Friday, August 7, 2020

မောင်ဇိနဲ့ ပလတ်စတစ်လိပ်လေးတစ်လိပ်

 ဒီပလိုမာပြီးပြီးချင်း မောင်ဇိစဝင်တဲ့ ပထမဆုံးအလုပ်မှာပေါ့။

ကုမ္ပဏီလေးက သေးသေးလေး။

ဒါပေမယ့် အဓိကဂိုဏ်းကြီးနှစ်ဂိုဏ်းရှိတယ်။

 အိန္ဒိယဂိုဏ်း နဲ့ ပြည်ကြီးတရုတ်‌ဂိုဏ်း။

သူတို့နှစ်ဂိုဏ်းက သိပ်မတည့်တော့ ကြုံရင်ကြုံသလိုမန်နေဂျာဆီမှာ အချင်းချင်း တစ်လှည့်စီချောက်တွန်းကြလေ့ရှိတယ်။

"ဟို အင်ဒီးရန်း တွေကတော့ အလုပ်မလုပ်ဘူး...ရေသာခိုနေကြတယ်"

"တရုတ်တွေကဖြင့် အလုပ်ကပစ္စည်းတွေကို စည်းမရှိ၊ ကမ်းမရှိသုံးနေကြတယ်"

တစ်ဖွဲ့နဲ့တစ်ဖွဲ့ ဘာလုပ်လဲချောင်းနေကြပြီး အမှားတွေ့တာနဲ့ မန်နေဂျာကိုတိုင်ကြတယ်။

မောင်ဇိကတော့ ဘာမှမသိပါဘူး။ ကျောင်းပြီးခါစ ချာတိတ်လေးတွေထုံးစံအတိုင်း အလုပ်မှာ မြောက်ကြွ၊မြောက်ကြွနဲ့ပေါ့။

မောင်ဇိက အလုပ်မှာ circuit board တွေဆောက်ရင်လိုတဲ့ ပစ္စည်းတွေ၊ တိုလီမုတ်စအပိုပစ္စည်းတွေ၊ အသစ်ဝယ်ထားတဲ့ စက်အစိတ်အပိုင်းတွေထားတဲ့ စတိုခန်းမှာ အိန္ဒိယကလာတဲ့ နှုတ်ခမ်းမွှေးရာဂျားနဲ့ အတူလုပ်ရတယ်။
ကျန်တဲ့သူတွေကတော့ ပစ္စည်းတပ်ဆင်၊ ကပ်စတန်မာဆီသွား၊ အပျက်တွေပြင်၊ ဆောက်ပြီး Circuit Board တွေ စမ်းသပ်စစ်ဆေး စသည်ဖြင့် ကျရာအလုပ်မျိုးစုံလုပ်ကြတယ်။

မောင်ဇိ အလုပ်စလုပ်ပြီးသိပ်မကြာခင် ကပ်စတန်မာဆီကိုပို့ရမယ့် ပစ္စည်းတွေထည့်ထားတဲ့ဂျပ်ပုံးတွေကို Shipping လုပ်ဖို့ ရှိလာတယ်။ ရာဂျားက မောင်ဇိကိုခိုင်းတယ်။

 ဂျပ်ထူပုံးတွေကို Pallet လို့ခေါ်တဲ့ လေးထောင့်သစ်သားခုံပေါ်မှာ ပလတ်စတစ်အပျော့ (Plastic wrapping sheet) နဲ့ ခိုင်အောင်အထပ်ထပ်ပတ်ဖို့ရာ တရုတ်တစ်ကောင်ဆီက ပလတ်စတစ်လိပ်သွားတောင်းခိုင်းတာ။

ပြည်ကြီးတရုတ်နာမည်က ရှောလူးတဲ့။ 

ဂင်တိုတို၊ ဂတုံးဆံပင်ပေါက်၊ မျက်နှာဝိုင်းဝိုင်းနဲ့ လူကိုကြည့်ရင်‌စောင်းကြည့်လေ့ရှိတယ်။

မောင်ဇိသွားတောင်းတော့ ငနဲက မောင်ဇိကိုသေချာကြည့်ပြီး မျက်နှာထားတင်းတင်းနဲ့ပြောတယ်။

"မင်းကို ရာဂျားလွှတ်လိုက်တာ မဟုတ်လား။ မပေးနိုင်ဘူးကွာ" တဲ့။

အိန္ဒိယသားတွေနဲ့ ပေါင်းလို့မောင်ဇိကိုပါရောပြီး မကြည်တာ။

ရာဂျားကလဲ သူ့ဂွင်ရောက်ရင် တရုတ်တွေကို ပညာပြန်ပြတာပဲ။ စတိုခန်းထဲ မဝင်ရဘူးတို့။ ပစ္စည်းအတိုအထွာလေးတွေလိုချင်လို့ လာတောင်းရင်တောင် မန်နေဂျာလက်မှတ်ပါမှပေးမယ်တို့လုပ်တာ။

