မြေအောက်ကမ္ဘာရဲ့ အမှောင်ထုအောက်က အေးစိမ့်စိမ့်လေတွေကြားမှာ စီးဆင်းနေတဲ့ စတစ်မြစ် (River Styx)။
မီးအိမ်မှုန်ပြပြလေးကိုချိတ်ထားတဲ့ လှေငယ်လေးကို စတစ်မြစ်ပေါ်မှာ တစ်အိအိလှော်ခတ်နေတဲ့ မြေအောက်ကမ္ဘာရဲ့ ကူးတို့သမားကြီး ခါရွန် (Charon)။
ခါရွန်ကို ဇာတ်လမ်းတစ်ခုပြန်ပြောပြနေတဲ့ လှေပေါ်ကတမန်တော်နတ်ဘုရားဟာမီးစ် (Hermes)။
နတ်ဘုရားမ ဒမီတာ (Goddess Demeter)
***********************************
" တစ်ဦးတည်းသော သမီးလေး ပါဆီဖိုနီ ပျောက်သွားသည့်အခါ နတ်ဘုရားမ ဒမီတာသည် ကမ္ဘာမြေအနှံ့အပြားတွင် သမီးတော်လေးကိုလိုက်လံရှာဖွေလေသည်။ သို့ရာတွင် ခြေကုန်လက်ပမ်းကျသည့်တိုင်အောင် ပါဆီဖိုနီ၏အရိပ်အယောင်ကိုမတွေ့ရပေ။"
"အရှင်ဟေးဒီးစ်၏ မြေအောက်ကမ္ဘာသို့ရောက်ရှိသွားသူကို ကမ္ဘာမြေပြင်ပေါ်တွင်ရှာဖွေ၍ မည်သို့တွေ့နိုင်မည်နည်း"
အက်ကွဲတဲ့ အသံနဲ့ လှေသမား ခါရွန်ကမှတ်ချက်ချတယ်။
" မှန်ပေသည် ခါရွန်...ထို့ကြောင့် ဒမီတာမှာ ခင်ပွန်းဖြစ်သူ ဇူးစ်နတ်ဘုရားအား သမီးဖြစ်သူ၏ တည်နေရာကိုမေးမြန်းသော်လည်း ဇူးစ်နတ်ဘုရားမှပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ"
" အိုလံပစ်တောင်တော်၏အရှင်သခင် ဇူးစ် သည် အစ်ကိုဖြစ်သူမြေအောက်ကမ္ဘာ၏အရှင်သခင် ဟေးဒီးစ်နှင့် အချင်းများလိုပုံမရပေ။ ထို့ကြောင့်သာပင် မိဖုရားတစ်ပါးဖြစ်သူ ဒမီတာ၏အမေးကို ခပ်မဆိပ်နေခြင်းဖြင့် တုန့်ပြန်ခဲ့ခြင်းဖြစ်လိမ့်မည်"
နှစ်ပေါင်းအသင်္ချေတိုင်အောင်အသက်ရှည်ပြီး နတ်ဘုရားတွေရဲ့ အတက်အကျတွေအများကြီးကိုမြင်ခဲ့ရတဲ့ ခိုင်ရွန်က သူ့အတွေ့အကြုံကနေ အတွေးအမြင်ထုတ်တယ်။
"မြေအောက်ကမ္ဘာတွင် ပါဆီဖိုနီရှိနေကြောင်းကို ဒမီတာသည် မည်သို့မည်ပုံ သိရှိသွားသနည်း"
ခိုင်ရွန်က တစ်ဆက်ထဲ ဟားမီးစ်ကိုမေးလိုက်တယ်။
" နေမင်းကြီးကို အရှေ့အရပ်မှ အနောက်အရပ်သို့နေစဥ်မောင်းနှင်သွားလေ့ရှိသော နတ်ဘုရား ဟီးလိရို့စ် ပင်ဖြစ်သည်။ နေကိုဆွဲလာသော သူ၏ရွှေရောင်မြင်းရထားပေါ်မှ မြေပြင်ပေါ်ရှိအဖြစ်အပျက်များကို အစ၊အဆုံး မြင်တွေ့လိုက်သဖြင့် သားပျောက်မိခင် ဒမီတာကိုဂရုဏာဖြင့် သတင်းပေးလိုက်ခြင်းဖြစ်သည်"
"ဒမီတာသည်နတ်ဘုရားမဖြစ်သော်လည်း မြေအောက်ကမ္ဘာသို့ လာရောက်ခွင့်မရှိပေ။ မည်သို့ပြုမည်နည်း"
"သင်ပြောသည့်အချက်မှာ မှန်ကန်ပေသည် အသင်ခိုင်ရွန်...
