Friday, January 1, 2021

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၅) { နတ်ဘုရားများ၏ အော့စ်ဂေါ့တံတိုင်း (ဇာတ်သိမ်းပိုင်း) }

မောင်ဇိ၏ နော့စ်ဒဏ္ဍာရီ (၅) { နတ်ဘုရားများ၏ အော့စ်ဂေါ့တံတိုင်း (ဇာတ်သိမ်း) }
================================================
လိုကီရဲ့အကြံ
***********
နတ်ဘုရားတွေအားလုံးရဲ့အကြည့်တွေက လိုကီ့ (Loki) အပေါ်မှာစူးစိုက်နေကြတယ်။ လိုကီက သူ့ကိုဝိုင်းပြီးကြည့်နေကြတဲ့မျက်လုံးတွေကို ခဏလောက်အရသာခံပြီး လိုက်ကြည့်လိုက်တယ်။ ပြီးတော့မှ

" ပြဿနာက ဘာလဲဆိုတော့ သင်တို့က တံတိုင်းကိုလဲလိုချင်တယ်။ နေ၊လနဲ့ ဖရေယာ ကိုလဲမပေးချင်ဘူး"

"ဟုတ်တယ်လေ...အဲဒါ အားလုံးသိပြီးသား။ ဘာလို့ထပ်ပြောနေတာတုံး"

"ဖြတ်မပြောနဲ့...သေချာနားထောင်ကြ"

" ကောင်းပြီ...သင်ပြောတဲ့အကြံက မဟုတ်က ဟုတ်ကတော့ မဖြစ်ပါစေနဲ့ပေါ့"

လိုကီက စိတ်မရှည်တဲ့လေသံနဲ့

" ဒီမှာ...တိုတိုပဲပြောမယ်။ လူစိမ်းကို ရာသီသုံးခါပြောင်းချိန်ထိ အချိန်မပေးပဲ၊ ခြောက်လနဲ့အပြီး တံတိုင်းကြီးကိုဆောက်ခိုင်းလိုက်မယ်ဆိုရင် ဘယ်လိုလဲ"

နတ်ဘုရားတွေက ပါးစပ်တွေဟပြီး တစ််ခုခုပြောဖို့ပြင်နေကြတုန်းမှာ လိုကီက သူ့ရဲ့ရှည်သွယ်သွယ်လက်ညှိုးကို လေထဲမှာဝှေ့ယမ်းလိုက်ပြီး တိတ်တိတ်နေကြဖို့ အချက်ပြလိုက်ရင်း သူပြောချင်တာကိုဆက်ပြောတယ်။

" သူ ဘယ်လောက်စွမ်းစွမ်း အချိန်(၁၈)လစာဆောက်ရမဲ့ တံတိုင်းကို (၆)လနဲ့ဆောက်ဖို့က ဖြစ်နိုင်မှာမဟုတ်ဘူး။ တစ်ရာသီဖြစ်တဲ့ ခြောက်လအတွင်း တံတိုင်းကိုမဆောက်နိုင်ဘူးဆိုရင် သူရှုံးသွားပြီး ဖရေယာကိုလဲ ငါတို့ပေးစရာလို‌တော့ဘူး။ ဒါ့အပြင် ပြီးကာနီးဖြစ်နေတဲ့တံတိုင်းကိုလဲ နတ်ဘုရားတွေက ဆက်ဆောက်လိုက်ရင် အချိန်တိုအတွင်းမှာ လက်စသတ်နိုင်လိမ့်မယ် "

လိုကီရဲ့စကားကို ကြားတော့ လှပတဲ့ဖရေယာ (Freyja) ရဲ့မျက်နှာလေးရဲသွားပြီး နှုတ်ခမ်းတွေက ဒေါသနဲ့တဆတ်ဆတ်တုန်လာတယ်။

" ငါက သင်တို့ပေးချင်တိုင်းပေးလို့ရတဲ့ ပစ္စည်းလား။ တကယ်လို့ တံတိုင်းက ခြောက်လနဲ့ပြီးသွားရင် ဘယ်လိုလုပ်မလဲ"

" အဲဒါက ပူစရာမလိုပါဘူး။ ဘယ်နည်းနဲ့မှ မပြီးနိုင်ဘူးဆိုတာ လောင်းတောင်လောင်းလိုက်ချင်သေးတယ်"

ဟိမ်ဒေါကဝင်မေးတယ်။
" မပြီးနိုင်တဲ့ တံတိုင်းကို ဒီလူက အရူးမို့လို့ ခြောက်လနဲ့လက်ခံပြီးဆောက်ပေးမယ်လို့ သဘောတူမှာလား"

"အို...ဒါတော့ မပူနဲ့။ သူ့ပုံကြည့်ရတာ ကိုယ့်ကိုယ်ကိုယုံကြည်မှုလွန်နေတဲ့ပုံပေါက်တယ်။ မခံချင်အောင်ပြောပြီး စိန်ခေါ်လိုက်ရင် ပါလာမှာပဲ "

 ပြောလက်စ စကားကို ခဏရပ်ပြီး လိုကီက ဒေါသထွက်နေတာတောင်ချောမောမြဲ ဖရေယာကို မျက်လုံးစွေပြီးကြည့်လိုက်တယ်။

"သေချာပါတယ်၊ ဒီလူ့ကို ငါတို့လိုချင်တဲ့သဘောတူညီချက်ရအောင် ပြောနိုင်မှာပါ"

" ဆောက်လက်စတံတိုင်းတစ်ခုလဲရမယ်။ ငါတို့လဲ ဘာမှမဆုံးရှုံးစေရဘူးလို့ သင်ကပြောချင်တာလား"

ဘာမှဝင်မပြောပဲ စဥ်းစားချင့်ချိန်ဟန်နဲ့ နားထောင်နေတဲ့ အိုဒင့်ရဲ့အမေးကို လိုကီက ခေါင်းညိတ်ပြလိုက်ရင်း

" ဒါပေါ့ ဒီလို ဘာမှဆုံးရှုံးစရာမရှိပဲ အမြတ်ချည်းရှိတဲ့အကြံမျိုးကို ငါကလွဲရင်ဘယ်သူကများထုတ်နိုင်ဦးမှာလဲ"

ကျန်တဲ့နတ်ဘုရားတွေအားလုံးလဲ လိုကီပြောတာကိုလက်ခံပြီး ဒီအတိုင်းသာ တကယ်ဖြစ်မယ်ဆို သူ့အကြံမဆိုးဘူးလို့ ခေါင်းတညိတ်ညိတ်ဖြစ်ကုန်ကြတာပေါ့။
ခေါင်းမညိတ်နိုင်တာဆိုလို့ ရွှေရောင်ဆံပင်အခွေလိပ်လေးတွေနဲ့ ဝင်းလဲ့ဖြူစင်တဲ့ အလှပိုင်ရှင် ဖရေယာတစ်ယောက်ပဲရှိတယ်။

"ကဲဟေ့...ဗိသုကာဆိုတဲ့သူကို ခန်းမထဲကိုခေါ်ခဲ့လိုက်ဟေ့"
လိုကီက အော်ပြောလိုက်တယ်။

ကတိကဝတ်
*********
အိုဒင်ရဲ့ ညီလာခံကျင်းပရာ ဂလတ်စ်ဟိုင်းမ်းခန်းမကြီး (Gladsheim) ရဲ့အလယ်မှာရပ်နေတဲ့ လူစိမ်းကို နတ်ဘုရားတွေက တစ်ရာသီအတွင်း တံတိုင်းကြီးကို အပြီးဆောက်ပေးဖို့ စျေးဆစ်တယ်။

" တစ်ရာသီအတွင်းကတော့ မဖြစ်နိုင်ဘူး။
တံတိုင်းက ထူလဲထူရမယ်၊ မြင့်လဲမြင့်ရမယ်၊ ခိုင်လဲခိုင်ရမယ်။
ဒါပေမဲ့ တစ်ရာသီအတွင်းဆိုတာက ဘယ်လွယ်မှာလဲ"
လူစိမ်းက ခေါင်းတခါခါနဲ့ ငြင်းတယ်။

" သင်ပြောတော့ သင်ဟာ ကမ္ဘာကိုးခုမှာ အတော်ဆုံးဗိသုကာဆို၊ သင်မဆောက်နိုင်တဲ့ တံတိုင်းမရှိဘူးဆို၊ ဒါ အလိမ်အညာတွေလား"
 လိုကီက လူစိမ်းမခံချင်အောင်ဆွပေးရင်း လူစိမ်းအံတစ်ချက်ကြိတ်လိုက်တာကို အကဲခတ်လိုက်တယ်။ ပြီးတော့ နတ်ဘုရားတွေရဲ့နောက်နားမှာရပ်နေတာတောင် ပြိုးပြိုးပြက်ပြက်အရောင်ထွက်နေသေးတဲ့ နတ်ဘုရားမ ဖရေယာကို ညွှန်ပြလိုက်ပြီး

