Tuesday, September 1, 2020

ဖမ်းဆုပ်မိသမျှ

 ရင်ဘတ်ထဲက စူးပြီးအောင့်လာတဲ့ထိနာကျင်ဖူးတယ်။

ဒေါသ၊ သောကနဲ့ မာနကြောင့် အိပ်လို့မရဘဲ မိုးလင်းခဲ့ရတဲ့ညတွေရှိခဲ့ဖူးတယ်။

ပင်ပန်းလွန်းလို့အိပ်ပျော်သွားတဲ့ခဏမှာတောင် ဆက်တိုက်မက်တတ်တဲ့အိပ်မက်ဆိုးတွေကြောင့် ရင်တစ်ဒိတ်ဒိတ်ခုန်ပြီး လန့်နိုးခဲ့ရဘူးတယ်။

ဒီလိုနဲ့ပဲ...အသက်ကြီးလာတာနဲ့အမျှ သက်တောင့်သက်သာပဲနေချင်လာတော့တယ်။

အရမ်းကြိုက်ခဲ့တဲ့ စိတ်ခြောက်ခြားစရာရုပ်ရှင်တွေ မကြည့်ချင်တော့ဘူး။

စိတ်ညစ်ညူးစရာ အကြောင်းအရာတွေကို မသိချင်တော့ဘူး။

ယုတ်စွအဆုံး စိတ်လှုပ်ရှားရင်ဖိုရမယ့် ရိုလာကိုစတာတောင်မစီးချင်တော့ဘူး။

ငြိမ့်ငြိမ့်လေး...ငြိမ့်ငြိမ့်လေးပဲ ထိုင်ပြီးငေးနေချင်တယ်။

လူ့လောကထဲက ကောင်းမွန်ခြင်းတွေကိုပဲ ရွေးပြီးအသိအမှတ်ပြုချင်လာတယ်။

စိတ်ပင်ပန်းစရာတွေကို အမြန်မေ့ပစ်၊ စိတ်ကိုကြည်နူးစေမယ့်အရာတွေကို ရွေးပြီးမြင်၊ ကိုယ့်စိတ်ဟာ ကိုယ်ထားရာမှာ တည်တယ်မဟုတ်လား။

ငြိမ်းချမ်းတဲ့စိတ်၊ အေးမြတဲ့စိတ်၊ တည်ငြိမ်တဲ့စိတ်၊ ရွှင်လန်းတဲ့စိတ်....သန့်စင်တဲ့စိတ်၊ ဝမ်း‌မြောက်တဲ့စိတ်ပဲလိုချင်တယ်။

ပေါကားတွေကို သိပ်ကြိုက်ကြတဲ့ ပင်ပန်းဆင်းရဲစွာလုပ်ကိုင်စားသောက်ကြရသူတွေကို ကိုယ်ချင်းစာနိုင်လာတယ်။

နက်နက်နဲနဲတွေးရ၊ ခက်ခက်ခဲခဲဖော်ရတဲ့ပုစ္ဆာတွေနဲ့ ရုပ်ရှင်တွေ၊ ဝတ္ထုတွေကို ဘာကြောင့်ကြိုက်နှစ်သက်သူတွေနည်းပါးလဲ သဘောပေါက်လာတယ်။

ကမ္ဘာလောကကြီးရဲ့ လှပခြင်းတွေကိုပဲ ရှာဖွေလို့၊ ရှာဖွေရာကိုပဲ တွေ့မှာမို့၊ တွေ့ရာကိုပဲ မှတ်တမ်းတင်တာမို့၊ ဖြန့်ချီသမျှဟာ အလှတရားတွေသာ ဖြစ်စေချင်တော့တယ်။  ။

မောင်ဇိ

No comments:

Post a Comment