ညစာ
****
မောင်ဇိ ဒီနေ့ ဘယ်ကမှန်းမသိတဲ့လူတစ်ယောက်ဝယ်တိုက်တဲ့ အအေး အလကားသောက်လိုက်ရတယ်။
ဇာတ်လမ်းကတော့ အောက်မှာရေးထားတဲ့အတိုင်းပဲ။
ညနေရုံးဆင်းခါနီးတော့ တစ်ယောက်ထဲဆိုင်မှာညစာဝင်စားရမှာပျင်းတာနဲ့ မောင်ဇိနဲ့တစ်ရုံးထဲလုပ်တဲ့ မိုးမိုးကိုမတ်စိလှမ်းပို့လိုက်တယ်။
"Fish?"
Fish ဆိုတာက ညနေစာသွားစားကြမလားလို့ မောင်ဇိတို့အချင်းချင်း မေးတဲ့အချက်ပြစကား။
သူနဲ့ ညနေစာသွားစားဖြစ်ရင် အမြဲလိုလို မာလာငါးတစ်ခြမ်းပေါင်းကိုပဲ စားဖြစ်ကြလို့ ညစာလို့တောင်မခေါ်တော့ပဲ fish တစ်လုံးလှမ်းပို့ထားနဲ့ သဘောပေါက်ကြတာ။
မိုးမိုးက ညောင်နာနာအသံနဲ့ မတ်စိပြန်ပို့တယ်။
"Fish tomr,bro" တဲ့။
မောင်ဇိက မတ်စိဖတ်ရင် သူတို့စကားပြောနေကျလေသံနဲ့ ကြားယောင်ပြီးဖတ်လေ့ရှိတယ်လေ။
ဒီကောင် အလုပ်များနေပုံရတယ်။
မနက််ဖြန်မှသွားစားကြမယ်ဆိုတော့လဲ အိုကေပေါ့။
ဘတ်စ်ကားစောင့်ရင်း ဒီနေ့အလုပ်နားတဲ့ ဇိုးကိုလှမ်းတောက်ကြည့်တယ်။
"dinner?"
" No dinner. Class" တဲ့။
SMS (short message service) ဆိုတဲ့အတိုင်း သူ့မတ်စိက တိုတိုတုတ်တုတ်။
တစ်ညနေခင်းလုံး ဖေ့စ်ဘွတ်က သူတွေ့သမျှသတင်းတွေမောင်ဇိဆီထိုင်ပို့နေတာ လတ်စသတ်တော့ အတန်းတက်နေရလို့ကိုး။
ဇိုးက မာစတာဘွဲ့အတန်းကို အလုပ်လုပ်ရင်း အချိန်ပိုင်းတက်နေတဲ့သူ။
သူ့အတန်းတွေက ညနေဘက်တွေမှာများတယ်။
ဇိုးလဲမအားဘူးဆိုတော့ အမြဲအားယားနေကျ မောင်ဇိညီလေးတစ်ယောက်ဖြစ်တဲ့ လေယာဥ်ဇွတ်ကလေးကိုလှမ်းမေးပြန်တော့လဲ ဒင်းကထူးထူးခြားခြားဒီနေ့မှ အလုပ်တွေရှုပ်လို့။
"အချိန်ဟာရွှေလိုတန်ဖိုးရှိကြောင်း ကျွန်တော်နားလည်သွားပြီ" လို့အဓိပ္ပါယ်ရတဲ့ စာကြောင်းလေးတစ်ကြောင်းနောက်ဆုံးပို့ပြီး ပျောက်သွားတယ်။
"ကဲ...ဘယ်သူမှ မအားလဲ တစ်ယောက်တည်းပဲ စားကွာ" လို့တွေးပြီး ဘတ်စ်ကားပေါ်ကဆင်း၊ အဲဒီမှတ်တိုင်နားမှာရှိတဲ့ Hawker center မှာညစာစားဖို့ကြည့်ရတယ်။