" လှပတဲ့ ဖရေယာကို သင့်လိုအကြွားအဝါတွေနဲ့ပြည့်နေတဲ့လူတစ်ယောက်က လက်ထပ်ချင်သေးတယ်ပေါ့၊ ဟုတ်လား" လို့ ခနဲ့တဲ့တဲ့ပါ ပြောလိုက်သေးတယ်။

ဖရေယာကတော့ လိုကီ့ကို ရွံရွံရှာရှာစိုက်ကြည့်လိုက်ပြီး မျက်နှာလွှဲသွားတယ်။
လူစိမ်းက ဖရေယာရဲ့မျက်နှာလေးကို လှမ်းကြည့်လိုက်ပြီး  မျက်တောင်မခတ်၊ မျက်နှာမလွှဲတမ်း တမ်းငေးနေလိုက်ပြီးမှ ဒွိဟဖြစ်နေရာက နောက်ဆုံးမှာ စိတ်ဒုံးဒုံးချလိုက်ဟန်နဲ့
"ကောင်းပြီ၊ ငါ တံတိုင်းမပြီးမချင်း နေ့ရောညပါမနားပဲ တစ်ရာသီဖြစ်တဲ့ ခြောက်လနဲ့ပြီးအောင်ဆောက်ပေးမယ်။ ဒါပေမဲ့ ငါ့ကိုကူညီဖို့ ငါ့ရဲ့မြင်းထီးကလေး ဆွာဒီဖာရီကိုတော့ ခွင့်ပြုရလိမ့်မယ်"

"ရတယ်...အပြင်က အကူအညီမယူရင်ပြီးရော၊ မြင်းတစ်ကောင်ရဲ့အကူအညီကတော့ ယူချင်ယူပေါ့"

ဒီလိုနဲ့ အိုဒင်ဦးဆောင်တဲ့နတ်ဘုရားတွေနဲ့ ဆွာဒီဖာရီ(Svadilfari) ကိုဆွဲလာတဲ့ လူစိမ်းတို့ နတ်ဘုရားတွေရဲ့ ဓါးတွေ၊လှံတွေ၊ လက်နက်တွေပေါ်မှာ တိုင်တည်လို့အပြန်အလှန်သစ္စာတွေဆိုပြီး စာချုပ်ချုပ်လိုက်ကြတယ်။ လူစိမ်းက တံတိုင်းကိုခြောက်လနဲ့အပြီးဆောက်မယ်။ လူစိမ်းကို တံတိုင်းဆောက်နေတဲ့ ဒီဆောင်းရာသီခြောက်လအတွင်းမှာ ဘယ်သူမှအန္တရာယ်မပြုရဘူး။ ဆောင်းတစ်ရာသီပြည့်လို့ တံတိုင်းကြီးပြီးရင် လူစိမ်းက နတ်ဘုရားမ ဖရေယာရယ်၊ နေရယ်၊ လရယ်ကို ရမယ်။ တံတိုင်းမပြီးရင် ဘာမှမရဘူး။

တံတိုင်းဆောက်တဲ့ခြောက်လ
*********************
ဆောင်းရာသီရဲ့ ပထမဆုံးနေ့မှာပဲ လူစိမ်းကအလုပ်စတယ်။
နတ်ဘုရားတွေက မလှမ်းမကမ်းကနေ အကဲခတ်နေကြတာပေါ့။
ဧရာမပေါက်တူးကြီးတစ်ချောင်းကို ထုတ်လိုက်ပြီး တစ်ချက်ပြီးတစ်ချက်ပေါက်သွားလိုက်တာ ခဏအတွင်းမှာပဲ အုတ်မြစ်ချဖို့ နက်ရှိုင်းပြီး၊ ကြီးမားတဲ့မြောင်းကြီးတွေတူးပြီးသွားတာကို နတ်ဘုရားတွေတွေ့လိုက်ရတယ်။

" ဒီလောက်မြောင်းလေးပေါက်တာကတော့ လူတိုင်းလုပ်နိုင်တဲ့အလုပ်ပဲ၊ ဘာဆန်းလို့လဲ" လိုကီကသူ့ကိုလှမ်းကြည့်နေတဲ့နတ်ဘုရားတွေစိတ်သက်သာရာရအောင်ပြောလိုက်တယ်။ လူစိမ်းက မရပ်မနားပဲ မြောင်းတွေဆက်တူးနေပြီး ညနေစောင်းချိန်မှာတော့ သူ့မြင်းထီးလေးကို ဇက်ကြိုးကဆွဲပြီး တောင်တန်းတွေရှိရာကိုထွက်သွားတယ်။

 မနက်လင်းအားကြီးချိန်မှာတော့ ကျောက်တုံးအကြီးကြီးတွေ အများကြီးကို စွတ်ဖားကြီးတစ်ခုပေါ်မှာတင်ဆွဲလာတဲ့ မြင်းကလေးဆွာဒီဖာရီကို ဇက်ကြိုးဆွဲပြီး ပြန်လာတဲ့လူစိမ်းကို အားလုံးတွေ့လိုက်ကြရတယ်။ လူစိမ်းက ခဏတောင်မနားပါဘူး။ သယ်လာတဲ့ ကျောက်တုံးကြီးတွေကို မြောင်းတွေထဲမှာစနစ်တကျ သပ်သပ်ရပ်ရပ်စီပြီးထည့်နေတာကို နတ်ဘုရားတွေမြင်နေရတယ်။
နောက်တော့ လေလေးတစ်ချွန်ချွန်နဲ့ ကျောက်တုံးကြီးတွေကို တစ်တုံးပြီးတစ်တုံးဆင့်ရင်း တစ်နေကုန်အလုပ်လုပ်နေတော့တယ်။
ညနေစောင်းတော့ တစ်ခါ စားကျက်မှာလွှတ်ထားတဲ့ သူ့မြင်းထီးလေးကိုခေါ်ပြီး တောင်ပေါ်တက်သွားပြန်လေရဲ့။

"အစပိုင်းမို့လို့ပါ၊ နောက်ဆို သူ့မြင်းက ခြေကုန်လက်ပန်းကျလာလိမ့်မယ်။ ဆောင်းတွင်းနက်လာရင် နှင်းတွေကျပြီး တောင်ပေါ်သွားတဲ့လမ်းကလဲခက်ခဲလာမှာ။ ကံကောင်းရင်တောင်ပေါ်ကကျပြီးသူသေသွားမှာတောင် စိုးရသေးတယ်"
လိုကီကတော့ မလျှော့ပါဘူး။

ဒီလိုနဲ့ တစ်နေ့ပြီး တစ်နေ့ကုန်သွားတယ်။
နှင်းတွေက ပိုထူထပ်လာသလို နေ့တာကလဲ တိုသထက်တိုသွားတယ်။
လူစိမ်းနဲ့ မြင်းကလေးဆွာဒီဖာရီတို့ကတော့ အလုပ်လုပ်တာ အရှိန်မလျော့ပါဘူး။
တစ်နေ့တစ်ခြားမြင့်တက်လာတဲ့ တံတိုင်းကြီးကို လူတိုင်းမြင်နေကြရတယ်။
ဖရေယာလေးကတော့ နေ့တိုင်းရွှေရောင်မျက်ရည်တွေကျရင်း ငိုနေတာပေါ့။

စိတ်ပူစပြုလာတဲ့နတ်ဘုရားတွေကို လိုကီကနှစ်သိမ့်ပြန်တယ်။
" ဆောင်းတွင်းကုန်ကာနီး နွေနားနီးလာရင် နှင်းတွေအရည်ပျော်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် ကျောက်တုံးဆွဲဖို့နေနေသာသာ သူ့ခြေထောက်ကိုတောင် ဗွက်ထဲကထုတ်နိုင်မှာမဟုတ်တော့ဘူး။ စိတ်မပူကြနဲ့"

နေ့တာအတိုဆုံးကာလတွေကျော်သွားပြီး နေ့တာတဖြည်းဖြည်းပြန်ရှည်လာတယ်။
ဆွာဒီဖာရီတို့ဆရာတပည့်နှစ်ယောက်ကတော့ အလုပ်လုပ်တဲ့နှုန်းမကျသွားပါဘူး။
မနက်ဆို တောင်ပေါ်ကနေဧရာမကျောက်တုံးကြီးတွေသယ်လာမယ်၊ ပြီးရင် ဆွာဒီဖာရီကို စားကျက်မှာလွှတ်ထားပြီး လူစိမ်းက တစ်နေကုန်တံတိုင်းစီမယ်၊တစ်ခါ ညရောက်ရင် ဆွာဒီဖာရီကိုဆွဲပြီး အဝေးမှာရှိတဲ့ တောင်ပေါ်ကိုတက်သွားမယ်။ ဒီလိုနဲ့ တံတိုင်းကြီးကထူသထက်ထူ၊ ခိုင်သထက်ခိုင်ပြီး၊ မြင့်သထက်မြင့်လာတယ်။

