(လူ့ဘီလူးကြီး ဖင်းမက်ကူးလ်နဲ့ အိုင်ယာလန်နိုင်ငံ)
အင်္ဂလန်ဘက်ကလူ့ဘီလူးတစ်ယောက်ကို လှမ်းမြင်လိုက်ရတဲ့ခဏမှာ
“ငါ့ပြိုင်ဘက်တစ်ယောက်တော့တွေ့ပြီဟ” လို့တွေးမိတဲ့ အိုင်ယာလန်ကျွန်းပေါ်ကလူ့ဘီလူးကြီး ဖင်းမက်ကူးလ်၊ ဒေါသတကြီးနဲ့ မြေကြီးခဲတစ်ဆုပ်ကိုတူး၊ သူ့ကိုမခန့်လေးစားလုပ်တယ်လို့သူယူဆတဲ့ လူ့ဘီလူးကိုချိန်ရွယ်လို့၊ အိုင်းရစ်ရှ်ပင်လယ်ရဲ့တစ်ဖက်မှာရှိတဲ့ အင်္ဂလန်မြေပေါ်ကိုအားရပါးရလွှဲပစ်လိုက်သတဲ့။ အားကုန်ပစ်လိုက်ပေမယ့် သူ့မြေကြီးခဲကြီးက အင်္ဂလန်ထိမရောက်ပဲ လမ်းခုလတ်အိုင်းရစ်ရှ်ပင်လယ်ထဲကိုပဲကျသွားတယ်တဲ့။ အဲဒီမြေကြီးခဲက ဘယ်လောက်တောင်ကြီးလဲဆို ကျွန်းငယ်လေးတစ်ကျွန်းတောင်ဖြစ်သွားတယ်ဆိုပဲ။ အဲဒီကျွန်းကို Isle of Man လို့ ဒီနေ့ခေတ်မှာခေါ်ကြတယ်။ အင်္ဂလန်နဲ့ အိုင်ယာလန်ရဲ့အလယ်မှာရှိတယ်။ လူ့ဘီလူးကြီး ဖင်းမက်ကူးလ် မြေကြီးတူးလိုက်လို့ ချိုင့်ကြီးဖြစ်သွားတဲ့နေရာကတော့ အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နဲ့ အိုင်ယာလန်လေးနိုင်ငံလုံးမှာ အကြီးဆုံးရေအိုင်ကြီးဖြစ်တဲ့ လော့ဂ်နီး ( Lough Neagh ) ရေအိုင်ကြီးဖြစ်လာတယ်လို့ အိုင်းရစ်ရှ်လူမျိုးတွေယုံကြည်ခဲ့ကြသတဲ့။ အဲဒါကတော့ အိုင်းရစ်ရှ်လူမျိုးတွေ အစဉ်အဆက်ပြောလာခဲ့တဲ့ ဒဏ္ဍာရီပဲဖြစ်ပါတယ်။
ကြည်လင်ပီသတဲ့ အင်္ဂလိပ်စကား၊ ချိုမြတဲ့အပြုံးလေးတစ်ခုနဲ့အတူ အိုင်ယာလန် ဒဏ္ဍာရီတစ်ခုအကြောင်းကို ရှင်းပြပြီးသွားတဲ့နောက်မှာ ကျွန်တော်တို့ရဲ့ ဧည့်လမ်းညွှန်မလေး အိုင်ယာလန်သူ ဆာရာက ကားလမ်းဘေးမှာ လှမ်းမြင်နေရတဲ့ လော့ဂ်နီးရေအိုင်ကြီးကို လက်ညှိုးညွှန်ပြပါတယ်။ စိန်းလန်းတဲ့မြက်ခင်းတွေရဲ့နောက်၊ ပြာလဲ့ပြီး ကြည်လင်နေတဲ့ကောင်းကင်ကြီးအောက်မှာ အစိမ်းရောင်သမ်းနေတဲ့ အဆုံးမမြင်ရတဲ့ရေပြင်ကျယ်ကြီးကို တပြန့်တပြူ းလှလှပပကြီးတွေ့ရပါတယ်။ အိုင်ယာလန်မြောက်ပိုင်းရဲ့မြို့တော် ဘဲလ်ဖတ်စ်( Belfast ) မြို့ကနေ ထွက်လာပြီး