Saturday, September 19, 2020

သိဟ်ရာသီခွင် (Leo) သင်္ကေတ ခြင်္သေ့၏ဇာစ်မြစ်

 သိဟ်ရာသီခွင် (Leo) သင်္ကေတ ခြင်္သေ့၏ဇာစ်မြစ်
************************************

သိဟ်ရာသီခွင် (Leo) ကို ကိုယ်စားပြုတဲ့ Leo Constellation ကိုဟိုးလွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက လူတွေသတိထားမိခဲ့ကြပြီး ရှေးဦးဆုံးမှတ်သားခဲ့ကြတဲ့ နက္ခတ်တွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ ဘီစီ၄၀၀၀လောက်ကတည်းက မက်ဆိုပိုတေးမီးယားကလူတွေမှာလဲ ဒီကြယ်တာရာစုနဲ့ပုံစံဆင်တူတဲ့နက္ခတ်တာရာတစ်ခုရှိခဲ့ကြတယ်လို့ အထောက်အထားတစ်ချို့ရှိပါတယ်တဲ့။
ပါရှန်းတွေက Leo Ser သို့ Shir လို့ခေါ်ခဲ့ကြပြီး တာခ့် (Turk) တွေက Artan၊ ဆီးရီးယားလူမျိုးတွေက Aryo၊ ဂျူးတွေက Arye၊ အိန္ဒိယလူမျိုးတွေက Simha လို့အသီးသီးခေါ်ခဲ့ကြပေမယ့် အားလုံးရဲ့ အဓိပ္ပါယ်ကတော့ တစ်ခုထဲပါပဲ။
ခြင်္သေ့တဲ့။

သိဟ် (Leo)ရာသီခွင်ရဲ့ နက္ခတ်ဖြစ်တဲ့ခြင်္သေ့နဲ့ပက်သက်တဲ့ ဂရိနဲ့ရောမ ဒဏ္ဍာရီနှစ်ခုရှိပါတယ်။
အဲဒီ နှစ်ခုအပြင် တစ်ချို့ဒဏ္ဍာရီသမားတွေယုံကြည်ကြတဲ့ ပိုပြီးရှေးကျတဲ့ ဒဏ္ဍာရီတစ်ခုလဲရှိပါသေးတယ်။
 ဒီတော့ သိဟ်ရာသီခွင်နဲ့ပက်သက်တဲ့ ဒဏ္ဍာရီသုံးခုပေါ့။