တံတိုင်းကြီးရုပ်လုံးပေါ်လာလေ၊ နတ်ဘုရားတွေ ဂနာမငြိမ်ဖြစ်ရလေပါပဲ။
" သောရ်သာမြန်မြန်ပြန်လာရင် ကောင်းမယ်"
"ဟုတ်တယ်။ သူရှိရင်တော့ အကြံကောင်းတွေမထွက်တောင် အားတော့ရှိမှာပဲ"
ဒီလိုနဲ့ ဆောင်းရာသီကုန်ကာနီးအချိန်မှာ အရှေ့ရပ်ကိုသွားပြီး လူ့ဘီလူးတွေနဲ့စစ်ခင်းနေတဲ့ သောရ်ပြန်ရောက်လာတယ်။
အိုဒင်က သူ့သားကြီးကို အားလုံးကြုံနေကြရတဲ့ အကြပ်အတည်း အခြေအနေပြောပြလိုက်တဲ့အခါ သောရ်က

" ဒါဘယ်သူ့အကြံလဲ"

"ဘယ်သူ့အကြံရှိရဦးမှာလဲ" အိုဒင်ကဖြေတယ်။

" မဟုတ်မှလွဲရော...လိုကီ့အကြံပဲလား"

နတ်ဘုရားတွေ အားလုံး ဂလတ်စ်ဟိုင်းမ် ခန်းမမှာ စုဝေးကြပြန်တယ်။

" ဒီလောက် အလုပ်လုပ်နိုင်ပုံထောက်ရင် သာမန်လူတော့ဟုတ်မှာမဟုတ်ဘူး။ လူ့ဘီလူးဖြစ်ရင်ဖြစ်နေမှာ။ သိရအောင်ကျွန်တော် သွားဆော်လိုက်မယ်"

သောရ်က အကြံပြုပေမဲ့ စစ်နတ်ဘုရား တား (Tyr) ကကန့်ကွက်တယ်။
" ဒီခြောက်လအတွင်းမှာ သူ့ကိုရန်မရှာပါဘူးလို့ နတ်ဘုရားတွေအားလုံး သစ္စာဆိုထားရတယ်။ ကတိဖောက်လို့မရဘူး"

နတ်ဘုရားမ ဖရေယာကတော့ ရွှေသားမျက်ရည်တွေ တသွင်သွင်ကျနေတုန်းပဲ။
သောရ်ရဲ့မျက်လုံးက အခန်းထောင့်မှာ ကပ်နေတဲ့ လိုကီ့ဆီကိုရောက်သွားတယ်။
"သင်...သင်စခဲ့တဲ့ပြဿနာကို သင်ရအောင်ရှင်းပေတော့"

"ဟုတ်တယ်။ ငါသာ လူ့ဘီလူးတိုင်းပြည် ယူတွန်ဟိုင်းမ် (Jotunheim) ကို အဲဒီလူနဲ့လိုက်သွားရမယ်ဆိုရင် သင့်ခေါင်းကိုပါဖြတ်ပြီးယူသွားမယ်"

မျက်ရည်တွေနဲ့ ပါးနှစ်ဖက်မှာရွှေရောင်ဝင်းနေတဲ့ ဖရေယာကရှိုက်သံကြားကဝင်ပြောရှာတယ်။
ဆောင်းရာသီကုန်ဖို့ကလဲ တစ်ရက်နှစ်ရက်ပဲလိုတော့သလို၊ တံတိုင်းကြီးကလဲ ပြီးလုပြီးခင်ဖြစ်နေပြီမဟုတ်လား။

" ခုလို ကိုယ့်လည်ပင်းကိုကြိုးကွင်းစွပ်မဲ့ ပေါက်ကရအကြံတွေပေးတဲ့ သင့်တာဝန်ပဲ။ အလင်းရောင်ပေးတဲ့နေနဲ့လရော၊ နတ်ဘုရားတွေကိုအလှတရားနဲ့ပျော်ရွှင်စေတဲ့ ဖရေရာရော ပါသွားလို့ကတော့ သင်မချောင်ဘူးမှတ်ပါ"

သောရ်က လိုကီကို ခပ်ကြမ်းကြမ်းကိုင်လှုပ်ပြီး ခြိမ်းခြောက်လိုက်တဲ့အခါမှာ လိုကီကမျက်လုံးကိုမှေးပြီးစဥ်းစားနေလိုက်ရင်း

"ကိစ္စမရှိဘူး။ ဘာမှမပူကြနဲ့။ ဒီကိစ္စကိုငါရအောင်ရှင်းပေးမယ်" လို့ပြောလိုက်လေရဲ့။

ဆောင်းရာသီ၏နောက်ဆုံးရက်များ
**************************
မနက်ဖြန်ဆို ဆောင်းရာသီရဲ့နောက်ဆုံးရက်ကိုရောက်လာပြီ။
နတ်ဘုရားတွေရဲ့ စံရာကိုဝိုင်းပတ်နေတဲ့ တံတိုင်းကြီးကလဲ ပြီးဖို့နည်းနည်းပဲလိုတော့တယ်။
ရွှင်မြူးနေတဲ့ လူစိမ်းက သူ့ကိုစောင့်ကြည့်နေတဲ့ နတ်ဘုရားတွေကို ပျော်ရွှင်စွာနဲ့ လက်ဝှေ့ယမ်းပြလိုက်ပြီး တောင်ပေါ်ကိုတက်ဖို့အတွက် သူ့မြင်းကိုလှမ်းခေါ်လိုက်တယ်။
ဆွာဒီဖာရီကရောက်မလာပါဘူး။
လေတစ်ချက်ချွန်ပြီးထပ်ခေါ်လိုက်ချိန်မှာလဲ အခြေအနေကထူးမသွားဘူး။
လူစိမ်းက စားကျက်ထဲက သူမြင်းထီးလေးရှိရာကိုလျှောက်သွားချိန်မှာ ဆွာဒီဖာရီရဲ့အာရုံက တောစပ်မှာပန်းပင်လေးတွေကိုဝါးနေတဲ့ မြင်းမ နီညိုရောင်လေးဆီရောက်နေတာတွေ့လိုက်ရတယ်။ မြင်းမလေးက လည်ဆံကိုခါ၊ လည်ပင်းကိုမော့ပြီး ဟီ လိုက်တဲ့အခါ ဆွာဒီဖာရီက မြင်းမလေးရှိရာကို ကဆုန်စိုင်းပြေးသွားတော့တယ်။
တံတိုင်းဆရာကြီးက အော်ခေါ်ပြီးပြေးလိုက်ပေမဲ့ မမီတော့ဘူး။ ဆွာဒီဖာရီအနားကပ်လာချိန်မှာ မြင်းမလေးက ခပ်လှမ်းလှမ်းကိုပြေးသွားပြန်တယ်။
ကြည့်နေရင်းပဲ ဆွာဒီဖာရီကလိုက်၊ မြင်းမလေးက ပြေးနဲ့ နှစ်ကောင်လုံးတောထဲဝင်ပြီးပျောက်သွားတော့တယ်။
လူစိမ်းက တောထဲဝင်ပြီး သူ့မြင်းကိုရှာပေမဲ့ အချိန်သာကုန်သွားပြီး ရှာလို့မတွေ့တော့ပါဘူး။

ဒီလိုနဲ့ မနက်အရုဏ်တက်ချိန်ရောက်မှ လက်လျှော့ပြီးတောင်တွေရှိရာကို တစ်ယောက်ထဲ လေးလေးပင်ပင်လျှောက်သွားတော့တယ်။
အဲဒီနေ့မှာ လူစိမ်းပြန်မလာပါဘူး။
ညဘက်လဲ ပြန်မလာနိုင်ပဲ နွေးထွေးတဲ့အလင်းရောင်တွေဖြာကျနေတဲ့ နွေရာသီရဲ့ ပထမဆုံးနေ့မှာမှ ကျောက်တုံးကြီးတွေကိုစွတ်ဖားကြီးတစ်ခုပေါ်တင်၊ ကြိုးနဲ့ဆွဲပြီး တစ်ယောက်ထဲ တစ်လှမ်းချင်းပြန်လာတဲ့ လူစိမ်းကိုတွေ့လိုက်ကြရတယ်။ ပါလာတဲ့ကျောက်တုံးအရေအတွက်ကလဲ သူ့မြင်းထီးကလေး ဆွာဒီဖာရီဆွဲလာတုန်းကထက် အများကြီးနည်းပါသေးတယ်။

ကျန်တဲ့ကျောက်တုံးတွေနဲ့ တံတိုင်းကြီးဆောက်ဖို့ပြင်နေတဲ့ လူစိမ်းကို
"ဆောင်းရာသီကုန်သွားပြီ။ နွေရာသီရောက်သွားလို့ အချိန်ကျော်သွားပြီ။ သင်ရှုံးသွားပြီ" လို့ နတ်ဘုရားကမ္ဘာရဲ့ဝင်ပေါက်ကိုစောင့်ရှောက်တဲ့ ဟိမ်ဒေါကပြောလိုက်တယ်။
ကျန်တဲ့နတ်ဘုရားတွေကလဲ ပြုံးရွှင်နေတဲ့မျက်နှာတွေနဲ့ ဟိမ်ဒေါပြောတာကိုထောက်ခံကြတယ်။