သမီးဖြစ်သူကိုပြန်မရနိုင်သောကြောင့် သမီးအပေါ်သံယောဇဥ်ကြီးမားလှသော ကောက်ပဲသီးနှံရိတ်သိမ်းမှုနှင့် မြေဆီလွှာကြွယ်ဝမှုကိုစောင့်ရှောက်သည့် နတ်ဘုရားမ ဒမီတာသည်ရင်ကွဲနာကျလေသည်။
သူ၏ဆောင်ရွက်မြဲဖြစ်သော နတ်ဘုရားတာဝန်များကို မထမ်းဆောင်တော့သောကြောင့် လူသားတို့၏ စိုက်ပျိုးထားသောကောက်ပဲသီးနှံများ ခြောက်သွေ့ညှိုးလျော်ကာ ပျက်စီးကြသည်။
မြေဆီလွှာများခန်းခြောက်ကာ စားပင်၊ သီးပင်များ သေဆုံးကုန်ကြ၏။
ရာသီဥတုမှာလဲ အေးခဲလာပြီးလျှင် အအေးဒဏ်နှင့် အငတ်ဘေးတို့ကြောင့် သတ္တဝါအများ သေကြေဆုံးပါးကြလေသည်"
ခိုင်ရွန်က ဟာမီးစ်ရဲ့စကားကို တိတ်တိတ်ဆိတ်ဆိတ်ပဲ နားထောင်ရင်းလှေကို ကမ်းနဲ့နီးရာကိုလှော်ခတ်လာလိုက်တယ်။
တိတ်ဆိတ်ပြီး ခြောက်သွေ့မှောင်မိုက်တဲ့ ဟေးဒီးစ်ရဲ့နန်းတော်ရှိရာကို လှမ်းကြည့်လိုက်ရင်း ဟာမီးစ်က
" ဤ အခြေအနေအတိုင်းသာဆက်ရှိနေပါက မကြာမီပင် လူသားမျိုးနွယ်သာမက မြေပေါ်ကမ္ဘာရှိသက်ရှိသတ္တဝါအားလုံးတို့မှာ မျိုးတုံးဖို့ရန်သာရှိပေသည်။
လူသားကမ္ဘာပျက်စီးပါက နတ်ဘုရားများကို ကိုးကွယ်ဆည်းကပ်မည့်သူများလဲ ရှိတော့မည်မဟုတ်။
နတ်ဘုရားများသည်လဲ အကျိုးသက်ရောက်မှုကိုခံစားရပေမည်။
ထိုအကြောင်းကြောင့် လူသားများ၏ကမ္ဘာလောကကြီးပျက်စီးကာ နတ်ဘုရားတို့၏သြဇာအာဏာများလျှောကျပျက်စီးမည့်အဖြစ်ဆိုးကြီး၏ ဘေးရန်မှ ကာကွယ်တားဆီးရန် ဇူးစ်နတ်ဘုရားမင်းမှ ကျွန်ုပ်အား မြေအောက်ကမ္ဘာသို့ စေလွှတ်လိုက်ခြင်းပင် ဖြစ်သည်"
လို့ သူ့စကားကို အဆုံးသတ်လိုက်တယ်။
ပြီးတော့ လှေပေါ်ကဆင်းလို့ ဟေးဒီးစ်ရဲ့ ခမ်းနားလှတဲ့ နန်းတော်နက်ကြီးရှိရာကိုဆက်လက်ထွက်ခွာသွားတော့တယ်။
ဟေးဒီးစ်ရဲ့နန်းတော် ( Palace of Hades)
**********************************
ဟေးဒီးစ်ရဲ့ နန်းတော်ကို အိုလံပစ်တောင်က ဇူးစ်ရဲ့နန်းတော်ပုံစံအတိုင်း မြင့်မြင့်မားမားဆောက်ထားတယ်။
မတူတာက နန်းတော်ရဲ့အရောင်အဆင်း။
တစ်ဖိတ်ဖိတ်တောက်နေတဲ့ မဟူရာကျောက်သားတွေနဲ့ တည်ဆောက်ထားလို့ နန်းတော်ကြီးတစ်ခုလုံးဟာ အနက်ရောင်သန်းနေပြီး တစ်ချို့နေရာတွေဆို အမှောင်ထုအောက်က မြူခိုးတွေနဲ့ကွယ်နေလို့ သာမန်လူသားတွေအတွက်ကတော့ ကျောချမ်းစရာ နေရာတစ်ခုပဲ။
ဆဲဘရပ်စ် (Cerberus)
*****************
ပိုပြီးနှလုံးသွေးပျက်စရာကတော့ မြေအောက်ကမ္ဘာကို အပြင်လူတွေမဝင်နိုင်အောင်နဲ့ ရောက်ပြီးသားသူတွေပြန်မထွက်သွားနိုင်အောင် စောင့်ကြပ်နေတဲ့ ကြမ်းကြုတ်ထွားကြိုင်းလှတဲ့ ခေါင်းသုံးလုံးနဲ့ခွေးကြီး ဆဲဘရပ်စ် ( Cerberus ) ရဲ့ စောင့်ကြပ်ကြည့်ရှုနေမှုပါ။