ဆူမီးရီးရန်းဒဏ္ဍာရီလာ သိဟ် သင်္ကေတ
****************************************
(သူရဲကောင်း Gilgamesh နဲ့ သတ္တဝါဆိုးကြီး Humbaba )
လူသိနည်းတဲ့ ဒဏ္ဍာရီကတော့ အရှေ့အလယ်ပိုင်းဒေသကရှေးဟောင်း ဆူမီးရီးရန်းဒဏ္ဍာရီတစ်ခုပါ။
Leo ရဲ့သင်္ကေတက Gilgamesh ဆိုတဲ့ သူရဲကောင်းဘုရင်တစ်ပါးနှိမ်နင်းခဲ့တဲ့ သတ္တဝါ Humbaba ကိုကိုယ်စားပြုပါတယ်တဲ့။
Gilgamesh က အရှေ့အလယ်ပိုင်းဒေသမှာ ဘီစီ၂၈၀၀ နဲ့ ၂၅၀၀ ကြားလောက်မှာ မြို့ပြနိုင်ငံငယ်လေးတစ်ခုဖြစ်တဲ့ Uruk မြို့ကိုစိုးစံခဲ့တဲ့ဘုရင်ဖြစ်တယ်။ ( Final Fantasy လိုမျိုး RPG ဂိမ်းတွေမှာ Gilgamesh နာမည်နဲ့ ဇာတ်ကောင်တစ်ကောင်မကြာခဏပါလေ့ရှိတယ်)
သူ့ရဲ့ဂုဏ်သတင်းကိုအဓွန့်ရှည်ကျော်ကြားစေလိုတဲ့ရည်ရွယ်ချက်နဲ့ Gilgamesh ဟာ သတ္တဝါကြီး Humbaba စောင့်ရှောက်နေတဲ့ Cedar Forest (ထင်းရှူးမျိုး) ကအပင်တွေနဲ့ နန်းတော်ဆောက်မယ်ဆိုပြီး Humbaba ကိုတိုက်ခိုက်နှိမ်နင်းဖို့ကြံစည်တာပါ။
Humbaba ကခြင်္သေ့မျက်နှာ၊ ဆူးလိုအကြေးခွံတွေနဲ့ ကိုယ်ခန္ဓာ၊ လင်းတငှက်ရဲ့ချွန်ထက်တဲ့ခြေသည်းလက်သည်း၊ ခေါင်းပေါ်မှာနွားသိုးတစ်ကောင်ရဲ့ဦးချိုတွေနဲ့ အမြီးအဆုံးမှာတော့မြွေခေါင်းတွေရှိတဲ့ သတ္တဝါဖြစ်တယ်။
ကြီးမားထွားကြိုင်းပြီးသူ့ရဲ့ ဟိန်းဟောက်သံကမုန်တိုင်းထန်သလိုဖြစ်ရုံမက သူ့ရဲ့အကြည့်ကလဲ ရင်ဆိုင်သူကိုသေစေနိုင်တဲ့လို့ဆိုတယ်။
သူ့ကို ရှေးဟောင်းဆူမီးရီးရန်း မုန်တိုင်းနဲ့လေပြင်းနတ်ဘုရား Enlil က Cedar Forest  ကိုစောင့်‌ရှောက်ဖို့တာဝန်ပေးထားတာတဲ့။
အဲဒီသတ္တဝါ Humbaba ကို သူရဲကောင်းဘုရင် Gilgamesh နဲ့ မိတ်ဆွေလဲဖြစ်၊ ရဲဘော်ရဲဘက်လဲဖြစ်တဲ့ Enkidu တို့ဟာ ဆူမီးရီးရန်းနေနတ်ဘုရား Utu (ဆူမီးရီးရန်းခေတ်နောက်မှာပေါ်လာတဲ့ Akkadian Empire က နေနတ်ဘုရား Shamash နဲ့တူညီ) ရဲ့အကူအညီနဲ့ သတ်ဖြတ်နိုင်ခဲ့တယ်။
 Humbaba ရဲ့ခေါင်းကိုဖြတ်၊ သားရေအိတ်တစ်ခုထဲမှာထည့်ပြီး မြို့တော် Uruk ကိုပြန်ခဲ့ကြပါတယ်တဲ့။
အဲဒီဆူမီးရီးရန်း (နောက်ပိုင်း Akkadian) ဒဏ္ဍာရီမှာပါတဲ့ သတ္တဝါ Humbaba ဟာ Leo နက္ခတ်ရဲ့သင်္ကေတ၊ ခြင်္သေ့ကို ကိုယ်စားပြုတယ်လို့ တစ်ချို့ရှေးဟောင်းဒဏ္ဍာရီသမားတွေက ယုံကြည်ကြတယ်။

ဂရိဒဏ္ဍာရီလာ သိဟ် သင်္ကေတ
***********************
(သူရဲကောင်း Heracles နဲ့ Nemean ခြင်္သေ့)
ဂရိဒဏ္ဍာရီတွေမှာ ထင်ရှားတဲ့ လူသန်ကြီး  Heracles (ရောမလူမျိုးတွေအခေါ်  ဟာကြူလီ Hercules) ဟာ သူ့ရဲ့ဂန္ထဝင်တွင်တဲ့အလုပ်ကြီးပေါင်း ၁၂ ခုထဲက ပထမဆုံးအလုပ်အနေနဲ့ Nemean ခြင်္သေ့နဲ့ တိုက်ခိုက်ခဲ့ပါတယ်။

 Nemean ြခင်္သေ့က မိန်းမပျိုလေးတွေကိုဖမ်းဆီးပြီး သူ့ရဲ့သားရဲတွင်းရှိရာကျောက်ဂူထဲမှာထားလို့ သူရဲကောင်းတွေကိုမျှားခေါ်လေ့ရှိတယ်။
မိန်းမပျိုလေးတွေကိုကယ်တင်ဖို့ရောက်လာတဲ့ သူရဲကောင်းတွေကိုတော့ သတ်ဖြတ်စားသောက်ပစ်တာပေါ့။