မကြာမကြာလဲ ရာဂျားနဲ့ ရှောလူးတို့ စကားများကြတယ်။

ဒီတော့ မောင်ဇိကိုလဲ တရုတ်တွေက ရာဂျားနဲ့တစ်ဂိုဏ်းထဲထားပြီး ကြည့်မရကြဘူး။ 

တရုတ်ပြည်ကြီးနဲ့ အိန္ဒိယပြည်ကြီးရဲ့ကြားထဲမှာရှိတဲ့ မြန်မာပြည်ကလာတဲ့မောင်ဇိ၊ တရုတ်ကြီးတွေနဲ့ အိန္ဒိယသားကြီးတွေကြားမှာ ကြားညပ်တာပေါ့။

လျှပ်စစ်ပစ္စည်း အကောင်းနဲ့အပျက်စစ်တဲ့ စက်တွေနဲ့ထိုင်အလုပ်လုပ်နေတဲ့ အော်ပရေတာတရုတ်မလေးတွေကအစ မောင်ဇိတစ်ခုခုလိုလို့သွားမေး၊ သွားတောင်းရင် "ထင်းပုတုံ" လို့  နားမလည်ဘူး တစ်ခွန်းထဲပြောပြီး ဟိုဘက်လှည့်သွားကြတာ။ တကယ်လဲ သူတို့က အင်္ဂလိပ်လိုမတတ်တာလဲပါတာပေါ့။

ဟိုတရုတ်ကောင်တွေကတော့ ပိုဆိုး။ မိုက်ကြည့်ပါကြည့်တာ။ ရိုင်းလဲရိုင်းကြတယ်။

 မောင်ဇိက ရုံးရောက်လို့ "ဟယ်လို" လို့နှုတ်ဆက်ရင်တောင် သူတို့က အဖက်မလုပ်ကြ။

မောင်ဇိကတော့ အားလုံးကို ကောင်းကောင်းမွန်မွန်ပဲဆက်ဆံပါတယ်။

နေ့လည်စာစားချိန်တွေမှာ ရုံးနားက စားသောက်ဆိုင်တွေမှာသွားစားကြရင် တရုတ်တွေကို အစားအသောက်နာမည်တွေ တရုတ်လိုဘယ်လိုခေါ်ရလဲမေးရတယ်။

ပထမတော့ မောင်ဇိကိုလှောင်ချင်တာနဲ့ ပေါက်ကရတွေလျှောက်ပြောကြတယ်။

မောင်ဇိက စိတ်လဲမဆိုးပါဘူး။ ရယ်ပဲရယ်နေလိုက်တယ်။

အလုပ်က တခြားစလုံးတရုတ်မတွေဆီကသင်တဲ့ တရုတ်စကားလုံးလေးတွေနဲ့သူတို့ကိုပြန်ပြောတော့ သူတို့သဘောကျကြပြန်ရော။

ဒီလိုနဲ့ မောင်ဇိနေ့တိုင်း ကောင်းကောင်းမွန်မွန်မေးတော့ တကယ်သင်ချင်တယ်ဆိုတာသိပြီး တစ်ခါတစ်လေ တစ်လုံးစ နှစ်လုံးစ သင်ပေးကြတယ်။

မောင်ဇိသင်ထားတဲ့စကားလုံးလေးက "ဝေါ်ပုဟွေ့ကျန်ဟွားရီ" ဆိုတဲ့ တရုတ်စကားလေး။ "ငါ တရုတ်လိုမပြောတတ်ဘူး" လို့ပြောတာ။

အဲလိုပြောရင်သူတို့က "မင်းခုပြောနေတာပဲလေ" ဆိုပြီး ရယ်ကြတယ်။ "နင်ပြောတာ တကယ့်တရုတ်အတိုင်းပဲ" လို့လဲပြောကြတယ်။ 

ပြောမှာပေါ့၊ အဲဒါတစ်ခုထဲကိုပဲ ဌာန်ကရိုဏ်းကျကျပြောတတ်အောင် မောင်ဇိက နေ့တိုင်း သေချာကျင့်ထားတာ။ 

တခြားဟာတွေကတော့ မပီပါဘူး။ (ပြီးတော့လဲ မောင်ဇိတတ်တာ တစ်လုံးစ၊နှစ်လုံးစပါပဲ)

