှော့၊ မျက်လုံးတွေကိုမှိတ်၊ အသက်ကိုဝဝရှုလို့ ခရီးသွားရင်း လမ်းမှာအိပ်တဲ့အရသာကို စိတ်အေးလက်အေး ခံစားရပါတော့တယ်။ အဆုံးမှာတော့ အန္တရာယ်ကင်း ဘေးရှင်းစွာနဲ့ အိမ်ကိုပြန်ရောက်တော့မယ်မဟုတ်လား။ မောင်မင်းကြီးသား ကျန်းမာချမ်းသာပါစေဗျာ။
မျိုးထက်နိုင် ( ၂၅.၀၈.၁၆)
Saturday, June 4, 2016
လူ
မိဘကိုလွမ်းတဲ့ခါ
လွမ်းစရာမိဘတောင် မရှိတဲ့ကလေးတွေက ငါ့ကိုအားပေးတယ်။
အစားအသောက်အဆင်မပြေတဲ့အခါ
စားစရာတောင်မရှိတဲ့သူတွေက ငါ့ကိုအားပေးတယ်။
အခက်အခဲတွေကြုံချိန်မှာ
တစ်ခါမှတောင် အဆင်မပြေခဲ့ဖူးသူတွေက ငါ့ကိုအားပေးတယ်။
အိပ်စက်မှုကိုတမ်းတချိန်မှာ
အိပ်စရာနေရာတောင်မရှိသူတွေက ငါ့ကိုအားပေးတယ်။
မာနတက်ချင်ချိန်မှာ
ရှိခဲ့၊ ရှိဆဲ၊ ရှိလာမယ့် ငါ့ထက်သာသူ၊ တတ်သူတွေက သတိပေးတယ်။
ကြွားဝါချင်ချိန်မှာ
ကြွားဝါမှုကြောင့် ကျဆုံးသွားသူတွေက ငါ့ကိုသတိပေးတယ်။
သူများကို လက်ညှိုးထိုးချင်ချိန်မှာ
မှန်ထဲက ငါက ကိုယ့်ကိုယ်ကို သတိပေးတယ်။
ဘဝဟာ တိုချင်တိုမယ်၊ ရှည်ချင်ရှည်မယ်။
သံသရာဟာ ပြတ်ရင်ပြတ်မယ်၊ တိုရင်တိုမယ်၊ ရှည်ရင်ရှည်မယ်။
လူဟာ လူပါပဲ။
================================
မိဘကိုလွမ်းတဲ့ခါ
မာနတက်ချင်ချိန်မှာ
ကြွားဝါချင်ချိန်မှာ
လူဟာ လူပါပဲ။
Thursday, May 12, 2016
ကြောင် ကာဖီဆိုင် (Cat Emporium)
To chill, relax and release stress, I went to a cat café which is located near shoreditch station on one fine day. As a cat lover, seeing many cute cats at one place is a delightful occasion. Playful cats, fluffy cats, small cats, fat cats, bossy cats, all sorts of cats were there to meet me.
The cats have their unique characters apart from their own names. I found Wookie taking a nap near the glass window listening to the soft clattering of the rain drops on the window glass. He looked at me lazily with half of his eyes closed and went back to his nap without showing any interest on me. Being the bosses of the café, the cats were so arrogant and looking down on human as some lowlings who came to worship them. That’s the nature of the cats which makes them more adorable anyway. Another girl called Biscuit curled up her body until it became like a fur ball and slept beautifully on a very small round sofa made for the cats. She looked happy when I patted her on the back. Mighty Donnie walked through my legs, climbed up to the shelves and sat there watching the whole room like a great conqueror with his big bright eyes.
The room became a mess when three little kittens Peter, Wendy and Tinker Bell joined in. They were allowed only an hour to play in the room since they were still kids. Taking this opportunity, three of them chased each other and any moving object they saw alike in the room, run through the room stepping over their seniors who were at peace until the moment they came in. The furry little things jumped around, rolled, played hide and seek and annoyed the big cats restlessly with their energy of youth. Some of the old fellas join them and played along. The energetic Lizzy showed off her skill by walking and running on the cat wheel eventually was disappointed and stopped doing it for not getting enough attention from human beings. She only liked to do it when people were watching at her and encouraging her. There were total of ten big cats including Mue (the mother of most of the cats), Petra, Carbonelle, Alice, Artemis, Victor and three cheerful youngsters.
