Friday, January 29, 2021
မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၉) {လိုကီ၏ကလေးများ (ဇာတ်သိမ်း)}
-----------------------------------------------------------------------
ကမ္ဘာသစ်ပင်ကြီး အီဒရာဆေး (Yggdrasil) ရဲ့ ဘုံသုံးဘုံကို တစ်ခုစီထိုးဖောက်ထားတဲ့အမြစ်ကြီးသုံးခုအနက် အမြစ်တစ်ခုက နတ်ဘုရားတို့ရဲ့ဘုံ အော့စ်ဂေါ့ (Asgard)မှာရှိတယ်။ အဲဒီအမြစ်ကြီးက အောစ်ဂေါ့မှာရှိတဲ့ရေတွင်းတစ်တွင်းကရေကိုသောက်ပြီး အဲဒီရေတွင်းရဲ့ပိုင်ရှင်က ဥုဒ် (Urd) ဆိုတဲ့ နွန်း(Norn) တစ်ယောက်။ ဒါကြောင့် အဲဒီအမြစ်ရှိတဲ့ရေတွင်းကိုလဲ ဥုဒ်ရဲ့ရေတွင်း (Urd's well) လို့ခေါ်တယ်။ နွန်းဆိုတာက မစ်ဂေါ့ (Midgard) ကလူသားတွေနဲ့ ဆွာ့တ်အယ်လ်ဖာဟိုင်းမ် (Svartalfheim) က လူပု (Dwarf) တွေ၊ နတ်မှင်စာနက် (Dark Elf) တွေရဲ့ ကံကြမ္မာတွေကို ဆုံးဖြတ်ကြသူတွေ။ လူသားတွေ ကံကောင်းမယ်၊ ကံဆိုးမယ်၊ အချိုးအကွေ့အလှည့်အပြောင်းတွေကြုံမယ်၊ ဒုက္ခရောက်မယ်၊ သုခဖြစ်မယ် စတာတွေအားလုံးကို နွန်းတွေက ခြယ်လှယ်ကြတယ်။
ကမ္ဘာသစ်ပင်ကြီးရဲ့ ရေသောက်မြစ်တစ်ခုဆင်းရာ ဥုဒ်ရေတွင်းရဲ့ပိုင်ရှင်ဖြစ်တဲ့ နွန်းတစ်ယောက်ဖြစ်သူ ဥုဒ်မှာ ညီမနှစ်ယောက်ရှိသေးတယ်။ ဗာဒန်ဒီ (Verdandi) နဲ့ စကူး (Skuld) လို့ခေါ်တယ်။ ကံကြမ္မာလို့အဓိပ္ပါယ်ရတဲ့နာမည်နဲ့ အကြီးဆုံး ဥုဒ်ကအတိတ်ကို ကိုယ်စားပြုပြီး၊ ဖြစ်ပေါ်လာခြင်းဆိုတဲ့ အဓိပ္ပါယ်ရှိတဲ့နာမည်နဲ့ဗာဒန်ဒီက ပစ္စုပ္ပန်ကို ကိုယ်စားပြုတယ်။ ဖြစ်လာမည့်အရာဆိုတဲ့ အဓိပ္ပါယ်ပါတဲ့နာမည်နဲ့ စကူးကတော့ အနာဂါတ်ကို ရက်ဖောက်သူ။ သူတို့ညီအစ်မသုံးယောက်က ရေတွင်းမှာရှိတဲ့ကမ္ဘာသစ်ပင်ကြီးရဲ့ အမြစ်ကြီးကို ရှင်သန်အောင်၊ ကြီးထွားအောင် နေ့စဥ် ရွံနွံတွေ၊ ရေတွေနဲ့ သုတ်လိမ်းပြီးပြုပြင်ပေးပြီး နေထိုင်ကြတယ်။
ဗေဒင်မေးတဲ့နတ်ဘုရားတွေ
*********************
တစ်နေ့မှာတော့ နွန်းညီအစ်မသုံးယောက်ဆီကို နတ်ဘုရားတွေ ရောက်လာကြတယ်။
အကြောင်းကတော့ ဝံပုလွေဖန်ရီးယား (Fenrir) နဲ့ပက်သက်လို့ပါပဲ။
အော့စ်ဂေါ့ရဲ့အုပ်စိုးသူ အိုဒင်(Odin) ကလိုကီ (Loki) ရဲ့ ကလေးနှစ်ယောက်ဖြစ်တဲ့ ဧရာမမြွေကြီး ယောမွန်ဂန်ဒက်ရှ် (Jormungandr) နဲ့ လူရှင်တစ်ပိုင်းလူသေတစ်ပိုင်း ဟယ်လ် (Hel) တို့ကို အဝေးကိုပို့လိုက်ပေမဲ့ ဝံပုလွေပေါက် ဖန်ရီးရားကိုတော့ နတ်ဘုရားတွေနေထိုင်ရာ အော့စ်ဂေါ့ကမ္ဘာမှာခေါ်ထားခဲ့တယ်။ အော့စ်ဂေါ့ကလွင်ပြင်ထဲမှာ နေ့စဥ်ပြေးလွှားဆော့ကစားရင်း၊ သူ့ကိုအမြဲအစာကျွေးလေ့ရှိတဲ့ တရားမျှတမှုရဲ့နတ်ဘုရားဖြစ်တဲ့ တားရ် (Tyr) ကျွေးတဲ့ အသားတွေ၊ အရိုးတွေနေ့စဥ်စားရင်း တစ်နေ့တခြားကြီးထွားသထက် ကြီးထွားလာတဲ့ ဝံပုလွေဖန်ရီးယားကိုကြည့်ပြီးနတ်ဘုရားတွေက ထိတ်လန့်လာကြတယ်။ ဝံပုလွေပေါက်လေးဘဝကနေ ဒီနေ့ ဝံပုလွေကြီးတစ်ကောင်ရဲ့အရွယ်ဆို နောက်နေ့ ထွားကြိုင်းတဲ့ရေခဲသမင်အရွယ်လောက်၊ နောက်နေ့ဝက်ဝံကြီးတစ်ကောင်ရဲ့အရွယ်လောက်၊ နောက်နေ့ အဲဒီထက်ပိုပိုပြီးကြီးတဲ့အရွယ်လောက် တဖြည်းဖြည်း အရွယ်အစားကြီးမားလွန်းလာတဲ့ ဖန်ရီးရားက နတ်ဘုရားတွေကို အန္တရာယ်ပြုနိုင်တဲ့အရွယ်ရောက်လာပြီလို့ အားလုံးက သံသယရှိလာကြတယ်။ ဒီထက်မက ကြီးထွားလာခဲ့ရင် ထိန်းချုပ်ဖို့ခက်ခဲလာတော့မယ်။
အိုဒင်ရဲ့ အိပ်မက်အရဆိုရင် လိုကီရဲ့ သားသမီးသုံးယောက်က ကမ္ဘာပျက်တဲ့နေ့ဖြစ်လာမဲ့ နောက်ဆုံးတိုက်ပွဲနေ့ ရက်ခ်နာရွတ် (Ragnarok)မှာ နတ်ဘုရားတွေကို ဒုက္ခပေးမဲ့သူတွေ။
ဒါနဲ့ပဲ စိတ်ပူလာတဲ့နတ်ဘုရားတွေစုဝေးပြီး ဖန်ရီးယားနဲ့ပက်သက်လို့ သူတို့ရဲ့ကံကြမ္မာကဘယ်လိုဖြစ်လာနိုင်မလဲဆိုတာကို နွန်းတွေကို မေးကြ၊မြန်းကြတယ်။
"သူ့အမေကတော့ တကယ့် မိစ္ဆာတစ်ကောင်ပဲဟေ့"
အကြီးဆုံးဖြစ်တဲ့ ဥုဒ်ကဆိုတယ်။
"သူ့အဖေကလဲ ကောင်းတဲ့ကောင်တော့ မဟုတ်ပါဘူး"
ပစ္စုပ္ပန်ကို စိုးမိုးတယ်ဆိုတဲ့ ဗာဒန်ဒီက ဖြည့်ပြောတယ်။
"ဒီဝံပုလွေက တစ်နေ့မှာ နတ်ဘုရားဖခင်ကြီး အိုဒင်ကိုတောင် ဒုက္ခပေးလာမဲ့ သတ္တဝါပဲဆိုတာ သေချာမှတ်ထားကြ"
အဝေးကိုလှမ်းကြည့်ပြီး ပြောလိုက်တဲ့ အနာဂတ်ကိုပိုင်စိုးသူ စကူးရဲ့အဆုံးသတ်စကားကြောင့် နတ်ဘုရားတွေအားလုံးစိုးရိမ်သွားကြတယ်။
နတ်ဘုရားတို့၏ အကြံ
*****************
မြင့်မြတ်ရာနယ်မြေဖြစ်တဲ့ အော့စ်ဂေါ့မှာ ဖန်ရီးရားရဲ့သွေးစွန်းလို့မဖြစ်တဲ့အတွက် နတ်ဘုရားတွေက သွေးထွက်သံယိုမဖြစ်ပဲ ဖန်ရီးယားကိုဖယ်ရှားဖို့ အကြံထုတ်ကြတယ်။ ခါတိုင်းဆို အကြံထုတ်ရတဲ့ ကိစ္စတွေမှာ လိုကီကိုသူတို့ အားကိုးကြလို့ရပေမဲ့ ဒီကိစ္စကတော့ သူတို့ဟာသူတို့ဖြေရှင်းရမဲ့ ကိစ္စဖြစ်သွားပြီ။
" ငါတို့သူ့ကို သံကြိုးအကြီးကြီးနဲ့ ချည်ထားလိုက်ရင် သူ ဘယ်သူ့ကိုမှ ဒုက္ခပေးလို့ရတော့မှာမဟုတ်ဘူး" အကြံကောင်း ဉာဏ်ကောင်းတွေ ထွက်တတ်လေ့ရှိတဲ့ အိုဒင်က တွေးတွေးဆဆပြောတယ်။
ကျန်တဲ့နတ်ဘုရားတွေလဲ အိုဒင်ပြောတဲ့အကြံကို သဘောကျကြတာနဲ့ အင်မတန်ခိုင်ခံ့တဲ့ သတ္တုတွေသုံးပြီး ကြီးမားတဲ့ သံကြိုးကြီးတစ်ခုကို သွန်းလုပ်ကြတယ်။ သံကြိုးကြီးက တဖြည်းဖြည်းရုပ်လုံးပေါ်လာလေ၊ နတ်ဘုရားတွေလဲ သူတို့အကြံကိုတွေးပြီးကျေနပ်ကြလေလေဖြစ်လာတာပါပဲ။
ဒီလိုနဲ့ သံကြိုးကြီးကိုသွန်းလုပ်လို့ ပြီးသွားတဲ့တစ်နေ့မှာတော့ နတ်ဘုရားတွေက သံကြိုးကြီးကို ကိုင်ပြီး သူတို့ရဲ့ခြောက်အိပ်မက်ဖြစ်တဲ့ ဖန်ရီးယားရှိရာကိုသွားကြတယ်။
သူ့ကို အစာအမြဲကျွေးလေ့ရှိတဲ့ တားရ်နဲ့ နတ်ဘုရားတွေလာနေတာကိုတွေ့တော့ လွင်ပြင်ထဲမှာပြေးလွှားနေတဲ့ ဖန်ရီးရားက သူ့ရဲ့ကြီးမားတဲ့ကိုယ်လုံးကြီးကို သယ်ပြီးပြေးလာတယ်။
" သင်ဟာ အတော်ကို ကြံ့ခိုင်သန်စွမ်းသူတစ်ယောက်ဖြစ်နေပြီပဲ"
ချောမောတဲ့နတ်ဘုရား ဘောလ်ဒါ (Balder) ကဖန်ရီးယားကို မြှောက်ပင့်ပြီးပြောပေးလိုက်တဲ့အခါ ဖန်ရီယားက သိပ်သဘောကျသွားတယ်။
"ဟုတ်တယ်။ ငါ့ခွန်အားက ငါ့ကိုယ်အနှံ့မှာ လှည့်ပတ်စီးဆင်းနေတာ ငါကိုယ်တိုင်တောင်ခံစားနေရတယ်"
ဖန်ရီးယားက ဝံ့ကြွားစွာပြောလိုက်တဲ့အခါ အချိန်အခါစောင့်နေတဲ့ အိုဒင်က
"ငါတို့လာတာလဲ သင့်ရဲ့ခွန်အားကိုစမ်းသပ်ဖို့ပဲ။
သင် ဒီသံကြိုးကြီးကိုပြတ်အောင်ဖြတ်နိုင်ပါ့မလား"
လို့ နတ်ဘုရားတွေသယ်လာတဲ့ သံကြိုးကြီးကိုပြပြီးမေးလိုက်တယ်။
"ဒီသံကြိုးလား၊ ငါ အေးအေးဆေးဆေးဖြတ်နိုင်တာပေါ့"
ဖန်ရီးယားက ယုံကြည်မှုအပြည့်နဲ့ပြောတယ်။
"ဟုတ်ပြီ။ ဒါဆိုသင့်ရဲ့ ခွန်အားကြီးတယ်ဆိုတဲ့ဂုဏ်သတင်းကို အတည်ပြုဖို့ ငါတို့ကိုဒီသံကြိုးဖြတ်ပြပါ"
အိုဒင်က ပြောလိုက်ပြီး နတ်ဘုရားတွေကို ဖန်ရီးယားရဲ့ကိုယ်ခန္ဓာမှာ သံကြိုးနဲ့ချည်နှောင်စေတယ်။ ဖန်ရီးယားက ငြိမ်နေပြီး နတ်ဘုရားတွေက သူ့ရဲ့ခြေ၊လက်တွေ၊ ကိုယ်ခန္ဓာနဲ့ ယုတ်စွအဆုံး လည်ပင်းမှာပါ သံကြိုးတွေချည်နှောင်နေတာကို ကြည်ကြည်ဖြူဖြူခွင့်ပြုပေးလိုက်တယ်။
