Saturday, September 12, 2020

ဆူရှီဆိုင်က သားအဖ

 

ဆူရှီဆိုင်က သားအဖ
****************

မောင်ဇိကျောင်းတက်ရင်း စားပွဲထိုးလုပ်နေတဲ့ ဆူရှီဆိုင်လေးက လန်ဒန်မြို့လယ်က နာမည်ကျော် ဟားရော့(ဒ်)ကုန်တိုက်ကြီးနဲ့ကပ်လျက်မှာရှိတယ်။ ဝတ်ကောင်းစားလှတွေ ဝတ်ထားတဲ့ ဈေးဝယ်သူတွေ၊ ကမ္ဘာအနှံ့က ခရီးသွားတွေလည်ရင်းပတ်ရင်း ဝင်စားကြလေ့ရှိတယ်။ ဆိုင်ခွဲတွေအများကြီးရှိတော့ တခြားဆိုင်ခွဲမှာစားဖူးကြသူတွေကလဲ လာလေ့ရှိတယ်။

စနေ၊ တနင်္ဂနွေတွေမှာလူများလေ့ရှိပြီး ကြားရက်တွေမှာတော့ ပုံမှန်ပဲ။ ဒီဇင်ဘာလလိုမျိုး ခရီးသွားတွေများတဲ့ အားလပ်ရက်အချိန်ဆို ဆိုင်အပြင်မှာပါလူတွေတန်းစီနေရလောက်အောင် လူများတတ်တယ်။

မျက်နှာချင်းဆိုင်ချထားတဲ့ နှစ်ယောက်ထိုင်ဆိုဖာနှစ်ခုအလယ်မှာစားပွဲနဲ့သီးသန့်နေရာမျိုးကို ဘုသ် (booth) လို့ခေါ်ပြီး ဆူရှီလိပ်တဲ့စားဖိုမှူးတွေကိုဝိုင်းထားတဲ့၊ ရွေ့လျားနေတဲ့သားရေပြားပေါ်မှာ ဆူရှီခွက်တွေ ဝိုင်းကြီးပတ်ပတ်ဒူဝေဝေသွားနေတဲ့ဘေး စားပွဲရှည်ကြီးက ခုံတွေကိုတော့ ဘား (Bar) လို့ခေါ်တယ်။

လူသိပ်မများတဲ့ ကြားရက်တစ်ရက်မှာ မှတ်မှတ်ရရ သားအဖနှစ်ယောက် ဆူရှီလာစားကြတယ်။
သားအဖနှစ်ယောက် ဘားမှာထိုင်ပြီးခြောက်နှစ် ခုနစ်နှစ်လောက်ကလေးကသူကြိုက်တဲ့ သခွားသီးထမင်းလိပ် (cucumber maki) နဲ့ ပဲသီးတောင့် (Edamame) တွေစားပြီးကျေနပ်နေတယ်။ အဖေကတော့ ပုစွန်ကိုအကြော်မှုန့်နဲ့အုပ်ကြော်ထားတဲ( prawn katsu) နဲ့ထမင်းစားတယ်။
အအေးတွေသောက်ကြတယ်။ နောက် သားရေပြားပေါ်က ဆူရှီပန်းကန်တစ်ချို့ယူစားတယ်။

အင်္ဂလိပ်ကလေးတွေထုံးစံအတိုင်း ကလေးလေးကတိတ်တိတ်ဆိတ်ဆိတ်၊ အိန္ဒြေရရနဲ့ ငြိမ်ငြိမ်သက်သက်ပဲစားတယ်။
အင်္ဂလိပ်ကလေးထုံးစံလို့ပြောရတာက အာရပ်ကလေးတွေဆိုရင် ဆိုင်မှာအင်မတန်သောင်းကြမ်းတယ်။ လည်နေတဲ့ဆူရှီပန်းကန်တွေကို တစ်နေရာကနေကိုင်ထားပြီး ပန်းကန်တွေတဖြည်းဖြည်းပုံလာပြီးပြုတ်ကျကုန်တဲ့ထိ ကမောက်ကမဖြစ်အောင်လုပ်ချင်လဲလုပ်မယ်၊ အအေးပုလင်းတွေကိုတစ်ပုလင်းပြီးတစ်ပုလင်းသောက်ရုံနဲ့အားမရလို့ ပုလင်းခွံကိုပါသယ်သွားဖို့လုပ်ရင်လဲလုပ်မယ်။
ဆူရှီတွေမှောက်ချချင်လဲမှောက်ချမယ်။
သူတို့မိဘတွေကတော့ ဘာမှမပြောကြတာများတယ်။
ပါလာတဲ့ အိမ်အကူတွေကလဲ ကလေးတွေကိုမနိုင်ကြ။
မောင်ဇိတို့မှာသာ ရင်တထိတ်ထိတ်နဲ့ မျက်ချေမပြတ်ကြည့်နေရတာ။