နာရီအနည်းငယ်အကြာ၊ ရေကန်ကြီးကိုရောက်တဲ့အချိန်မှာ ဆာရာကရှင်းပြတာပါ။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က အိုင်ယာလန်ကျွန်းရဲ့မြောက်ပိုင်းအစွန်ဆုံးမှာရှိတဲ့ Giant’s Causeway ကိုသွားဖို့ပါ။ Giant’s Causway ဆိုတာက လူ့ဘီလူးကြီးရဲ့ကျောက်တန်းလမ်းမကြီး လို့မြန်မာလိုအနီးစပ်ဆုံးပြန်လို့ရမယ်ထင်ပါတယ်။ ထူးဆန်းတာက အဲဒီကမ်းခြေတစ်ဝိုက်က ကျောက်တုံးတွေက ဆဌဂံပုံစံမျိုး ထောင့်ခြောက်ထောင့်ရှိနေတာပါ။ တစ်တုံးနှစ်တုံးမဟုတ်ပါဘူး။ ထောင်နဲ့၊ သောင်းနဲ့ချီတဲ့ကျောက်တုံးတွေအားလုံးဟာ လူလုပ်ထားသလိုမျိုးခြောက်ထောင့်ပုံမျိုးတွေ ညီညီညာညာ ဖြစ်နေပြီး တစ်ခုနဲ့တစ်ခု အဆင့်ဆင့်ထပ်လို့ တောင်ကုန်းငယ်လေးတွေ၊ ကျောက်တန်းငယ်လေးတွေအဖြစ်ကမ်းခြေတစ်လျှောက်မှာပြန့်ကျဲနေတာပါ။
Giant’s Causeway ကိုသွားရာလမ်းတစ်လျှောက်မှာ အိုင်ယာလန်ကျွန်းရဲ့ လှပစိမ်းစိုတဲ့ လွင်ပြင်တွေ၊ တောင်ကုန်းတွေ၊ သစ်တောအုပ်လေးတွေ၊ နွား၊မြင်း၊သိုး မွေးမြူရေးခြံတွေ၊ ပင်လယ်ကမ်းပါးတွေနဲ့ ယိုယွင်းပြိုကျနေတဲ့ ရဲတိုက်ဟောင်းတွေ၊ ဆေးဖြူသုတ်တိုက်အိမ်ငယ်လေးတွေနဲ့ဖွဲ့စည်းထားတဲ့ ရွာငယ်၊မြို့ငယ်လေးတွေကို တမေ့တမော မျှော်ကြည့်ခွင့်ရတယ်။ အိုင်ယာလန်မြောက်ပိုင်းဒေသမှာ မြေပြန့်နဲ့ တောင်ကုန်းငယ်လေးတွေ၊ ချိုင့်ဝှမ်းလေးတွေအများစုရှိတာကိုတွေ့ရတယ်။ သင်္ဘောကျင်းလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးနဲ့ အရက်ချက်လုပ်ငန်းကို အဓိကလုပ်ကြတယ်။ ရုပ်ရှင်အဖြစ်ပါအောင်မြင်ခဲ့တဲ့ နာမည်ကျော် တိုင်တန်းနစ် သင်္ဘောကြီးဆိုတာ မြောက်ပိုင်းအိုင်ယာလန်မြို့တော် ဘဲလ်ဖတ်စ်မြို့က သင်္ဘောကျင်းမှာဆောက်သွားတာပေါ့။ အဲဒီခေတ်၊ အဲဒီအချိန်က အကောင်းဆုံးဆိုတဲ့ဗြိတိသျှတို့ရဲ့သင်္ဘောကျင်းမှာ အမေရိကန်ုပိုက်ဆံတွေနဲ့ဆောက်သွားတာပါ။ ကမ်းစပ်တစ်လျှောက်က တံငါရွာလေးတွေမှာအရင်ကငါးဖမ်းကြပေမယ့် ယူနိုက်တက်ကင်းဒမ်းက ဥရောပသမဂ္ဂ (EU) ကိုဝင်ပြီးတဲ့နောက်မှာ အကန့်အသတ်နဲ့သာဖမ်းခွင့်ရတော့လို့ ရွာကလုပ်ငန်းတွေဟာ ခရီးသွားလုပ်ငန်းနဲ့ တစ်ခြားလုပ်ငန်းတွေအဖြစ် အသွင်ပြောင်းဖွံ့ဖြိုးလာကြတယ်။ အကြောင်းသင့်လို့ပြောရရင် ယူနိုက်တက်ကင်းဒမ်း (UK) ဆိုတာက အိုင်ယာလန်မြောက်ပိုင်း၊ စကော့တလန်၊ ဝေးလ် နဲ့ အင်္ဂလန်လေးနိုင်ငံပေါင်းကိုစုပေါင်းခေါ်တာပါ။ UK ရဲ့အရှည်ကတော့ United Kingdom of Great Britain and Northern Ireland ပါ။ ဂရိတ်ဗြိတိန် (Great Britain ) ဆိုတာကတော့ အိုင်ယာလန်ကျွန်းနဲ့တစ်ခြားကျွန်းငယ်လေးတွေမပါပဲ စကော့တလန်၊ ဝေးလ်နဲ့ အင်္ဂလန်တို့ပဲပါတဲ့ ကျွန်းမကြီးကိုခေါ်ဝေါ်တာပါ။ အင်္ဂလန်ဆိုတာက ဂရိတ်ဗြိတိန်ရဲ့တောင်ပိုင်းမှာရှိတဲ့ အင်္ဂလန်နိုင်ငံပါ။ ဒါပေမယ့် အင်္ဂလန်ဆိုတာနဲ့ အများစုက ယူကေကိုပြေးမြင်တတ်ကြပါတယ်။ သေသေချာချာပြောမယ်ဆိုရင်တော့ အင်္ဂလန်ကယူကေဖြစ်ပေမယ့်၊ ယူကေဆိုတာကတော့ အင်္ဂလန်တစ်ခုထဲကိုမရည်ညွှန်းပဲ စကော့တလန်၊ ဝေးလ်နဲ့ မြောက်ပိုင်းအိုင်ယာလန်တို့ကိုပါရည်ညွှန်းပါတယ်။
ကမ္ဘာကျော် တီဗီဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ Game of Thrones ထဲက ဇာတ်ဝင်ခန်းတစ်ချို့ကို အိုင်ယာလန်မြောက်ပိုင်းမှာရိုက်ကူးခဲ့လို့ အဲဒီနေရာတွေကိုလဲ လည်ပတ်ခွင့်ရခဲ့ပါတယ်။ House Stark က တတိယသမီး Arya Stark၊ မြို့တော်ကနေ မြောက်ပိုင်းကိုထွက်ပြေးရာမှာသုံးခဲ့တဲ့ kings road အဖြစ်မြောက်ပိုင်းအိုင်ယာလန်က နှစ်ပေါင်း ၃၀၀ ကျော်သက်တမ်းရှိတဲ့ သစ်ပင်တွေရှိတဲ့လမ်း ( Dark Hedges ) ကိုသုံးခဲ့တယ်။ ပြီးတော့ House Barahtheon က Renly စစ်ချီတက်တဲ့အခါ စခန်းချခဲ့တဲ့ကမ်းစပ်ဘေးကနေရာတွေ၊ Stennis Baratheon လူတွေကိုမီးရှို့တဲ့အခန်းရိုက်တဲ့ကမ်းခြေတွေ၊ Theon Greyjoy သူ့ရဲ့မွေးရပ်မြေ Iron Island က Pyke ကိုပြန်ရာမှာမြင်ရတဲ့ဆိပ်ကမ်းတွေ၊ Renly ကိုသတ်ဖို့အတွက် Red woman လို့သိကြတဲ့ Lady Melisandre ကနေ မကောင်းဆိုးဝါးလူသတ်သမားကိုမွေးခဲ့တဲ့ ကျောက်ဂူ၊ Dothraki မြင်းတပ်ကြီးရဲ့မြက်ခင်းလွင်ပြင်တွေ စသည်ဖြင့် ဇာတ်ဝင်ခန်းတော်တော်များများကို အိုင်ယာလန်မှာရိုက်ခဲ့လို့ အဲဒီနေရာတွေကလဲ ကမ္ဘာလှည့်ခရီးသွားဆွဲဆောင်စရာနေရာတွေဖြစ်လာပြီး တော်တော်များများကို မြင်တွေ့ခွင့်၊ ဓါတ်ပုံရိုက်ခွင့်တွေရခဲ့တယ်။
ကျွန်းရဲ့မြောက်ပိုင်းစွန်းကိုရောက်လာပြီး Giant’s causeway နဲ့နီးလာတဲ့အခါမှာတော့ ဆာရာက လူ့ဘီလူးကြီးရဲ့ကျောက်တန်းလမ်းမကြီး ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတဲ့ ပုံပြင်ကိုပြောပြပါတယ်။
တစ်နေ့မှာတဲ့၊ လူ့ဘီလူးကြီး ဖင်းမက်ကူးလ် ကျွန်းပေါ်မှာလှည့်ပတ်သွားနေတုံး စကော့တလန်ဘက်အခြမ်းမှာ လူ့ဘီလူးနောက်တစ်ယောက်ကို လှမ်းတွေ့ပြန်ရောတဲ့။ ထုံးစံအတိုင်း ဆော်ချင်၊ နှက်ချင်စိတ်တွေပေါ်လာပြီး စကော့တလန်ကလူ့ဘီလူးဆီကိုသွားဖို့အတွက် ကမ်းခြေကနေ ရေထဲထိကျောက်တုံးတွေစီပြီး ကျောက်တန်းလမ်းမကြီးတစ်ခုလုပ်သတဲ့။ ပြီးတော့မှအဲဒီ ကျောက်တန်းလမ်းမကြီးကိုနင်းလို့ စကော့တလန်ဘက်ကိုကူးသွားတဲ့အခါမှာ အိပ်ပျော်နေတဲ့လူ့ဘီလူးကြီးကိုတွေ့ပါသတဲ့။ အနီးကပ်ကြည့်မှ ဟိုက သူ့ထက်အဆအများကြီးအကောင်ကြီးနေတာကိုတွေ့တော့ ဖင်းမက်ကူးလ်တစ်ယောက် ကြောက်အားလန့်အားနဲ့ အိုင်ယာလန်ကိုပြန်ပြေးလာပါတယ်တဲ့။ ပြီးတော့ သူ့မိန်းမကို အားကိုးတကြီးပြောပြတိုင်ပင်တယ်ဆိုပါတော့။ သူ့မိန်းမကလဲ ဘာမှမပူဖို့ပြောပြီး ဖင်းမက်ကူးကိုအနှီးနဲ့ပတ်လို့ ပုခက်ထဲမှာထည့်ထားလိုက်သတဲ့။ အဲဒီအချိန်မှာ စကော့တလန်လူ့ဘီလူးကြီးနိုးလာလို့ ကျောက်တန်းလမ်းမကြီးကိုမြင်၊ သဘောပေါက်သွားပြီး သူ့ပြိုင်ဘက်ကို တိုက်ခိုက်ဖို့အိုင်ယာလန်ကိုကူးလာခဲ့ပါတယ်တဲ့။ ဖင်းမက်ကူးလ်ရဲ့ မိန်းမကိုတွေ့တဲ့အခါ ဒီကျွန်းကလူ့ဘီလူးကြီးဘယ်သွားသလဲလို့မေးတာပေါ့။ မက်ကူးလ်ကတော် ကလဲ သူ့ယောက်ျားကျွန်းကိုပတ်ပြီးလမ်းလျှောက်နေတာမကြာခင်ပြန်လာတော့မယ့်အကြောင်း၊ ခဏစောင့်ဖို့အကြောင်းပြောတာပေါ့လေ။ စောင့်နေတုံး ကွတ်ကီးမုန့်လေးတွေစားပါဦးဆိုပြီး ကျောက်တုံးတွေနဲ့ဖုတ်ထားတဲ့ကွတ်ကီးအတုတွေကျွေးသတဲ့။ ကျောက်တုံးကို ကွတ်ကီးမုန့်အမှတ်နဲ့အားရပါးရကိုက်မိတဲ့ စကော့တလန်လူ့ဘီလူးလဲ သွားနာသွားတာပေါ့။ မက်ကူးလ်ကတော်ကလဲ စကော့တလန်လူ့ဘီလူးကိုဒီလောက်တောင်ပျော့ညံ့ရသလားလို့ပြောပြီး ပုခက်ထဲကကလေးကို ကွတ်ကီးကျွေးပြသတဲ့။ ဒီကွတ်ကီးကတော့ တကယ့်ကွတ်ကီးအစစ်ဖြစ်လို့ ပုခက်ထဲကဖင်းမက်ကူးလ်ကအေးအေးဆေးဆေးစားဝါးပစ်လိုက်တာပေ့ါ။ စိတ်ဝင်စားသွားတဲ့ စကော့တလန်လူ့ဘီလူးကို မက်ကူးလ်ကတော်က ကလေးရဲ့သွားတွေဘယ်လောက်သန်မာလဲဆိုတာ စမ်းသပ်ကြည့်ပါလားလို့ပြောသတဲ့။ အဟုတ်မှတ်ပြီး ကလေးပါးစပ်ထဲ လက်ထိုးထည့်လိုက်တဲ့ စကော့တလန်ဘီလူးရဲ့လက်ကို ဖင်းမက်ကူးလ်က အားရပါးရကိုက်ထည့်ပေးလိုက်လို့ အတော်နာသွားသတဲ့။ စပ်စုချင်စိတ်နဲ့ကလေးကို သေချာကြည့်လိုက်တဲ့အခါ နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိတ်မွေးတွေ၊ ရင်ဘတ်မွှေးတွေနဲ့ အင်မတန်သန်မာတဲ့ ဖင်းမက်ကူးလ်ကြီးကိုတွေ့ရတာပေါ့။ ဒီမှာတင် စကော့တလန် လူ့ဘီလူးလဲ ဒီကလေးတောင် ဒီလောက်သန်မာကြမ်းတမ်းနေရင်၊ သူ့အဖေနဲ့ချရမယ်ဆိုရင်တော့မဖြစ်ချေဘူး၊ အမြန်ပြေးမှပဲဆိုပြီး ဘာမှမပြောတော့ပဲထွက်ပြေးသတဲ့။ ပြီးတော့လဲ သူ့နောက်ကို ဘယ်သူမှမလိုက်လာနိုင်အောင် ကျောက်တံတားကြီးကိုလဲ ချိုးပစ်ခဲ့သတဲ့။ ဒါနဲ့ပဲ အိုင်ယာလန်ကမ်းခြေမှာ Giant’s causeway ဆိုတဲ့ကျောက်တုံးတွေ ဖြစ်လာပါတယ် လို့ ဆာရာက ပုံပြင်လေးကိုနိဂုံးချုပ်လိုက်ပါတယ်။
အဲဒီနောက်တော့ သိပ္ပံပညာရှင်တွေယူဆထားတဲ့ လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက မီးတောင်ပေါက်ကွဲမှုကြောင့်ထွက်လာတဲ့ကျောက်တုံး၊ ကျောက်ခဲတွေဟာ အင်မတန်တိကျတဲ့ ပတ်ဝန်းကျင်အခြေအနေတစ်ခု၊ အပူချိန်တစ်ခုမှာကြာရှည်တည်ရှိလိုက်တဲ့အခါ ဒီလိုမျိုး ခြောက်ထောင့်ပုံကျောက်တုံးပုံဆောင်ခဲတွေဖြစ်လာတယ်ဆိုတဲ့ သီအိုရီကိုလဲရှင်းပြပါတယ်။ ပြီးတော့ သူပြောတဲ့ပုံပြင်နဲ့ သိပ္ပံပညာရှင်တွေယူဆတဲ့အယူအဆဘယ်ဟာဖြစ်နိုင်လဲလို့လဲမေးပါသေးတယ်။ ကျွန်တော်တို့အားလုံး တစ်ညီတစ်ညွတ်နဲ့ ဆာရာပြောတဲ့ပုံပြင်သာအမှန်ဖြစ်နိုင်ကြောင်း၊ သိပ္ပံပညာရှင်ဆိုတဲ့ငနဲတွေဟာ ထင်ရာလျှောက်ပြောတတ်တဲ့သူတွေဖြစ်ကြောင်း ဝိုင်းထောက်ခံကြပါတယ်။ ဆာရာလဲ “ဒါပေါ့၊ ဒီလိုပဲဖြစ်ရမှာပေါ့” ဆိုပြီး ကျေနပ်သွားပါတယ်။
အိုင်ယာလန်လူမျိုးတွေဟာ အိုင်းရစ်ရှ်ဘာသာစကားနဲ့ အင်္ဂလိပ်ဘာသာစကားကို အဓိကပြောကြပြီး၊ သူတို့ အင်္ဂလိပ်စကားပြောတဲ့အခါအင်မတန်ဝဲပြီး နားလည်ရခက်ပါတယ်။ ဆာရာက အင်္ဂလိပ်စကားကို တော်တော်ပီပီသသပြောပေမယ့် အင်္ဂလိပ်အက္ခရာ တီ (T) နဲ့ဆုံးတဲ့စာလုံးတွေကို SH သံထွက်တာကိုသတိထားမိပါတယ်။ ဥပမာ… a lot of ဆိုတာကို a losh of ဆိုတာမျိုးပါ။ ပြီးတော့ ဘတ်စ် (ဘတ်စ်ကား)ကိုလဲ ဘွတ်ရှ် လို့ထွက်ပါသေးတယ်။ ဒါပေမယ့် သူပြောတဲ့အင်္ဂလိပ်စကားက အရမ်းကောင်းပြီး ရှင်းလင်းပြတ်သားလွန်းလို့ နားလည်လွယ်ပါတယ်။
အိုင်ယာလန်လူမျိုးတွေဟာ ဖော်ရွေကြပြီး သဘောကောင်းပါတယ်။ အသားအရည်ဖြူပြီး အင်္ဂလိပ်လူမျိုးတွေနဲ့ဆင်ပါတယ်။ အရပ်အမောင်းကောင်းကြပြီး အာရှတိုက်သားကိုယ်လုံးကိုယ်ထည်လောက်ပဲရှိတဲ့သူတွေလဲရှိကြပါတယ်။ ညနေပိုင်းတွေမှာ ဘားတွေ၊ ပက်တွေမှာစုဆုံလေ့ရှိကြပြီး ပျော်ရွှင်တတ်ကြပါတယ်။ သူတို့ဘောလုံးအသင်းကိုလဲ ဝတ်စုံတူတွေဝတ်၊ သံပြိုင်သီချင်းတွေဆိုရင်း အကြီးအကျယ်အားပေးတတ်ကြပါသေးတယ်။
စိမ်းစိုလှပတဲ့ရှုခင်းတွေကိုကြည့်ပြီး လတ်ဆတ်တဲ့ပင်လယ်လေကိုရှုရှိုက်ရင်း အိုင်ယာလန်ကျွန်းရဲ့မြောက်ပိုင်းတစ်လျှောက်မှာသွားခဲ့တဲ့ ကြည်လင်သာယာတဲ့ အဲဒီခရီးစဉ်လေးကတော့ မမေ့နိုင်စရာပါပဲ။ ခရီးစဉ်တစ်ခုလုံးမှာ အမှတ်ရစရာအကောင်းဆုံးအရာတစ်ခုကိုပြောပါဆိုရင်တော့ အိုင်ယာလန်သူ ဆာရာလေး လို့ပဲပြောရပါတော့မယ် ခင်ဗျာ ငိငိငိ။
မောင်ဇိ

No comments:
Post a Comment