ထမင်းနဲ့ ကြက်တောင်ပံကင်လေးမှာ၊ ကင်ပြီးရင်လာပို့ပေးမယ်ဆိုလို့ ထိုင်စရာလိုက်ရှာတော့မှ စားသောက်ဆိုင်တန်းကြီးတစ်ခုလုံးမှာ စားပွဲအားလုံးက လူအပြည့်ဗျား။
ဟိုလျှောက်၊ ဒီလျှောက်လုပ်နေရင်းနဲ့မှ စားပွဲဝိုင်းအသေးလေးတစ်ခုမှာ ပန်းကန်သိမ်းတဲ့ဦးလေးကြီးက သူများစားသွားတဲ့ပန်းကန်တွေသိမ်းနေတာတွေ့လို့ အနားပြေးကပ်ပြီး စားပွဲရှင်းပြီးတဲ့ထိ စောင့်၊ ပြီးတော့မှ တစ်လုံးတည်းသော ပလတ်စတစ်ခုံလေးကိုဆွဲပြီးထိုင်ချရတယ်။
မောင်ဇိမှာထားတာလေးရောက်မလာခင် ဖုန်းလေးထုတ်ပြီးဂိမ်းဆော့မလို့ပြင်နေတုန်း စားစရာဗန်းလေးကိုင်ထားတဲ့ လူတစ်ယောက်မောင်ဇိရှေ့ကနေ ဟိုကြည့်ဒီကြည့်နဲ့ဖြတ်သွားတယ်။
စားစရာဝယ်ပြီးမှ ထိုင်စရာမရဖြစ်နေပုံပဲ။
နောက်တစ်ခေါက်မောင်ဇိနားက ထပ်ဖြတ်တော့လက်လှမ်းမြှောက်ပြပြီး မောင်ဇိဝိုင်းလေးမှာ ဝင်ထိုင်ဖို့လက်ညှိုးထိုးပြလိုက်တယ်။
သူလဲ စားပွဲပေါ်မှာ ပလတ်စတစ်လင်ဗန်းလေးတင်၊ တစ်ခြားတစ်ဝိုင်းကပိုနေတဲ့ထိုင်ခုံလေးသွားဆွဲပြီး မောင်ဇိရှေ့မှာလာထိုင်တယ်။
မောင်ဇိကိုလှမ်းကြည့်ပြီး ကျေးဇူးတင်စကားပြောလို့ ရယ်ပြတယ်လို့ထင်အောင် မျက်စိမှေးပြလိုက်တယ်။
ဟုတ်တယ်လေ...Mask တပ်ထားမှတော့ မျက်လုံးပဲ မှေးပြရတော့တာပေါ့။
သူလဲထိုင်ပြီးရော နောက်ထပ်တရုတ်မလှလှလေးတစ်ယောက် စားစရာဗန်းလေးကိုင်ပြီး စားပွဲလိုက်ရှာနေတာ တွေ့လိုက်ရတယ်။
"ဟာကွာ...ငါ ဒီဘဲကြီးကိုလှမ်းခေါ်လိုက်တာ နည်းနည်းစောသွားတယ်" လို့ နောင်တရမလိုဖြစ်သွားရော။
အဲဒီအချိန်မှာပဲ အအေးတွေရောင်းတဲ့လူက အနားရောက်လာပြီး ဘာသောက်ကြမလဲမေးတော့ မောင်ဇိရှေ့က အသက် ၅၀လောက်၊ ခပ်ပိန်ပိန်၊ မျက်နှာမှာ ဝက်ခြံအမာရွတ်သဲ့သဲ့နဲ့ တစ်စိုးတစ်စိမှစိတ်ဝင်စားစရာမကောင်းတဲ့ တရုတ်ကြီးက ကော်ဖီမှာနေတယ်။
မောင်ဇိကတော့ ဘာမှမသောက်တော့ပါဘူးလို့တွေးပြီးမှ ရန်ကုန်မှာစားသောက်ဆိုင် ၃-၄ ခုပိုင်တဲ့ မောင်ဇိသူငယ်ချင်းတစ်ယောက်နေ့လယ်ကရှဲထားတဲ့ ပို့စ်ကိုသတိရပြီး Ice lemon Tea တစ်ခွက်မှာလိုက်တယ်။