တစ်ခါကဆိုရင်လဲ အာရပ်ကလေးတစ်ကောင်ကို သူ့အမေနဲ့ အိမ်အကူတွေကပြန်ဖို့ခေါ်တာကို မပြန်ပဲ အအေးပုလင်းကြီးကို အတင်းဖက်ထားလို့ မောင်ဇိကသွားလုရသေးတယ်။
သူ့အမေကပဲ အကူအညီတောင်းတာပါ။
သူ့သားကို မနိုင်ကြလို့နည်းနည်းခြောက်ပြီး ကူပါဦးဆိုတာနဲ့။
ဒါနဲ့မောင်ဇိလဲ ခပ်တည်တည်ကြီးစိုက်ကြည့်ပြီး “ပေးစမ်း ပုလင်း” ဆိုတော့ ကလေးက ကြောက်ပြီးပုလင်းကိုပြန်ပေးတယ်။
ပြီးတော့မှ ငိုပါလေရော။
သူ့အမေနဲ့ အိမ်အကူတွေကလဲ
“အေးအေး...ဟိုလူကြီးက တော်တော်ဆိုးတယ်၊ လာလာ...ပြန်ကြမယ်” ဆိုပြီး ရှိသမျှအပြစ် မောင်ဇိကိုပုံချပြီး ကလေးကြီးကို တွန်းလှည်းပေါ်တင်လို့ပြန်သွားကြလေရဲ့။
ဖြစ်ရပုံတွေ။

အင်္ဂလိပ်ကလေးတွေကတော့ အိမ်မှာသေချာသင်ပေးထားကြပုံရတယ်။
မောင်ဇိအစားအသောက်တစ်ခုခုသွားချလို့ သူ့တို့အဖေအမေက “သား...ဘာပြောရမလဲ” ဆိုရင် “ကျေးဇူးတင်ပါတယ် လူကြီးမင်းခင်ဗျား” လို့ Thank you နောက်မှာ Sir ပါထည့်ပြောတတ်ကြတာ သိပ်ချစ်ဖို့ကောင်းတယ်။
တစ်ခါကလဲ ကလေးတစ်ယောက်က ရေခွက်ကလေးကိုမတော်တဆတိုက်မိပြီး ခုံပေါ်မှာရေတွေဖိတ်ကုန်တော့ “ I am sorry, Mommy...I am sorry,Mommy” နဲ့ သူ့အမေကို ချစ်စရာအသံစာစာလေးနဲ့ တောင်းပန်ပြီး ရေတွေပြန်သုတ်ရှာတာ။
ရှိလမှ ငါးနှစ်၊ ခြောက်နှစ်‌ပေါ့။
ဒါမျိုးတွေမြင်ရတော့ သူတို့မိဘတွေကို သိပ်အထင်ကြီးမိတယ်။
လူကြားထဲမှာ ဘယ်လိုပြုမူရမယ်ဆိုတာ ငယ်ငယ်လေးကတည်းက သိနေကြပြီ။

ကြုံကြိုက်လို့ပြောရရင် လန်ဒန်မှာမောင်ဇိကို အခန်းငှားထားတဲ့ အိမ်ရှင်မြန်မာအမကြီးဆို သူ့သားကိုတစ်ခုခု မလုပ်စေချင်ရင်
“ No...Thank you”
“မလုပ်ရဘူး...ကျေးဇူးတင်တယ်”
ဆိုပြီးအမြဲယဉ်ယဉ်ကျေးကျေးပြောတယ်။
ကလေးငယ်ငယ်လေးက ပေါက်စနလေးကတည်းက သူများကို လေးစားမှုပြရမယ်ဆိုတာသိနေပြီ။
သူများမကြိုက်တာမလုပ်ရဘူးဆိုတာ သိနေသလို၊ သူမကြိုက်ရင်လဲ ဘယ်လိုပြောရမယ်ဆိုတာ သိနေပြီ။
ဘယ်လောက်ကောင်းလဲ။