" ဟုတ်တယ်၊ ဒီနေ့က နွေရာသီရဲ့ ပထမဆုံးနေ့ပဲ။ သင်နဲ့ချုပ်ထားတဲ့ ကတိစာချုပ်ပျက်သွားပြီ"

မှုန်မှိုင်းနေတဲ့ လူစိမ်းရဲ့မျက်နှာက တဖြည်းဖြည်းခက်ထန်လာတယ်။

"လူလိမ် လူညစ်တွေ...
ကတိမတည်တဲ့ နတ်ဘုရားတွေ"

ပြောရင်းနဲ့ ဒေါသပိုထွက်လာတဲ့ လူစိမ်းရဲ့မျက်လုံးတွေကပြူးထွက်လာပြီး နှာခေါင်းကလဲကြီးလာတယ်။
အရပ်ကလဲရှည်ထွက်လာတယ်။

" ကလိမ်ခြုံ နတ်ဘုရားတွေ
သင်တို့လုပ်တဲ့ အလုပ်အတွက် ပြန်ပေးဆပ်ရမယ်"

ကြည့်နေရင်းနဲ့ပဲ လူစိမ်းဟာ တောင်ဘီလူးကြီးတစ်ကောင်အဖြစ်ပြောင်းသွားပြီး ကျောက်တုံးကြီးနှစ်တုံးကို လက်တစ်ဖက်စီမှာကောက်ယူလိုက်ပြီး ဖရေယာကို ကွယ်ထားပေးကြတဲ့ နတ်ဘုရားတွေရှိရာကို ဂမူးရှူးထိုးနဲ့ပြေးဝင်လာတယ်။
နတ်ဘုရားတွေနောက်မှာသူတွေ့လိုက်ရတာက ဆံပင်အနီ၊ မုတ်ဆိတ်အနီ၊ သန်စွမ်းတဲ့ကြွက်သားတွေနဲ့ သာမန်လူတွေထက်ထွားကြိုင်းတဲ့ကိုယ်ခန္ဓာနဲ့ ရပ်နေတဲ့သောရ်။

ပြေးဝင်လာတဲ့ တောင်ဘီလူးကြီးကို သောရ်ကဆီးပြီး လက်သီးနဲ့အားရပါးရထိုးထည့်လိုက်တယ်။ နေနဲ့လကိုလိုချင်တဲ့ တောင်ဘီလူးကြီးရဲ့ခေါင်းထဲမှာ ကြယ်တွေ၊ လတွေမြင်သွားတယ်။
နောက်ထပ်အားယူပြီး တောင်ဘီလူးကြီးရဲ့ခေါင်းကို အားရပါးရထပ်ထိုးထည့်လိုက်တဲ့အခါမှာတော့ တောင်ဘီလူးကြီးလဲ လဲကျပြီး သေဆုံးသွားတော့တယ်။

ဒီလိုနဲ့ နတ်ဘုရားတွေ လိုအပ်နေတဲ့တံတိုင်းကြီးတစ်ခုကို  အချိန်တိုအတွင်းမှာ အကုန်အကျမရှိပဲ ရလိုက်ကြတယ်။ ဒါတောင် ကျန်နေတဲ့ မုခ်ဦးနဲ့ တံတိုင်းတစ်ချို့ကိုဆောက်တာနတ်ဘုရားတွေအတွက် လပေါင်းများစွာကြာသွားပါသေးတယ်။

ပျောက်နေတဲ့လိုကီ
**************
နတ်ဘုရားတွေ အောင်ပွဲခံနေချိန်မှာ ထူးထူးခြားခြား လိုကီကပျောက်နေတယ်။ အစပိုင်းမှာ သတိမထားမိပေမဲ့ လနဲ့ချီပြီးကြာသွားချိန်မှာ နတ်ဘုရားတွေက စပြီးစဥ်းစားရပြီ။
သူတို့မျက်စိအောက်ကနေ လိုကီပျောက်နေတယ်ဆိုတာ သိပ်တော့လဲကောင်းတဲ့ လက္ခဏာမဟုတ်ဘူးလေ။
တစ်ခုခု မဟုတ်တာကြံစည်နေတာမျိုးလဲ ဖြစ်နိုင်တာမို့ သတိထားရမယ် မဟုတ်လား။

တံတိုင်းကြီးကို  တောင်ဘီလူးကြီးဆီကရပြီး ‌လေး၊ငါးလလောက်ကြာချိန်မှာ သက်တန့်တံတား ဘီးဖရော့စ် (Bifrost) ပေါ်မှာလျှောက်လာတဲ့ လိုကီကို ဟိမ်ဒေါကအရင်ဆုံးတွေ့လိုက်ရတယ်။
လိုကီရဲ့နောက်မှာက မီးခိုးရောင်မြင်းပေါက်လေးတစ်ကောင်။
ထူးခြားတာက မြင်းပေါက်လေးမှာ သာမန်မြင်းတွေလိုမဟုတ်ပဲ ခြေထောက်ရှစ်ချောင်းရှိနေတာပါပဲ။

" အိုး...လိုကီပြန်လာပြီ။ မြင်းကလေးက ဘယ်ကရတာလဲ"

" ရယူမှုရှိရင် ပေးဆပ်မှုရှိရတာပဲ။ ဘယ်က ရရ သင့်အပူမပါပါဘူး"

လိုကီက ဟိမ်ဒေါကို ရန်လိုတဲ့အကြည့်နဲ့ တစ်ချက်စိုက်ကြည့်လိုက်ပြီး အော့စ်ဂေ့ါကိုဝင်သွားတယ်။

မြင်းလေးကတော့ လိုကီ့နောက်ကို အမေနောက်လိုက်တဲ့ကလေးလိုမျိုးတကောက်ကောက်လိုက်သွားတာပါပဲ။

"အိုဒင်...သင့်ကို ဒီမြင်းကလေးလက်ဆောင်ပေးမယ်"
လိုကီက နတ်ဘုရင် အိုဒင့်ကိုပြောလိုက်တယ်။
 
"ကျေးဇူးပဲလိုကီ။ မြင်းပေါက်လေးရဲ့နာမည်က ဘာတဲ့တုံး"

" စလိပ်နီးရား တဲ့။ ဒီမြင်းလေးအရွယ်ရောက်လာတဲ့အခါ မြေပေါ်မှာလဲပြေးလိမ့်မယ်၊ ရေပေါ်မှာလဲ ပြေးလိမ့်မယ်၊ လေထဲမှာလဲပြေးလိမ့်မယ်။ သင့်အတွက် အသုံးတည့်မှာပါ"

ကမ္ဘာကိုးခုမှာ အလျှင်မြန်ဆုံးဖြစ်တဲ့၊ ဘယ်ကမ္ဘာကိုမဆိုသွားနိုင်စွမ်းရှိတဲ့ စစ်နတ်ဘုရင်အိုဒင်ရဲ့ လက်စွဲတော် ခြေရှစ်ချောင်းမြင်း စလိပ်နီးရား (Sleipnir) ကို ဒီလိုနည်းနဲ့ လိုကီဆီကနေ လက်ခံရရှိခဲ့ပါတယ်။
(Picture: unnamed master builder with the horse Svaðilfari (1919) by Robert Engels)
မောင်ဇိ
#MaungZi #Norsemythology #mythology #နောစ့်ဒဏ္ဍာရီ #မောင်ဇိ၏ပုံပြင်များ #thewallofAsgard #အော့စ်ဂေါ့တံတိုင်း

_________________________________________________________________

ေမာင္ဇိ၏ ေနာ့စ္ဒ႑ာရီ (၅) { နတ္ဘုရားမ်ား၏ ေအာ့စ္ေဂါ့တံတိုင္း (ဇာတ္သိမ္း) }
================================================
လိုကီရဲ႕အႀကံ
***********
နတ္ဘုရားေတြအားလုံးရဲ႕အၾကည့္ေတြက လိုကီ့ (Loki) အေပၚမွာစူးစိုက္ေနၾကတယ္။ လိုကီက သူ႔ကိုဝိုင္းၿပီးၾကည့္ေနၾကတဲ့မ်က္လုံးေတြကို ခဏေလာက္အရသာခံၿပီး လိုက္ၾကည့္လိုက္တယ္။ ၿပီးေတာ့မွ

" ျပႆနာက ဘာလဲဆိုေတာ့ သင္တို႔က တံတိုင္းကိုလဲလိုခ်င္တယ္။ ေန၊လနဲ႔ ဖေရယာ ကိုလဲမေပးခ်င္ဘူး"

"ဟုတ္တယ္ေလ...အဲဒါ အားလုံးသိၿပီးသား။ ဘာလို႔ထပ္ေျပာေနတာတုံး"

"ျဖတ္မေျပာနဲ႔...ေသခ်ာနားေထာင္ၾက"

" ေကာင္းၿပီ...သင္ေျပာတဲ့အႀကံက မဟုတ္က ဟုတ္ကေတာ့ မျဖစ္ပါေစနဲ႔ေပါ့"