တစ်ချိန်မှာ နတ်မြင်းပျံပဲဂဆပ်ကိုစီးတဲ့ သူရဲကောင်းဘယ်လာရိုဖွန် (Bellarophon) နဲ့ တိုက်ခိုက်ကြမယ့် ခြင်္သေ့ကိုယ်၊ ခြင်္သေ့ခေါင်း ၊ ဆိတ်ခေါင်းနဲ့ မြွေဆိုးအမြီးတွေနဲ့ဖွဲ့စည်းထားတဲ့ သတ္တဝါဆိုးကြီး ခိုင်မဲရာ (Chimera) နဲ့ မြေအောက်ကမ္ဘာကိုစောင့်တဲ့ ဆဲဘရပ်စ် (Cerberus) တို့ဟာ တစ်မိထဲပေါက်တွေ။
သူတို့အဖေက မိစ္ဆာသတ္တဝါဆိုးအားလုံးရဲ့ ဘိုးအေကြီးဖြစ်တဲ့၊ သတ္တဝါဆိုးတွေထဲမှာ အစွမ်းဆုံး၊ အကြမ်းဆုံး၊ အန္တရာယ်အကြီးဆုံးဖြစ်တဲ့ တိုင်ဖွန် (Typhon)။
အမေက သတ္တဝါဆိုးပေါင်းစုံရဲ့ မိခင်ကြီးဖြစ်တဲ့ အိခစ်နာ ( Echidna)။
တိုင်ဖွန်းနဲ့ အိခစ်နာပေါင်းစပ်ပြီးရလာတဲ့ အစွမ်းထက်တဲ့ သတ္တဝါဆိုးပေါင်းစုံထဲမှာမှ ဟေးဒီးစ်ရဲ့ မြေအောက်ကမ္ဘာကို စောင့်ကြပ်ပေးနေတဲ့ ခေါင်းသုံးလုံးခွေးကြီး ဆဲဘရပ်စ်။
ခိုင်မဲရာနဲ့ ဆဲဘရပ်စ်ရဲ့အဖေ မှော်သတ္တဝါဆိုးကြီးတိုင်ဖွန်ကလဲ ဘယ်လောက်ဆိုးလဲဆိုရင် တိုက်တန်နတ်ဘုရားတွေနဲ့ အိုလံပစ်တောင်ကနတ်ဘုရားတွေဖြစ်တဲ့စစ်ပွဲနောက်ပိုင်းမှာ ဘုရင်ဖြစ်လာတဲ့ နတ်ဘုရားဇူးစ်ကိုယ်တိုင်ကိုတောင် တိုက်ခိုက်ပြီး ဇူးစ်ကိုဒဏ်ရာရစေခဲ့တဲ့အထိပဲ။
တမန်တော်နတ်ဘုရား ဟာမီးစ်ရဲ့ အကူအညီရခဲ့လို့သာနတ်ဘုရင်ဇူးစ်က တိုင်ဖွန်ကို အောင်အောင်မြင်မြင်နဲ့ နှိမ်နင်းနိုင်ခဲ့တာပါ။
မြေအောက်ကမ္ဘာကို တံခါးမရှိ၊ ဓါးမရှိဝင်ထွက်ခွင့်ရထားတဲ့ ဟာမီးစ်အတွက်ကတော့ ဆဲဘရပ်စ်က အတားအဆီးတစ်ခုမဟုတ်ပါဘူး။
သူ့ကိုအန္တရာယ်မပြုတဲ့ ဆဲဘရပ်စ်ကိုကျော်ဖြတ်ပြီး နန်းတော်ရှေ့ကိုရောက်လာတဲ့အခါ နန်းတော်ရဲ့အပေါ်ဝရန်တာရှိတဲ့ရှေ့တည့်တည့်မှာ လှပတဲ့ပန်းဥယျာဥ်တစ်ခုစိုက်ပျိုးထားတာကို ဟာမီးစ်တွေ့ခဲ့ရတယ်။
အဲဒီနောက်တော့ ဟေးဒီးစ်ကိုတွေ့ဖို့အတွက် ပြောင်လက်တောက်ပတဲ့ကြေးဝါပြားတွေခင်းထားတဲ့ ဝင်ပေါက်ခန်းမကိုဖြတ်လို့ ဟာမီးစ်တစ်ယောက် နန်းတော်ထဲကိုလျှောက်ဝင်သွားတော့တယ်။
မောင်ဇိ (ဇွန် ၂၇၊ ၂၀၂၀)
ကိုးကား။ ။
https://www.ancient.eu/Helios/
https://www.britannica.com/topic/Hades-Greek-mythology
https://www.timelessmyths.com/classical/hades.html
https://www.fanpop.com/clubs/greek-mythology/articles/7768/title/god-sun-helios-apollo
https://www.britannica.com/topic/Hades-Greek-mythology
https://greekgodsandgoddesses.net/goddesses/demeter/
No comments:
Post a Comment