 Nemean ခြင်္သေ့ရဲ့ လက်သည်းတွေက ထက်မြမာကျောပြီး၊ သူရဲ့သားရေကတော့ ဓါး၊လှံ၊လေးမြား၊ ကျောက်ခဲ၊ သစ်သားချွန်လက်နက်မျိုးစုံပြီးတယ်။
ခွန်အားကြီး သန်မာပြီး သူ့ကိုရင်ဆိုင်တိုက်ခိုက်နိုင်သူမရှိဘူး။
လူစွမ်းကောင်း Heracles ကတော့ ဒီအချက်တွေကိုမမှုပဲ ခြင်္သေ့ခိုအောင်းနေရာဂူထဲကို မကြောက်မရွံ့ဝင်သွားခဲ့တယ်။
မြားတွေတစ်ချောင်းပြီးတစ်ချောင်း ခြင်္သေ့ကိုယ်ကသားရေကို ပြန်ကန်ခုန်ထွက်လာတာကိုကြည့်ပြီး မြားနဲ့ပစ်ပြီးသတ်လို့မရမှန်း Heracles သ‌ဘောပေါက်သွားခဲ့တယ်။
ဒါနဲ့ပဲ သူ့ကိုခုန်အုပ်လိုက်တဲ့ခြင်္သေ့ကို လက်ချည်းဗလာသက်သက်နဲ့ ဖမ်းချုပ်ပစ်လိုက်ပြီး ခြေတွေလက်တွေပါချုပ်လို့ လည်ပင်းကိုလဲသန်မာလွန်းတဲ့လက်မောင်းတွေနဲ့ညှစ်ထားလိုက်တယ်။
အဲဒီနောက်ရုန်းကန်နေတဲ့  Nemean ြခင်္သေ့ကို ခွန်အားအရာမှာပြိုင်ဘက်ကင်းတဲ့ Heracles ကလက်ပင်းချိုးပြီး သတ်ပစ်လိုက်လို့ မိန်းမပျိုလေးတွေကိုလဲ လွှတ်ပေးလိုက်နိုင်တယ်။
ဓါးလှံမပေါက်တဲ့ ခြင်္သေ့သားရေကိုတော့ ခြင်္သေ့ရဲ့လက်သည်းတွေကိုပြန်သုံးပြီး ဆုတ်ခဲ့တယ်။
ဒီခြင်္သေ့ရေက Heracles ရဲ့နောက်ပိုင်းစွန့်စားခန်းတွေတလျှောက်မှာ သူ့ရဲ့ဝတ်ရုံ၊ အကာအကွယ်၊ ကိုယ်ချပ်အင်္ကျီအနေနဲ့သာမက သူ့ရဲ့အမှတ်အသားတစ်ခုအနေနဲ့ပါ အသုံးတော်ခံခဲ့တယ်။
ဂရိနတ်ဘုရင် Zeus က အဲဒီအဖြစ်အပျက်ကို ဂုဏ်ပြုတဲ့အနေနဲ့ ခြင်္သေ့နက္ခတ် Leo ကိုကောင်းကင်ပြင်မှာ ဖန်ဆင်းခဲ့တယ်လို့ ယုံကြည်ကြပါသတဲ့။