လိုကီက စိတ္မရွည္တဲ့ေလသံနဲ႔

" ဒီမွာ...တိုတိုပဲေျပာမယ္။ လူစိမ္းကို ရာသီသုံးခါေျပာင္းခ်ိန္ထိ အခ်ိန္မေပးပဲ၊ ေျခာက္လနဲ႔အၿပီး တံတိုင္းႀကီးကိုေဆာက္ခိုင္းလိုက္မယ္ဆိုရင္ ဘယ္လိုလဲ"

နတ္ဘုရားေတြက ပါးစပ္ေတြဟၿပီး တစ္္ခုခုေျပာဖို႔ျပင္ေနၾကတုန္းမွာ လိုကီက သူ႔ရဲ႕ရွည္သြယ္သြယ္လက္ညႇိဳးကို ေလထဲမွာေဝွ႔ယမ္းလိုက္ၿပီး တိတ္တိတ္ေနၾကဖို႔ အခ်က္ျပလိုက္ရင္း သူေျပာခ်င္တာကိုဆက္ေျပာတယ္။

" သူ ဘယ္ေလာက္စြမ္းစြမ္း အခ်ိန္(၁၈)လစာေဆာက္ရမဲ့ တံတိုင္းကို (၆)လနဲ႔ေဆာက္ဖို႔က ျဖစ္ႏိုင္မွာမဟုတ္ဘူး။ တစ္ရာသီျဖစ္တဲ့ ေျခာက္လအတြင္း တံတိုင္းကိုမေဆာက္ႏိုင္ဘူးဆိုရင္ သူရႈံးသြားၿပီး ဖေရယာကိုလဲ ငါတို႔ေပးစရာလို‌ေတာ့ဘူး။ ဒါ့အျပင္ ၿပီးကာနီးျဖစ္ေနတဲ့တံတိုင္းကိုလဲ နတ္ဘုရားေတြက ဆက္ေဆာက္လိုက္ရင္ အခ်ိန္တိုအတြင္းမွာ လက္စသတ္ႏိုင္လိမ့္မယ္ "

လိုကီရဲ႕စကားကို ၾကားေတာ့ လွပတဲ့ဖေရယာ (Freyja) ရဲ႕မ်က္ႏွာေလးရဲသြားၿပီး ႏႈတ္ခမ္းေတြက ေဒါသနဲ႔တဆတ္ဆတ္တုန္လာတယ္။

" ငါက သင္တို႔ေပးခ်င္တိုင္းေပးလို႔ရတဲ့ ပစၥည္းလား။ တကယ္လို႔ တံတိုင္းက ေျခာက္လနဲ႔ၿပီးသြားရင္ ဘယ္လိုလုပ္မလဲ"

" အဲဒါက ပူစရာမလိုပါဘူး။ ဘယ္နည္းနဲ႔မွ မၿပီးႏိုင္ဘူးဆိုတာ ေလာင္းေတာင္ေလာင္းလိုက္ခ်င္ေသးတယ္"

ဟိမ္ေဒါကဝင္ေမးတယ္။
" မၿပီးႏိုင္တဲ့ တံတိုင္းကို ဒီလူက အ႐ူးမို႔လို႔ ေျခာက္လနဲ႔လက္ခံၿပီးေဆာက္ေပးမယ္လို႔ သေဘာတူမွာလား"

"အို...ဒါေတာ့ မပူနဲ႔။ သူ႔ပုံၾကည့္ရတာ ကိုယ့္ကိုယ္ကိုယုံၾကည္မႈလြန္ေနတဲ့ပုံေပါက္တယ္။ မခံခ်င္ေအာင္ေျပာၿပီး စိန္ေခၚလိုက္ရင္ ပါလာမွာပဲ "

 ေျပာလက္စ စကားကို ခဏရပ္ၿပီး လိုကီက ေဒါသထြက္ေနတာေတာင္ေခ်ာေမာၿမဲ ဖေရယာကို မ်က္လုံးေစြၿပီးၾကည့္လိုက္တယ္။

"ေသခ်ာပါတယ္၊ ဒီလူ႔ကို ငါတို႔လိုခ်င္တဲ့သေဘာတူညီခ်က္ရေအာင္ ေျပာႏိုင္မွာပါ"

" ေဆာက္လက္စတံတိုင္းတစ္ခုလဲရမယ္။ ငါတို႔လဲ ဘာမွမဆုံးရႈံးေစရဘူးလို႔ သင္ကေျပာခ်င္တာလား"

ဘာမွဝင္မေျပာပဲ စဥ္းစားခ်င့္ခ်ိန္ဟန္နဲ႔ နားေထာင္ေနတဲ့ အိုဒင့္ရဲ႕အေမးကို လိုကီက ေခါင္းညိတ္ျပလိုက္ရင္း

" ဒါေပါ့ ဒီလို ဘာမွဆုံးရႈံးစရာမရွိပဲ အျမတ္ခ်ည္းရွိတဲ့အႀကံမ်ိဳးကို ငါကလြဲရင္ဘယ္သူကမ်ားထုတ္ႏိုင္ဦးမွာလဲ"

က်န္တဲ့နတ္ဘုရားေတြအားလုံးလဲ လိုကီေျပာတာကိုလက္ခံၿပီး ဒီအတိုင္းသာ တကယ္ျဖစ္မယ္ဆို သူ႔အႀကံမဆိုးဘူးလို႔ ေခါင္းတညိတ္ညိတ္ျဖစ္ကုန္ၾကတာေပါ့။
ေခါင္းမညိတ္ႏိုင္တာဆိုလို႔ ေ႐ႊေရာင္ဆံပင္အေခြလိပ္ေလးေတြနဲ႔ ဝင္းလဲ့ျဖဴစင္တဲ့ အလွပိုင္ရွင္ ဖေရယာတစ္ေယာက္ပဲရွိတယ္။

"ကဲေဟ့...ဗိသုကာဆိုတဲ့သူကို ခန္းမထဲကိုေခၚခဲ့လိုက္ေဟ့"
လိုကီက ေအာ္ေျပာလိုက္တယ္။

ကတိကဝတ္
*********
အိုဒင္ရဲ႕ ညီလာခံက်င္းပရာ ဂလတ္စ္ဟိုင္းမ္းခန္းမႀကီး (Gladsheim) ရဲ႕အလယ္မွာရပ္ေနတဲ့ လူစိမ္းကို နတ္ဘုရားေတြက တစ္ရာသီအတြင္း တံတိုင္းႀကီးကို အၿပီးေဆာက္ေပးဖို႔ ေစ်းဆစ္တယ္။

" တစ္ရာသီအတြင္းကေတာ့ မျဖစ္ႏိုင္ဘူး။
တံတိုင္းက ထူလဲထူရမယ္၊ ျမင့္လဲျမင့္ရမယ္၊ ခိုင္လဲခိုင္ရမယ္။
ဒါေပမဲ့ တစ္ရာသီအတြင္းဆိုတာက ဘယ္လြယ္မွာလဲ"
လူစိမ္းက ေခါင္းတခါခါနဲ႔ ျငင္းတယ္။

" သင္ေျပာေတာ့ သင္ဟာ ကမာၻကိုးခုမွာ အေတာ္ဆုံးဗိသုကာဆို၊ သင္မေဆာက္ႏိုင္တဲ့ တံတိုင္းမရွိဘူးဆို၊ ဒါ အလိမ္အညာေတြလား"
 လိုကီက လူစိမ္းမခံခ်င္ေအာင္ဆြေပးရင္း လူစိမ္းအံတစ္ခ်က္ႀကိတ္လိုက္တာကို အကဲခတ္လိုက္တယ္။ ၿပီးေတာ့ နတ္ဘုရားေတြရဲ႕ေနာက္နားမွာရပ္ေနတာေတာင္ ၿပိဳးၿပိဳးျပက္ျပက္အေရာင္ထြက္ေနေသးတဲ့ နတ္ဘုရားမ ဖေရယာကို ၫႊန္ျပလိုက္ၿပီး

" လွပတဲ့ ဖေရယာကို သင့္လိုအႂကြားအဝါေတြနဲ႔ျပည့္ေနတဲ့လူတစ္ေယာက္က လက္ထပ္ခ်င္ေသးတယ္ေပါ့၊ ဟုတ္လား" လို႔ ခနဲ႔တဲ့တဲ့ပါ ေျပာလိုက္ေသးတယ္။