ကိုဗစ်ကာလမှာ သူ့စားသောက်ဆိုင်တွေ အလုပ်ပါးလို့ အာလူးကြော်ရောင်းနေတဲ့သူငယ်ချင်းက နိုင်ငံကြီးတစ်ခုမှာလစာအတော်အသင့်ကောင်းတဲ့သူတွေက ကိုဗစ်ဖြစ်နေတဲ့အချိန်အတွင်း ဒေသတွင်းလုပ်ငန်းလေးတွေပြိုလဲမသွားအောင် ရပ်ကွက်ထဲကဆိုင်တွေ၊ ပြည်တွင်းဖြစ်တွေကိုပိုပြီးဝယ်စား၊ ဝယ်အားပေးတယ်ဆိုတဲ့အကြောင်းလေးရေးထားတာကိုရှဲထားတာသဘောကျလို့။
မောင်ဇိလဲ မချမ်းသာပေမယ့် လောလောဆယ်အလုပ်မပြုတ်သေးဘူးဆိုတာသေချာနေတာကတစ်ကြောင်း၊ "ပညာတတ်၊ ဂုဏ်သရေရှိလူတန်းစားဆိုရင် အားပေးပါ၊ များများဝယ်စားပါ" ဆိုပြီး အရွှန်းဖောက်ထားတဲ့ မောင်ဇိသူငယ်ချင်းရဲ့ကြော်ငြာကိုသတိရတာနဲ့ "ငါလဲပညာတတ်၊ဂုဏ်သရေရှိလူတန်းစားဟန်ဆာင်ဦးမှပဲ" ဆိုပြီး အကြံဆိုးကြီးရလာတာကတစ်ကြောင်း အအေးတစ်ခွက်မှာလိုက်တာပေါ့။
အအေးတွေရောက်လာတဲ့ထိ မောင်ဇိရဲ့ တောင်ပံကင်နဲ့ထမင်းကရောက်မလာသေး။
မောင်ဇိ အအေးဖိုးရှင်းဖို့ပိုက်ဆံလဲထုတ်လိုက်ရော မောင်ဇိအအေးဖိုးက ရှင်းပြီးပြီတဲ့။
မောင်ဇိလှမ်းခေါ်ပြီးနေရာမျှပေးလိုက်တဲ့ မျက်မှန်အဝိုင်းနဲ့ဦးလေးကြီးကရှင်းပေးသွားတာ။
မောင်ဇိလဲ Mask လေးကိုချွတ်၊ သွားလေးတွေဖြဲပြပြီး "ကျေးဇူးတင်ပါတယ်" လို့ တစ်ခါမှမတွေ့ဖူးပဲ အအေးဖိုးရှင်းပေးတဲ့လူစိမ်းကိုပြောပြီး အအေးသောက်နေလိုက်တယ်။
မောင်ဇိမှာထားတဲ့တောင်ပံကင်လေးတွေရောက်လာရင် ဟိုဦးလေးကြီးကိုတောင်ပံဖျားလေးတစ်ခုလောက်တော့ ချိုးပြီးပြန်ကျွေးလိုက်မယ်လို့တွေးပေမယ့် မောင်ဇိမှာထားတာလေးတွေမရောက်ခင် သူ့ခေါက်ဆွဲနဲ့ကြက်သားစားပြီးသွားတဲ့ဦးလေးကြီးက ကော်ဖီကုန်အောင်သောက်၊ မောင်ဇိကိုနှုတ်ဆက်လက်ပြပြီး ထွက်သွားလေရဲ့။
သင်ခန်းစာကတော့ ဘဝမှာရွေးစရာနှစ်ခုရှေ့ဆင့်နောက်ဆင့်ပေါ်လာလို့ ဆုံးဖြတ်ချက်တွေချရတဲ့အခါမှာ ဘာပဲဆုံးဖြတ်၊ဆုံးဖြတ်မှားသွားတယ်ဆိုတာ မရှိပါဘူး။
ရလဒ်တွေသာ ကွဲသွားတတ်တာပါ။
နောက်ပြီးတော့ ကိုယ်ရွေးချယ်ခဲ့တဲ့အရာအတွက် အကြီးအကျယ်နောင်တရလောက်တဲ့အထိဆိုတာလဲ ဖြစ်တောင့်ဖြစ်ခဲပါ။
ဒီတော့ မောင်ဇိရဲ့ ညီ၊အစ်ကိုတွေကိုပြောချင်တာက...