It was fun and a splendid experience to go to a cat caf
é and relax among adorable cats. I won’t mind doing it again one day when I have a chance.
အချိန်မှီပြီးအောင် အမြဲအားစိုက်ပြီးလုပ်နေရတဲ့ ပရောဂျက်တွေ၊ စာတမ်းတွေ၊ စာမေးပွဲတွေနဲ့ စိတ်ဖိစီးမှုများနေတာတွေကို လျှော့ချဖို့ ကြောင်ဂေဟာကော်ဖီဆိုင်လေးတစ်ခုကို သွားဖြစ်ခဲ့တယ်။ ဂျပန်၊ သြစတြီးယားနဲ့ ရုရှတို့မှာ cat cafe လို့ခေါ်တဲ့ ကြောင်ဂေဟာကော်ဖီဆိုင်လေးတွေ အများအပြားရှိကြပေမယ့် လန်ဒန်မြို့ မှာတော့ ဒီ ကော်ဖီဆိုင်လေးက ပထမဆုံးစဖွင့်တာလို့သိရတယ်။ ဂျပန်နိုင်ငံမှာ ၁၉၉၈ ခုနှစ်လောက်ကတည်းက ဒီလိုဆိုင်မျိုးလေးတွေစဖွင့်ခဲ့ပြီး လူကြိုက်များခဲ့ကြပေမယ့် လန်ဒန်သားတွေအတွက်ကတော့ ၂၀၁၄ခုနှစ်ရောက်မှ ပထမဆုံးကြောင်ဂေဟာကော်ဖီဆိုင်လေးကို စပြီးထိတွေ့ခွင့်ရတာပါ။ လန်ဒန်မှာကြောင်ချစ်သူဘယ်လောက်များလဲဆိုရင် ဆိုင်မဖွင့်ခင်ကတည်းက လာကြည့်ဖို့ ဘွတ်ကင်လုပ်ထားကြတာ ဖွင့်ပြီးနှစ်လကျော်ထိကို ဘွတ်ကင်တွေပြည့်နေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ဒီလိုကျော်ကြားပြီး လူကြိုက်များလှတဲ့ ကော်ဖီဆိုင်လေးကိုသွားဖို့အတွက် ဒီနေ့ ဒီကာလမှာတောင် နှစ်ပတ်လောက်ကြိုပြီးဘွတ်ကင်လုပ်ရပါတယ်။ ဘွတ်ကင်လုပ်ပြီးတဲ့နောက်မှာ ကြောင်လေးတွေကိုတွေ့ဖို့အရေးတွေးပြီးတော့လဲ စိတ်လှုပ်ရှားရပါသေးတယ်။ ငယ်ငယ်ကတည်းက ကြောင်တွေနဲ့ တောက်လျှောက်နီးပါးနေလာဖြစ်တော့ ကြောင်လေးတွေမြင်ရင် ထိချင်၊ကိုင်ချင်စိတ်က ကျွန်တော့မှာ အမြဲရှိနေခဲ့တာ။ သူတို့နဲ့ဆော့နေ၊ ကစားနေရရင် စိတ်ကကြည်လင်ပြီး မျက်နှာကပါအလိုလိုပြုံးနေတတ်တာ။ ငယ်ငယ်ကဆို ကျွန်တော်နဲ့ ကျွန်တော့အစ်မနှစ်ယောက်သား လမ်းဘေးမှာတွေ့တဲ့ကြောင်ပေါက်လေးတွေဆို အိမ်သယ်လာမယ်၊ အိမ်ကိုဘယ်ကရောက်လာမှန်းမသိတဲ့ကြောင်တွေဆို အိမ်မှာမွေးထားလိုက်မယ်၊ အဲလိုမျိုး။ နောက်တော့ကြောင်တွေက တစ်ကောင်ပြီးတစ်ကောင်ပွားလာပြီး အိမ်ကလဲ ကြောင်ချီးနံ့တစ်နံနံနဲ့ ကြောင်ဂေဟာကြီးကိုဖြစ်လို့။ အဆိုးဆုံးက ကြောင်တွေကို အိပ်ယာထဲခေါ်သိပ်တာ။ ပိန်ပိန်လား၊ ညောင်ညောင်လား၊ ညှက်စိလား နာမည်မမှတ်မိတော့တဲ့ မွေးခဲ့ဖူးတဲ့များလှစွာသောကြောင်တွေထဲက ကြောင်လေးတစ်ကောင်ကို ငယ်ငယ်ကကျွန်တော့်အိပ်ယာထဲမှာ အမြဲခေါ်သိပ်ခဲ့ဖူးတယ်။ မနက်ဆို စောင်ပေါ်မှာအီးပုံကြီးတစ်ပုံအမြဲလက်ဆောင်ပေးထားတတ်တာက အဲဒီကြောင်ရဲ့ အကျင့်။ လူကြီးတွေကစောင်တွေလျှော်ရလို့ဆူ၊ ကြောင်ကို အိပ်ယာထဲခေါ်မအိပ်ဖို့ အမိန့်ထုတ်၊ ကျွန်တော်က လစ်ရင် ကြောင်ကို စောင်အောက်မှာဖွက်ထားပြီးခေါ်သိပ်။ မနက်ကျ ကြောင်အီးပုံကြီးတစ်ပုံစောင်ပေါ်မှာရောက်နေ၊ အဲလိုမျိုးက မကြာခဏဖြစ်။ ဒါနဲ့ပဲ ကြောင်ကိုလူနဲ့လာမအိပ်အောင် မီးဖိုထဲမှာ တံခါးပိတ်ထားကြပါလေရော။ အထဲဝင်ချင်လို့ တစ်ညလုံးတစ်ညောင်ညောင် တစ်ဝေါင်ဝေါင်အော်နေတော့လဲ သနားတာနဲ့ ဒီကြောင်နောင်တရလောက်ပါပြီလေဆိုပြီး အမှတ်မရှိတံခါးပြန်ဖွင့်ပေး။ ကြောင်ကည လူတွေအိပ်ပျော်နေတုံး စောင်ပေါ်အီးထပ်ပါ။ သံသရာလည်နေရော။ ကြောင်ပဲလေ ဘယ်မှာ နောင်တရတယ်ဆိုတာရှိပါ့မလဲ။ ပြီးတော့ တစ်မြို့ ကနေတစ်မြို့ အပြောင်းမှာ မသယ်နိုင်တော့လို့ကြောင်တွေများသူများကိုပေးခဲ့ရပြီဆိုရင် မျက်ရည်နဲ့မျက်ခွက်။
စာကြည့်တဲ့အချိန်ဆိုရင်လဲ ကြောင်ပေါက်လေးတွေကို အင်္ကျီအောက်ဗိုက်ထဲမှာထည့်ထားရတာကိုအရမ်းသဘောကျတယ်။ ကျွန်တော့ကိုယ်ကအနွေးဓါတ်နဲ့နေရင်း သူတို့က ကျေနပ်လို့ “တဂူးဂူး” မြည်နေရင် ကျွန်တော်လဲကျေနပ်နေရော။ ကြောင်လေးတွေ အိပ်ရေးပျက်မှာစိုးလို့စာကြည့်နေရာကလဲ တော်တော်နဲ့မထဖြစ်တော့ဘူး။ တစ်ချက်ခုတ်၊ နှစ်ချက်ပြတ်ဆိုပါတော့။