ရောမဒဏ္ဍာရီလာ သိဟ် သင်္ကေတ
*************************
နောက်တစ်ခုကတော့ ရောမကဗျာဆရာ Ovid ရဲ့ ကဗျာတစ်ပုဒ်ထဲမှာပါတဲ့ ချစ်သူနှစ်ဦးရဲ့ဇာတ်လမ်းက အဓိကဇာတ်ကောင်ခြင်္သေ့ဟာ သိဟ် ရာသီကိုကိုယ်စားပြုတယ်လို့ဆိုကြပြန်တယ်။
ဒီဇာတ်လမ်းလေးက ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ဂျူးလိယက်ဇာတ်လမ်းနဲ့ခပ်ဆင်ဆင်တူတယ်။
Pyramus နဲ့ Thisbe ဆိုတဲ့ ဘေဘီလုံမြို့ကချစ်သူနှစ်ဦးကို နှစ်ဖက်မိဘတွေက ပြိုင်ဘက်တွေဖြစ်ကြလို့ သဘောမတူကြဘူး။
ဒါနဲ့ပဲချစ်သူနှစ်ဦးဟာ အဖြူရောင်ဘယ်ရီသီးလေးတွေသီးတဲ့ Mulberry ပင်တစ်ပင်‌အောက်မှ လျှို့ဝှက်တွေ့ဆုံကြဖို့ အချိန်းအချက်လုပ်ခဲ့ကြတယ်တဲ့။
ကောင်မလေး Thisbe အပင်အောက်ကိုရောက်ချိန်မှာ အနားကခြုံတစ်ခုထဲကခြင်္သေ့တစ်ကောင်ခုန်ထွက်လာလို့ ကောင်မလေးဟာကြောက်လန့်တကြားထွက်ပြေးသွားခဲ့ရတယ်။
ကောင်မ‌လေးကျကျန်ခဲ့တဲ့ ပဝါလေးကိုတော့ တစ်ခြားသတ္တဝါတစ်ကောင်ကိုစားသောက်ထားလို့အစွယ်မှာသွေးတွေရွှဲနေတဲ့ခြင်္သေ့က တစ်စစီဖြစ်အောင် ကိုက်ဖြတ်ဆွဲဖြဲလိုက်သတဲ့။
ကောင်လေး Pyramus ရောက်လာချိန်မှာ သွေးတွေပေပွပြီး တစ်စစီဖြစ်နေတဲ့ ချစ်သူရဲ့ပဝါလေးကိုမြင်သွားတယ်။
 သူ့ချစ်သူတောကောင်ကိုက်လို့သေဆုံးသွားပြီလို့ ယုံကြည်တာနဲ့ တစ်ယောက်ထဲအသက်ဆက်မရှင်ချင်တော့တဲ့ ကောင်လေးဟာကိုယ့်ကိုယ်ကို ပါလာတဲ့ဓါးနဲ့ အဆုံးစီရင်လိုက်လေရဲ့။
Pyramus တစ်ယောက်သေအံ့မူးမူးဖြစ်နေချိန်မှာပဲ Thisbe ပြန်ရောက်လာတော့ အခြေအနေကိုကြည့်ပြီးသဘောပေါက်သွားတယ်။
သူလဲသူ့ချစ်သူနောက်လိုက်မယ်ဆိုပြီး ကောင်လေးရဲ့ဓါးနဲ့ကိုယ့်ကိုယ်ကိုအဆုံးစီရင်ပစ်လိုက်ပါသတဲ့။
ချစ်သူနှစ်ယောက်ရဲ့ကိုယ်ကထွက်လာတဲ့ နီစွေးတဲ့သွေးတွေကြောင့် အဖြူရောင်ဘယ်ရီသီးလေးတွေသီးတဲ့ Bulberry ပင်ဟာလဲ အနီရောင်အသီးတွေပဲသီးတော့တာ ဒီနေ့ထိလို့ဆိုတယ်။

ခြင်္သေ့သင်္ကေတနဲ့ သိဟ်နက္ခတ် Leo ဟာ ဒီပုံပြင်လေးကို ကိုယ်စားပြုတယ်လို့လဲ တစ်ချို့က ယုံကြည်ကြပြန်တယ်။

ရေးခဲ့တဲ့ဟာတွေကတော့ Leo ခေါ် သိဟ် နက္ခတ်ရဲ့သင်္ကေတနဲ့ပက်သက်လို့ မောင်ဇိရှာတွေ့သမျှထဲက အကျဥ်းချုပ်ပါပဲ။ ဒဏ္ဍာရီတစ်ခုချင်းစီနဲ့ ဆက်စပ်ပက်သက်ရာတွေအကုန်လုံးကို အသေးစိတ်ရှည်ရှည်လျားလျားသိချင်ရင်တော့ အင်တာနက်မှာကိုယ့်ဟာကိုရှာဖတ်လို့ရပါတယ်။ မောင်ဇိရေးထားတဲ့ထဲက မပြည့်စုံတာရှိရင်၊ လွဲတာရှိရင်လဲ သည်းခံကြပါလို့။