သံကြိုးတွေတစ်ထပ်ပြီးတစ်ထပ်ပတ်ပြီးတဲ့နောက် ခိုင်ခံ့ပြီလို့ စိတ်ချရချိန်မှာ နတ်ဘုရားတွေက ဖန်ရီးယားကို ပြောလိုက်တယ်။
"ကဲ၊ သင့်ခွန်အားကို ပြဖို့အချိန်ရောက်ပြီ။
ရုန်းပေတော့"
ဖန်ရီးယားက လည်ပင်းကို ဟိုဘက်ဒီဘက်လှည့်ကြည့်လိုက်တယ်။
နောက်ကိုယ့်ကိုနည်းနည်းကြုံ့ပြီး ခါကြည့်လိုက်တယ်။
"ဒီ သံကြိုးကတော့ လွယ်လွယ်လေးနဲ့ ပြတ်သွားအောင်ဖြတ်လို့ရတယ်။
ငါ့ဂုဏ်သတင်းကတော့ မွှေးဦးတော့မှာပဲ"
ပြောပြောဆိုဆိုနဲ့ သူ့ကိုယ်က ကြွက်သားတွေကို ညှစ်ပြီး အားစိုက်ရုန်းလိုက်တဲ့အခါ သံကြိုးကြီးက အပိုင်းပိုင်းပြတ်ကျသွားပြီး အချုပ်အနှောင်ကနေလွတ်မြောက်သွားတော့တယ်။
စိတ်ပျက်သွားတဲ့ နတ်ဘုရားတွေက စိတ်ပျက်မှုကိုဖုံးကွယ်ပြီး
" သင်က တကယ်ခွန်အားကြီးတာပဲ။ သင့်လိုခွန်အားကြီးသူမျိုးမတွေ့ဖူးသေးဘူး"
လို့ သံကြိုးကိုဖြတ်နိုင်လိုက်လို့ မာန်တက်ကျေနပ်နေတဲ့ ဖန်ရီးယားကို ပြောလိုက်ကြတယ်။
ပိုခိုင်သည့်သံကြိုး ဒရွမ်မီ
*************************
ဖန်ရီးယားကို တော်ရုံသံကြိုးနဲ့ မချည်နှောင်နိုင်ဘူးဆိုတာ သိလိုက်ရတော့ နတ်ဘုရားတွေက ပိုမာပြီး၊ ပိုရှားပါးတဲ့ သတ္တုတွေသုံးပြီး ပိုကြီး၊ ပိုခိုင်ခန့်တဲ့ သံကြိုးကြီးတစ်ခုလုပ်ကြပြန်တယ်။ ဒီသံကြိုးကြီးကိုတော့ ဒရွမ်မီ(Dromi)လို့ခေါ်တယ်။
ဒရွမ်မီကို သယ်ပြီးဖန်ရီယားရှိရာကို နတ်ဘုရားတွေရောက်လာကြချိန်မှာ ဖန်ရီးယားက
" ငါ့ကို စမ်းသပ်ဖို့နောက်ထပ် သံကြိုးတစ်ခုပါလာပြန်ပြီလား" လို့ဆိုပြီး
နတ်ဘုရားတွေက သံကြိုးနဲ့ချည်နှောင်တာကို အေးအေးဆေးဆေးလက်ခံပြန်တယ်။
"ပိုခိုင်တဲ့သံကြိုးဆိုတော့ ငါ့ခွန်အားရဲ့ဂုဏ်သတင်းက ပိုမွှေးမှာပေါ့" လို့လဲ ဆိုလိုက်သေးတယ်။
တစ်ကိုယ်လုံးကို သေချာချည်နှောင်ပြီးချိန်မှာ နတ်ဘုရားတွေက
"ရပြီ၊ သင်ရုန်းကြည့်ပေတော့" လို့ ဆိုလိုက်တယ်။
ဖန်ရီးယားက အရင်တစ်ခေါက်ကလို ကိုယ်ကိုကြုံပြီး ကြွက်သားတွေညှစ်လို့ သံကြိုးကိုဖြတ်ကြည့်တယ်။ သံကြိုးက မပြတ်ချင်ဘူး။
နတ်ဘုရားတွေရဲ့မျက်နှာမှာ အပြုံးရိပ်တွေသန်းလာတယ်။
ဖန်ရီးယားကတော့ အဲဒါကို သတိမထားမိပဲ ကိုယ်ကိုတစ်ပတ်လှိမ့်လိုက်ပြီး လက်တွေ၊ခြေတွေကိုဆန့်တန်း၊ အသက်ကိုပြင်းပြင်းရှူပြီး ခွန်အားကိုစိုက်ထုတ်လိုက်တယ်။
အားလုံးရဲ့မျက်စိရှေ့မှာပဲ ဖန်ရီးယားရဲ့ကိုယ်ခန္ဓာကြီးက ပိုကြီးထွက်လာသလိုဖြစ်ပြီး သံကြိုးတွေဆီက တဖျစ်ဖျစ်မြည်သံတွေထွက်လာတယ်။ နတ်ဘုရားတွေအားလုံးနောက်ဆုတ်လိုက်တာ အချိန်မီလေးပါပဲ။
ဖန်ရီးယားက အားထပ်စိုက်ပြီး ကြွက်သားတွေညှစ်ထုတ်လိုက်တဲ့ခဏမှာ ကြီးမားတဲ့ အက်ကွဲသံကြီးနဲ့အတူ ဒရွမ်မီက အပိုင်းပိုင်းပြတ်ပြီး အရပ်ရှစ်မျက်နှာကို တချွင်ချွင်လွင့်စင်ထွက်ကုန်တယ်။
တချို့ အပိုင်းအစတွေက အနားမှာရှိတဲ့ ကျောက်သားကျောက်စိုင်တွေမှာပါ ထိုးစိုက်ကုန်ကြတယ်။
နတ်ဘုရားတွေကတော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီး ဂုဏ်ယူဟန်နဲ့ ခေါင်းကိုမော့ပြီး အားရပါးရအူလိုက်တဲ့ ဖန်ရီးယားကို စိတ်မပါလက်မပါ ချီးကျူးကြရပြန်တယ်။
အကြံကုန်ဂဠုန်ဆားချက်
******************
ဖန်ရီးယားကိုချည်နှောင်ဖို့ခိုင်ခံ့တဲ့ သံကြိုးကိုဘယ်လိုမှမလုပ်နိုင်ဘူးဆိုတာ သေချာသွားတဲ့နောက်မှာတော့ အကြံကုန်ဂဠုန်ဆားချက်တဲ့အနေနဲ့ နတ်ဘုရားတွေက လူပုတွေဆီက အကူအညီယူဖို့ဆုံးဖြတ်လိုက်ကြတယ်။ ဂလတ်စ်ဟိုင်းမ် (Gladsheim) ခန်းမထဲမှာ စုစည်းကြတဲ့အစည်းအဝေးအပြီးမှာတော့ ကောက်ရိတ်သိမ်းမှုနတ်ဘုရားဖရေး (Frey) ရဲ့ တမန်တော်လဲဖြစ်၊ နောက်လိုက်တစ်ယောက်လဲဖြစ်တဲ့ နတ်မှင်စာဖြူ (Light Elf) တစ်ဦးဖြစ်သူ စကီးရားနစ်ရှ် (Skirnir) ကို လူပုတွေနဲ့ နတ်မှင်စာနက်(Dark Elf)တွေနေထိုင်ရာ ဆွာဖ့်အယ်လ်ဖာဟိုင်းကိုစေလွှတ်လိုက်ကြတယ်။
လောဘကြီးသလောက် ပန်းပဲအတတ်၊ လက်မှုအတတ်တွေမှာ ပြိုင်ဘက်ကင်းတဲ့ လူပုတွေကို လိုချင်သလောက်ရွှေတွေပေးမယ်လို့ အပေးအယူလုပ်ပြီးတဲ့နောက်မှာတော့ လူပုတွေက အော့စ်ဂေါ့က အဲဆီးရ် (Aesir) နတ်ဘုရားတွေအလိုရှိရာ ခိုင်ခံံ့တဲ့ကြိုးတစ်ချောင်းကို ဖန်တီးပေးလိုက်ကြတော့တယ်။ လူပုတွေရဲ့ ကြိုးနာမည်က ဂလိုက်ပ်နီးရ် (Gleipnir) တဲ့။
ပန်းပဲအတတ်မှာ တစ်ဖက်ကမ်းခတ်တဲ့ လူပုတွေရဲ့လက်ရာ ကြိုးကိုယူပြီးပြန်လာတဲ့ လင်းလက်တောက်ပတဲ့အဆင်းရှိတဲ့ စကီးရားနစ်ရှ် ကိုမြင်ချိန်မှာ နတ်ဘုရားတွေက ဝမ်းသာရမဲ့အစား ဝေခွဲမရဖြစ်ကုန်ကြတယ်။
စကီးယားနစ်ရှ်ယူလာတာက ကြီးမားခိုင်ခန့်တဲ့ သံကြိုးကြီးတစ်ချောင်း မဟုတ်ပဲ ပိန်ရှည်ရှည်ကြိုးတစ်ချောင်းဖြစ်နေလို့ပါပဲ။
" စကီးယားနစ်ရှ်၊ သင့်ကို ငါတို့က သံကြိုးတစ်ခုယူခဲ့ဖို့လွှတ်လိုက်တာလေ၊ ဘာကြောင့် ဖဲကြိုးတစ်ချောင်းကို ယူလာရတာလဲ"
နတ်ဘုရားတွေက ဖွင့်မေးကြတယ်။
"ဒီကြိုးနာမည်က ဂလိုက်ပ်နီးရ်တဲ့။
ဒါ သာမန်ကြိုးမဟုတ်ဘူး။
လောကမှာ အရှားပါးဆုံးအရာတွေနဲ့ သွန်းလုပ်ထားတာ"
စကီးယားနစ်ရှ်ရဲ့ အဖြေကိုကြားလိုက်ရတော့ နတ်ဘုရားတွေက စိတ်ဝင်စားသွားတယ်။
"ပြောစမ်းပါဦး စကီးယားနစ်ရှ်၊
ရှားပါးတဲ့ ဘယ်အရာတွေများလဲ"
အိုဒင်ကထောက်ပေးလိုက်တဲ့အခါ
" ဒီကြိုးက နှယ်နှယ်ရရမဟုတ်ဘူး။ လူပုတွေသာ ရအောင်ရှာနိုင်တဲ့ အင်မတန်ရှားပါတဲ့အရာခြောက်မျိုးကိုသုံးပြီးလုပ်ထားတာ"
"ရှားပါးတဲ့အရာ ခြောက်မျိုး၊ ဟုတ်လား"
"ဟုတ်တယ်။
ပထမတစ်ခုက ကြောင်တစ်ကောင်ရဲ့ခြေသံ၊
ဒုတိယက မိန်းမတစ်ယောက်ရဲ့မုတ်ဆိတ်၊
တတိယက တောင်တစ်တောင်ရဲ့အမြစ်၊
စတုတ္ထက ငါးတစ်ကောင်ရဲ့ ဝင်သက်၊ထွက်သက်၊
ပဥ္စမက ဝက်ဝံတစ်ကောင်ရဲ့ အရွတ်၊
ဆဌမက ငှက်တစ်ကောင်ရဲ့ တံတွေး "
"အဲဒါတွေက ဘယ်လိုဖြစ်နိုင်မှာလဲ" ဖရေးက စောဒကတက်လိုက်တဲ့အခါ
"ဒါတွေက အင်မတန်ရှားပါးပြီး ရှာရခက်တဲ့ထဲမှာမှ ရှိသမျှလေးကို လူပုတွေက သိမ်းထားလိုက်လို့ အပြင်လောကမှာ မရှိတော့တာပေါ့။
ကြောင်တစ်ကောင်က ခြေသံမကြားရအောင် ဘယ်လိုလျှောက်တတ်လဲဆိုတာ သင်တို့အားလုံးသိတာပဲ၊
တောင်တွေမှာလဲ အမြစ်ရှိရင် လွယ်လွယ်နဲ့ဘယ်တွေ့ရမလဲ။
မမြင်ရတာနဲ့ပဲ မရှိဘူးလို့လဲ မပြောနိုင်ဘူးမဟုတ်လား။
ဒီလိုရှားပါးတဲ့အရာတွေနဲ့လုပ်ထားလို့လဲ ဂလိုက်ပ်နီးရ်က ကမ္ဘာကိုးခုမှာအခိုင်ခံ့ဆုံးကြိုးတစ်ချောင်းဖြစ်နေတာပဲလို့ လူပုတွေက အာမခံထားတယ်"
နတ်ဘုရားတွေက ဒီလိုအံ့ဖွယ်ကြိုးကိုယူလာနိုင်တဲ့ စကီးရားနစ်ရှ် ကိုကျောသပ်၊ ရင်သပ်ချီးကျူးထောပနာပြုကြပြီး ဂလိုက်ပ်နီးရ်ကိုယူလို့ သူတို့ရဲ့ဘုံရန်သူဖြစ်လာမဲ့ ဖန်ရီးယားဆီကို ချီတက်သွားကြတော့တယ်။
ဖန်ရီးယားနဲ့ ဂလိုက်ပ်နီးရ်