သူတို့ဘာသာစကားကို လေးလေးစားစားနဲ့ ကောင်းကောင်းမွန်မွန်သင်နေတာတွေ့တော့ ရှောလူးကမောင်ဇိအပေါ် သဘောထားပျော့ပြောင်းလာတယ်။ 

မောင်ဇိနဲ့ ခင်ခင်မင်မင်ဖြစ်လာတယ်။

ပစ္စည်းငှားရင်လိုတဲ့ပစ္စည်းကိုလက်ညှိုးထိုးပြီး "ငါအဲဒါလိုချင်တယ်" လို့ တရုတ်လိုတောင်းတတ်လာတော့ အော်ပရေတာတရုတ်မလေးတွေကလဲ အရင်ကလိုမောင်ဇိကိုမြင်ရင်ထွက်မပြေးကြတော့ဘူး။

မောင်ဇိကို သူတို့မုန့်တွေဘာတွေပါ ခွဲကျွေးဖော်ရလာတယ်။

မောင်ဇိမှာလဲ စားစရာမုန့်ရှိရင် အိန္ဒိယသားတွေရော၊ တရုတ်တွေရော အားလုံးကိုဝေကျွေးပြီးအတူတူစားကြတယ်။

ခင်မင်သွားတဲ့နောက် အရင်ကမောင်ဇိကိုကြည့်မရတဲ့ လူမိုက်ရုပ်နဲ့ရှောလူးက မောင်ဇိရဲ့အစ်ကိုကြီးလိုဖြစ်လာပြီး မောင်ဇိကို "ရှောင်းမြန်တျန့်" လို့အမြဲခေါ်တယ်။ မြန်မာလေးတဲ့။

"ရှောင်းမြန်တျန့် ...ထမင်းသွားစားကြမယ်"

" ရှောင်းမြန်တျန့်...မနေ့ကဘာလို့ အလုပ်မလာလဲ"

"ရှောင်းမြန်တျန့် ဒီမှာ တရုတ်ပြည်ကဝယ်လာတဲ့ မုန့်လာစားဦး"

ပြီးရင် ပြုံးပြုံး၊ ပြုံးပြုံးနဲ့ မောင်ဇိကိုပခုံးဖက်ပြီး ပြောသေးတယ်။ " ရာဂျာ no good၊ you good" တဲ့။

ပြည်ကြီးတရုတ်တွေက အစပိုင်းမှာရိုင်းပေမယ့် သူတို့ယုံကြည်စိတ်ချပြီး ခင်သွားတဲ့အခါ ညီအစ်ကိုစိတ်မွေးတတ်ကြတာပဲ။

အဲလိုနဲ့ လပေါင်းများစွာကြာသွားပြီး မောင်ဇိအလုပ်ဝင်ခါစက ရှောလူးနဲ့ ပြဿနာတက်တဲ့အလုပ်မျိုးကို ရာဂျာကခိုင်းလို့ ထပ်လုပ်ရမယ့်အချိန်‌ရောက်လာတယ်။

" ရှောလူး...ငါ့ကို ပစ္စည်းပတ်တဲ့ ပလတ်စတစ်လိပ်ကြီးငှားပါလား" လို့မောင်ဇိကသွားပြောလိုက်တော့ ရှောလူးကတစ်ချက်စဥ်းစားပြီး "ခဏနေဦး" တဲ့။

ပြီးတော့ ပလတ်စတစ်လိပ်ကြီးကို မောင်ဇိကိုမငှားပဲ သူကိုယ်တိုင်ထမ်းချလာပြီး "မင်းပလတ်စတစ်ပတ်ရမယ့်ပုံးကြီးတွေကဘယ်မှာလဲ" လို့မေးပါလေရော။

မောင်ဇိကပုံးတွေကိုပြလိုက်တာနဲ့ သူကိုယ်တိုင်ဝင်ပြီး ပုံးတွေမ၊ သေချာစီ၊ ပလတ်စတစ်တွေနဲ့ပတ်နဲ့ ရာဂျာခိုင်းလိုက်တဲ့ မောင်ဇိရဲ့အလုပ်တွေအားလုံး မောင်ဇိတောင်မလုပ်လိုက်ရပဲ ပြီးသွားပါရောလား။

ဒီအလုပ်တစ်ခုထဲ၊ ဒီလူနဲ့ပဲကို အချိန်တစ်ခုကြာသွားချိန် ဆက်ဆံရေးပေါ်မူတည်ပြီး ပြောင်းသွားလိုက်တာများ။

