Tuesday, June 23, 2020

မောင်ဇိ၏ ဂရိဒဏ္ဍာရီ (၁၂) { ဟာမီးစ် - ၃}

သေခြင်းနဲ့ရှင်ခြင်းကြားကမ်းစပ်၊ ရှင်သန်သူတို့ရဲ့လူသားကမ္ဘာနဲ့ ကွယ်လွန်သူတို့ရဲ့ မြေအောက်ကမ္ဘာနယ်နိမိတ်ဖြစ်တဲ့ 'စတစ်မြစ်ကြီး' (River Styx) ဘေးမှာ လူတစ်ယောက်ရပ်နေတယ်။
နတ်ဘုရားတစ်ပါးဆိုရင်ပိုမှန်လိမ့်မယ်။
မှောင်မိုက်ခြင်းနဲ့ နေဝင်ရီတရောစပ်ကြားက ဒီဒေသမှာ ချောက်ခြားဖွယ်ရာအသံနဲ့ စီးဆင်းနေတဲ့ဒီမြစ်ကိုဖြတ်ပြီး ဟိုဘက်ကမ်းမှာရှိတဲ့ မြေအောက်ကမ္ဘာကိုသွားခဲ့ရင် ဘယ်သူမှပြန်လမ်းမရှိဘူးဆိုတာကို မြစ်ကမ်းဘေးမှာရပ်နေတဲ့ ပျိုမျစ်တဲ့အဆင်း၊ ကြည်လင်တဲ့မျက်နှာ၊ ရွှေရောင်တောင်ပံလေးတွေတစ်ဖျတ်ဖျတ်ခတ်နေတဲ့ ဖိနပ်တစ်ရံကိုစီးထားတဲ့ နတ်ဘုရားငယ်လဲ ကောင်းကောင်းသိတယ်။
မြစ်ဖက်ကိုမျက်နှာမူပြီးရပ်နေတဲ့ နတ်ဘုရားပျိုဆီကို ရေလယ်ခေါင်ကနေ ကူးတို့လှေတစ်စင်း တစ်ရွေ့ရွေ့နဲ့လှော်လာနေတယ်။
လှေပေါ်မှာတော့ အသက်အရွယ်အိုမင်းနေပုံပေါက်ပေမယ့် ကြံ့ခိုင်သန်စွမ်းပုံရတဲ့ လူတစ်ယောက်။
ဒါမှမဟုတ် နှာခေါင်းကောက်ကောက်၊ ခံစားချက်မဲ့တဲ့မျက်နှာသေနဲ့ မိစ္ဆာတစ်ကောင်။
သူ့ခေါင်းပေါ်မှာ ဦးထုပ်ချွန်တစ်ခုကိုဆောင်းထားပြီး ကိုယ်ပေါ်မှာ အနီရောင်ဝတ်ရုံကိုခြုံထားတယ်။
လက်တစ်ဖက် လှေထိုးဝါးကိုကိုင်ထားပြီး တစ်ခြားတစ်ဖက်ကတော့ အလေးချိန်စီးပုံရတဲ့ နှစ်ဖက်လှ တိုက်ခိုက်ရေး တူကြီးတစ်လက်ကိုကိုင်ထားတယ်။

လှေပေါ်ကလူကပဲ နတ်ဘုရားကိုလှမ်းပြီးနှုတ်ဆက်တယ်။

" နတ်ဘုရားတို့၏ အကြီးအမှူးဖြစ်သော ဇူးစ်နတ်ဘုရား၏သားတော် ဟားမီးစ်...
အဘယ်အကြောင်းကြောင့် မြေအောက်ကမ္ဘာ၏ အဝင်ဝသို့ တစ်ကိုယ်ထဲ ရောက်ရှိလာပါနည်း"

"မှောင်မိုက်ခြင်းနှင့် သန်းခေါင်ယံည တို့၏ သားဖြစ်သူ လှေသမားကြီး ခါရွန်။
 ကူးပို့စရာ ဝိညဥ်များရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သင့်အား 'စတစ်မြစ်'ထဲတွင် အမြဲပင်တွေ့ရပေသည်။ တာဝန်ကျေပြွန်လွန်းလှပေတကား"