******************
နတ်ဘုရားတွေက ဖန်ရီးယားကို အမ်ဆွာ့တ်နီးရ် (Amsvartnir) ရေကန်ကြီးရဲ့အလယ်က လင်ဗီကျွန်း (Lyngvi) လေးပေါ်ကိုဖိတ်ခေါ်ပြီး ကမ္ဘာလောကကိုးခုလုံးမှာ အခိုင်ခန့်ဆုံးလို့ လူပုတွေအာမခံလိုက်တဲ့ ဂလိုက်ပ်နီးရ်ကို ပြလိုက်တယ်။
သူ့ရှေ့မှာရှိနေတဲ့ ဖဲကြိုးသာသာ ကြိုးလေးကိုကြည့်ပြီး ဖန်ရီးယားက ရယ်လိုက်တာပေါ့။
" ဒီလို ကြိုးလေးမျိုးကိုဖြတ်ပြလို့ ငါ့မှာ ဘာဂုဏ်ရှိမှာလဲ။
သံကြိုးဖြတ်တဲ့ ဖန်ရီးယားဆိုတာကမှ ဂုဏ်ရှိသေးတယ်။
ဖဲကြိုးဖြတ်တဲ့ ဖန်ရီးယားဆို သူများတွေက ရယ်ကြမှာပေါ့"
"ဒါကတော့ သင်ကဒီကြိုးဘယ်လောက်ခိုင်လဲဆိုတာ မသိလို့ပါ၊ သင့်ကိုချည်ကြည့်မှ ဒီကြိုးကဘယ်လောက်ခိုင်တယ်ဆိုတာသိမှာပေါ့"
အိုဒင်က ပြောလိုက်တယ်။
ဖန်ရီးယားက နှာခေါင်းရှုံ့လိုက်ပြီး
" ကြိုးသေးသေးလေးက ဒီလိုခိုင်တယ်ဆိုရင်တော့ မှော်ပညာပါလို့ပဲ ဖြစ်ရမယ်။ မှော်ပညာနဲ့လုပ်ထားတဲ့ ကြိုးကိုတော့ ငါအချည်မခံနိုင်ဘူး"
" စမ်းကြည့်ပါ။ ချည်ကြည့်ပြီး သင်မရုန်းနိုင်ရင် ငါတို့ကကြိုးကိုပြန်ဖြည်ပေးမှာပေါ့"
နတ်ဘုရားတစ်ပါးက ပြောလိုက်တဲ့အခါ ဖန်ရီးယားက
"သင်တို့လေသံတွေကြည့်ရတာ အတင်းကြီးတွေ ချည်စေချင်နေတယ်။ ကလိမ်ကကျစ်လေသံတွေနဲ့။ သင်တို့ကို ငါမယုံဘူး အချည်မခံနိုင်ဘူး"
"သင်က သံကြိုးတွေနဲ့ချည်တာတော့ မကြောက်ပဲ ဒီလိုကြိုးသေးသေးလေးကိုတော့ ကြောက်တယ်လား"
အိုဒင်က မခံချင်အောင်ပြောလိုက်တဲ့အခါ ဖန်ရီးယားရဲ့မျက်လုံးက လက်ခနဲဖြစ်သွားပြီး
"ငါမကြောက်ဘူး။ သင်တို့ကသာ ငါ့ကိုကြောက်နေကြတာ။ ဒါကြောင့် ငါကိုပြန်ပြီးကြိုးဖြည်ပေးမယ်ဆိုတာကိုလဲ မယုံဘူး။ သတ္တိရှိရင် သင်တို့ထဲကတစ်ယောက်ရဲ့လက်ကို ငါ့ပါးစပ်ထဲထည့်ထားပေး။ အဲဒါဆို ငါအချည်ခံမယ်"
ဖန်ရီးယားက အကောင်ကြီးသလောက် ပါးရည်နပ်ရည်လဲရှိတာတော့ အမှန်ပဲ။ သူ့စကားကြောင့် နတ်ဘုရားတွေအားလုံး ဘာပြန်ပြောရမှန်းမသိဖြစ်ကုန်ပြီး တစ်ယောက်မျက်နှာပဲတစ်ယောက်ကြည့်နေကြတယ်။
အိုဒင်က သောရ်(Thor) ကိုကြည့်တယ်။
သောရ်က ဖရေးကိုကြည့်တယ်။
ဖရေးက ဘောလ်ဒါကိုကြည့်တယ်။
ဘောလ်ဒါက ဟိုင်မ်ဒေါ (Heimdall) ကိုကြည့်တယ်။
နောက်ဆုံးမှာတော့ ရဲရင့်တဲ့နတ်ဘုရား တားရ်က
" ငါ့ လက်ကိုသင့်ရဲ့ ပါးစပ်ထဲမှာ ထည့်ထားပေးမယ်" လို့ရှေ့ထွက်လာပြီး ဖန်ရီးယားကိုပြောလိုက်တယ်။
ဖန်ရီးယားက သူ့ကို အစာကျွေးနေကျ တားရ်ရဲ့ညာဘက်လက်ကိုအစွယ်နှစ်ခုကြားမှာ မနာအောင် မြဲမြဲမြံမြံ ကိုက်ထားလိုက်တယ်။
ပြီးတော့ နတ်ဘုရားတွေကို ဂလိုက်ပ်နီးရ်နဲ့ သူ့ကိုယ်ကိုချည်ဖို့ ခွင့်ပြုလိုက်တယ်။
နတ်ဘုရားတွေလဲ ဝမ်းသာအားရနဲ့ ဖန်ရီးယားရဲ့ တစ်ကိုယ်လုံးကို စေ့စေ့စပ်စပ်ချည်နှောင်ကြတော့တာပေါ့။
အားလုံးပြီးသွားလို့ သူ့ကိုယ်ကိုခါလိုက်တဲ့အခါ လုံးဝလှုပ်လို့မရတာကို ဖန်ရီးယားတွေ့လိုက် ရတယ်။
သူ့ကိုယ့်ကို ကြုံ့လိုက်တဲ့အခါ ကြိုးကလိုက်ကြုံ့သွားပြီး၊ ကိုယ်ကိုဆန့်ထုတ်တဲ့အခါ ကြိုးကလိုက်ဆန့်ထွက်လာတယ်။
ဒါပေမဲ့ ရုန်းထွက်လို့မရသလို၊ ဖြတ်လို့လဲမရဘူး။
ခါးကိုကုန်းပြီးရုန်းတယ်၊ ကြွက်သားတွေကိုညှစ်ပြီးရုန်းတယ်၊ ရုတ်တရက်ကိုယ်ကို ဖြန့်ကားပြီးရုန်းတယ်။
အချည်းနှီးပဲ။
ဂလိုက်ပ်နီးရ်က ခိုင်ခိုင်မြဲမြဲပဲ သူ့ကိုတုပ်နှောင်ထားတယ်။
နတ်ဘုရားတွေကတော့ တပြုံးပြုံးနဲ့ ကျေနပ်နေကြတာပေါ့။
ရုန်းလို့ မရချိန်မှာ သူ့ကိုကြိုးပြန်ဖြည်ပေးမလားလို့ နတ်ဘုရားတွေကို ကြည့်လိုက်တဲ့အခါ ဘယ်သူမှပြန်ဖြည်ပေးမဲ့ပုံမပေါ်ကြဘူး။
ခဏလောက်စောင့်ကြည့်ပြီး ရယ်ရယ်မောမောဖြစ်နေကြတဲ့နတ်ဘုရားတွေကို တွေ့တဲ့အခါမှာ သူ့ကိုလုံးဝပြန်လွှတ်မပေးတော့ဘူးဆိုတာ သဘောပေါက်သွားတဲ့ ဖန်ရီးယားက သူ့ပါးစပ်ထဲက တားရ်ရဲ့ညာဘက်လက်ကို ထက်မြနေတဲ့အစွယ်တွေနဲ့ အားရပါးရကိုက်ဖြတ်ပစ်လိုက်တယ်။
သတ္တိကောင်းတဲ့ တားရ်က နာကျင်လွန်းလို့တစ်ချက်သာအော်လိုက်ပြီး ပြတ်သွားတဲ့ သူ့ညာဘက်ကို လက်မောင်းရင်းကနေကိုင်ထားလိုက်တယ်။
" အကောက်ကြံပြီး ကတိမတည်တဲ့နတ်ဘုရားတွေ၊
ဒီနေ့ကစပြီး သင်တို့နဲ့ငါရန်သူဖြစ်သွားပြီ။
တစ်နေ့ကျရင် အကောက်ဉာဏ်တို့ရဲ့ဘုရင်အိုဒင်ကို ငါကိုယ်တိုင်အစွယ်တွေနဲ့ကိုက်သတ်ပြီး သင်တို့ရဲ့ နေနဲ့လကိုပါ ငါ့ခံတွင်းထဲမှာ ဝါးစားပစ်မယ်။ ငါ လွတ်တဲ့နေ့မှာ သင်တို့အားလုံး ဒုက္ခရောက်ပြီမှတ်ပေတော့"
ကြိုးနဲ့အချည်ခံထားရတဲ့ ဖန်ရီးယားက မီးဝင်းဝင်းတောက်တဲ့မျက်လုံးတွေနဲ့ နတ်ဘုရားတွေကို ကြည့်ရင်း ကြုံးဝါးခြိမ်းခြောက်နေတော့တယ်။
ဖန်ရီးယားကို အကျဥ်းချခြင်း
**********************
နတ်ဘုရားတွေက ဂလိုက်ပ်နီးရ်ရဲ့အစွန်းကို သံကြိုးကြီး တစ်ချောင်းနဲ့ ထပ်ဆက်ပြီး သံကြိုးကြီးရဲ့အဆုံးကိုတော့ ကျောက်တုံးကြီးတစ်တုံးရဲ့အလယ်က အပေါက်ထဲကိုထည့်ပြီး ကျောက်တုံးကြီးနဲ့တွဲချည်လိုက်တယ်။
အဲဒီနောက် မိုင်ပေါင်းများစွာနက်တဲ့ တွင်းကြီးတစ်တွင်းတူးပြီး တွင်းထဲမှာ သံကြိုးအစွန်းချည်ထားတဲ့ ကျောက်တုံးကြီးကို ထည့်လိုက်တယ်။ ပြီးတော့ ပိုပြီးသေချာအောင် အပေါ်ကနေ တောင်ကြီးလောက်ကြီးတဲ့ ကျောက်တုံးကြီးတွေနဲ့ ထပ်ဖို့ထားလိုက်တယ်။
နတ်ဘုရားတွေက ဖန်ရီးယားရဲ့ အချုပ်အနှောင်ကို သေချာသထက်သေချာအောင်၊ ခိုင်မြဲသည်ထက်ခိုင်မြဲအောင် လုပ်နေကြတာပါ။
ဒီလောက်ဆို ဖန်ရီးယားထွက်ပြေးလို့မရတော့ဘူး။
ဒီကြားထဲမှာပဲ ဖန်ရီးယားက သူ့ကိုကြိုးချည်ထားတဲ့ကြားက အနားကဖြတ်သွားတဲ့ နတ်ဘုရားတွေကို သူ့ရဲ့သွားရေတမြားမြား၊ အစွယ်တမြေ့မြေ့ပါးစပ်ကြီးနဲ့လှမ်းဟပ်နေသေးလို့ နတ်ဘုရားတစ်ပါးက ဖန်ရီးယားရဲ့ အာခေါင်ကိုဓါးဦးနဲ့ထိုးပြီး ဓါးရိုးနဲ့ သူ့ရဲ့အောက်မေးရိုးကိုထောက်ထားလိုက်တယ်။ ဓါးနဲ့ထောက်ထားခံရလို့ ဖန်ရီးယားရဲ့ ပါးစပ်ကြီးက ပိတ်လို့မရတော့ပဲ အစွယ်တွေကနေ သွားရည်တွေပဲ အဆက်မပြတ်စီးကျနေတော့တယ်။
အားလုံးပြီးစီးတဲ့အခါမှာ နတ်ဘုရားတွေက ပျော်ပျော်ရွှင်ရွှင်နဲ့ ရယ်မောပြီး တစ်ယောက်ပုခုံးကိုတစ်ယောက်ပုတ်ရင်း ဖန်ရီးယားကိုကျွန်းပေါ်မှာထားခဲ့ကြလို့ ပြန်သွားကြတယ်။ မရယ်မောနိုင်တာဆိုလို့ တားရ်တစ်ယောက်ပဲ ရှိတယ်။ သူအတွက်က ညာဘက်လက်တစ်ခုလုံးကို ဆုံးရှုံးလိုက်ရတာမဟုတ်လား။
ကျွန်းပေါ်မှာတော့ ဖန်ရီးယားရဲ့ပါးစပ်ကြီးက ဂူကြီးတစ်ခုလိုဟနေပြီး အဲဒီဂူထဲကနေ အဆက်မပြတ်စီးကျနေတဲ့သူ့သွားရည်တွေက စမ်းချောင်းတစ်ခုအနေနဲ့ ကျွန်းပေါ်ကနေရေအိုင်ထဲကို အမြဲစီးဆင်းနေတော့တယ်။
ဒီလိုနဲ့ ကြိုတင်ဟောကိန်းအရ ကမ္ဘာပျက်မဲ့ နောက်ဆုံးစစ်ပွဲနေ့ ရက်ခ်နာရွတ်မှာ အိုဒင့်အသက်ကိုရန်ရှာမဲ့ ဝံပုလွေကြီး ဖန်ရီးရားကကျွန်းပေါ်မှာ အကျဥ်းကျနေပြီး၊ သောရ်နဲ့ယှဥ်ပြိုင်သတ်ပုတ်ရမဲ့ မြွေကြီးယောမွန်ဂန်ဒက်ရှ်ကတော့ လူသားကမ္ဘာမစ်ဂေါ့ရဲ့ပတ်ပတ်လည်က ပင်လယ်ရေထဲမှာမစ်ဂေါ့ကိုဝိုင်းပတ်လို့နေရင်း၊ ဟဲလ်ကတော့ သူ့ကမ္ဘာ ဟဲလ်ဟိုင်းမ် (Helheim)မှာ သေဆုံးပြီးသားသူတွေကိုစုစည်းပြီး အုပ်ချုပ်နေခဲ့တယ်။ ရက်ခ်နာရွတ်မှာ နတ်ဘုရားတွေရဲ့ပျက်စီးခြင်းကိုဆောင်ယူလာမဲ့ လိုကီရဲ့ကလေးတွေပေါ့။