ဖေရယာကေတာ့ လိုကီ့ကို ႐ြံ႐ြံရွာရွာစိုက္ၾကည့္လိုက္ၿပီး မ်က္ႏွာလႊဲသြားတယ္။
လူစိမ္းက ဖေရယာရဲ႕မ်က္ႏွာေလးကို လွမ္းၾကည့္လိုက္ၿပီး  မ်က္ေတာင္မခတ္၊ မ်က္ႏွာမလႊဲတမ္း တမ္းေငးေနလိုက္ၿပီးမွ ဒြိဟျဖစ္ေနရာက ေနာက္ဆုံးမွာ စိတ္ဒုံးဒုံးခ်လိုက္ဟန္နဲ႔
"ေကာင္းၿပီ၊ ငါ တံတိုင္းမၿပီးမခ်င္း ေန႔ေရာညပါမနားပဲ တစ္ရာသီျဖစ္တဲ့ ေျခာက္လနဲ႔ၿပီးေအာင္ေဆာက္ေပးမယ္။ ဒါေပမဲ့ ငါ့ကိုကူညီဖို႔ ငါ့ရဲ႕ျမင္းထီးကေလး ဆြာဒီဖာရီကိုေတာ့ ခြင့္ျပဳရလိမ့္မယ္"

"ရတယ္...အျပင္က အကူအညီမယူရင္ၿပီးေရာ၊ ျမင္းတစ္ေကာင္ရဲ႕အကူအညီကေတာ့ ယူခ်င္ယူေပါ့"

ဒီလိုနဲ႔ အိုဒင္ဦးေဆာင္တဲ့နတ္ဘုရားေတြနဲ႔ ဆြာဒီဖာရီ(Svadilfari) ကိုဆြဲလာတဲ့ လူစိမ္းတို႔ နတ္ဘုရားေတြရဲ႕ ဓါးေတြ၊လွံေတြ၊ လက္နက္ေတြေပၚမွာ တိုင္တည္လို႔အျပန္အလွန္သစၥာေတြဆိုၿပီး စာခ်ဳပ္ခ်ဳပ္လိုက္ၾကတယ္။ လူစိမ္းက တံတိုင္းကိုေျခာက္လနဲ႔အၿပီးေဆာက္မယ္။ လူစိမ္းကို တံတိုင္းေဆာက္ေနတဲ့ ဒီေဆာင္းရာသီေျခာက္လအတြင္းမွာ ဘယ္သူမွအႏၲရာယ္မျပဳရဘူး။ ေဆာင္းတစ္ရာသီျပည့္လို႔ တံတိုင္းႀကီးၿပီးရင္ လူစိမ္းက နတ္ဘုရားမ ဖေရယာရယ္၊ ေနရယ္၊ လရယ္ကို ရမယ္။ တံတိုင္းမၿပီးရင္ ဘာမွမရဘူး။

တံတိုင္းေဆာက္တဲ့ေျခာက္လ
*********************
ေဆာင္းရာသီရဲ႕ ပထမဆုံးေန႔မွာပဲ လူစိမ္းကအလုပ္စတယ္။
နတ္ဘုရားေတြက မလွမ္းမကမ္းကေန အကဲခတ္ေနၾကတာေပါ့။
ဧရာမေပါက္တူးႀကီးတစ္ေခ်ာင္းကို ထုတ္လိုက္ၿပီး တစ္ခ်က္ၿပီးတစ္ခ်က္ေပါက္သြားလိုက္တာ ခဏအတြင္းမွာပဲ အုတ္ျမစ္ခ်ဖို႔ နက္ရႈိင္းၿပီး၊ ႀကီးမားတဲ့ေျမာင္းႀကီးေတြတူးၿပီးသြားတာကို နတ္ဘုရားေတြေတြ႕လိုက္ရတယ္။

" ဒီေလာက္ေျမာင္းေလးေပါက္တာကေတာ့ လူတိုင္းလုပ္ႏိုင္တဲ့အလုပ္ပဲ၊ ဘာဆန္းလို႔လဲ" လိုကီကသူ႔ကိုလွမ္းၾကည့္ေနတဲ့နတ္ဘုရားေတြစိတ္သက္သာရာရေအာင္ေျပာလိုက္တယ္။ လူစိမ္းက မရပ္မနားပဲ ေျမာင္းေတြဆက္တူးေနၿပီး ညေနေစာင္းခ်ိန္မွာေတာ့ သူ႔ျမင္းထီးေလးကို ဇက္ႀကိဳးကဆြဲၿပီး ေတာင္တန္းေတြရွိရာကိုထြက္သြားတယ္။

 မနက္လင္းအားႀကီးခ်ိန္မွာေတာ့ ေက်ာက္တုံးအႀကီးႀကီးေတြ အမ်ားႀကီးကို စြတ္ဖားႀကီးတစ္ခုေပၚမွာတင္ဆြဲလာတဲ့ ျမင္းကေလးဆြာဒီဖာရီကို ဇက္ႀကိဳးဆြဲၿပီး ျပန္လာတဲ့လူစိမ္းကို အားလုံးေတြ႕လိုက္ၾကရတယ္။ လူစိမ္းက ခဏေတာင္မနားပါဘူး။ သယ္လာတဲ့ ေက်ာက္တုံးႀကီးေတြကို ေျမာင္းေတြထဲမွာစနစ္တက် သပ္သပ္ရပ္ရပ္စီၿပီးထည့္ေနတာကို နတ္ဘုရားေတြျမင္ေနရတယ္။
ေနာက္ေတာ့ ေလေလးတစ္ခြၽန္ခြၽန္နဲ႔ ေက်ာက္တုံးႀကီးေတြကို တစ္တုံးၿပီးတစ္တုံးဆင့္ရင္း တစ္ေနကုန္အလုပ္လုပ္ေနေတာ့တယ္။
ညေနေစာင္းေတာ့ တစ္ခါ စားက်က္မွာလႊတ္ထားတဲ့ သူ႔ျမင္းထီးေလးကိုေခၚၿပီး ေတာင္ေပၚတက္သြားျပန္ေလရဲ႕။

"အစပိုင္းမို႔လို႔ပါ၊ ေနာက္ဆို သူ႔ျမင္းက ေျခကုန္လက္ပန္းက်လာလိမ့္မယ္။ ေဆာင္းတြင္းနက္လာရင္ ႏွင္းေတြက်ၿပီး ေတာင္ေပၚသြားတဲ့လမ္းကလဲခက္ခဲလာမွာ။ ကံေကာင္းရင္ေတာင္ေပၚကက်ၿပီးသူေသသြားမွာေတာင္ စိုးရေသးတယ္"
လိုကီကေတာ့ မေလွ်ာ့ပါဘူး။

ဒီလိုနဲ႔ တစ္ေန႔ၿပီး တစ္ေန႔ကုန္သြားတယ္။
ႏွင္းေတြက ပိုထူထပ္လာသလို ေန႔တာကလဲ တိုသထက္တိုသြားတယ္။
လူစိမ္းနဲ႔ ျမင္းကေလးဆြာဒီဖာရီတို႔ကေတာ့ အလုပ္လုပ္တာ အရွိန္မေလ်ာ့ပါဘူး။
တစ္ေန႔တစ္ျခားျမင့္တက္လာတဲ့ တံတိုင္းႀကီးကို လူတိုင္းျမင္ေနၾကရတယ္။
ဖေရယာေလးကေတာ့ ေန႔တိုင္းေ႐ႊေရာင္မ်က္ရည္ေတြက်ရင္း ငိုေနတာေပါ့။

စိတ္ပူစျပဳလာတဲ့နတ္ဘုရားေတြကို လိုကီကႏွစ္သိမ့္ျပန္တယ္။
" ေဆာင္းတြင္းကုန္ကာနီး ေႏြနားနီးလာရင္ ႏွင္းေတြအရည္ေပ်ာ္လာလိမ့္မယ္။ အဲဒီအခ်ိန္က်ရင္ ေက်ာက္တုံးဆြဲဖို႔ေနေနသာသာ သူ႔ေျခေထာက္ကိုေတာင္ ဗြက္ထဲကထုတ္ႏိုင္မွာမဟုတ္ေတာ့ဘူး။ စိတ္မပူၾကနဲ႔"

ေန႔တာအတိုဆုံးကာလေတြေက်ာ္သြားၿပီး ေန႔တာတျဖည္းျဖည္းျပန္ရွည္လာတယ္။
ဆြာဒီဖာရီတို႔ဆရာတပည့္ႏွစ္ေယာက္ကေတာ့ အလုပ္လုပ္တဲ့ႏႈန္းမက်သြားပါဘူး။
မနက္ဆို ေတာင္ေပၚကေနဧရာမေက်ာက္တုံးႀကီးေတြသယ္လာမယ္၊ ၿပီးရင္ ဆြာဒီဖာရီကို စားက်က္မွာလႊတ္ထားၿပီး လူစိမ္းက တစ္ေနကုန္တံတိုင္းစီမယ္၊တစ္ခါ ညေရာက္ရင္ ဆြာဒီဖာရီကိုဆြဲၿပီး အေဝးမွာရွိတဲ့ ေတာင္ေပၚကိုတက္သြားမယ္။ ဒီလိုနဲ႔ တံတိုင္းႀကီးကထူသထက္ထူ၊ ခိုင္သထက္ခိုင္ၿပီး၊ ျမင့္သထက္ျမင့္လာတယ္။