"  သေသူတို့၏ ဝိညာဥ်များအား မြစ်ကိုဖြတ်ကူး၍ ရှင်သန်ခြင်းကမ္ဘာ၏ အခြားမဲ့သို့သွားရောက်ခိုလှူံနိုင်ရန်လမ်းပြပေးသူ ဟာမီးစ်...
သင့်နောက်တွင် သင်ဆောင်ယူနေကျ သေသူတို့၏ဝိညာဥ်များကိုလဲ မမြင်ရ။
တစ်ပြားမျှသော အသပြာကို မြစ်ကူးခအလို့ငှာပေးရန်မပါလာသောကြောင် ပူဆွး ငိုကြွေးကာ မြည်တမ်းလှည့်လည်နေရသော တွယ်ရာမဲ့ဝိညာဏ်များကိုလဲ မတွေ့။
အဘယ်အကြောင်းကများ နတ်ဘုရားတို့၏ တမန်တော်ကို မြေအောက်ကမ္ဘာသို့ တစ်ဦးထဲ ခရီးလှည့်လည်စေသည်ကို သိလိုလှပါသည်"

" လူသားတို့၏ ကမ္ဘာကြီးကား ပျက်စီးကိန်းကြုံလေပြီ။
နတ်ဘုရားတို့၏ တိုင်တည်သစ္စာတည်ရာဖြစ်သော ဤ 'စတစ်မြစ်' ကိုဖြတ်ကူးနေစဥ်အတွင်း ဖြစ်စဥ်ကို သင့်အား ကျွန်ုပ်ပြောပြအံ့။
စတစ်မြစ်၏တစ်ဖက်ကမ်း မြေအောက်ကမ္ဘာ၏ နှလုံးသည်းပွတ်ဖြစ်သော မဟူရာကျောက်နက်တို့တစ်ဖိတ်ဖိတ်တောက်နေသည့် ဟေးဒီးစ်၏ နန်းတော်ရှိရာသို့ လမ်းသို့ ကျွန်ုပ်အား အလျင်အမြန်ပို့ဆောင်ပေးပါလေ"

ဘယ်ကလာမှန်းမသိတဲ့ အေးစက်စက်လေတွေတိုက်နေတဲ့  အမှောင်ထုအောက် မြစ်ပြင်ပေါ်က လှေလှော်သံတစ်ကျွိကျွိကြားမှာ ဟာမီးစ်က ဇာတ်လမ်းကို ပြန်ပြောတယ်။

" တစ်နေ့သောအခါ၌ လူသားတို့၏ ကောက်ပဲသီးနှံတို့ကိုဖြစ်ထွန်းအောင်မြင်စေရန်စောင့်ရှောက်ရသော နတ်ဘုရားမ ဒမ်မီတာ၏ နုနယ်ချောမောသော သမီးပျိုဖြစ်သည့် ပါဆီဖိုနီသည် အဖော်အပေါင်းအချို့နှင့်အတူ တောင်ကြားလွင်ပြင်ရှိ မြက်ခင်းပေါ်၌ အလေ့ကျပေါက်နေကြသော လှပသည့် ပန်းများကိုခူးဆွတ်ဆော့ကစားနေကြလေသည်"

"ရင်သပ်ရှုမောဖွယ်ရာ လှပတင့်တယ်သောအဆင်းရှိသည့် ခေါင်းလောင်းပန်းဝါလေးများကို ကြည့်ရှုငေးမောနေဆဲတွင် မိန်းမငယ်ပါဆီဖိုနီ၏ ခြေအစုံအနီးမှမြေလွှာသည် နှစ်ခြမ်းကွဲသွားပြီး မြင်းနက်ကြီးများ က သည့် ယာဥ်ရထားတစ်စင်း မြေအောက်မှ တိုးထွက်လာပေသည်"
" မှင်တက်နေဆဲ ပါဆီဖိုနီအား ရထားကိုမောင်းနှင့လာသည့် မြေအောက်ကမ္ဘာ၏အရှင်သခင်ဟေးဒီးစ်မှ အတင်းအဓမ္မဆောင်ယူကာ လာရာလမ်းအတိုင်း မြေအောက်သို့ဝင်ရောက်ပျောက်ကွယ်သွားလေသည်"

အဖော်အပေါင်းဖြစ်သော လုံမပျိုတစ်သိုက်မှာ မလှမ်းမကမ်းတွင် ပန်းပွင့်များခူးဆွတ်နေကြသော်လည်း လျှင်မြန်လွန်းလှသည့် ၎င်းအဖြစ်အပျက်ကို မြင်တွေ့လိုက်သူ မည်သူမျှမရှိချေ"

(ဆက်ရန်)
မောင်ဇိ (ဇွန် ၂၂၊ ၂၀၂၀)
ကိုးကား။
https://www.britannica.com/topic/Charon-Greek-mythology
https://www.theoi.com/Khthonios/Kharon.html
https://greekmythology.wikia.org/wiki/River_Styx
https://www.greekmythology.com/Other_Gods/Persephone/persephone.html
https://www.greeklegendsandmyths.com/charon.html
https://riordan.fandom.com/wiki/Hades%27_Palace
https://www.ohofeed.com/love-story-hades-and-persephone-greek-mythology/

No comments:

Post a Comment