မောင်ဇိ
===============================================

သိဟ္ရာသီခြင္ (Leo) သေကၤတ ျခေသၤ့၏ဇာစ္ျမစ္
************************************

သိဟ္ရာသီခြင္ (Leo) ကို ကိုယ္စားျပဳတဲ့ Leo Constellation ကိုဟိုးလြန္ခဲ့တဲ့ႏွစ္ေထာင္ေပါင္းမ်ားစြာကတည္းက လူေတြသတိထားမိခဲ့ၾကၿပီး ေရွးဦးဆုံးမွတ္သားခဲ့ၾကတဲ့ နကၡတ္ေတြထဲက တစ္ခုအပါအဝင္ျဖစ္တယ္။ ဘီစီ၄၀၀၀ေလာက္ကတည္းက မက္ဆိုပိုေတးမီးယားကလူေတြမွာလဲ ဒီၾကယ္တာရာစုနဲ႔ပုံစံဆင္တူတဲ့နကၡတ္တာရာတစ္ခုရွိခဲ့ၾကတယ္လို႔ အေထာက္အထားတစ္ခ်ိဳ႕ရွိပါတယ္တဲ့။
ပါရွန္းေတြက Leo Ser သို႔ Shir လို႔ေခၚခဲ့ၾကၿပီး တာခ့္ (Turk) ေတြက Artan၊ ဆီးရီးယားလူမ်ိဳးေတြက Aryo၊ ဂ်ဴးေတြက Arye၊ အိႏၵိယလူမ်ိဳးေတြက Simha လို႔အသီးသီးေခၚခဲ့ၾကေပမယ့္ အားလုံးရဲ႕ အဓိပၸါယ္ကေတာ့ တစ္ခုထဲပါပဲ။
ျခေသၤ့တဲ့။

သိဟ္ (Leo)ရာသီခြင္ရဲ႕ နကၡတ္ျဖစ္တဲ့ျခေသၤ့နဲ႔ပက္သက္တဲ့ ဂရိနဲ႔ေရာမ ဒ႑ာရီႏွစ္ခုရွိပါတယ္။
အဲဒီ ႏွစ္ခုအျပင္ တစ္ခ်ိဳ႕ဒ႑ာရီသမားေတြယုံၾကည္ၾကတဲ့ ပိုၿပီးေရွးက်တဲ့ ဒ႑ာရီတစ္ခုလဲရွိပါေသးတယ္။
 ဒီေတာ့ သိဟ္ရာသီခြင္နဲ႔ပက္သက္တဲ့ ဒ႑ာရီသုံးခုေပါ့။