မောင်ဇိ
Picture: interent
#MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ #လိုကီ၏ကလေးများ
ကိုးကား။ ။
၁။ Norse Myths: Gods of the vikings, Kevin Corssley-Holland
၂။ Norse Myths: Tales of Odin, Thor and Loki, Kevin Corssley-Holland
၃။ Myths of the Vikings, Neil Philip
၄။ Norse Mythology, Neil Gaiman
၅။ The Book of Viking Myths, Peter Archer
၆။ The Norse Myths: A guide to the Gods and Heroes, Carolyne Larrington
၇။ Norse Gods, Heroes and Mythology, A.W.Buckey
Saturday, January 23, 2021
မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၈) {လိုကီ၏ကလေးများ (၁)}
မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၈) {လိုကီ၏ကလေးများ (၁)}
-----------------------------------------------------
နတ်ဘုရားတွေရဲ့ ဖခင်ကြီးဖြစ်တဲ့အိုဒင် (Odin Allfather)၊ စစ်မက်ရေးရာကို ခုံမင်နှစ်ခြိုက်တဲ့အိုဒင်၊ ပစ်မှတ်ကိုမလွဲတမ်းထိရုံမက ဘယ်အရာမဆိုထိုးဖောက်နိုင်တဲ့ မှော်လှံတံ ဂွန်နီးယား (Gungnir) ရဲ့ပိုင်ရှင်အိုဒင်၊ ဉာဏ်ပညာရဖို့အတွက် မျက်လုံးတစ်လုံးနဲ့ လဲလှယ်ခဲ့တဲ့အိုဒင်၊ မှော်သင်္ကေတ ရွန်း (Rune) တွေကို ကျင်ကျင်လည်လည်နားလည်တတ်ကျွမ်းပြီး သုံးတတ်တဲ့အိုဒင်၊ ဉာဏ်များတဲ့နတ်ဘုရားတစ်ပါးအဖြစ် အသိအမှတ်ပြုတာခံရတဲ့အိုဒင်၊ အဲဆီးရ် (Aesir) နတ်ဘုရားတွေရဲ့ဘုံ အော့စ်ဂေါ့ (Asgard) ရဲ့အကြီးအမှူးဘုရင်ဖြစ်တဲ့အိုဒင်၊ နာမဝိသေသနတွေအများကြီးရှိတဲ့ ဂုဏ်တွေအများကြီးနဲ့ပြည့်စုံတဲ့ အိုဒင်က သူ့ရဲ့ခန်းမကြီးသုံးခုထဲကတစ်ခုဖြစ်တဲ့ ဗာလာရှက်ဖ် (Valaskjalf)ခန်းမကြီးထဲမှာရှိတဲ့ ဟိရှက်ဖ် (Hlidskjalf) ပလ္လင်ပေါ်ကနေဆင်းလာတယ်။ ကမ္ဘာလောက ကိုးခုလုံးမှာဖြစ်ပျက်နေတာတွေအားလုံးကို မြင်နိုင်၊ တွေ့နိုင်တဲ့ ဟိရှက်ဖ်ပလ္လင်ပေါ်ကဆင်းလာတဲ့ အိုဒင့်မျက်နှာက သိပ်မသာယာဘူး။
အိုဒင့်မှာ ကမ္ဘာကိုးခုကိုစောင့်ကြည့်ရာ သူစံမြန်းတဲ့ ဗာလာရှက်ဖ်ခန်းမ၊ နတ်ဘုရားတွေစုဝေးရာ ဂလတ်စ်ဟိုင်းမ် (Gladsheim) ခန်းမ နဲ့ လူ့ဘုံမစ်ဂေါ့ (Midgard) ကစစ်ပွဲတွေမှာကျဆုံးခဲ့တဲ့သူရဲကောင်းစစ်သည်တော်တွေနေထိုင်ရာ ဗယ်ဟလာ (Valhalla) ခန်းမဆိုပြီးခန်းမကြီးသုံးခုရှိတယ်။
ရွှေရောင် ဗယ်ဟလာခန်းမကြီးကတော့ အကျယ်ဆုံးနဲ့အကြီးဆုံးဖြစ်ပြီး နံရံပေါ်မှာ ရွှေဒိုင်းတွေနဲ့တန်ဆာဆင်ထားတယ်။ ခန်းမကြီးထဲက ထမင်းစားခန်းကြီတစ်ခုထဲကိုက တစ်မိုင်ကျော် လောက်ကျယ်ပြီး လက်နက်သိုလှောင်ရာ၊ စစ်ရေးလေ့ကျင့်ရာ၊ လက်နက်လုပ်ရာ အခန်းတွေလဲ အသီးသီးပါကြတာပေါ့။ ခန်းမကြီးထဲကိုဝင်ဖို့အတွက်ကတော့ တံခါးမကြီးပေါင်း (၅၄၀) ခုတိတိ ရှိပြီး တံခါးတစ်ပေါက်ချင်းစီက စစ်သည်တော် (၈၀၀) ရင်ဘောင်တန်းပြီးဝင်လို့ရတဲ့ထိ ကျယ်ဝန်းတယ်။ ခန်းမထဲမှာ အိုဒင်ကိုယ်တိုင်နဲ့ အမျိုးသမီးနတ်စစ်သည်တော် ဗယ်ကီရီ (Valkyrie) တွေရွေးချယ်ခေါ်ယူလာတဲ့ တိုက်ပွဲကျသူရဲကောင်းတွေက ဓါးခုတ်၊လှံထိုး၊ စစ်ဗျူဟာအတတ်တွေကို လေ့ကျင့်နေကြလေ့ရှိတယ်။
ဂလတ်စ်ဟိုင်းမ်ခန်းမကြီးက အတော်အသင့်ကျယ်ဝန်းပြီး နတ်ဘုရားတွေ စုဝေးဆုံးဖြတ်ကြရာနေရာတစ်ခု။ အော့စ်ဂေါ့နဲ့ ပက်သက်တဲ့အရေးအခင်းတွေကို စည်းဝေးငြင်းခုန်ကြရာနေရာတစ်ခုပေါ့။
ဗာလာရှက်ဖ်ခန်းမကြီးကတော့ ဗယ်ဟလာနဲ့ယှဉ်ရင် အတော်လေးသေးငယ်တဲ့ ခန်းမဖြစ်ပြီး အော့စ်ဂေါ့မှာရှိနေချိန်ဆို အိုဒင်အချိန်အ များဆုံးစံမြန်းရာခန်းမတစ်ခုဖြစ်တယ်။ ငွေသားခန်းမဖြစ်ပြီး နံရံတွေပေါ်မှာ ငွေသားဒိုင်းတွေစီတန်းချိတ်ထားပြီး တန်ဆာဆင်ထားတယ်။ ဗာလာရှက်ဖ်ခန်းမထဲမှာရှိတဲ့ ဟိရှက်ဖ်ပလ္လင်ပေါ်ကနေ လှမ်းကြည့်လိုက်ရင် ကမ္ဘာသစ်ပင်ကြီးအီဒရာဆေးရဲ့ အနားတဝိုက်မှာရှိတဲ့ ဘုံကိုးဘုံမှာဖြစ်ပျက်နေသမျှကိုလှမ်းမြင်ရတယ်။
လိုကီရဲ့ ကလေးသုံးယောက်
****************************
ဗာလာရှက်ဖ်ခန်းမကြီးရဲ့ ဟိရှက်ဖ်ပလ္လင်ပေါ်ကနေဆင်းလာတဲ့ အိုဒင်က သူဆင့်ခေါ်ထားတဲ့ သူ့သားတော်နှစ်ပါးဖြစ်တဲ့ မိုးကြိုးနတ်ဘုရား သောရ်(Thor) နဲ့ စ်နတ်ဘုရား တား(Tyr) တို့ကိုပြောလိုက်တယ်။
“မင်းတို့ နှစ်ယောက် လူ့ဘီလူးတွေနေတဲ့ ယူတွန်ဟိုင်းမ် ကမ္ဘာကိုသွားရမယ်။ လိုကီရဲ့ ကလေးတွေကိုသွားခေါ်ခဲ့ရမယ်”
သောရ်နဲ့ တားက နဝေတိမ်တောင်ဖြစ်သွားတဲ့ မျက်နှာတွေနဲ့
“လိုကီရဲ့ကလေးတွေ...ဟုတ်လား။ လိုကီရဲ့ ကလေးတွေက နာဖီနဲ့ဗာလီလေ၊ အော့စ်ဂေါ့မှာအမြဲရှိနေကြတာပဲ”
အိုဒင်က
“မဟုတ်ဘူး...ဆီဂျင်းနဲ့ရတဲ့ကလေးတွေမဟုတ်ဘူး”
ဆီဂျင်း (Sigyn) ဆိုတာက လိုကီရဲ့ကြင်ယာပါ။ ဆီဂျင်းနဲ့လိုကီနဲ့သင့်မြတ်ပြီး သားယောက်ျားလေးတစ်ယောက်ဖြစ်တဲ့ နာဖီ (Nafi) ကိုမွေးတယ်။ အဲဒီနောက်တော့ ဗာလီ (Vali) ကိုထပ်မွေးတယ်။
“ ခြေရှစ်ချောင်းမြင်း ဆလိပ်နီးယား လဲ အော့ဂေါ့မှာပဲ မဟုတ်လား”
သောရ်က လိုကီမြင်းမဘဝနဲ့ရခဲ့တဲ့ကလေး ဆလိပ်နီးယား (Sleipnir) ကို ညွှန်းလိုက်တယ်။
အိုဒင်က သောရ်ရဲ့မေးပြောပြောတဲ့ စကားကို လစ်လျူရှုလိုက်ပြီး
“မင်းတို့နှစ်ယောက်က အဲဆီးရ်တွေကြားမှာ အရဲရင့်ဆုံးပဲ။ ဒါကြောင့်မင်းတို့နှစ်ယောက်ကို လူ့ဘီလူးတွေရဲ့နယ်မြေကိုသွားဖို့ ငါလွှတ်ရဝာာ။ သေချာနားထောင်...လိုကီ့မှာ နောက်ထပ်မယားတစ်ယောက်ရှိသေးတယ်။ လူ့ဘီလူးမျိုးနွယ်မယား။ အန်ဂါဘိုဒါ လို့ခေါ်တယ်”
စိတ်ဝင်တစားနားထောင်နေတဲ့ သောရ်နဲ့တား ကို သူ့ရဲ့တစ်လုံးတည်းသောမျက်လုံးနဲ့ ကြည့်လိုက်ပြီး အိုဒင်က စကားဆက်တယ်။
“ အန်ဂါဘိုဒါနဲ့ ရတဲ့ကလေး သုံးယောက်ရှိတယ်။ ဒီကလေးတွေက နောက်တစ်ချိန်မှာ အော့စ်ဂေါ့ရဲ့ ကံကြမ္မာကိုအဆုံးအဖြတ်ပေးမဲ့သူတွေဖြစ်လာကြလိမ့်မယ်။ မင်းတို့လုပ်ရမှာက လူ့ဘီလူးတွေရဲ့ နယ်မြေကိုထိုးဖောက်ဝင်ပြီး ကလေးသုံးယောက်ကိုခေါ်ခဲ့ဖို့ပဲ”
တား က စဉ်းစားလိုက်ပြီး
“လိုကီက ရုပ်ချောတာနဲ့ လူ့ဘီလူးမကိုပါ သိမ်းသွင်းလိုက်တာနေမှာ”
သောရ်ကတော့ သူ့ရဲ့တူထည့်ထားတဲ့ အိတ်ကပ်ကို လက်နဲ့စမ်းလိုက်ပြီး
“လူ့ ဘီလူးတွေနဲ့ တစ်ပွဲတစ်လမ်းစမ်းရမယ် ဆိုရင်တော့ ပျော်စရာပဲ” လို့ပြောလိုက်တယ်။
အဲဒီနောက် သူ့မုတ်ဆိတ်နီတွေကိုလက်နဲ့သပ်ပြီး ကျေနပ်ဟန်နဲ့ပြုံးနေတယ်။
လူ့ဘီလူးတို့၏ ကမ္ဘာ
********************
နောက်တစ်ရက်မှာပဲ သောရ်နဲ့တားတို့က သက်တန့်တံတား ဘီးဖရော့စ် (Bifrost) ကိုဖြတ်ပြီး လူ့ကမ္ဘာမစ်ဂေါ့ကို ဆင်းသွားကြတယ်။ အဲဒီကမှတဆင့် လူ့ဘီလူးတွေရဲ့နယ်မြေဖြစ်တဲ့ ယူတွန်ဟိုင်းမ် (Jotunheim) ကိုခရီးဆက်ကြတယ်။