ခွေးတွေကိုချစ်ပေမယ့် ကလေးဘဝမှာတင် သုံးခါတိတိ အားရပါးရ ခွေးကိုက်ခံရပြီးတဲ့နောက်မှာ တစ်စိမ်းခွေးတွေနားကပ်ဖို့တော်တော်လေးရွံ့ သွားခဲ့တာ။ အဲဒီမတိုင်ခင်ကတော့ ခွေးတွေ့လဲ ပြေးကိုင်တာပဲ။ ခွေးကိုက်ခံရတာကလဲ တော်တော်မသက်သာဘူး၊ အကိုက်ခံရတဲ့နေရာက လေး၊ ငါး၊ ဆယ်ရက် ယောင်ကိုင်းပြီးနာကျန်ခဲ့တာ။ တစ်ခါကဆို ခြေသလုံးက ခွေးကိုက်ဒဏ်ရာက ယင်းသွားပြီး လမ်းမလျှောက်နိုင်လို့ အိမ်ပေါ်မှာတင်ဖင်ဒရွတ်ဆွဲ သွားလိုက်ရသေးတယ်။ ဒီတော့လဲ ကိုယ်နိုင်တဲ့ကြောင်တွေဘက်ပဲလှည့်လို့ တွေ့တိုင်းနီးပါးလိုက်ဖမ်းဖြစ်တော့တယ်။ ကြောင်ကုတ်ခံရတာတွေက ခွေးကိုက်ခံရတာလောက်မဆိုးဘူး။ အစင်းကြောင်းလေးတွေက အချိန်တန်ရင်ခြောက်သွားပြီး ကွာကျသွားရော။
လန်ဒန်မှာက လမ်းဘေးကြောင်မရှိသလောက်၊ အတော်ကိုရှားသလိုပဲ။ နှစ်ခါ၊ သုံးခါလောက်ပဲအိမ်နားမှာတွေ့ဖူးတယ်။ ဆောင်းတွင်းဆို အေးလွန်းလို့ကြောင်တွေလဲအပြင်မှာကြာကြာအသက်ရှင်ဖို့သိပ်မလွယ်ပါဘူး။ ကြောင်လေးတွေနဲ့ ပွေ့ပွေ့ဖက်ဖက်နေလိုက်ရရင် စိတ်ကတော်ယုံတန်ယုံဆို ကြည်လင်သွားတတ်တယ်။ ဒါနဲ့ပဲ စိတ်ကိုအနားပေးဖို့၊ စိတ်ပင်ပန်းတာတွေ ပြေပျောက်ဖို့ ကြောင်ကော်ဖီဆိုင်ကို သွားဖြစ်သွားတော့တယ်။
ဆိုင်မှာက ကြောင်ကြီး ဆယ်ကောင်လောက်ရှိပြီး တစ်ကောင်ချင်းစီကလဲ ကိုယ်ပိုင်စရိုက်၊ ရာဇဝင်နဲ့။ လာတဲ့သူတွေက လက်ဆေးပြီးမှ ကြောင်ကဖေးထဲကိုဝင်ခွင့်ရတာ။ ကြောင်တွေကို ရောဂါပိုးမွှားတွေပါလာပြီး ကူးမှာစိုးလို့နဲ့တူပါတယ်။ ပြီးတော့ စည်းကမ်းချက်တွေလဲ ထုတ်ထားသေးတယ်။ ကြောင်အိပ်ပျော်နေရင် မနှောက်ယှက်ရ၊ အခန်းထဲမှာ ကြောင်ကိုချီပြီးလျှောက်မသွားရ၊ ကိုယ်စားနေတဲ့ အစားအသောက်တွေကြောင်ကိုချမကျွေးရ၊ ကြောင်တွေအတွက်လုပ်ထားတဲ့ကစားစရာတွေနဲ့ ကြောင်မျက်နှာကိုမရိုက်ရ၊ ၁၂ နှစ်အောက်ကလေးမခေါ်လာရ၊ ဓါတ်ပုံရိုက်ရင် ဖလက်ရှ်ဖွင့်ပြီးမရိုက်ရ၊ ၈ ယောက်ထက်ပိုတဲ့ အဖွဲ့ဆိုမလာရ၊ စသည်ဖြင့်စုံနေတာပါပဲ။ အိပ်ပျော်နေတဲ့ကြောင်ကို ခေါင်းသွားပွတ်ပေးမိလို့ “ကြောင်အိပ်နေတာ မနှောက်ယှက်ရင် သိပ်ကျေးဇူးတင်မိမှာပဲ” လို့ ဆိုင်ကကောင်မလေးရဲ့ အပြောခံလိုက်ရသေးတယ်။ အဲဒါနဲ့ သူလစ်တဲ့ထိစောင့်ပြီးမှ ကြောင်ကိုဆက်ပွတ်ပေးရတာပေါ့။