တံတိုင္းႀကီး႐ုပ္လုံးေပၚလာေလ၊ နတ္ဘုရားေတြ ဂနာမၿငိမ္ျဖစ္ရေလပါပဲ။
" ေသာရ္သာျမန္ျမန္ျပန္လာရင္ ေကာင္းမယ္"
"ဟုတ္တယ္။ သူရွိရင္ေတာ့ အႀကံေကာင္းေတြမထြက္ေတာင္ အားေတာ့ရွိမွာပဲ"
ဒီလိုနဲ႔ ေဆာင္းရာသီကုန္ကာနီးအခ်ိန္မွာ အေရွ႕ရပ္ကိုသြားၿပီး လူ႔ဘီလူးေတြနဲ႔စစ္ခင္းေနတဲ့ ေသာရ္ျပန္ေရာက္လာတယ္။
အိုဒင္က သူ႔သားႀကီးကို အားလုံးႀကဳံေနၾကရတဲ့ အၾကပ္အတည္း အေျခအေနေျပာျပလိုက္တဲ့အခါ ေသာရ္က

" ဒါဘယ္သူ႔အႀကံလဲ"

"ဘယ္သူ႔အႀကံရွိရဦးမွာလဲ" အိုဒင္ကေျဖတယ္။

" မဟုတ္မွလြဲေရာ...လိုကီ့အႀကံပဲလား"

နတ္ဘုရားေတြ အားလုံး ဂလတ္စ္ဟိုင္းမ္ ခန္းမမွာ စုေဝးၾကျပန္တယ္။

" ဒီေလာက္ အလုပ္လုပ္ႏိုင္ပုံေထာက္ရင္ သာမန္လူေတာ့ဟုတ္မွာမဟုတ္ဘူး။ လူ႔ဘီလူးျဖစ္ရင္ျဖစ္ေနမွာ။ သိရေအာင္ကြၽန္ေတာ္ သြားေဆာ္လိုက္မယ္"

ေသာရ္က အႀကံျပဳေပမဲ့ စစ္နတ္ဘုရား တား (Tyr) ကကန႔္ကြက္တယ္။
" ဒီေျခာက္လအတြင္းမွာ သူ႔ကိုရန္မရွာပါဘူးလို႔ နတ္ဘုရားေတြအားလုံး သစၥာဆိုထားရတယ္။ ကတိေဖာက္လို႔မရဘူး"

နတ္ဘုရားမ ဖေရယာကေတာ့ ေ႐ႊသားမ်က္ရည္ေတြ တသြင္သြင္က်ေနတုန္းပဲ။
ေသာရ္ရဲ႕မ်က္လုံးက အခန္းေထာင့္မွာ ကပ္ေနတဲ့ လိုကီ့ဆီကိုေရာက္သြားတယ္။
"သင္...သင္စခဲ့တဲ့ျပႆနာကို သင္ရေအာင္ရွင္းေပေတာ့"

"ဟုတ္တယ္။ ငါသာ လူ႔ဘီလူးတိုင္းျပည္ ယူတြန္ဟိုင္းမ္ (Jotunheim) ကို အဲဒီလူနဲ႔လိုက္သြားရမယ္ဆိုရင္ သင့္ေခါင္းကိုပါျဖတ္ၿပီးယူသြားမယ္"

မ်က္ရည္ေတြနဲ႔ ပါးႏွစ္ဖက္မွာေ႐ႊေရာင္ဝင္းေနတဲ့ ဖေရယာကရႈိက္သံၾကားကဝင္ေျပာရွာတယ္။
ေဆာင္းရာသီကုန္ဖို႔ကလဲ တစ္ရက္ႏွစ္ရက္ပဲလိုေတာ့သလို၊ တံတိုင္းႀကီးကလဲ ၿပီးလုၿပီးခင္ျဖစ္ေနၿပီမဟုတ္လား။

" ခုလို ကိုယ့္လည္ပင္းကိုႀကိဳးကြင္းစြပ္မဲ့ ေပါက္ကရအႀကံေတြေပးတဲ့ သင့္တာဝန္ပဲ။ အလင္းေရာင္ေပးတဲ့ေနနဲ႔လေရာ၊ နတ္ဘုရားေတြကိုအလွတရားနဲ႔ေပ်ာ္႐ႊင္ေစတဲ့ ဖေရရာေရာ ပါသြားလို႔ကေတာ့ သင္မေခ်ာင္ဘူးမွတ္ပါ"

ေသာရ္က လိုကီကို ခပ္ၾကမ္းၾကမ္းကိုင္လႈပ္ၿပီး ၿခိမ္းေျခာက္လိုက္တဲ့အခါမွာ လိုကီကမ်က္လုံးကိုေမွးၿပီးစဥ္းစားေနလိုက္ရင္း

"ကိစၥမရွိဘူး။ ဘာမွမပူၾကနဲ႔။ ဒီကိစၥကိုငါရေအာင္ရွင္းေပးမယ္" လို႔ေျပာလိုက္ေလရဲ႕။

ေဆာင္းရာသီ၏ေနာက္ဆုံးရက္မ်ား
**************************
မနက္ျဖန္ဆို ေဆာင္းရာသီရဲ႕ေနာက္ဆုံးရက္ကိုေရာက္လာၿပီ။
နတ္ဘုရားေတြရဲ႕ စံရာကိုဝိုင္းပတ္ေနတဲ့ တံတိုင္းႀကီးကလဲ ၿပီးဖို႔နည္းနည္းပဲလိုေတာ့တယ္။
႐ႊင္ျမဴးေနတဲ့ လူစိမ္းက သူ႔ကိုေစာင့္ၾကည့္ေနတဲ့ နတ္ဘုရားေတြကို ေပ်ာ္႐ႊင္စြာနဲ႔ လက္ေဝွ႔ယမ္းျပလိုက္ၿပီး ေတာင္ေပၚကိုတက္ဖို႔အတြက္ သူ႔ျမင္းကိုလွမ္းေခၚလိုက္တယ္။
ဆြာဒီဖာရီကေရာက္မလာပါဘူး။
ေလတစ္ခ်က္ခြၽန္ၿပီးထပ္ေခၚလိုက္ခ်ိန္မွာလဲ အေျခအေနကထူးမသြားဘူး။
လူစိမ္းက စားက်က္ထဲက သူျမင္းထီးေလးရွိရာကိုေလွ်ာက္သြားခ်ိန္မွာ ဆြာဒီဖာရီရဲ႕အာ႐ုံက ေတာစပ္မွာပန္းပင္ေလးေတြကိုဝါးေနတဲ့ ျမင္းမ နီညိဳေရာင္ေလးဆီေရာက္ေနတာေတြ႕လိုက္ရတယ္။ ျမင္းမေလးက လည္ဆံကိုခါ၊ လည္ပင္းကိုေမာ့ၿပီး ဟီ လိုက္တဲ့အခါ ဆြာဒီဖာရီက ျမင္းမေလးရွိရာကို ကဆုန္စိုင္းေျပးသြားေတာ့တယ္။
တံတိုင္းဆရာႀကီးက ေအာ္ေခၚၿပီးေျပးလိုက္ေပမဲ့ မမီေတာ့ဘူး။ ဆြာဒီဖာရီအနားကပ္လာခ်ိန္မွာ ျမင္းမေလးက ခပ္လွမ္းလွမ္းကိုေျပးသြားျပန္တယ္။
ၾကည့္ေနရင္းပဲ ဆြာဒီဖာရီကလိုက္၊ ျမင္းမေလးက ေျပးနဲ႔ ႏွစ္ေကာင္လုံးေတာထဲဝင္ၿပီးေပ်ာက္သြားေတာ့တယ္။
လူစိမ္းက ေတာထဲဝင္ၿပီး သူ႔ျမင္းကိုရွာေပမဲ့ အခ်ိန္သာကုန္သြားၿပီး ရွာလို႔မေတြ႕ေတာ့ပါဘူး။

ဒီလိုနဲ႔ မနက္အ႐ုဏ္တက္ခ်ိန္ေရာက္မွ လက္ေလွ်ာ့ၿပီးေတာင္ေတြရွိရာကို တစ္ေယာက္ထဲ ေလးေလးပင္ပင္ေလွ်ာက္သြားေတာ့တယ္။
အဲဒီေန႔မွာ လူစိမ္းျပန္မလာပါဘူး။
ညဘက္လဲ ျပန္မလာႏိုင္ပဲ ေႏြးေထြးတဲ့အလင္းေရာင္ေတြျဖာက်ေနတဲ့ ေႏြရာသီရဲ႕ ပထမဆုံးေန႔မွာမွ ေက်ာက္တုံးႀကီးေတြကိုစြတ္ဖားႀကီးတစ္ခုေပၚတင္၊ ႀကိဳးနဲ႔ဆြဲၿပီး တစ္ေယာက္ထဲ တစ္လွမ္းခ်င္းျပန္လာတဲ့ လူစိမ္းကိုေတြ႕လိုက္ၾကရတယ္။ ပါလာတဲ့ေက်ာက္တုံးအေရအတြက္ကလဲ သူ႔ျမင္းထီးကေလး ဆြာဒီဖာရီဆြဲလာတုန္းကထက္ အမ်ားႀကီးနည္းပါေသးတယ္။