ဆူမီးရီးရန္းဒ႑ာရီလာ သိဟ္ သေကၤတ
****************************************
(သူရဲေကာင္း Gilgamesh နဲ႔ သတၱဝါဆိုးႀကီး Humbaba )
လူသိနည္းတဲ့ ဒ႑ာရီကေတာ့ အေရွ႕အလယ္ပိုင္းေဒသကေရွးေဟာင္း ဆူမီးရီးရန္းဒ႑ာရီတစ္ခုပါ။
Leo ရဲ႕သေကၤတက Gilgamesh ဆိုတဲ့ သူရဲေကာင္းဘုရင္တစ္ပါးႏွိမ္နင္းခဲ့တဲ့ သတၱဝါ Humbaba ကိုကိုယ္စားျပဳပါတယ္တဲ့။
Gilgamesh က အေရွ႕အလယ္ပိုင္းေဒသမွာ ဘီစီ၂၈၀၀ နဲ႔ ၂၅၀၀ ၾကားေလာက္မွာ ၿမိဳ႕ျပႏိုင္ငံငယ္ေလးတစ္ခုျဖစ္တဲ့ Uruk ၿမိဳ႕ကိုစိုးစံခဲ့တဲ့ဘုရင္ျဖစ္တယ္။ ( Final Fantasy လိုမ်ိဳး RPG ဂိမ္းေတြမွာ Gilgamesh နာမည္နဲ႔ ဇာတ္ေကာင္တစ္ေကာင္မၾကာခဏပါေလ့ရွိတယ္)
သူ႔ရဲ႕ဂုဏ္သတင္းကိုအဓြန႔္ရွည္ေက်ာ္ၾကားေစလိုတဲ့ရည္႐ြယ္ခ်က္နဲ႔ Gilgamesh ဟာ သတၱဝါႀကီး Humbaba ေစာင့္ေရွာက္ေနတဲ့ Cedar Forest (ထင္းရႉးမ်ိဳး) ကအပင္ေတြနဲ႔ နန္းေတာ္ေဆာက္မယ္ဆိုၿပီး Humbaba ကိုတိုက္ခိုက္ႏွိမ္နင္းဖို႔ႀကံစည္တာပါ။
Humbaba ကျခေသၤ့မ်က္ႏွာ၊ ဆူးလိုအေၾကးခြံေတြနဲ႔ ကိုယ္ခႏၶာ၊ လင္းတငွက္ရဲ႕ခြၽန္ထက္တဲ့ေျခသည္းလက္သည္း၊ ေခါင္းေပၚမွာႏြားသိုးတစ္ေကာင္ရဲ႕ဦးခ်ိဳေတြနဲ႔ အၿမီးအဆုံးမွာေတာ့ေႁမြေခါင္းေတြရွိတဲ့ သတၱဝါျဖစ္တယ္။
ႀကီးမားထြားႀကိဳင္းၿပီးသူ႔ရဲ႕ ဟိန္းေဟာက္သံကမုန္တိုင္းထန္သလိုျဖစ္႐ုံမက သူ႔ရဲ႕အၾကည့္ကလဲ ရင္ဆိုင္သူကိုေသေစႏိုင္တဲ့လို႔ဆိုတယ္။
သူ႔ကို ေရွးေဟာင္းဆူမီးရီးရန္း မုန္တိုင္းနဲ႔ေလျပင္းနတ္ဘုရား Enlil က Cedar Forest  ကိုေစာင့္‌ေရွာက္ဖို႔တာဝန္ေပးထားတာတဲ့။
အဲဒီသတၱဝါ Humbaba ကို သူရဲေကာင္းဘုရင္ Gilgamesh နဲ႔ မိတ္ေဆြလဲျဖစ္၊ ရဲေဘာ္ရဲဘက္လဲျဖစ္တဲ့ Enkidu တို႔ဟာ ဆူမီးရီးရန္းေနနတ္ဘုရား Utu (ဆူမီးရီးရန္းေခတ္ေနာက္မွာေပၚလာတဲ့ Akkadian Empire က ေနနတ္ဘုရား Shamash နဲ႔တူညီ) ရဲ႕အကူအညီနဲ႔ သတ္ျဖတ္ႏိုင္ခဲ့တယ္။
 Humbaba ရဲ႕ေခါင္းကိုျဖတ္၊ သားေရအိတ္တစ္ခုထဲမွာထည့္ၿပီး ၿမိဳ႕ေတာ္ Uruk ကိုျပန္ခဲ့ၾကပါတယ္တဲ့။
အဲဒီဆူမီးရီးရန္း (ေနာက္ပိုင္း Akkadian) ဒ႑ာရီမွာပါတဲ့ သတၱဝါ Humbaba ဟာ Leo နကၡတ္ရဲ႕သေကၤတ၊ ျခေသၤ့ကို ကိုယ္စားျပဳတယ္လို႔ တစ္ခ်ိဳ႕ေရွးေဟာင္းဒ႑ာရီသမားေတြက ယုံၾကည္ၾကတယ္။

ဂရိဒ႑ာရီလာ သိဟ္ သေကၤတ
***********************
(သူရဲေကာင္း Heracles နဲ႔ Nemean ျခေသၤ့)
ဂရိဒ႑ာရီေတြမွာ ထင္ရွားတဲ့ လူသန္ႀကီး  Heracles (ေရာမလူမ်ိဳးေတြအေခၚ  ဟာၾကဴလီ Hercules) ဟာ သူ႔ရဲ႕ဂႏၴဝင္တြင္တဲ့အလုပ္ႀကီးေပါင္း ၁၂ ခုထဲက ပထမဆုံးအလုပ္အေနနဲ႔ Nemean ျခေသၤ့နဲ႔ တိုက္ခိုက္ခဲ့ပါတယ္။

 Nemean ျခေသၤ့က မိန္းမပ်ိဳေလးေတြကိုဖမ္းဆီးၿပီး သူ႔ရဲ႕သားရဲတြင္းရွိရာေက်ာက္ဂူထဲမွာထားလို႔ သူရဲေကာင္းေတြကိုမွ်ားေခၚေလ့ရွိတယ္။
မိန္းမပ်ိဳေလးေတြကိုကယ္တင္ဖို႔ေရာက္လာတဲ့ သူရဲေကာင္းေတြကိုေတာ့ သတ္ျဖတ္စားေသာက္ပစ္တာေပါ့။