ယူတွန်းဟိုင်းမ်ကို ဝင်တဲ့အချိန်မှာ လူ့ဘီလူးတွေနဲ့တိုက်ခိုက်ရတယ်။
သူ့ရဲ့ သံလက်အိတ်ကို လက်မှာစွပ်၊ လူပုတွေလုပ်ပေးထားတဲ့ အစွမ်းထက်တဲ့တူကို လက်မှာကိုင်၊ ခွန်အားကိုနှစ်ဆပွားစေတဲ့ ခါးပတ်မဂ္ဂင်ယော့ (Megingjord) ကိုပတ်လိုက်ချိန်မှာတော့ ဘယ်လူ့ဘီလူးမှ မိုးကြိုးနတ်ဘုရားသောရ်ကို မယှဉ်နိုင်တော့ဘူး။ စစ်နတ်ဘုရား တားနဲ့ မိုးကြိုးနတ်ဘုရားသောရ်တို့ အခက်အခဲတွေကို ရင်ဆိုင်ပြီး တက်ညီလက်ညီနဲ့ လူ့ဘီလူးတို့ရဲ့ကမ္ဘာ ယူတွန်ဟိုင်းမ်ကို ဝင်လာကြတယ်။
ရက်ပေါင်းများစွာကြာအောင် ခရီးနှင်ပြီးတဲ့နောက် အိုဒင်ညွှန်လိုက်တဲ့အတိုင်း လိုကီရဲ့မယားတစ်ယောက်ဖြစ်တဲ့ လူ့ဘီလူးမ အန်ဂါဘိုဒါ (Angrboda) နေထိုင်ရာ ကျောက်ဂူကြီးကိုရောက်လာကြတယ်။ အန်ဂါဘိုဒါက ကစားဖို့လွှတ်ထားတဲ့ လိုကီရဲ့ကလေးသုံးယောက်ကို လှမ်းခေါ်လိုက်တဲ့အခါ သုံးယောက်လုံးရောက်လာကြတယ်။
ကလေးတွေကိုမြင်လိုက်ရတဲ့အခါမှာ ကြံ့ခိုင်သန်စွမ်းတဲ့သောရ်ရော၊ အတိုက်အခိုက်ကောင်းတဲ့ တားရော အံ့အားသင့်ပြီး မျက်လုံးပြူးသွားကြတယ်။
အကြီးဆုံးကလေးက လူမဟုတ်ဘူး။
ကြီးမားတဲ့မြွေကြီးတစ်ကောင်။
နာမည်က ယောမွန်ဂန်ဒက်ရှ် (Jormungandr) တဲ့။
ဒုတိယကလေးက ကောင်မလေးတစ်ယောက်။
သူရဲ့မျက်နှာတစ်ခြမ်းက ပန်းနုရောင်ပါးပြင်၊ သူ့အဖေလိုကီ့လို စိမ်းလဲ့လဲ့မျက်လုံးလေးနဲ အနီရောင်နှုတ်ခမ်းလေးတွေရှိတဲ့ ကလေးမလေးတစ်ယောက်။
ကလေးမလေးရဲ့ နောက်ထပ်မျက်နှာတစ်ခြမ်းကတော့ ခြောက်သွေ့ပုပ်သိုးနေတဲ့ လူသေကောင်တစ်ယောက်ရဲ့မျက်နှာ။
လူတစ်ယောက်ရဲ့ကိုယ်ခန္ဓာတစ်ခြမ်းနဲ့ လူသေတစ်ယောက်ရဲ့ ကိုယ်ခန္ဓာတစ်ခြမ်းကို ပိုင်ဆိုင်တဲ့ ကောင်မလေးနာမည်က ဟဲလ် (Hel)။
အငယ်ဆုံးကလေးကတော့ လည်ဆံဖွားဖွား၊ နားရွက်ချွန်ချွန်နဲ့ မီးခိုးရောင် ဝံပုလွေပေါက်လေးတစ်ကောင်။
ဖန်ရီးယာ (Fenrir) ဆိုတာက ဝံပုလွေပေါက်လေးရဲ့နာမည်။
သောရ်နဲ့ တားတို့က မြွေကြီးယောမွန်ဂန်ဒက်ရှ် ကို ထင်းရှူးပင်တစ်ပင်မှာကပ်ပြီး ချည်စေလိုက်တယ်။
ပြီးတော့ ပါလာတဲ့ နောက်လိုက်တွေကို ထင်းရှူးပင်ကိုထမ်းခဲ့ဖို့အမိန့်ပေးလိုက်တယ်။
ဝံပုလွေလေး ဖန်ရီးရားကိုလဲ လည်ပင်းမှာလည်ပတ်တစ်ခုပတ်ပေးပြီး တားက ကြိုးနဲ့ဆွဲပြီးခေါ်လာလိုက်တယ်။
ဟဲလ် ကတော့ သူတို့နောက်ကနေလမ်းလျှောက်ပြီးလိုက်လာတယ်။
ဒီလိုနဲ့အပြန်လမ်းအတိုင်းလာကြတဲ့အချိန်တစ်နေရာမှာ ခဏနားကြတော့ လူ့ဘီလူးတွေကို သူတို့ကို လာမတိုက်ခိုက်တာကို သတိပြုမိပြီး သောရ်ကတားကို
“တား...သင်သတိထားမိလား။ ငါတို့ကို လူ့ဘီလူးတွေ အလာတုန်းကလို့ မတိုက်ကြ၊ မခိုက်ကြတော့ဘူး”
တားကထိုင်နေရာကနေ မျက်လွှာပင့်ကြည့်ပြီး
“သူတို့ အမေရော၊ လူ့ဘီလူးတွေရော အားလုံးက ဒီကလေးတွေကို ခေါ်သွားကြစေချင်ပုံပဲ”
လို့ပြန်ပြောလိုက်တယ်။
သူတို့သွားနေတဲ့အချိန်အတွင်းမှာပဲ မြွေကြီးယောမွန်ဂန်ဒက်ရှ်က ပိုပိုပြီးကြီးလားတယ်။
ပိုပိုပြီးလဲ ရှည်လျားလာတယ်။
တစ်ချိန်တည်းမှာပဲ ဝံပုလွေလေးဖန်ရီးယားကလဲ တစ်နေ့တစ်ခြားထွားလာတာကို သူတို့ သတိထားလိုက်မိကြတယ်။
တားကတော့ နေ့စဉ်မပြတ် ဖန်ရီးယားကို အသားတွေကျွေးပြီး လမ်းတစ်လျှောက်မှာလဲ မကြာခဏခေါင်းကိုပွတ်ပေးနေခဲ့တယ်။
ဒီလိုနဲ့ရက်ပေါင်းများစွာခရီးသွားခဲ့ကြပြီးတဲ့နောက် အော့ဂေါ့ကို ပြန်ရောက်လာခဲ့ပြီး အိုဒင်ရှေ့ကိုရောက်လာကြတယ်။
အိုဒင့်ရှေ့ကို ရောက်ချိန်မှာ ယောမွန်ဂန်ဒက်ရှ်က တော်တော်ကြီးတဲ့မြွေကြီးတစ်ကောင်ဖြစ်နေပြီ။
အိုဒင်က မြွေကြီးကိုသေချာကြည့်ပြီး
“သူ့ကို အော့စ်ဂေါ့နဲ့ဝေးရာ နတ်ဘုရားတွေကိုဒုက္ခမပေးနိုင်တဲ့နေရာတစ်ခုခုမှာ လွှတ်ပေးရမယ်”
ကုန်းမြေကိုဝိုင်းပတ်နေတဲ့ ဆားငန်ရေတွေရှိရာ မစ်ဂေါ့ကမ္ဘာရဲ့ ကမ်းခြေတစ်ခုမှာ ယောမွန်ဂန်ဒက်ရှ်ကို လွှတ်စေလိုက်တယ်။ယောမွန်ဂန်ဒက်ရှ်က လှိုင်းတွေ တလိမ့်လိမ့်လူးနေတဲ့ ပင်လဲပြင်ထဲကို ကူးခတ်ပြီး ပျောက်ကွယ်သွားတယ်။
အဲဒီပင်လယ်ထဲမှာပဲ ယောမွန်ဂန်ဒရှ်က ကြီးမားသထက်ကြီးမားလာပြီး နောင်အချိန်ကြာလာတဲ့အခါ လူသားကမ္ဘာ မစ်ဂေါ့ကို ဝိုင်းပတ်ထားတဲ့ပင်လယ်ထဲကနေ မစ်ဂေါ့ကို တစ်ပတ်ပတ်ပြီး သူ့အမြီးကိုသူပြန်မြိုနိုင်တဲ့ထိ ကြီးထွားလာခဲ့တယ်။
အိုဒင်က ဟဲလ်ကိုတော့
“သင့် နာမည်က ဘယ်လိုခေါ်လဲ”
“ငါ့နာမည် ဟဲလ်”
“ သင်ကရှင်သန်နေသူလား၊ သေဆုံးနေသူလား”
“ငါက ငါပဲ။ ဘာမှမဟုတ်ဘူး။ ဒါပေမဲ့ လူသေတွေနဲ့ စကားပြောရတာကြိုက်တယ်။
အိုဒင်က ဟဲလ်ကို ဟိုးအောက်ဆုံးက မှောင်မိုက်နေတဲ့ ဘုံတစ်ခုကိုခေါ်သွားပြီး အဲဒီထဲက ခန်းမထဲမှာနေရာချပေးလိုက်တယ်။
“ဒါ သင့်ကမ္ဘာပဲ။ ဒီမှာသင်က လူသေတွေကို စိုးစံရလိမ့်မယ်။ ရဲရင့်စွာတိုက်ပွဲဝင်ပြီး ကျဆုံးသွားတဲ့ စစ်သည်တော်တွေက ငါ့ရဲ့ ဗယ်ဟလာ ခန်းမမှာနေထိုင်ခွင့်ရချိန်မှာ ရောဂါဘယနဲ့ အိုမင်းရင့်ရော်မှု၊ တခြားအကြောင်းတွေနဲ့ သေဆုံးသူတွေကတော့ သင့်ဆီမှာ ခစားကြလိမ့်မယ်”
ဟဲလ်နေထိုင်ရာ ကမ္ဘာကိုတော့ သူ့ကိုအစွဲပြုပြီး ဟဲလ်ဟိုင်းမ် (Helheim) လို့ခေါ်တယ်။
အိုဒင်က ယောမွန်ဂန်ဒက်ရှ်နဲ့ ဟဲလ် တို့ကိုနေရာချပြီးတဲ့နောက် ဝံပုလွေပေါက် ဖန်ရီးယားကိုတော့ အော့စ်ဂေါ့မှာပဲထားဖို့ ဆုံးဖြတ်လိုက်တယ်။
နတ်ဘုရားတွေရဲ့ဘာသာစကားကိုပြောဆိုတတ်တဲ့ ဖန်ရီးယားက အော့စ်ဂေါ့မှာ နေထိုင်ရင်း၊ နေ့စဉ်အစားတွေစားရင်း၊ တစ်နေ့ပြီးတစ်နေ့ ကြီးထွားလာလိုက်တာ နောက်ဆုံးမှာတော့ နတ်ဘုရားတွေအတွက် စိုးရိမ်ရတဲ့နေ့ကိုရောက်လာတော့တယ်။
မောင်ဇိ
Picture: interent
#MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ #လိုကီ၏ကလေးများ
Friday, January 15, 2021
မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၇) { နတ်ဘုရားတို့၏ ရတနာများ (ဇာတ်သိမ်း) }
မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၇) { နတ်ဘုရားတို့၏ ရတနာများ (ဇာတ်သိမ်း) }
-------------------------------------------------------------------------
လူသားတွေနဲ့ နတ်ဘုရားတွေအားလုံးရဲ့ ဖခင်ကြီးအဖြစ်မှတ်ယူခံရတဲ့ အိုဒင် (Odin Allfather) က နတ်ဘုရားတွေစည်းဝေးရာ ဂလတ်စ်ဟိုင်းမ်ခန်းမကြီး (Gladsheim) ရဲ့ထိပ်က ပလ္လင်မြင့်ပေါ်မှာထိုင်နေတယ်။ သူ့ပုခုံးပေါ်မှာ သူ့ရဲ့ကျီးငှက်နှစ်ကောင်ဖြစ်တဲ့ ဟူဂင်း (Huginn) နဲ့ မူနင်း (Muninn) တို့က တစ်ဖက်တစ်ချက်စီနားလို့။ ခြေရင်းမှာလဲ သူ့လက်စွဲတော် ဝံပုလွေနှစ်ကောင်ဖြစ်တဲ့ Geri နဲ့ Freki တို့က သခင်ဘေးမှာဝပ်လို့။ အိုဒင်နဲ့ မလှမ်းမကမ်းက ခုံမှာထိုင်နေတာက နေနတ်ဘုရား ဖရေး(Frey)၊ အိုဒင်ရဲ့ နောက်တစ်ဖက်မှာကတော့ လူ့ဘုံမစ်ဂေါ့(Midgard)နဲ့ အဲဆီးရ်နတ်ဘုံအော့စ်ဂေါ့(Asgard)ကို ကာကွယ်စောင့်ရှောက်သူ သန်စွမ်းကြံ့ခိုင်တဲ့ သောရ် (Thor)။