ပြန်ဆက်ရရင် မောင်ဇိရဲ့ ဧည့်သည်သားအဖနှစ်ယောက်ကတော့ လူရှင်းတဲ့နေ့ခင်းတစ်ခုမှာလာစားကြတာဆိုတော့ တခြားဧည့်သည်နည်းနည်းပါးပါးနဲ့ သူတို့ကိုဂရုစိုက်တဲ့အလုပ်ပဲ မောင်ဇိမှာရှိတယ်ဆိုပါ‌တော့။
ကလေးတွေတော်တော်များများက မီဆိုဟင်းရည်ကို ကြိုက်ကြလို့ ဒီကလေးကိုလဲ မောင်ဇိက မီဆိုဟင်းရည်တွေထပ်ဖြည့်ပေးရင်းတောင် ပြုံးပြလိုက်သေးတယ်။

သားအဖနှစ်ယောက်ပြန်မယ်ဆိုပြီးငွေရှင်းတော့ ကလေးအဖေရဲ့ဘဏ်ကတ်ကအလုပ်မလုပ်။
နောက်ထပ် အိတ်ထဲကထပ်ထုတ်လာတဲ့ဘဏ်ကတ်ကလဲ သုံးလို့မရပြန်။
ငွေဖြတ်စက်ကိုကိုင်ပြီး ပြုံးပြုံးကြီး ကြည့်နေတဲ့မောင်ဇိကိုကြည့်ပြီး ကလေးအဖေက ချွေးတွေပြန်လာတယ်။
ဟိုအိတ်နှိုက်၊ ဒီအိတ်နှိုက်နဲ့ ငွေသားလဲပါပုံမရ။
အချိန်နည်းနည်းကြာသွားတဲ့ထိ ဟိုရှာဒီရှာဖြစ်နေတော့ မောင်ဇိလဲ ဘာဆက်လုပ်ရမယ်မှန်းမသိတော့ပဲ ကြောင်ပဲကြည့်။

အဲဒီအချိန်မှာပဲ ဘားမှာတစ်ယောက်ထဲ ထိုင်စားနေတဲ့လူတစ်ယောက်ထလာပြီး
“ ကျွန်တော်အရင် စိုက်ရှင်းထားလိုက်မယ်။ နောက်မှ ခင်ဗျားငွေလွှဲလိုက်”
လို့ ကလေးအဖေကိုလာပြောပြီး သူ့ဘဏ်ကတ်ကိုထိုးပေးတယ်။
ကလေးအဖေက ကျေးဇူးတင်လွန်းလို့ လာကူညီတဲ့သူရဲ့ ဖုန်းနံပါတ်ကိုသေချာမှတ်ပြီး လက်ဆွဲနှုတ်ဆက်ကြတယ်။
နောက်မှ ငွေပြန်ယူတာ မယူတာက တစ်ပိုင်းပါ။
သားရှေ့မှာ အရှက်ကွဲဒုက္ခရောက်တော့မယ့် အဖေတစ်ယောက်ကို ‌ပေါ့ပေါ့ပါးပါးလေးပဲ ဝင်ကူညီသွားတဲ့ အကွက်လေးက တော်တော်လှတယ်။
သူတို့ကိုကြည့်ပြီး မောင်ဇိလဲတော်တော်ပီတိဖြစ်ရတယ်။
သင်ယူစရာတွေလဲ အများကြီးရတယ်။
စိတ်ကောင်းနှလုံးကောင်းရှိတဲ့သူက သွားရင်းလာရင်းလဲ ကောင်းမှုလေးတွေပြုသွားနိုင်တာပဲ။
လူတစ်ဖက်သားကို အနေမခက်စေပဲ ပေါ့ပေါ့ပါးပါးပဲ ကူညီနိုင်တာပဲ။

အလှတရားက နှလုံးသားအဟာရစာစုများထဲမှပဲရှိတာမဟုတ်ဘူး။
အကောင်းမြင်စိတ်က ပေါ်လီယာနာ စာအုပ်ထဲမှာပဲရှိတာမဟုတ်ဘူး။
ဂျာနယ်ကျော်ဦးချစ်မောင်ရဲ့ “သူ”ထဲက ဆရာဝန်ကိုမြင့်မောင်လောက် စိတ်ထားမမြင့်မြတ်ရင်နေပါစေ၊ “ရှင်းဒလားမှတ်တမ်း” ထဲက အော်စကာရှင်းဒလားလောက်လဲ လူ့အသက်တွေ မကယ်တင်နိုင်ရင်နေပါစေ။ သာမန်နေ့စဉ်သွားလာစားသောက်နေထိုင်နေတဲ့ကြားကပဲ မဏ္ဍပ်တိုင်တွေတက်မပြပဲ လုပ်နိုင်တာလုပ်ပေးလိုက်တဲ့အခါ၊ ဓါတ်ပုံမှတ်တမ်းတွေအပြည့်မတင်ပဲ ကူညီနိုင်တာကို ကူညီပေးလိုက်တဲ့အခါ…
ကိုယ်စောင့်နတ်ကသိတယ်။
ကူညီပေးခံလိုက်ရတဲ့သူကသိတယ်။
ဘေးကမြင်လိုက်တဲ့သူကသိတယ်။
ပတ်ဝန်းကျင်က သိတယ်။

အလှတရားတွေက ပန်းတွေလိုမျိုးဖူးပွင့်သွားတယ်။
ပြီးတော့ ဒီအဖြစ်အပျက်ကို လက်ဆင့်ကမ်းတဲ့သူတွေရှိလာတဲ့အခါမှာ နေရာအနှံ့မှာလဲ
ပိုပိုပြီးမွှေးကြိုင်စွာပွင့်လန်းလာပါဦးမယ်။

မောင်ဇိ
========================================
ဆူရွီဆိုင္က သားအဖ
****************

ေမာင္ဇိေက်ာင္းတက္ရင္း စားပြဲထိုးလုပ္ေနတဲ့ ဆူရွီဆိုင္ေလးက လန္ဒန္ၿမိဳ႕လယ္က နာမည္ေက်ာ္ ဟားေရာ့(ဒ္)ကုန္တိုက္ႀကီးနဲ႔ကပ္လ်က္မွာရွိတယ္။ ဝတ္ေကာင္းစားလွေတြ ဝတ္ထားတဲ့ ေစ်းဝယ္သူေတြ၊ ကမာၻအႏွံ႔က ခရီးသြားေတြလည္ရင္းပတ္ရင္း ဝင္စားၾကေလ့ရွိတယ္။ ဆိုင္ခြဲေတြအမ်ားႀကီးရွိေတာ့ တျခားဆိုင္ခြဲမွာစားဖူးၾကသူေတြကလဲ လာေလ့ရွိတယ္။

စေန၊ တနဂၤေႏြေတြမွာလူမ်ားေလ့ရွိၿပီး ၾကားရက္ေတြမွာေတာ့ ပုံမွန္ပဲ။ ဒီဇင္ဘာလလိုမ်ိဳး ခရီးသြားေတြမ်ားတဲ့ အားလပ္ရက္အခ်ိန္ဆို ဆိုင္အျပင္မွာပါလူေတြတန္းစီေနရေလာက္ေအာင္ လူမ်ားတတ္တယ္။

မ်က္ႏွာခ်င္းဆိုင္ခ်ထားတဲ့ ႏွစ္ေယာက္ထိုင္ဆိုဖာႏွစ္ခုအလယ္မွာစားပြဲနဲ႔သီးသန႔္ေနရာမ်ိဳးကို ဘုသ္ (booth) လို႔ေခၚၿပီး ဆူရွီလိပ္တဲ့စားဖိုမႉးေတြကိုဝိုင္းထားတဲ့၊ ေ႐ြ႕လ်ားေနတဲ့သားေရျပားေပၚမွာ ဆူရွီခြက္ေတြ ဝိုင္းႀကီးပတ္ပတ္ဒူေဝေဝသြားေနတဲ့ေဘး စားပြဲရွည္ႀကီးက ခုံေတြကိုေတာ့ ဘား (Bar) လို႔ေခၚတယ္။