 Nemean ျခေသၤ့ရဲ႕ လက္သည္းေတြက ထက္ျမမာေက်ာၿပီး၊ သူရဲ႕သားေရကေတာ့ ဓါး၊လွံ၊ေလးျမား၊ ေက်ာက္ခဲ၊ သစ္သားခြၽန္လက္နက္မ်ိဳးစုံၿပီးတယ္။
ခြန္အားႀကီး သန္မာၿပီး သူ႔ကိုရင္ဆိုင္တိုက္ခိုက္ႏိုင္သူမရွိဘူး။
လူစြမ္းေကာင္း Heracles ကေတာ့ ဒီအခ်က္ေတြကိုမမႈပဲ ျခေသၤ့ခိုေအာင္းေနရာဂူထဲကို မေၾကာက္မ႐ြံ႕ဝင္သြားခဲ့တယ္။
ျမားေတြတစ္ေခ်ာင္းၿပီးတစ္ေခ်ာင္း ျခေသၤ့ကိုယ္ကသားေရကို ျပန္ကန္ခုန္ထြက္လာတာကိုၾကည့္ၿပီး ျမားနဲ႔ပစ္ၿပီးသတ္လို႔မရမွန္း Heracles သ‌ေဘာေပါက္သြားခဲ့တယ္။
ဒါနဲ႔ပဲ သူ႔ကိုခုန္အုပ္လိုက္တဲ့ျခေသၤ့ကို လက္ခ်ည္းဗလာသက္သက္နဲ႔ ဖမ္းခ်ဳပ္ပစ္လိုက္ၿပီး ေျခေတြလက္ေတြပါခ်ဳပ္လို႔ လည္ပင္းကိုလဲသန္မာလြန္းတဲ့လက္ေမာင္းေတြနဲ႔ညႇစ္ထားလိုက္တယ္။
အဲဒီေနာက္႐ုန္းကန္ေနတဲ့  Nemean ျခေသၤ့ကို ခြန္အားအရာမွာၿပိဳင္ဘက္ကင္းတဲ့ Heracles ကလက္ပင္းခ်ိဳးၿပီး သတ္ပစ္လိုက္လို႔ မိန္းမပ်ိဳေလးေတြကိုလဲ လႊတ္ေပးလိုက္ႏိုင္တယ္။
ဓါးလွံမေပါက္တဲ့ ျခေသၤ့သားေရကိုေတာ့ ျခေသၤ့ရဲ႕လက္သည္းေတြကိုျပန္သုံးၿပီး ဆုတ္ခဲ့တယ္။
ဒီျခေသၤ့ေရက Heracles ရဲ႕ေနာက္ပိုင္းစြန႔္စားခန္းေတြတေလွ်ာက္မွာ သူ႔ရဲ႕ဝတ္႐ုံ၊ အကာအကြယ္၊ ကိုယ္ခ်ပ္အက်ႌအေနနဲ႔သာမက သူ႔ရဲ႕အမွတ္အသားတစ္ခုအေနနဲ႔ပါ အသုံးေတာ္ခံခဲ့တယ္။
ဂရိနတ္ဘုရင္ Zeus က အဲဒီအျဖစ္အပ်က္ကို ဂုဏ္ျပဳတဲ့အေနနဲ႔ ျခေသၤ့နကၡတ္ Leo ကိုေကာင္းကင္ျပင္မွာ ဖန္ဆင္းခဲ့တယ္လို႔ ယုံၾကည္ၾကပါသတဲ့။