တခြားနတ်ဘုရားအသီးသီးကလဲ သူ့နေရာနဲ့သူထိုင်သူထိုင်၊ ရပ်ကြည့်သူရပ်ကြည့်လုပ်နေကြတယ်။
သူတို့အားလုံးရဲ့အာရုံက ပရိသတ်ရဲ့အလယ်ကောင်မှာရှိနေတဲ့ လိုကီ၊လိုကီနဲ့အတူပါလာတဲ့ လူပုတွေပေါ်မှာ။ အီဗာဒီ (Ivaldi) ရဲ့သားသုံးယောက်နဲ့ ပန်းပဲဆရာဘရော့ခ် (Brokk) တို့က သူတို့ဖန်တီးထုဆစ်လာတဲ့ ဆန်းကြယ်တဲ့လက်ဆောင်တွေကို နတ်ဘုရားတွေကိုပြပြီး ဘယ်သူကသာလဲဆိုတာကို အဆုံးအဖြတ်ခံကြမှာ။ ဆုံးဖြတ်မဲ့ ဒိုင်လူကြီးတွေကတော့ အိုဒင်၊ ဖရေးနဲ့ သောရ်တို့ပဲပေါ့။
အီဗာဒီ၏သားများလက်ဆောင်
*******************************
ပထမဆုံး အီဗာဒီရဲ့သားတစ်ယောက်က ရွှေဆံကေသာထွေးကြီးကိုထုတ်လိုက်တယ်။
“ဒါကတော့ မှော်ဆံပင်တွေ။ ဝတ်ဆင်တဲ့သူရဲ့ခေါင်းပေါ်မှာ အစစ်နဲ့မခြား အမြစ်တွယ်ပြီး၊ ပုံမှန်ဆက်လက်ရှင်သန်သွားနိုင်တဲ့ လက်ရာကောင်းတစ်ခုလို့ ပြောပါရစေ”
တစ်ကိုယ်လုံးက အရိုးတွေ တစ်ချောင်းမကျန်ရိုက်ချိုးခံမယ်လို့ သောရ်ခြိမ်းခြောက်တာကို ခံထားရတဲ့လိုကီကစိတ်လှုပ်ရှားလလို့အစိမ်းရောင်မျက်လုံးလေးတွေ အရောင်တလက်လက်ဖြစ်နေတယ်။
“သောရ်...ဒီမှာ သင့်ကို ငါကတိပေးထားတဲ့ ဆစ်ဖ်အတွက် ဆံပင်ရှည်တွေ”
သောရ်က လိုကီ့ကိုခေါင်းညိတ်ပြပြီး ပရိသတ်ရဲ့နောက်နားမှာရပ်နေတဲ့ သူ့ဇနီး ဆစ်ဖ်(Sif) ကိုလှမ်းခေါ်လိုက်တယ်။
ခေါင်းကိုခြုံလွှာနဲ့အပြည့်ပတ်ထားပြီး မျက်နှာလေးပဲဖော်ထားတဲ့ ဆစ်ဖ်က ပရိသတ်ရှေ့ကို ခေါင်းငုံ့ပြီး တစ်လှမ်းချင်းလျှောက်လာတယ်။
“ဆစ်ဖ်...အချစ်ရေ၊ အဲဒီရွှေဆံပင်တွေကို မင်းခေါင်းပေါ်မှာတပ်ကြည့်လိုက်ပါ”
သောရ်ရဲ့ အားပေးမှုနဲ့ ဆစ်ဖ်ကလိုကီကမ်းပေးတဲ့ ရွှေဆံပင်တွေကိုလက်တစ်ဖက်နဲ့လှမ်းယူပြီး ကျန်တဲ့လက်တစ်ဖက်နဲ့ ခေါင်းပေါ်က ပုဝါကိုဖြည်ချလိုက်တဲ့အခါ ပြောင်ချောနေတဲ့ပန်းရောင်ဦးပြည်းပေါ်လာလို့ နတ်ဘုရားတချို့ဆီက အာမေဍိတ်သံတွေထွက်သွားတာကို အားလုံးကြားလိုက်ရတယ်။
ရှက်ရွံ့နေတဲ့ ဆစ်ဖ်က ခပ်မြန်မြန်ပဲ ရွှေဆံကေသာစုကြီးကို ခေါင်းပေါ်မှာတပ်ဆင်လိုက်တဲ့အခါ ရွှေဆံကေသာက ဆစ်ဖ်ရဲ့ခေါင်းနဲ့ပေါင်းစပ်သွားပြီး ခေါင်းပေါ်မှာ တကယ့်ဆံပင်အစစ်နဲ့မခြား အမြစ်တွယ်သွားတော့တယ်။
ဂလတ်စ်ဟိုင်းမ်ခန်းမကြီးထဲမှာ လှပတဲ့ရွှေရောင်ဆံပင်ရှည်ကြီးနဲ့ ဆစ်ဖ်ဟာတင့်တယ်လွန်းလို့ အရောင်အဝါတွေတောင်ထွက်နေသလိုထင်ရပြီး အရင်ကထက်တောင်ပိုလှလာတယ်လို့ နတ်ဘုရားတွေကတွေးနေကြတယ်။
သောရ်ကအရင်လို ရွှေရောင်ဆံနွယ်တွေကိုပိုင်ဆိုင်ခွင့်ရလို့ကျေနပ်နေတဲ့သူ့မယားကိုကြည့်ပြီး
“ကောင်းတယ်။ သိပ်ကောင်းတယ်” လို့ပြောလိုက်တယ်။
အရိုးတွေအချိုးမခံရတော့ဘူးဆိုတာ သေချာသွားလို့ လိုကီလဲ ခုမှသက်ပြင်းချပြီး ပြုံးနိုင်တော့တာပေ့ါ။
ပျော်ရွှင်နေတဲ့ ဆစ်ဖ်က နတ်ဘုရားတွေကိုခွင့်တောင်းပြီး သူ့သူငယ်ချင်းတွေကို ဆံပင်ကြွားဖို့အခန်းထဲကပြေးထွက်သွားတော့တယ်။
အီဗာဒီရဲ့သားက ဒုတိယလက်ဆောင်ကို ထုတ်တယ်။
လှံတံရှည်တစ်ခု။
ဂွန်နီးယား (Gungnir) ဆိုတဲ့ လှံတံ။
“ဒါကတော့ အိုဒင့်အတွက်လက်ဆောင် ဂွန်နီးယားလှံတံ။
ဒီလှံတံက ပစ်မှတ်ကိုဘယ်တော့မှမလွဲသလို သူမထိုးဖောက်နိုင်တဲ့အရာလဲမရှိဘူး။
လှံတံပေါ်မှာ အိုဒင်သုံးနေကျ ရွန်းမှော်သင်္ကေတတွေထွင်းထားပေးလို့ မှော်အစွမ်းကိုလဲထုတ်သုံးလို့ရမယ်။
သင့်ရဲ့ စစ်နတ်ဘုရားဆိုတဲ့ အမည်နဲ့အညီ ဒီလှံတံကို မစ်ဂေါ့မှာရှိတဲ့ လူသားတွေကြားမှာချပြီး အချင်းချင်းစစ်ခင်းအောင်လုပ်၊ တိုက်ပွဲမှာကျဆုံးသွားတဲ့သူရဲကောင်းတွေကို သင့်ရဲ့ ဗာဟလာခန်းမကြီးထဲကို ဆင့်ခေါ်တဲ့နေရာမှာသုံးပေါ့”
အိုဒင်က လှံတံကိုလက်ထဲမှာ ဆ ကြည့်လိုက်တယ်။
ပြီးတော့ ကျေနပ်တဲ့လေသံနဲ့
“ကောင်းတယ်”
လို့ပြောလိုက်တယ်။
“အသုံးတည့်မဲ့ပုံပဲ” လို့ သောရ်ကထောက်ခံတယ်။
အဲဒီနောက် အီဗာဒီရဲ့သားတွေက လက်ကိုင်ပုဝါလိုမျိုးခေါက်ထားတဲ့ အဝတ်စလေးတစ်ခုကိုထုတ်လာပြန်တယ်။
“အဲဒါက ဘာလဲ”
“ ကောက်ပဲသီးနှံနတ်ဘုရား ဖရေးအတွက်လက်ဆောင်”
ဖရေးကမျက်မှောင်ကြုံ့သွားပြီး
“ ငါက သင်တို့ပေးတဲ့ ခေါင်းစည်းပုဝါကိုဘာလုပ်ရမှာလဲ”
လို့အမေးမှာ အီဗာဒီရဲ့သားတစ်ယောက်က အဝတ်စကိုဖြန့်လိုက်ရင်း
“ဒါက ခေါင်းစည်းပုဝါမဟုတ်ဘူး။ ရွက်လှေကြီးတစ်စင်းပဲ။
ဒီမှာကြည့်”
သူတို့ကြည့်နေတုန်းမှာပဲ အဝတ်စကိုဖြန့်လိုက်တဲ့အခါ ရွက်တွေနဲ့ လှော်တက်တွေပါတဲ့ လှေလေးတစ်စင်းကိုတွေ့လိုက်ရတယ်။
“ရှီဘလာနစ်ရှ် လို့ခေါ်တယ်။ ရေထဲမှာရော၊ လေထဲမှာပါ ရွက်လွှင့်နိုင်တဲ့ ရွက်လှေ။
သူ့ကိုရွက်လွှင့်လိုက်တာနဲ့ လေက အလိုလိုလာပြီး မြန်မြန်သွက်သွက် ရွက်လွှင့်သွားလို့ရတယ်”
“သေးသေးလေးပါလား”
“မသေးဘူး။ နတ်ဘုရားတွေအားလုံး စီးလို့ရတဲ့အထိ အရွယ်အစားကကြီးလာလိမ့်မယ်။
လှော်တက်ကလဲ နတ်ဘုရားအားလုံးအတွက်ရည်စူးပြီး (၂၆) ချောင်းပါတယ်။
လှေတစ်စင်းလုံးကို ငွေသားနဲ့လုပ်ထားပြီး တက်တွေကိုတော့ သစ်သားနဲ့လုပ်ထားတယ်”
နတ်ဘုရားတွေက စိတ်ဝင်တစားနဲ့ အီဗာဒီရဲ့သားပြတဲ့ လှေလေးကိုကြည့်နေကြတယ်။
“ လှေကို စီးဖို့မလိုတော့ဘူးဆိုရင် သေးသေးလေးဖြစ်အောင်လုပ်၊ ခေါက်သိမ်းပြီး အိပ်ကပ်ထဲမှာ သိမ်းထားရုံပဲ”
အီဗာဒီရဲ့သားက စကားကို အဆုံးသတ်လိုက်ပြီး ဖရေးကိုကြည့်လိုက်တယ်။
ဖရေးက ပြုံးနေတယ်။
“ငါ ကြိုက်တယ်”
“ မဆိုးဘူး” အိုဒင်ကလဲ သဘောတူတယ်။
ခေါက်သိမ်းလို့ရတဲ့ လှေ ရှီဘလာနစ်ရှ် (Skidbladnir) ကလဲ တကယ်ကိုအံ့သြစရာဖြစ်အောင်ကို အသုံးကျတဲ့၊ ကောင်းတဲ့ပိုင်ဆိုင်မှုတစ်ခုမဟုတ်လား။
လိုကီကတော့ အီဗာဒီရဲ့သားတွေပေးတဲ့ လက်ဆောင်တွေကို နတ်ဘုရားတွေသဘောကျနေတာကိုကြည့်ပြီး ကြိတ်ပျော်နေတယ်။
ဘရော့ခ်နှင့် အီထရီ လက်ဆောင်
********************************
ရွှေရောင်တွေ တလက်လက်တောက်နေတဲ့ ဂလတ်စ်ဟိုင်းမ်ခန်းမကြီးထဲမှာ ဖူးယောင်နေတဲ့ မျက်လုံး၊ သွေးစတွေပေးနေတဲ့ အင်္ကျီနဲ့နဲ့ ရပ်နေတဲ့ ဘရော့ခ် (Brokk) က နတ်ဘုရားတွေကိုဦးတည်ပြီး
“ငါ့ အစ်ကို အီထရီကတော့ အော့စ်ဂေါ့ကိုမလိုက်လာဘူး။ ဒါပေမဲ့ သင်တို့အတွက် လက်ဆောင်သုံးခုကိုတော့ ငါယူလာခဲ့တယ်”
လိုကီက စိတ်ဝင်တစားနဲ့ မျက်လုံးစွေကြည့်နေတယ်။ ဘရော့ခ် တို့ညီအစ်ကိုနိုင်လို့မဖြစ်ဘူး။
ဘရော့ခ်တို့ ညီအစ်ကိုနိုင်ရင် သူ့ခေါင်းပြုတ်ပြီ။
သိပ်တော့ စိတ်ပူစရာမလိုဘူးလို့လဲတွေးနေတယ်။
အီဗာဒီရဲ့သားတွေပေးတဲ့ လက်ဆောင်တွေကလဲ အကောင်းစားတွေမဟုတ်လား။
“ငါတို့ ညီအစ်ကိုရဲ့ ပထမဆုံးလက်ဆောင်ကတော့ အိုဒင်အောဖားသား အတွက်ပဲ။
ဒရော့ပ်နီးယား တဲ့ “
ဘရော့ခ်က လက်ထဲကရွှေလက်မောင်းကွင်းလေး ဒရော့ပ်နီးယား (Draupnir) ကိုမြှောက်ပြလိုက်တယ်။