ကောင်မလေးလှလှလေးတစ်ယောက်နဲ့ တစ်ဝိုင်းထဲထိုင်ခွင့်မရလို့လဲ ဝမ်းမနည်းကြပါနဲ့။
အနည်းဆုံးတော့ အအေး အလကားသောက်ရဖို့ အခွင့်အရေးရှိပါသေးတယ်လို့...။
ဖီလော်ဆော်ဖာ ဇိ (၁၄.၀၉.၂၀၂၀)
=======================
ညစာ
****
ေမာင္ဇိ ဒီေန႔ ဘယ္ကမွန္းမသိတဲ့လူတစ္ေယာက္ဝယ္တိုက္တဲ့ အေအး အလကားေသာက္လိုက္ရတယ္။
ဇာတ္လမ္းကေတာ့ ေအာက္မွာေရးထားတဲ့အတိုင္းပဲ။
ညေန႐ုံးဆင္းခါနီးေတာ့ တစ္ေယာက္ထဲဆိုင္မွာညစာဝင္စားရမွာပ်င္းတာနဲ႔ ေမာင္ဇိနဲ႔တစ္႐ုံးထဲလုပ္တဲ့ မိုးမိုးကိုမတ္စိလွမ္းပို႔လိုက္တယ္။
"Fish?"
Fish ဆိုတာက ညေနစာသြားစားၾကမလားလို႔ ေမာင္ဇိတို႔အခ်င္းခ်င္း ေမးတဲ့အခ်က္ျပစကား။
သူနဲ႔ ညေနစာသြားစားျဖစ္ရင္ အၿမဲလိုလို မာလာငါးတစ္ျခမ္းေပါင္းကိုပဲ စားျဖစ္ၾကလို႔ ညစာလို႔ေတာင္မေခၚေတာ့ပဲ fish တစ္လုံးလွမ္းပို႔ထားနဲ႔ သေဘာေပါက္ၾကတာ။
မိုးမိုးက ေညာင္နာနာအသံနဲ႔ မတ္စိျပန္ပို႔တယ္။
"Fish tomr,bro" တဲ့။
ေမာင္ဇိက မတ္စိဖတ္ရင္ သူတို႔စကားေျပာေနက်ေလသံနဲ႔ ၾကားေယာင္ၿပီးဖတ္ေလ့ရွိတယ္ေလ။
ဒီေကာင္ အလုပ္မ်ားေနပုံရတယ္။
မနက္္ျဖန္မွသြားစားၾကမယ္ဆိုေတာ့လဲ အိုေကေပါ့။
ဘတ္စ္ကားေစာင့္ရင္း ဒီေန႔အလုပ္နားတဲ့ ဇိုးကိုလွမ္းေတာက္ၾကည့္တယ္။
"dinner?"