က်န္တဲ့ေက်ာက္တုံးေတြနဲ႔ တံတိုင္းႀကီးေဆာက္ဖို႔ျပင္ေနတဲ့ လူစိမ္းကို
"ေဆာင္းရာသီကုန္သြားၿပီ။ ေႏြရာသီေရာက္သြားလို႔ အခ်ိန္ေက်ာ္သြားၿပီ။ သင္ရႈံးသြားၿပီ" လို႔ နတ္ဘုရားကမာၻရဲ႕ဝင္ေပါက္ကိုေစာင့္ေရွာက္တဲ့ ဟိမ္ေဒါကေျပာလိုက္တယ္။
က်န္တဲ့နတ္ဘုရားေတြကလဲ ၿပဳံး႐ႊင္ေနတဲ့မ်က္ႏွာေတြနဲ႔ ဟိမ္ေဒါေျပာတာကိုေထာက္ခံၾကတယ္။

" ဟုတ္တယ္၊ ဒီေန႔က ေႏြရာသီရဲ႕ ပထမဆုံးေန႔ပဲ။ သင္နဲ႔ခ်ဳပ္ထားတဲ့ ကတိစာခ်ဳပ္ပ်က္သြားၿပီ"

မႈန္မႈိင္းေနတဲ့ လူစိမ္းရဲ႕မ်က္ႏွာက တျဖည္းျဖည္းခက္ထန္လာတယ္။

"လူလိမ္ လူညစ္ေတြ...
ကတိမတည္တဲ့ နတ္ဘုရားေတြ"

ေျပာရင္းနဲ႔ ေဒါသပိုထြက္လာတဲ့ လူစိမ္းရဲ႕မ်က္လုံးေတြကျပဴးထြက္လာၿပီး ႏွာေခါင္းကလဲႀကီးလာတယ္။
အရပ္ကလဲရွည္ထြက္လာတယ္။

" ကလိမ္ၿခဳံ နတ္ဘုရားေတြ
သင္တို႔လုပ္တဲ့ အလုပ္အတြက္ ျပန္ေပးဆပ္ရမယ္"

ၾကည့္ေနရင္းနဲ႔ပဲ လူစိမ္းဟာ ေတာင္ဘီလူးႀကီးတစ္ေကာင္အျဖစ္ေျပာင္းသြားၿပီး ေက်ာက္တုံးႀကီးႏွစ္တုံးကို လက္တစ္ဖက္စီမွာေကာက္ယူလိုက္ၿပီး ဖေရယာကို ကြယ္ထားေပးၾကတဲ့ နတ္ဘုရားေတြရွိရာကို ဂမူးရႉးထိုးနဲ႔ေျပးဝင္လာတယ္။
နတ္ဘုရားေတြေနာက္မွာသူေတြ႕လိုက္ရတာက ဆံပင္အနီ၊ မုတ္ဆိတ္အနီ၊ သန္စြမ္းတဲ့ႂကြက္သားေတြနဲ႔ သာမန္လူေတြထက္ထြားႀကိဳင္းတဲ့ကိုယ္ခႏၶာနဲ႔ ရပ္ေနတဲ့ေသာရ္။

ေျပးဝင္လာတဲ့ ေတာင္ဘီလူးႀကီးကို ေသာရ္ကဆီးၿပီး လက္သီးနဲ႔အားရပါးရထိုးထည့္လိုက္တယ္။ ေနနဲ႔လကိုလိုခ်င္တဲ့ ေတာင္ဘီလူးႀကီးရဲ႕ေခါင္းထဲမွာ ၾကယ္ေတြ၊ လေတြျမင္သြားတယ္။
ေနာက္ထပ္အားယူၿပီး ေတာင္ဘီလူးႀကီးရဲ႕ေခါင္းကို အားရပါးရထပ္ထိုးထည့္လိုက္တဲ့အခါမွာေတာ့ ေတာင္ဘီလူးႀကီးလဲ လဲက်ၿပီး ေသဆုံးသြားေတာ့တယ္။

ဒီလိုနဲ႔ နတ္ဘုရားေတြ လိုအပ္ေနတဲ့တံတိုင္းႀကီးတစ္ခုကို  အခ်ိန္တိုအတြင္းမွာ အကုန္အက်မရွိပဲ ရလိုက္ၾကတယ္။ ဒါေတာင္ က်န္ေနတဲ့ မုခ္ဦးနဲ႔ တံတိုင္းတစ္ခ်ိဳ႕ကိုေဆာက္တာနတ္ဘုရားေတြအတြက္ လေပါင္းမ်ားစြာၾကာသြားပါေသးတယ္။

ေပ်ာက္ေနတဲ့လိုကီ
**************
နတ္ဘုရားေတြ ေအာင္ပြဲခံေနခ်ိန္မွာ ထူးထူးျခားျခား လိုကီကေပ်ာက္ေနတယ္။ အစပိုင္းမွာ သတိမထားမိေပမဲ့ လနဲ႔ခ်ီၿပီးၾကာသြားခ်ိန္မွာ နတ္ဘုရားေတြက စၿပီးစဥ္းစားရၿပီ။
သူတို႔မ်က္စိေအာက္ကေန လိုကီေပ်ာက္ေနတယ္ဆိုတာ သိပ္ေတာ့လဲေကာင္းတဲ့ လကၡဏာမဟုတ္ဘူးေလ။
တစ္ခုခု မဟုတ္တာႀကံစည္ေနတာမ်ိဳးလဲ ျဖစ္ႏိုင္တာမို႔ သတိထားရမယ္ မဟုတ္လား။

တံတိုင္းႀကီးကို  ေတာင္ဘီလူးႀကီးဆီကရၿပီး ‌ေလး၊ငါးလေလာက္ၾကာခ်ိန္မွာ သက္တန႔္တံတား ဘီးဖေရာ့စ္ (Bifrost) ေပၚမွာေလွ်ာက္လာတဲ့ လိုကီကို ဟိမ္ေဒါကအရင္ဆုံးေတြ႕လိုက္ရတယ္။
လိုကီရဲ႕ေနာက္မွာက မီးခိုးေရာင္ျမင္းေပါက္ေလးတစ္ေကာင္။
ထူးျခားတာက ျမင္းေပါက္ေလးမွာ သာမန္ျမင္းေတြလိုမဟုတ္ပဲ ေျခေထာက္ရွစ္ေခ်ာင္းရွိေနတာပါပဲ။

" အိုး...လိုကီျပန္လာၿပီ။ ျမင္းကေလးက ဘယ္ကရတာလဲ"

" ရယူမႈရွိရင္ ေပးဆပ္မႈရွိရတာပဲ။ ဘယ္က ရရ သင့္အပူမပါပါဘူး"

လိုကီက ဟိမ္ေဒါကို ရန္လိုတဲ့အၾကည့္နဲ႔ တစ္ခ်က္စိုက္ၾကည့္လိုက္ၿပီး ေအာ့စ္ေဂ့ါကိုဝင္သြားတယ္။

ျမင္းေလးကေတာ့ လိုကီ့ေနာက္ကို အေမေနာက္လိုက္တဲ့ကေလးလိုမ်ိဳးတေကာက္ေကာက္လိုက္သြားတာပါပဲ။

"အိုဒင္...သင့္ကို ဒီျမင္းကေလးလက္ေဆာင္ေပးမယ္"
လိုကီက နတ္ဘုရင္ အိုဒင့္ကိုေျပာလိုက္တယ္။
 
"ေက်းဇူးပဲလိုကီ။ ျမင္းေပါက္ေလးရဲ႕နာမည္က ဘာတဲ့တုံး"

" စလိပ္နီးရား တဲ့။ ဒီျမင္းေလးအ႐ြယ္ေရာက္လာတဲ့အခါ ေျမေပၚမွာလဲေျပးလိမ့္မယ္၊ ေရေပၚမွာလဲ ေျပးလိမ့္မယ္၊ ေလထဲမွာလဲေျပးလိမ့္မယ္။ သင့္အတြက္ အသုံးတည့္မွာပါ"

ကမာၻကိုးခုမွာ အလွ်င္ျမန္ဆုံးျဖစ္တဲ့၊ ဘယ္ကမာၻကိုမဆိုသြားႏိုင္စြမ္းရွိတဲ့ စစ္နတ္ဘုရင္အိုဒင္ရဲ႕ လက္စြဲေတာ္ ေျခရွစ္ေခ်ာင္းျမင္း စလိပ္နီးရား (Sleipnir) ကို ဒီလိုနည္းနဲ႔ လိုကီဆီကေန လက္ခံရရွိခဲ့ပါတယ္။
(Picture: unnamed master builder with the horse Svaðilfari (1919) by Robert Engels)
ေမာင္ဇိ
#MaungZi #Norsemythology #mythology #ေနာစ့္ဒ႑ာရီ #ေမာင္ဇိ၏ပုံျပင္မ်ား #thewallofAsgard #ေအာ့စ္ေဂါ့တံတိုင္း

_________________________________________________________________

No comments:

Post a Comment