“ ဒီဝိုင်းစက်တဲ့ ရွှေကွင်းလေးက ကိုးရက်နေရင်တစ်ခါ နောက်ထပ် သူနဲ့ အလေးချိန်ရော၊ အရည်အသွေးရော ထပ်တူညီတဲ့ ရွှေကွင်းလေးတွေပွားပေးလိမ့်မယ်။ စုစုပေါင်း (၈) ကွင်း ထပ်ပွားပေးလိမ့်မယ်။ အဖိုးတန်သားသမီးလေးတွေပေါ့”
ဘရော့ခ်က အိုဒင်ကိုကြည့်လိုက်ပြီး
“ ကြွယ်ဝမှုတွေအလျှံပယ်ပေးနိုင်တဲ့ ဒီရွှေလက်မောင်းကွင်းက သင့်အတွက်ပဲ အိုဒင်။
သင်သဘောကျသူတွေကို ဆုလာဘ်အနေနဲ့ပေးပေး၊ သင့်ကိုယ်ပိုင်ဥစ္စာဓနအနေနဲ့ပဲ စုဆောင်း၊ စုဆောင်း၊ ကိုးရက်ကြာတိုင်း (၈) ဆပွားပွားလာတဲ့ ဒီရွှေကွင်းတွေကတော့ သင့်ရဲ့ သြဇာအာဏာကို ပိုပြီးခိုင်မြဲစေမှာ အမှန်အကန်ပဲ”
လို့ ဆိုလိုက်တယ်။
လိုကီက “ငါဆိုရင်တော့ အသုံးမကျတဲ့ရွှေကွင်းအစား၊ ပစ်မလွဲလှံတံကိုပဲ ရွေးမှာ ဟင်းဟင်း”
ဆိုပြီး မလိုတမာဝင်ပြောတယ်။
နတ်ဘုရားတွေကတော့ လိုကီ့စကားကိုလျစ်လျူရှုပြီး အိုဒင်ပိုင်ဆိုင်ခွင့်ရတဲ့ ရွှေလက်မောင်းကွင်းကိုပဲ လိုချင်တပ်မက်စွာကြည့်နေကြတယ်။
ဘရော့ခ်က ဒုတိယလက်ဆောင်ကို ထပ်ပြတယ်။
တောဝက်တစ်ကောင်။ သူ့ရဲ့ အစွယ်နှစ်ချောင်းက ရွှေရောင် ဝင်းပြောင်နေတယ်။
“ဒါကတော့ ဖရေးအတွက်”
ဖရေးက သူ့ထိုင်ခုံသလွန်ပေါ်ကနေ မျက်ခုံးပင့်ကြည့်တယ်။
“ ဒီတောဝက်ရဲ့နာမည်က ဂီလင်ဘွတ်စ်တ။
အမြန်ဆုံးမြင်းထက်ကို ပိုပြီးမြန်အောင် ပြေးနိုင်တယ်။
လွင်ပြင်မှာပြေးနိုင်သလို၊ တောင်တွေကိုလဲ ဖြတ်ပြီးပြေးနိုင်တယ်။
သူ့အစွယ်တွေကိုလုပ်ထားတဲ့ ရွှေသားကတောက်ပလွန်းလို့ အမှောင်မိုက်ဆုံးဆိုတဲ့ ညတွေမှာတောင် သူ့အလင်းရောင်နဲ့သူ သွားလို့ရတယ်
ဒီတောဝက်ကို စီးပြီး သင်သွားလိုရာ ကမ္ဘာကိုးခုကို ကြိုက်သလိုသာသွားပေရော့”
နတ်ဘုရားတွေအားလုံးက တီးတိုးတီးတိုးနဲ့ပြောကြပြီး အမြန်ဆုံးမြင်းထက်ပိုမြန်တဲ့၊ ညဘက်မှာတောင် အလင်းရောင်ထွက်နိုင်တဲ့ အစွယ်ပိုင်ရှင် ဂီလင်ဘွတ်စ်တ (Gullinbusti) ကိုသဘောကျကုန်ကြတယ်။
လိုကီကတော့ ခေါက်သိမ်းလို့ရတဲ့ လှေက အများကြီးပိုသာတယ်လို့တွေးနေတယ်။
နောက်ဆုံးလက်ဆောင်ကို ကြည့်ရမှာပဲလေ။
မျက်လုံးတစ်ဖက်က မှက်ကိုက်ခံထားရလို့ ညိုမည်းယောင်ကိုင်းပြီးပိတ်နေတဲ့ ဘရော့ခ်က ကျန်တဲ့မျက်လုံးတစ်လုံးနဲ့ လိုကီ့ကို နာနာကျည်းကျည်း တစ်ချက်လှမ်းကြည့်လိုက်ပြီး တတိယနဲ့ နောက်ဆုံးလက်ဆောင်ကို ဆွဲထုတ်လိုက်တယ်။
“ဒါက သောရ်အတွက် တိုက်ပွဲဝင်တူ မျိုးနီးယား”
လက်ကိုင်တိုတိုနဲ့ မျိုးနီးယား(Mjollnir) က ထိပ်မှာလေးထောင့်တုံးမျက်နှာပြင်ကြီးအပြင် လှလှပပထွင်းထားတဲ့ ကနုတ်ပန်းလေးတွေပါ ဘေးမှာပါနေလို့ ကြည့်ရတာတစ်မျိုးခန့်ညားနေတယ်။
“ ဒီတူက ဘယ်နေရာကို ပစ်လိုက်ပစ်လိုက်၊ ချိန်တဲ့နေရာကို တိတိကျကျထိတဲ့အပြင် ပစ်မှတ်ကိုထိပြီးရင် ပစ်တဲ့သူရဲ့လက်ထဲကိုပြန်လာလို့ ပျောက်သွားမှာ မပူရဘူး။
အမာကျောဆုံးဆိုတဲ့ ကျောက်စိုင်ကျောက်သား၊ လက်နက်တွေနဲ့ ထိခိုက်မိတောင် လုံးဝ မကျိုးမပဲ့နိုင်ဘူး”
ဒီစကားကြားတော့ သောရ်မျက်နှာလက်ခနဲဖြစ်သွားတယ်။
သူ့လက်နက်တွေက သူ့အားကိုမခံနိုင်လို့ အမြဲကျိုးပဲ့ကုန်ကြလေ့ရှိတယ်။
ပြီးတော့ သူပစ်လိုက်တဲ့ လက်နက်တွေကလဲ သူ့အားကြီးနဲ့ဆို အဝေးဆုံးကိုရောက်သွားပြီး ပျောက်ကုန်လို့ လက်နက်အသစ်ရှာရတဲ့ ဒုက္ခကလဲ မသေးဘူးလေ။
“ဆက်ပြောပါဦး”
သောရ်က စကားထောက်ပေးတယ်။
“ ဒီလက်နက်က ကိုင်ဆိုင်သူရဲ့ဆန္ဒပေါ်လိုက်ပြီး အရွယ်အစားကိုလဲ ကြီးလို့၊ သေးလို့ရတယ်။
အသုံးမလိုသေးတဲ့အချိန်ဆို သေးသေးလေးဖြစ်အောင်လုပ်ပြီး အိတ်ထဲမှာ ထည့်ထားလိုက်လို့ရတယ်။
မိုးကြိုးနတ်ဘုရား သောရ်အတွက် အသင့်တော်ဆုံးလက်နက်ပေါ့”
သောရ်ရဲ့မျက်လုံးတွေက ကျေနပ်နှစ်သိမ့်မှုနဲ့ တဖျပ်ဖျပ်တောက်ပနေကြတယ်။
ပြုံးခဲရယ်ခဲတဲ့သောရ်ရဲ့ မုတ်ဆိတ်နီတွေကြားက နှုတ်ခမ်းတွေကတောင် ပြုံးလို့။
“ဟန်ကျလိုက်တာ၊ ဒီမျိုးနီးယားလက်နက်နဲ့ ဆိုရင် ကျောက်ဘီလူးတွေ၊ နှင်းဘီလူးတွေ၊ တောင်ဘီလူးတွေကို ကောင်းကောင်းနှိမ်နင်းလို့ရပြီ။ အော့စ်ဂေါ့ရဲံ လုံခြုံရေးအတွက် ပူစရာမလိုတော့ဘူး”
နှစ်ထောင်းအားရဖြစ်သွားတဲ့ နတ်ဘုရား ဟိုးနီးရား (Honir) ကလဲဝင်ပြောတယ်။
ကျန်တဲ့ နတ်ဘုရားတွေကလဲ အသီးသီး ထောက်ခံကြတယ်။
“တစ်ခုပဲရှိတယ်”
ဘရော့်ခ်က ဖြတ်ပြီး
“ ဒီ တူကြီးကို သွန်းလုပ်နေတုန်းမှာ အဖျက်အမှောင်ဝင်သွားလို့ တူရဲ့လက်ကိုင်ကတော့ ပုံမှန်ရှိသင့် တာထက် တိုသွားတယ်”
ဆိုတဲ့စကားကို လိုကီရဲ့မျက်နှာကို စေ့စေ့ကြည့်ပြီးပြောချလိုက်တယ်။
လိုကီကတော့ သူဘာမှမသိတဲ့ပုံနဲ့ အပြင်းကင်းစင်ဟန် ဟိုဟိုဒီဒီလျှောက်ကြည့်နေတယ်။
“ဟာ...ဒီတူက ဒီလောက်အစွမ်းထက်တာ လက်ကိုင်လေးတိုတာလောက်ကတော့ မပြောပလောက်ပါဘူး”
သောရ်က အသံသြောကြီးနဲ့ ဝင်ပြောတယ်။
“ဟုတ်တယ်။ သောရ်ရဲ့ဗလနဲ့ဆို ဒီတူကြီးကို လက်နှစ်ဖက်နဲ့ ကိုင်စရာလဲ မလိုပါဘူး။ လက်တစ်ဖက်နဲ့တင် အဆင်ပြေတယ်”
ဖရေးကလဲ သဘောတူထောက်ခံတယ်။
“ငါ့ရဲ့ လှံတံထက်တောင် သောရ်ရဲ့တူက ပိုကောင်းသေးတယ်ဟေ့”
အိုဒင်ကပါဝင်ပြောတဲ့အခါ လိုကီက မျက်နှာအပျက်ပျက်နဲ့
“ဟာ ဒါပေမဲ့ လက်ဆောင်အားလုံး ယှဥ်လိုက်ရင် အီဗာဒီရဲ့သားတွေက ပညာသာတယ်လို့ ပြောလို့ရတယ်မဟုတ်လား” လို့ ဝင်ပြောတယ်။
ပြီးတော့ တဆက်တည်း
“သောရ်...ဆစ်ဖ်ရဲ့ရွှေဆံပင်တွေက မကောင်းဘူးလား။ မဆန်းပေဘူးလား”
သောရ်ကတော့ သူ့လက်ထဲရောက်လာတဲ့ တူကြီးကို ကိုင်ကြည့်၊ ရမ်းကြည့်၊ ဆ ကြည့်ပြီး ပျော်ရွှင်ကျေနပ်နေလို့ လို့ကီ့စကားကို အဖက်လုပ်ပြီး မပြန်အားပါဘူး။
“ခု ဘယ်လက်ဆောင်သုံးခုက သာလဲဆိုတာ နတ်ဘုရားတွေ အဆုံးအဖြတ်ပေးကြဖို့ အချိန်ရောက်ပြီ”
အခြေအနေကို အကဲခတ်နေတဲ့ ဘရော့ခ်က နတ်ဘုရားတွေကို တောင်းဆိုလိုက်တယ်။
နတ်ဘုရားတွေက လက်ဆောင်တွေကို အပြန်ပြန်အလှန်လှန်ကြည့်လိုက်ကြပြီး
“ဘယ်ဟာက သာလဲဆိုတာပြောစရာကို မလိုတော့ဘူးထင်ပါတယ်။
အော့စ်ဂေါ့ကို ကာကွယ်ပေးမဲ့ သောရ်ရဲ့တူကို လုပ်တဲ့ ဘရော့ခ်တို့ ညီအစ်ကိုတွေရဲ့လက်ဆောင်တွေပဲပေါ့”
လို့ အိုဒင်က ပြောလိုက်တယ်။
ဖရေးကလဲ
“ဟုတ်တယ်။
အမြန်ဆုံးမြင်းထက်မြန်အောင်ပြေးရုံမက ညအမှောင်မှာတောင်သွားနိုင်တဲ့ ဂူလင်ဘွတ်စတရွှေစွယ်တောဝက်ကလဲ ကောင်းမွန်လှပါတယ်။
အိုဒင်ကို သြဇာအာဏာနဲ့ ကြွယ်ဝမှုတွေပေးမဲ့ ဂွန်နီးယား လက်မောင်းကွင်းကလဲ အတုမရှိ၊
အကောင်းဆုံးကတော့ သောရ်ရဲ့ တူပဲ။ အော့စ်ဂေါ့တစ်ခုလုံးကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ လက်နက်
ဆိုတော့
ဘရော့ခ်ညီအစ်ကိုရဲ့ လက်ဆောင်တွေကို အကောင်းဆုံးလို့ ဆုံးဖြတ်ရမှာပဲ”
မုတ်ဆိတ်ကျင်စွယ်နီကြောင်ကြောင်နဲ့ လူထွားကြီးသောရ်ကတော့ လက်ထဲကတူကိုမချပဲ
“ ဘရော့ခ်တို့ ညီအစ်ကိုရဲ့ လက်ဆောင်ကအကောင်းဆုံးဆိုတာ ပြောစရာတောင်မလိုဘူး”
လို့ ပြောလိုက်တယ်။
လိုကီ၏ လောင်းကြေး