" No dinner. Class" တဲ့။
SMS (short message service) ဆိုတဲ့အတိုင္း သူ႔မတ္စိက တိုတိုတုတ္တုတ္။
တစ္ညေနခင္းလုံး ေဖ့စ္ဘြတ္က သူေတြ႕သမွ်သတင္းေတြေမာင္ဇိဆီထိုင္ပို႔ေနတာ လတ္စသတ္ေတာ့ အတန္းတက္ေနရလို႔ကိုး။
ဇိုးက မာစတာဘြဲ႕အတန္းကို အလုပ္လုပ္ရင္း အခ်ိန္ပိုင္းတက္ေနတဲ့သူ။
သူ႔အတန္းေတြက ညေနဘက္ေတြမွာမ်ားတယ္။
ဇိုးလဲမအားဘူးဆိုေတာ့ အၿမဲအားယားေနက် ေမာင္ဇိညီေလးတစ္ေယာက္ျဖစ္တဲ့ ေလယာဥ္ဇြတ္ကေလးကိုလွမ္းေမးျပန္ေတာ့လဲ ဒင္းကထူးထူးျခားျခားဒီေန႔မွ အလုပ္ေတြရႈပ္လို႔။
"အခ်ိန္ဟာေ႐ႊလိုတန္ဖိုးရွိေၾကာင္း ကြၽန္ေတာ္နားလည္သြားၿပီ" လို႔အဓိပၸါယ္ရတဲ့ စာေၾကာင္းေလးတစ္ေၾကာင္းေနာက္ဆုံးပို႔ၿပီး ေပ်ာက္သြားတယ္။
"ကဲ...ဘယ္သူမွ မအားလဲ တစ္ေယာက္တည္းပဲ စားကြာ" လို႔ေတြးၿပီး ဘတ္စ္ကားေပၚကဆင္း၊ အဲဒီမွတ္တိုင္နားမွာရွိတဲ့ Hawker center မွာညစာစားဖို႔ၾကည့္ရတယ္။
ထမင္းနဲ႔ ၾကက္ေတာင္ပံကင္ေလးမွာ၊ ကင္ၿပီးရင္လာပို႔ေပးမယ္ဆိုလို႔ ထိုင္စရာလိုက္ရွာေတာ့မွ စားေသာက္ဆိုင္တန္းႀကီးတစ္ခုလုံးမွာ စားပြဲအားလုံးက လူအျပည့္ဗ်ား။
ဟိုေလွ်ာက္၊ ဒီေလွ်ာက္လုပ္ေနရင္းနဲ႔မွ စားပြဲဝိုင္းအေသးေလးတစ္ခုမွာ ပန္းကန္သိမ္းတဲ့ဦးေလးႀကီးက သူမ်ားစားသြားတဲ့ပန္းကန္ေတြသိမ္းေနတာေတြ႕လို႔ အနားေျပးကပ္ၿပီး စားပြဲရွင္းၿပီးတဲ့ထိ ေစာင့္၊ ၿပီးေတာ့မွ တစ္လုံးတည္းေသာ ပလတ္စတစ္ခုံေလးကိုဆြဲၿပီးထိုင္ခ်ရတယ္။
ေမာင္ဇိမွာထားတာေလးေရာက္မလာခင္ ဖုန္းေလးထုတ္ၿပီးဂိမ္းေဆာ့မလို႔ျပင္ေနတုန္း စားစရာဗန္းေလးကိုင္ထားတဲ့ လူတစ္ေယာက္ေမာင္ဇိေရွ႕ကေန ဟိုၾကည့္ဒီၾကည့္နဲ႔ျဖတ္သြားတယ္။
စားစရာဝယ္ၿပီးမွ ထိုင္စရာမရျဖစ္ေနပုံပဲ။