လူသိပ္မမ်ားတဲ့ ၾကားရက္တစ္ရက္မွာ မွတ္မွတ္ရရ သားအဖႏွစ္ေယာက္ ဆူရွီလာစားၾကတယ္။
သားအဖႏွစ္ေယာက္ ဘားမွာထိုင္ၿပီးေျခာက္ႏွစ္ ခုနစ္ႏွစ္ေလာက္ကေလးကသူႀကိဳက္တဲ့ သခြားသီးထမင္းလိပ္ (cucumber maki) နဲ႔ ပဲသီးေတာင့္ (Edamame) ေတြစားၿပီးေက်နပ္ေနတယ္။ အေဖကေတာ့ ပုစြန္ကိုအေၾကာ္မႈန႔္နဲ႔အုပ္ေၾကာ္ထားတဲ( prawn katsu) နဲ႔ထမင္းစားတယ္။
အေအးေတြေသာက္ၾကတယ္။ ေနာက္ သားေရျပားေပၚက ဆူရွီပန္းကန္တစ္ခ်ိဳ႕ယူစားတယ္။

အဂၤလိပ္ကေလးေတြထုံးစံအတိုင္း ကေလးေလးကတိတ္တိတ္ဆိတ္ဆိတ္၊ အိေျႏၵရရနဲ႔ ၿငိမ္ၿငိမ္သက္သက္ပဲစားတယ္။
အဂၤလိပ္ကေလးထုံးစံလို႔ေျပာရတာက အာရပ္ကေလးေတြဆိုရင္ ဆိုင္မွာအင္မတန္ေသာင္းၾကမ္းတယ္။ လည္ေနတဲ့ဆူရွီပန္းကန္ေတြကို တစ္ေနရာကေနကိုင္ထားၿပီး ပန္းကန္ေတြတျဖည္းျဖည္းပုံလာၿပီးျပဳတ္က်ကုန္တဲ့ထိ ကေမာက္ကမျဖစ္ေအာင္လုပ္ခ်င္လဲလုပ္မယ္၊ အေအးပုလင္းေတြကိုတစ္ပုလင္းၿပီးတစ္ပုလင္းေသာက္႐ုံနဲ႔အားမရလို႔ ပုလင္းခြံကိုပါသယ္သြားဖို႔လုပ္ရင္လဲလုပ္မယ္။
ဆူရွီေတြေမွာက္ခ်ခ်င္လဲေမွာက္ခ်မယ္။
သူတို႔မိဘေတြကေတာ့ ဘာမွမေျပာၾကတာမ်ားတယ္။
ပါလာတဲ့ အိမ္အကူေတြကလဲ ကေလးေတြကိုမႏိုင္ၾက။
ေမာင္ဇိတို႔မွာသာ ရင္တထိတ္ထိတ္နဲ႔ မ်က္ေခ်မျပတ္ၾကည့္ေနရတာ။

တစ္ခါကဆိုရင္လဲ အာရပ္ကေလးတစ္ေကာင္ကို သူ႔အေမနဲ႔ အိမ္အကူေတြကျပန္ဖို႔ေခၚတာကို မျပန္ပဲ အေအးပုလင္းႀကီးကို အတင္းဖက္ထားလို႔ ေမာင္ဇိကသြားလုရေသးတယ္။
သူ႔အေမကပဲ အကူအညီေတာင္းတာပါ။
သူ႔သားကို မႏိုင္ၾကလို႔နည္းနည္းေျခာက္ၿပီး ကူပါဦးဆိုတာနဲ႔။
ဒါနဲ႔ေမာင္ဇိလဲ ခပ္တည္တည္ႀကီးစိုက္ၾကည့္ၿပီး “ေပးစမ္း ပုလင္း” ဆိုေတာ့ ကေလးက ေၾကာက္ၿပီးပုလင္းကိုျပန္ေပးတယ္။
ၿပီးေတာ့မွ ငိုပါေလေရာ။
သူ႔အေမနဲ႔ အိမ္အကူေတြကလဲ
“ေအးေအး...ဟိုလူႀကီးက ေတာ္ေတာ္ဆိုးတယ္၊ လာလာ...ျပန္ၾကမယ္” ဆိုၿပီး ရွိသမွ်အျပစ္ ေမာင္ဇိကိုပုံခ်ၿပီး ကေလးႀကီးကို တြန္းလွည္းေပၚတင္လို႔ျပန္သြားၾကေလရဲ႕။
ျဖစ္ရပုံေတြ။