**********************
တခြားနတ်ဘုရားတွေကလဲ ဝိုင်းထောက်ခံကြတာနဲ့ ဒီပြိုင်ပွဲမှာ အနိုင်ရတဲ့သူတွေက ဘရော့ခ်တို့ ညီအစ်ကိုဆိုတာ သေသေခြာခြာ အဖြေထွက်သွားတယ်။
“ကဲ...လော်ဖေးရဲ့သား လိုကီ။ ဒါဖြင့် ငါတို့လောင်းကြေးကို ရှင်းလိုက်ကြရအောင်”
“ဘာလောင်းကြေးလဲ” လို့ အိုဒင်ကမေးတဲ့အခါ ဘရော့ခ်က သူတို့ကြားမှာလောင်းထားတဲ့ အလောင်းအစားကိစ္စကို နတ်ဘုရားတွေအားလုံးကို ရှင်းပြလိုက်တယ်။
အီဗာဒီရဲ့သားတွေထက်သာတဲ့ ရတနာတွေကို သူတို့ညီအစ်ကိုကဖန်တီးနိုင်ရင် လိုကီရဲ့ခေါင်းကို သူတို့ရမယ်ဆိုတဲ့အကြောင်းပေါ့။
ကတိသစ္စာပြုထားတဲ့ကိစ္စဖြစ်လို့ တည်ရမယ်လို့ အိုဒင်က အဆုံးအဖြတ်ပေးလိုက်တယ်။
လိုကီက သူ့ခေါင်းကို ပေးရတော့မယ်။
“ အေးပေါ့ ရတယ်လေ။
ငါ့ခေါင်းကိုလိုချင်တယ်ဆိုလဲ ပေးရမှာပေါ့။
ဒါပေမဲ့ ငါ့ကိုမိအောင် အရင်ဖမ်းလိုက်ပါဦး”
အဲဒီလိုပြောပြီးတာနဲ့တပြိုင်နက် လိုကီက နတ်ဘုရားတွေရဲ့ခေါင်းထက်ကိုမြင့်အောင်ခုန်ပြီးကျော်လို့ ဂလတ်စ်ဟိုင်းမ် ခန်းမကြီးထဲက ပြေးထွက်သွားတယ်။
“ဟာ...သောရ်လုပ်ပါဦး။ လိုကီကို ပြန်ဖမ်းပေးပါဦး”
ဘရော့ခ်က တောင်းဆိုလိုက်တဲ့အခါ တူအသစ်ကိုစမ်းသပ်ကြည့်ချင်နေတဲ့သောရ်ကလဲ နှစ်ခါမပြောရပါဘူး။
တူကြီး တရွယ်ရွယ်နဲ့ လိုကီသွားတဲ့နောက် ပြေးလိုက်သွားတော့တယ်။
သိပ်မကြာခင်မှာ သောရ်ပြန်ရောက်လာတယ်။
သူ့လက်ထဲမှာ လိုကီကို လှုပ်မရအောင်ချုပ်ပြီး ကိုင်လာတယ်။
“ကဲ...သင့်ကိုဖမ်းလိုမိပြီးဆိုတော့ လောင်းထားတဲ့အတိုင်း ခေါင်းဖြတ်ရတော့မှာပဲ”
ဘရော့ခ်က လက်ထဲမှာဓါးကို တဆဆလုပ်ပြီး
“လောင်းကြေးကြောင့်ချည်းပဲတော့ မထင်နဲ့ဦး၊
သင်နဲ့ငါ့ကြားမှာ ရန်ညှိုးသီးသန့်ရှိတယ်ဆိုတာလဲ မမေ့နဲ့”
ဘရော့ခ်က သူ့မျက်ခွံကို လိုကီက မှက်ယောင်ဆောင်ပြီးကိုက်ခဲ့တယ်လို့ စွပ်စွဲလိုက်တာပါ။
ဘရော့ခ်နဲ့ အီထရီတို့ မျိုးနီးယားကို ဖန်တီးထုဆစ်ပြီးချိန်မှာ မှက်ကအခန်းထဲကနေပျောက်ခြင်းမလှပျောက်သွားခဲ့တာမဟုတ်လား။
ခဏကြာတော့မှ သူတို့ရှိတဲ့အခန်းထဲကို လိုကီက လေလေးတချွန်ချွန်နဲ့ပြန်ရောက်လာတာ။
ပုံပြောင်းပုံလွှဲကျွမ်းပြီး ကလိမ်ဉာဏ်ကျယ်တဲ့လိုကီက မှက်ပုံပြောင်းပြီး ဘရော့ခ်ကို ကိုက်ခဲ့တယ်လို့ စွပ်စွဲလဲလိုကီကတော့ တောင်ပြော၊ မြောက်ပြောနဲ့ ဝန်မခံပဲ ငြင်းဦးမှာဆိုတာ သူတို့သိနေခဲ့ကြတာပဲ။
ဒီတစ်ခါတော့ အဲဒီရန်ညှိုးအတွက်ပါ ပြန်ယူရမယ်ဆိုတဲ့ပုံနဲ့ ဘရော့ခ်က ဓါးကိုပြင်လိုက်ချိန်မှာပဲ လိုကီ
“နေဦး...နေဦး၊ ငါပြောဦးမယ်။
မင်းတို့နဲ့ ငါသဘောတူထားတာက ခေါင်းကိုဖြတ်ဖို့ပဲ။
ငါ့လည်ပင်းက လောင်းကြေးထဲမှာမပါဘူး။
ငါ့လည်ပင်းကို တစ်လက်မတောင် ထိလို့မရဘူးနော်”
လို့ ထအော်လိုက်တယ်။
ဘရော့ခ်က အိုဒင့်ကိုလှမ်းကြည့်လိုက်တော့ အိုဒင်က
“အဲဒါတော့ ဟုတ်တယ်။ ခေါင်းကိုပဲ ယူဖို့သဘောတူထားရင် လည်ပင်းကိုမထိခိုက်ရဘူး”
“လည်ပင်းကို မဖြတ်ပဲ ခေါင်းကိုဘယ်လိုယူမလဲ”
“အဲဒါကတော့ မသိဘူးလေ။ ငါ သိတာကတော့ သင်သူ့ခေါင်းကိုယူလို့ရပေမဲ့ လည်ပင်းကိုတော့ ထိလို့မရဘူး”
ဘရော့ခ်စိတ်ညစ်သွားတယ်။
လိုကီရဲ့ ဆောင့်ကြွားကြွားအမူအယာက ပြန်ပေါ်လာတယ်။
“ဒါပဲလေ...အဲဒါကြောင့် ငါ့လိုဉာဏ်ကောင်းကြပါလို့ ပြောတာ။
သင်တို့တွေလဲ အလောင်းအစားလုပ်ရင် ငါ့လို ကိုယ်ဒုက္ခမရောက်အောင် ကာကွယ်နိုင်တဲ့စကားလုံးတွေသုံးပြီး လုပ်ကြ”
လိုကီက သူ့ကို ဘာမှလုပ်လို့မရမှန်းသိလေ ကမ်းတက်လာလေဖြစ်ပြီး နတ်ဘုရားတွေကိုပါ အထင်သေးအမြင်သေးစကားတွေ ပြောလာပြန်တယ်။
“သင်တို့ နတ်ဘုရားတွေက စကားအရာနဲ့ပက်သက်ရင်လဲ ငါ့ဆီကသင်ယူကြဖို့လိုပါသေးတယ် ဟင်းဟင်း”
ဘရော့ခ်နဲ့ နတ်ဘုရားတွေမခံချင်အောင် လိုကီက နှုတ်သီးကောင်းလျှာပါးလျှောက်ပြောတော့တယ်။
“နတ်ဘုရားတွေကလဲ ဉာဏ်သာမရှိကြတာ၊ ကျေးဇူးလဲ မသိတတ်ကြပါဘူး။
ငါက ရတနာတွေယူလာပေးတာတောင် ငါ့ကိုဖမ်းပြီး ဘရော့ခ်လက်ကို အပ်ကြသေးတယ်။
သောရ်က လိုကီ့ကို မျက်ထောင့်နီနဲ့ကြည့်နေတယ်။ လက်ထဲက တူကိုလဲ “ဆ”ကြည့်လိုက်သေးတယ်။
လိုကီက ဘရော့ခ်ဘက် ပြန်လှည့်သွားပြီး
“သင်တို့ လူပုတွေဆိုတာကလဲ လောဘအိုးတွေ။
ပုပြီးရုပ်ဆိုးသလောက် လောဘကျတော့လဲ အတောသတ်နိုင်ကြတာမဟုတ်ဘူး။
ရွှေတွေ၊ ငွေတွေ အတောမသတ် လုပ်နိုင်၊ တူးနိုင်နေကြလဲ အလိုလောဘက ပြည့်တဲ့သူတွေမဟုတ်ဘူး
ငါ့လိုမျိုးသာ ဉာဏ်ကောင်းရင် သင်တို့တွေ ဘာတွေများထပ်ပြီး လုပ်ကြဦးမလဲ မသိဘူး”
ဘရော့ခ်က အိုဒင့်နားကပ်ပြီး ခပ်တိုးတိုးပြောလိုက်တယ်။ အိုဒင်က
“ဒါတော့ ရတယ်။ သင်က သူ့ခေါင်းကို ပိုင်တာပဲ” လို့ သဘောတူလိုက်တယ်။
အဲဒီနောက်ဘရော့ခ်က စကားအဆက်မပြတ်ပြောပြီး သူများကိုစိတ်အနှောက်အယှက်ပေးနေတဲ့ လိုကီ့ကိုဖမ်းချုပ်ပြီး နှုတ်ခမ်းကို သားရေပြားနဲ့ ပိတ်လိုက်တယ်။
ပြီးတော့ သားရေပြားခံပြီး နှုတ်ခမ်းတွေကို ဓါးဦးချွန်နဲ့ထိုးဖြတ်ဖို့ကြိုးစားတယ်။
ဓါးက လိုကီရဲ့နှုတ်ခမ်းကို မဖြတ်နိုင်ဘူးဖြစ်နေတာနဲ့ လိုကီက တစ်စခန်းထပြန်တယ်။
“ နောက်ဆုံး အခြေအနေမကောင်းရင်တောင် ဒီလိုမျိုး ဓါးပြီးတဲ့နှုတ်ခမ်းမျိုးကို ပိုင်ဆိုင်ထားရင် ဘယ်သူဘာတတ်နိုင်မှာလဲ...အဟင်းဟင်းဟင်း”
ဘရော့ခ်က သူ့အိတ်ထဲမှာ ထပ်နှိုက်လိုက်တဲ့အခါ အီထရီပန်းပဲထုရင် သားရေပြားတွေဖောက်တဲ့ သံစူးကြီးတစ်ခုကိုတွေ့တယ်။
လိုကီရဲ့နှုတ်ခမ်းကို သားရေပြားခံပြီး စူးနဲ့ထိုးဖောက်တဲ့အခါ ဟိုဘက်ဒီဘက်ပေါက်သွားတယ်။
အဲဒီတော့မှ ဘရော့ခ်က လိုကီရဲ့နှုတ်ခမ်းတွေကို သားရေပြားနဲ့ကပ်ပြီး အပ်ချုပ်သလိုချုပ်လိုက်တဲ့အခါ လိုကီစကားပြောလို့မရဖြစ်သွားတော့တယ်။
လိုကီ့အတွက်က အသားနာကျင်တာထက် စကားပြောလို့မရတာက သူများတွေကို စကားနဲ့နှိပ်စက်လို့ မရတော့လို့ အဆပေါင်းများစွာပိုပြီးနာကျင်ဖို့ကောင်းတယ်။
ကျေနပ်သွားတဲ့ ဘရော့ခ်က လိုကီ့ကိုထပ်ပြောလိုက်သေးတယ်။
“ဒီခေါင်းကို ငါပိုင်တယ်ဆိုတာ မမေ့နဲ့။ တစ်နေ့နေ့ပြန်လာယူဦးမယ်”
ပြီးတော့ ဘရော့ခ်လဲ ဆွာ့တ်အယ်ဖာဟိုင်းမ် (Svartalfheim) ကမ္ဘာကိုပြန်သွားတယ်။
လိုကီကတော့ ရက်ပေါင်းများစွာကြာမှ နှုတ်ခမ်းမှာချုပ်ထားတဲ့သားရေပြားကိုဖြည်နိုင်လို့ အဲဒီကြားထဲမှာတော့ နတ်ဘုရားတွေက နားအေး၊ ပါးအေးနေခွင့်ရကြတယ်။
သူ့ကို ကျေးဇူးကန်းတဲ့နတ်ဘုရားတွေကိုတော့ တစ်နေ့နေ့မှာ ပညာပြန်ပေးရဦးမယ်လို့ လိုကီကတေးထားလိုက်တယ်။
အော့စ်ဂေါ့က နတ်ဘုရားတွေဖြစ်ကြတဲ့ အိုဒင်၊ ဖရေးနဲ့ သောရ် တို့ကတော့ လိုကီရဲ့ကျေးဇူးနဲ့ အဖိုးမဖြတ်နိုင်အောင်တန်ဖိုးရှိတဲ့ ရတနာတွေကို ပိုင်ဆိုင်ခွင့်ရသွားကြပါတယ်။
Picture: Internet
မောင်ဇိ
#MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ #TreasuresOfGods #နတ်ဘုရားတို့၏ရတနာ #Mjollnir #မျိုးနီးယား #Thor #Loki #သောရ် #လိုကီ #Draupnir #Gungnir #Gullinbusti #Skidbladnir