 ကြောင်တွေကလဲ သူတို့ဆိုင်ဆိုတော့ နတ်ဘုရားတမျှတန်ခိုးကြီးကြပါပေတယ်။ အိပ်နေရာကနေမျက်လုံးလေးမှေးပြီး “သြော….ငါ့သား၊ ငါ့မြေးလေးတွေ ငါ့ကိုကိုးကွယ်ဖို့လာကြသကိုး” ဆိုတဲ့အကြည့်နဲ့ကြည့်ကြသေးတာ။ ပြီးတော့ပြန်အိပ်သွားရော။ ဒါတင်ဘယ်ဟုတ်မလဲ၊ ကြောင်တွေက စရိုက်လဲအမျိုးမျိုးရယ်။ အဝဆုံးဖြစ်တဲ့ ဝူကီဆိုတဲ့အကောင်ကြီးကပြတင်းပေါက်မှန်ဘေးတံခါးဘောင်ပေါ်မှာ မိုးရေစက်လေးတွေကျနေတဲ့အသံကိုနားထောင်ရင်း ဇိမ်နဲ့နှပ်လို့။ ကြောင်မလေးဘီစကစ်က သူ့ကိုယ်ကိုဝိုင်းစက်နေအောင်ကွေးပြီး ခုံဝိုင်းလေးပေါ်မှာ သားမွှေးလုံးလေးလိုအိပ်ပြပါလိမ့်မယ်။ လစ်ဇီဆိုတဲ့ကြောင်မည်းမလေးကတော့ အမြှောက်ကြိုက်လေး။ သူ့ကို ရဟတ်ဝိုင်းပေါ်တင်ပေးပြီးပြေးခိုင်းလိုက်ရင် အားရပါးရကိုပြေးနေတော့တာ။ ဘေးကနေတော့ အားပေးနေရတယ်။ မဟုတ်ရင်ပျင်းသွားပြီး လည်နေတဲ့ရဟတ်ပေါ်ကနေပြန်ပြန်ဆင်းလာတတ်တယ်။ ဆိုင်က မြေညီထပ်နဲ့မြေအောက်ထပ်နှစ်ခုဖြစ်လို့ အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်နဲ့ လှေကားမှာဗျာများနေတဲ့ ကြောင်ဝတုတ်တွေကလဲတစ်မျိုး။ လူတွေကတော့ တစ်ချို့ က လက်ဘက်ရည်သောက်ရင်း၊ မုန့်စားရင် ငြိမ်ငြိမ်သက်သက်ကြည့်ကြသလို၊ တစ်ချို့ ကကြမ်းပြင်ပေါ်မှာကြောင်တွေနဲ့ လိုက်ဆော့ပေါ့။ ဗစ်တာဆိုတဲ့နာမည်နဲ့ အညှက်ဆုံးကြောင်လေးက ဆိုင်နားမှာသူများပစ်သွားတဲ့ကြောင်လေးတဲ့။ ဆေးတွေစစ်ပြီး ဆေးအောင်လို့ ဆိုင်ကိုနောက်ဆုံးမှရောက်လာတဲ့ ဖိုးကံကောင်းလေးပေါ့။ ညနေပိုင်းဆို မျောက်ရှုံးအောင်ဆော့တဲ့ ကြောင်ဖြူပေါက်လေးသုံးကောင်ကိုလဲ တစ်နာရီလောက် ကော်ဖီဆိုင်ထဲမှာလွှတ်ထားပေးတတ်တယ်။ ပီတာပန်ထဲကဇာတ်ကောင်နာမည်တွေမှည့်ထားတဲ့ ပီတာ၊ ဝမ်ဒီ၊ တင်ကာဘဲလ် တို့ကတော့ အခန်းထဲမှာလွှတ်ပေးလိုက်တာနဲ့ ဗျောင်းဆန်အောင်ဆော့ကြတော့တာပါပဲ။ သူတို့အတွက်လုပ်ပေးထားတဲ့ ကစားစရာလှိုဏ်ခေါင်းလေးတွေ၊ အိမ်လေးတွေ၊ အရုပ်ကလေးတွေနဲ့ အားရပါးရမျက်စိနောက်အောင် ဆော့ကြပါလိမ့်မယ်။ ပြီးရင် ကြောင်ကြီးတွေကိုလဲ အမြှီးဆွဲလိုက်၊ တက်ခုန်လိုက်နဲ့ နှောက်ယှက်ကြပါဦးမယ်။ တစ်နာရီပြည့်ရင်တော့ သူတို့ကိုပြန်သိမ်းသွားပြီး အခန်းထဲမှာကြောင်ငပျင်းကြီးတွေပဲကျန်ခဲ့တာပေါ့။ ကြောင်တွေထဲမှာ မူး (ဂျူးမဟုတ်ပါ) ဆိုတဲ့ကြောင်မကြီးကတော့ ကြောင်တော်တော်များများရဲ့ အမေဖြစ်ပြီး ကြောင်ဘုရင်မကြီးလို့ ဆိုင်ကလူတွေကတင်စားကြတယ်။ ဆိုင်လာတဲ့သူတွေသောက်တဲ့ဖန်ခွက်ထဲကို လစ်ရင်လစ်သလိုလက်နှစ်ထဲ့တတ်ပြီး၊ လူတွေရဲ့ နှာခေါင်းတွေကိုလဲ
လျှာနဲ့လျက်တတ်တယ်လို့နာမည်ကြီးတဲ့ ကြောင်မလေး အဲလစ်စ်ကအိပ်နေလို့ သူနဲ့ မဆော့ခဲ့လိုက်ရဘူး။
ဆိုင်မှာက ကြောင်ကြီး ဆယ်ကောင်ရဲ့ နာမည်လေးတွေပေးထားတဲ့ အထူးလက်ဘက်ရည်နဲ့မုန့်အတွဲအလိုက်လေးတွေလဲ မှာစားလို့ရတယ်။ ဒါမှမဟုတ်တခြားကိုယ်ကြိုက်ရာ ရေနွေးကြမ်း၊ ကော်ဖီ၊ လဘက်ရည်၊ ချော့ကလက်ပူပူနဲ့ ကိတ်မုန့်၊ ဆန်းဒွစ်ခ်ျ၊အာလူးကြော်လိုဟာမျိုးတွေ မှာစားပေါ့။ ကော်ဖီချိန်တစ်ချိန်ဆို ၁နာရီခွဲ (မိနစ် ၉၀) ပဲထိုင်ခွင့်ရှိလို့ သူငယ်ချင်းတွေနဲ့ပဲ အေးအေးဆေးဆေးစကားပြောချင်တာမျိုးဆိုတစ်ခြား ကော်ဖီဆိုင်တစ်ခုခုမှာထိုင်တာကပိုကောင်းတယ်။ ကြောင်ချစ်သူတွေအတွက် သီးသန့်လုပ်ထားတဲ့နေရာလေးဖြစ်လို့ ဝါသနာမပါသူများအတွက်ကတော့သွားရတာ တန်တယ်လို့ထင်ချင်မှထင်မယ်။ ကျွန်တော်ကတော့ တစ်ဆိုင်လုံးပတ်ပြီး ကြောင်လေးတွေနဲ့ဆော့၊ အိပ်တဲ့ကောင်ကိုပွတ်ပေး၊ ဓါတ်ပုံလေးတွေရိုက်နဲ့ အချိန်တစ်နာရီခွဲက ခဏလေးကုန်သွားတယ်လို့ ခံစားရတယ်။ နောက်အဆင်ပြေတဲ့တစ်ချိန်ချိန်တော့ ကြောင်လေးတွေကိုကြည့်ဖို့ ထပ်သွားဖြစ်ဦးမှာပါ။