အဂၤလိပ္ကေလးေတြကေတာ့ အိမ္မွာေသခ်ာသင္ေပးထားၾကပုံရတယ္။
ေမာင္ဇိအစားအေသာက္တစ္ခုခုသြားခ်လို႔ သူ႔တို႔အေဖအေမက “သား...ဘာေျပာရမလဲ” ဆိုရင္ “ေက်းဇူးတင္ပါတယ္ လူႀကီးမင္းခင္ဗ်ား” လို႔ Thank you ေနာက္မွာ Sir ပါထည့္ေျပာတတ္ၾကတာ သိပ္ခ်စ္ဖို႔ေကာင္းတယ္။
တစ္ခါကလဲ ကေလးတစ္ေယာက္က ေရခြက္ကေလးကိုမေတာ္တဆတိုက္မိၿပီး ခုံေပၚမွာေရေတြဖိတ္ကုန္ေတာ့ “ I am sorry, Mommy...I am sorry,Mommy” နဲ႔ သူ႔အေမကို ခ်စ္စရာအသံစာစာေလးနဲ႔ ေတာင္းပန္ၿပီး ေရေတြျပန္သုတ္ရွာတာ။
ရွိလမွ ငါးႏွစ္၊ ေျခာက္ႏွစ္‌ေပါ့။
ဒါမ်ိဳးေတြျမင္ရေတာ့ သူတို႔မိဘေတြကို သိပ္အထင္ႀကီးမိတယ္။
လူၾကားထဲမွာ ဘယ္လိုျပဳမူရမယ္ဆိုတာ ငယ္ငယ္ေလးကတည္းက သိေနၾကၿပီ။

ႀကဳံႀကိဳက္လို႔ေျပာရရင္ လန္ဒန္မွာေမာင္ဇိကို အခန္းငွားထားတဲ့ အိမ္ရွင္ျမန္မာအမႀကီးဆို သူ႔သားကိုတစ္ခုခု မလုပ္ေစခ်င္ရင္
“ No...Thank you”
“မလုပ္ရဘူး...ေက်းဇူးတင္တယ္”
ဆိုၿပီးအၿမဲယဥ္ယဥ္ေက်းေက်းေျပာတယ္။
ကေလးငယ္ငယ္ေလးက ေပါက္စနေလးကတည္းက သူမ်ားကို ေလးစားမႈျပရမယ္ဆိုတာသိေနၿပီ။
သူမ်ားမႀကိဳက္တာမလုပ္ရဘူးဆိုတာ သိေနသလို၊ သူမႀကိဳက္ရင္လဲ ဘယ္လိုေျပာရမယ္ဆိုတာ သိေနၿပီ။
ဘယ္ေလာက္ေကာင္းလဲ။

ျပန္ဆက္ရရင္ ေမာင္ဇိရဲ႕ ဧည့္သည္သားအဖႏွစ္ေယာက္ကေတာ့ လူရွင္းတဲ့ေန႔ခင္းတစ္ခုမွာလာစားၾကတာဆိုေတာ့ တျခားဧည့္သည္နည္းနည္းပါးပါးနဲ႔ သူတို႔ကိုဂ႐ုစိုက္တဲ့အလုပ္ပဲ ေမာင္ဇိမွာရွိတယ္ဆိုပါ‌ေတာ့။
ကေလးေတြေတာ္ေတာ္မ်ားမ်ားက မီဆိုဟင္းရည္ကို ႀကိဳက္ၾကလို႔ ဒီကေလးကိုလဲ ေမာင္ဇိက မီဆိုဟင္းရည္ေတြထပ္ျဖည့္ေပးရင္းေတာင္ ၿပဳံးျပလိုက္ေသးတယ္။

သားအဖႏွစ္ေယာက္ျပန္မယ္ဆိုၿပီးေငြရွင္းေတာ့ ကေလးအေဖရဲ႕ဘဏ္ကတ္ကအလုပ္မလုပ္။
ေနာက္ထပ္ အိတ္ထဲကထပ္ထုတ္လာတဲ့ဘဏ္ကတ္ကလဲ သုံးလို႔မရျပန္။
ေငြျဖတ္စက္ကိုကိုင္ၿပီး ၿပဳံးၿပဳံးႀကီး ၾကည့္ေနတဲ့ေမာင္ဇိကိုၾကည့္ၿပီး ကေလးအေဖက ေခြၽးေတြျပန္လာတယ္။
ဟိုအိတ္ႏႈိက္၊ ဒီအိတ္ႏႈိက္နဲ႔ ေငြသားလဲပါပုံမရ။
အခ်ိန္နည္းနည္းၾကာသြားတဲ့ထိ ဟိုရွာဒီရွာျဖစ္ေနေတာ့ ေမာင္ဇိလဲ ဘာဆက္လုပ္ရမယ္မွန္းမသိေတာ့ပဲ ေၾကာင္ပဲၾကည့္။