ေနာက္တစ္ေခါက္ေမာင္ဇိနားက ထပ္ျဖတ္ေတာ့လက္လွမ္းေျမႇာက္ျပၿပီး ေမာင္ဇိဝိုင္းေလးမွာ ဝင္ထိုင္ဖို႔လက္ညႇိဳးထိုးျပလိုက္တယ္။
သူလဲ စားပြဲေပၚမွာ ပလတ္စတစ္လင္ဗန္းေလးတင္၊ တစ္ျခားတစ္ဝိုင္းကပိုေနတဲ့ထိုင္ခုံေလးသြားဆြဲၿပီး ေမာင္ဇိေရွ႕မွာလာထိုင္တယ္။
ေမာင္ဇိကိုလွမ္းၾကည့္ၿပီး ေက်းဇူးတင္စကားေျပာလို႔ ရယ္ျပတယ္လို႔ထင္ေအာင္ မ်က္စိေမွးျပလိုက္တယ္။
ဟုတ္တယ္ေလ...Mask တပ္ထားမွေတာ့ မ်က္လုံးပဲ ေမွးျပရေတာ့တာေပါ့။
သူလဲထိုင္ၿပီးေရာ ေနာက္ထပ္တ႐ုတ္မလွလွေလးတစ္ေယာက္ စားစရာဗန္းေလးကိုင္ၿပီး စားပြဲလိုက္ရွာေနတာ ေတြ႕လိုက္ရတယ္။
"ဟာကြာ...ငါ ဒီဘဲႀကီးကိုလွမ္းေခၚလိုက္တာ နည္းနည္းေစာသြားတယ္" လို႔ ေနာင္တရမလိုျဖစ္သြားေရာ။
အဲဒီအခ်ိန္မွာပဲ အေအးေတြေရာင္းတဲ့လူက အနားေရာက္လာၿပီး ဘာေသာက္ၾကမလဲေမးေတာ့ ေမာင္ဇိေရွ႕က အသက္ ၅၀ေလာက္၊ ခပ္ပိန္ပိန္၊ မ်က္ႏွာမွာ ဝက္ၿခံအမာ႐ြတ္သဲ့သဲ့နဲ႔ တစ္စိုးတစ္စိမွစိတ္ဝင္စားစရာမေကာင္းတဲ့ တ႐ုတ္ႀကီးက ေကာ္ဖီမွာေနတယ္။
ေမာင္ဇိကေတာ့ ဘာမွမေသာက္ေတာ့ပါဘူးလို႔ေတြးၿပီးမွ ရန္ကုန္မွာစားေသာက္ဆိုင္ ၃-၄ ခုပိုင္တဲ့ ေမာင္ဇိသူငယ္ခ်င္းတစ္ေယာက္ေန႔လယ္ကရွဲထားတဲ့ ပို႔စ္ကိုသတိရၿပီး Ice lemon Tea တစ္ခြက္မွာလိုက္တယ္။
ကိုဗစ္ကာလမွာ သူ႔စားေသာက္ဆိုင္ေတြ အလုပ္ပါးလို႔ အာလူးေၾကာ္ေရာင္းေနတဲ့သူငယ္ခ်င္းက ႏိုင္ငံႀကီးတစ္ခုမွာလစာအေတာ္အသင့္ေကာင္းတဲ့သူေတြက ကိုဗစ္ျဖစ္ေနတဲ့အခ်ိန္အတြင္း ေဒသတြင္းလုပ္ငန္းေလးေတြၿပိဳလဲမသြားေအာင္ ရပ္ကြက္ထဲကဆိုင္ေတြ၊ ျပည္တြင္းျဖစ္ေတြကိုပိုၿပီးဝယ္စား၊ ဝယ္အားေပးတယ္ဆိုတဲ့အေၾကာင္းေလးေရးထားတာကိုရွဲထားတာသေဘာက်လို႔။