ေရာမဒ႑ာရီလာ သိဟ္ သေကၤတ
*************************
ေနာက္တစ္ခုကေတာ့ ေရာမကဗ်ာဆရာ Ovid ရဲ႕ ကဗ်ာတစ္ပုဒ္ထဲမွာပါတဲ့ ခ်စ္သူႏွစ္ဦးရဲ႕ဇာတ္လမ္းက အဓိကဇာတ္ေကာင္ျခေသၤ့ဟာ သိဟ္ ရာသီကိုကိုယ္စားျပဳတယ္လို႔ဆိုၾကျပန္တယ္။
ဒီဇာတ္လမ္းေလးက ရွိတ္စပီးယားရဲ႕ ႐ိုမီယိုနဲ႔ဂ်ဴးလိယက္ဇာတ္လမ္းနဲ႔ခပ္ဆင္ဆင္တူတယ္။
Pyramus နဲ႔ Thisbe ဆိုတဲ့ ေဘဘီလုံၿမိဳ႕ကခ်စ္သူႏွစ္ဦးကို ႏွစ္ဖက္မိဘေတြက ၿပိဳင္ဘက္ေတြျဖစ္ၾကလို႔ သေဘာမတူၾကဘူး။
ဒါနဲ႔ပဲခ်စ္သူႏွစ္ဦးဟာ အျဖဴေရာင္ဘယ္ရီသီးေလးေတြသီးတဲ့ Mulberry ပင္တစ္ပင္‌ေအာက္မွ လွ်ိဳ႕ဝွက္ေတြ႕ဆုံၾကဖို႔ အခ်ိန္းအခ်က္လုပ္ခဲ့ၾကတယ္တဲ့။
ေကာင္မေလး Thisbe အပင္ေအာက္ကိုေရာက္ခ်ိန္မွာ အနားကၿခဳံတစ္ခုထဲကျခေသၤ့တစ္ေကာင္ခုန္ထြက္လာလို႔ ေကာင္မေလးဟာေၾကာက္လန႔္တၾကားထြက္ေျပးသြားခဲ့ရတယ္။
ေကာင္မ‌ေလးက်က်န္ခဲ့တဲ့ ပဝါေလးကိုေတာ့ တစ္ျခားသတၱဝါတစ္ေကာင္ကိုစားေသာက္ထားလို႔အစြယ္မွာေသြးေတြ႐ႊဲေနတဲ့ျခေသၤ့က တစ္စစီျဖစ္ေအာင္ ကိုက္ျဖတ္ဆြဲၿဖဲလိုက္သတဲ့။
ေကာင္ေလး Pyramus ေရာက္လာခ်ိန္မွာ ေသြးေတြေပပြၿပီး တစ္စစီျဖစ္ေနတဲ့ ခ်စ္သူရဲ႕ပဝါေလးကိုျမင္သြားတယ္။
 သူ႔ခ်စ္သူေတာေကာင္ကိုက္လို႔ေသဆုံးသြားၿပီလို႔ ယုံၾကည္တာနဲ႔ တစ္ေယာက္ထဲအသက္ဆက္မရွင္ခ်င္ေတာ့တဲ့ ေကာင္ေလးဟာကိုယ့္ကိုယ္ကို ပါလာတဲ့ဓါးနဲ႔ အဆုံးစီရင္လိုက္ေလရဲ႕။
Pyramus တစ္ေယာက္ေသအံ့မူးမူးျဖစ္ေနခ်ိန္မွာပဲ Thisbe ျပန္ေရာက္လာေတာ့ အေျခအေနကိုၾကည့္ၿပီးသေဘာေပါက္သြားတယ္။
သူလဲသူ႔ခ်စ္သူေနာက္လိုက္မယ္ဆိုၿပီး ေကာင္ေလးရဲ႕ဓါးနဲ႔ကိုယ့္ကိုယ္ကိုအဆုံးစီရင္ပစ္လိုက္ပါသတဲ့။
ခ်စ္သူႏွစ္ေယာက္ရဲ႕ကိုယ္ကထြက္လာတဲ့ နီေစြးတဲ့ေသြးေတြေၾကာင့္ အျဖဴေရာင္ဘယ္ရီသီးေလးေတြသီးတဲ့ Bulberry ပင္ဟာလဲ အနီေရာင္အသီးေတြပဲသီးေတာ့တာ ဒီေန႔ထိလို႔ဆိုတယ္။

ျခေသၤ့သေကၤတနဲ႔ သိဟ္နကၡတ္ Leo ဟာ ဒီပုံျပင္ေလးကို ကိုယ္စားျပဳတယ္လို႔လဲ တစ္ခ်ိဳ႕က ယုံၾကည္ၾကျပန္တယ္။

ေရးခဲ့တဲ့ဟာေတြကေတာ့ Leo ေခၚ သိဟ္ နကၡတ္ရဲ႕သေကၤတနဲ႔ပက္သက္လို႔ ေမာင္ဇိရွာေတြ႕သမွ်ထဲက အက်ဥ္းခ်ဳပ္ပါပဲ။ ဒ႑ာရီတစ္ခုခ်င္းစီနဲ႔ ဆက္စပ္ပက္သက္ရာေတြအကုန္လုံးကို အေသးစိတ္ရွည္ရွည္လ်ားလ်ားသိခ်င္ရင္ေတာ့ အင္တာနက္မွာကိုယ့္ဟာကိုရွာဖတ္လို႔ရပါတယ္။ ေမာင္ဇိေရးထားတဲ့ထဲက မျပည့္စုံတာရွိရင္၊ လြဲတာရွိရင္လဲ သည္းခံၾကပါလို႔။

ေမာင္ဇိ








No comments:

Post a Comment