တစ်ချိန်က အမြင်ကတ်စရာ၊ ရန်လိုနေတဲ့လူတစ်ယောက်က ခုတော့ကိုယ်နဲ့ ညီအစ်ကိုရင်းတွေလိုဖြစ်လို့။

တွေးလိုက်တော့ မောင်ဇိမှာပီတိဖြစ်လို့ မျက်ရည်တောင်ဝိုင်းတယ်။ လူတွေကို မေတ္တာပေးရင် မေတ္တာပြန်ရတယ် မဟုတ်လား။

 အဲဒီလိုနဲ့ အဲဒီကုမ္ပဏီမှာ နှစ်နည်းနည်း လုပ်ပြီးတဲ့နောက် မောင်ဇိရဲ့ပညာရေးအတွက် တစ်ခြားနိုင်ငံတစ်ခုမှာ ‌ကျောင်းဆက်တက်ဖို့အလုပ်ထွက်လိုက်တယ်။

ထွက်စာတင်ထားတာကို တစ်ခန်းထဲအတူအလုပ်လုပ်တဲ့ရာဂျားကလွဲလို့ ဘယ်သူ့မှမပြောပဲ မထွက်ခင် နှစ်ရက်၊သုံးရက် အလိုကျမှ အားလုံးကိုပြောဖို့စီစဥ်ထားခဲ့တယ်။

အလုပ်မထွက်ခင်တစ်ရက်မှာ ဝယ်ထားတဲ့ချောကလက်တွေလက်ဆောင်ပေးဖို့ ရှောလူးရဲ့စားပွဲကိုသွားတော့ ရှောလူးကမရှိဘူး။ 

တစ်ခြားနိုင်ငံကကုမ္ပဏီတစ်ခုမှာ စက်သွားဆင်နေရလို့ တစ်ပတ်လောက်နေမှပြန်လာမယ်တဲ့။ သူ့စားပွဲပေါ်မှာပဲ ချောကလက်လေးတွေတင်ထားခဲ့ပြီး 

"ငါ အလုပ်ထွက်တာကိုသူ့ကိုမပြောသွားတာ ရှောလူးတော့ စိတ်ဆိုးရှာမှာပဲ" လို့တွေးပြီး စိတ်မကောင်းဖြစ်ရတယ်။

သူပြန်လာတဲ့အချိန်ကျရင် မောင်ဇိက အလုပ်မှာရှိတော့မှာမဟုတ်ဘူးလေ။

အဲဒီနောက် ရက်ပိုင်းအတွင်း မောင်ဇိမြန်မာပြည်ကိုပြန်ခဲ့လိုက်တယ်။ မောင်ဇိရဲ့ အစ်ကိုကြီးရှောလူးကိုတော့ မနှုတ်ဆက်ခဲ့လိုက်ရဘူး။

ဒီလိုနဲ့ သုံးနှစ်လောက်ကြာလို့ ကျောင်းပြီးတော့ အဲဒီနိုင်ငံလေးကိုပြန်ရောက်လာတဲ့အခါ မောင်ဇိနဲ့ ဒီပလိုမာတန်းတက်တုန်းက ခင်တဲ့မြန်မာတစ်ယောက်က အဲဒီကုမ္ပဏီမှာ အလုပ်ဝင်နေတာ မတော်တဆသိလိုက်ရတယ်။

ရှောလူးကို လှမ်းနှုတ်ဆက်ပြီး တစ်ခုခုကျွေးချင်တာနဲ့ ရှောလူးကိုသိသလားမေးလိုက်တယ်။

သိတယ်တဲ့။ အလုပ်ထွက်ပြီး တရုတ်ပြည်အပြီးပြန်သွားပြီတဲ့။

ဒီတစ်ခေါက်လဲ မနှုတ်ဆက်လိုက်ရပြန်ဘူး။

နောက်လဲ တစ်သက်လုံးထပ်တွေ့ဖြစ်မယ်မထင်ဘူး။

သွေးမတော်၊ သားမစပ်၊ လူမျိုးနဲ့ နိုင်ငံကွဲပေမယ့် မောင်ဇိပေါ်မှာညီအစ်ကိုလိုသဘောထားခဲ့တဲ့ ရှောလူးတစ်ယောက် တရုတ်ပြည်မှာ မိသားစုနဲ့အတူ ကျန်းမာပျော်ရွှင်ပြီး အောင်မြင်ပါစေလို့  ဆုတောင်းပေးရုံပဲ မောင်ဇိကတတ်နိုင်တော့တာပေ့ါ။

မောင်ဇိ ( သြဂုတ်လ ၇ရက်၊ ၂၀၂၀)




No comments:

Post a Comment