အဲဒီအခ်ိန္မွာပဲ ဘားမွာတစ္ေယာက္ထဲ ထိုင္စားေနတဲ့လူတစ္ေယာက္ထလာၿပီး
“ ကြၽန္ေတာ္အရင္ စိုက္ရွင္းထားလိုက္မယ္။ ေနာက္မွ ခင္ဗ်ားေငြလႊဲလိုက္”
လို႔ ကေလးအေဖကိုလာေျပာၿပီး သူ႔ဘဏ္ကတ္ကိုထိုးေပးတယ္။
ကေလးအေဖက ေက်းဇူးတင္လြန္းလို႔ လာကူညီတဲ့သူရဲ႕ ဖုန္းနံပါတ္ကိုေသခ်ာမွတ္ၿပီး လက္ဆြဲႏႈတ္ဆက္ၾကတယ္။
ေနာက္မွ ေငြျပန္ယူတာ မယူတာက တစ္ပိုင္းပါ။
သားေရွ႕မွာ အရွက္ကြဲဒုကၡေရာက္ေတာ့မယ့္ အေဖတစ္ေယာက္ကို ‌ေပါ့ေပါ့ပါးပါးေလးပဲ ဝင္ကူညီသြားတဲ့ အကြက္ေလးက ေတာ္ေတာ္လွတယ္။
သူတို႔ကိုၾကည့္ၿပီး ေမာင္ဇိလဲေတာ္ေတာ္ပီတိျဖစ္ရတယ္။
သင္ယူစရာေတြလဲ အမ်ားႀကီးရတယ္။
စိတ္ေကာင္းႏွလုံးေကာင္းရွိတဲ့သူက သြားရင္းလာရင္းလဲ ေကာင္းမႈေလးေတြျပဳသြားႏိုင္တာပဲ။
လူတစ္ဖက္သားကို အေနမခက္ေစပဲ ေပါ့ေပါ့ပါးပါးပဲ ကူညီႏိုင္တာပဲ။

အလွတရားက ႏွလုံးသားအဟာရစာစုမ်ားထဲမွပဲရွိတာမဟုတ္ဘူး။
အေကာင္းျမင္စိတ္က ေပၚလီယာနာ စာအုပ္ထဲမွာပဲရွိတာမဟုတ္ဘူး။
ဂ်ာနယ္ေက်ာ္ဦးခ်စ္ေမာင္ရဲ႕ “သူ”ထဲက ဆရာဝန္ကိုျမင့္ေမာင္ေလာက္ စိတ္ထားမျမင့္ျမတ္ရင္ေနပါေစ၊ “ရွင္းဒလားမွတ္တမ္း” ထဲက ေအာ္စကာရွင္းဒလားေလာက္လဲ လူ႔အသက္ေတြ မကယ္တင္ႏိုင္ရင္ေနပါေစ။ သာမန္ေန႔စဥ္သြားလာစားေသာက္ေနထိုင္ေနတဲ့ၾကားကပဲ မ႑ပ္တိုင္ေတြတက္မျပပဲ လုပ္ႏိုင္တာလုပ္ေပးလိုက္တဲ့အခါ၊ ဓါတ္ပုံမွတ္တမ္းေတြအျပည့္မတင္ပဲ ကူညီႏိုင္တာကို ကူညီေပးလိုက္တဲ့အခါ…
ကိုယ္ေစာင့္နတ္ကသိတယ္။
ကူညီေပးခံလိုက္ရတဲ့သူကသိတယ္။
ေဘးကျမင္လိုက္တဲ့သူကသိတယ္။
ပတ္ဝန္းက်င္က သိတယ္။

အလွတရားေတြက ပန္းေတြလိုမ်ိဳးဖူးပြင့္သြားတယ္။
ၿပီးေတာ့ ဒီအျဖစ္အပ်က္ကို လက္ဆင့္ကမ္းတဲ့သူေတြရွိလာတဲ့အခါမွာ ေနရာအႏွံ႔မွာလဲ
ပိုပိုၿပီးေမႊးႀကိဳင္စြာပြင့္လန္းလာပါဦးမယ္။

ေမာင္ဇိ

No comments:

Post a Comment