ေမာင္ဇိလဲ မခ်မ္းသာေပမယ့္ ေလာေလာဆယ္အလုပ္မျပဳတ္ေသးဘူးဆိုတာေသခ်ာေနတာကတစ္ေၾကာင္း၊ "ပညာတတ္၊ ဂုဏ္သေရရွိလူတန္းစားဆိုရင္ အားေပးပါ၊ မ်ားမ်ားဝယ္စားပါ" ဆိုၿပီး အ႐ႊန္းေဖာက္ထားတဲ့ ေမာင္ဇိသူငယ္ခ်င္းရဲ႕ေၾကာ္ျငာကိုသတိရတာနဲ႔ "ငါလဲပညာတတ္၊ဂုဏ္သေရရွိလူတန္းစားဟန္ဆာင္ဦးမွပဲ" ဆိုၿပီး အႀကံဆိုးႀကီးရလာတာကတစ္ေၾကာင္း အေအးတစ္ခြက္မွာလိုက္တာေပါ့။
အေအးေတြေရာက္လာတဲ့ထိ ေမာင္ဇိရဲ႕ ေတာင္ပံကင္နဲ႔ထမင္းကေရာက္မလာေသး။
ေမာင္ဇိ အေအးဖိုးရွင္းဖို႔ပိုက္ဆံလဲထုတ္လိုက္ေရာ ေမာင္ဇိအေအးဖိုးက ရွင္းၿပီးၿပီတဲ့။
ေမာင္ဇိလွမ္းေခၚၿပီးေနရာမွ်ေပးလိုက္တဲ့ မ်က္မွန္အဝိုင္းနဲ႔ဦးေလးႀကီးကရွင္းေပးသြားတာ။
ေမာင္ဇိလဲ Mask ေလးကိုခြၽတ္၊ သြားေလးေတြၿဖဲျပၿပီး "ေက်းဇူးတင္ပါတယ္" လို႔ တစ္ခါမွမေတြ႕ဖူးပဲ အေအးဖိုးရွင္းေပးတဲ့လူစိမ္းကိုေျပာၿပီး အေအးေသာက္ေနလိုက္တယ္။
ေမာင္ဇိမွာထားတဲ့ေတာင္ပံကင္ေလးေတြေရာက္လာရင္ ဟိုဦးေလးႀကီးကိုေတာင္ပံဖ်ားေလးတစ္ခုေလာက္ေတာ့ ခ်ိဳးၿပီးျပန္ေကြၽးလိုက္မယ္လို႔ေတြးေပမယ့္ ေမာင္ဇိမွာထားတာေလးေတြမေရာက္ခင္ သူ႔ေခါက္ဆြဲနဲ႔ၾကက္သားစားၿပီးသြားတဲ့ဦးေလးႀကီးက ေကာ္ဖီကုန္ေအာင္ေသာက္၊ ေမာင္ဇိကိုႏႈတ္ဆက္လက္ျပၿပီး ထြက္သြားေလရဲ႕။
သင္ခန္းစာကေတာ့ ဘဝမွာေ႐ြးစရာႏွစ္ခုေရွ႕ဆင့္ေနာက္ဆင့္ေပၚလာလို႔ ဆုံးျဖတ္ခ်က္ေတြခ်ရတဲ့အခါမွာ ဘာပဲဆုံးျဖတ္၊ဆုံးျဖတ္မွားသြားတယ္ဆိုတာ မရွိပါဘူး။
ရလဒ္ေတြသာ ကြဲသြားတတ္တာပါ။
ေနာက္ၿပီးေတာ့ ကိုယ္ေ႐ြးခ်ယ္ခဲ့တဲ့အရာအတြက္ အႀကီးအက်ယ္ေနာင္တရေလာက္တဲ့အထိဆိုတာလဲ ျဖစ္ေတာင့္ျဖစ္ခဲပါ။
ဒီေတာ့ ေမာင္ဇိရဲ႕ ညီ၊အစ္ကိုေတြကိုေျပာခ်င္တာက...
ေကာင္မေလးလွလွေလးတစ္ေယာက္နဲ႔ တစ္ဝိုင္းထဲထိုင္ခြင့္မရလို႔လဲ ဝမ္းမနည္းၾကပါနဲ႔။
အနည္းဆုံးေတာ့ အေအး အလကားေသာက္ရဖို႔ အခြင့္အေရးရွိပါေသးတယ္လို႔...။
ဖီေလာ္ေဆာ္ဖာ ဇိ (၁၄.၀၉.၂၀၂၀)
No comments:
Post a Comment