Tuesday, May 12, 2020

မောင်ဇိ၏ ဂရိဒဏ္ဍာရီ (၈) {နတ်မြင်းပျံ ပဲဂဆပ်စ် နဲ့ သူရဲကောင်း ဘယ်လာရိုဖွန်}

နတ်မြင်းပျံ ပဲဂဆပ်စ်
*****************
 သစ်တောတစ်ခုရဲ့ဘေး၊ မြက်ခင်းလွင်ပြင်တစ်ခုထဲက အေးမြကြည်လင်တဲ့ ရေကန်တစ်ကန်ဘေးမှာ တစ်ကိုယ်လုံး ဆွတ်ဆွတ်ဖြူတဲ့အဆင်းနဲ့ အင်မတန်လှတဲ့မြင်းဖြူကြီးတစ်ကောင်ရေသောက်နေတယ်။
မြင်းဖြူကြီးရဲ့ကျောပြင်ပေါ်မှာ ဝင့်ဝင့်ကြွားကြွားနဲ့ ဖြန့်ကားထားတာက လှပတဲ့တောင်ပံကြီးတွေ။
လှပသန်စွမ်းတဲ့ ဒီမြင်းဖြူကြီးက ကမ္ဘာမြေပေါ်မှာရှိတဲ့ ဘယ်မြင်းထက်မဆိုလျင်မြန်အောင်ပြေးနိုင်စွမ်းရှိရုံမက ကောင်းကင်မှာပါငှက်တစ်ကောင်လိုပျံဝဲနိုင်စွမ်းရှိတယ်။
သာမာန်လူသားတွေအတွက် ဒီမြင်းဖြူကြီးကို စီးဖူးဖို့နေနေသာသာ မြင်းဖြူကြီးအနားတောင်ကပ်ဖို့ မဖြစ်နိုင်ကြ။
ပြီးတော့ ဒီမြင်းဖြူကြီးက သာမန်မြင်းမဟုတ်။
ရေနတ်ဘုရား ပိုဆီဒန် (Poseidon) နဲ့ ဂေါ်ဂွန်မက်ဒူးဆာ (Gorgon Medusa) တို့ကနေပေါက်ဖွားလာတဲ့ မှော်သတ္တဝါ နတ်မြင်းပျံ။

ဂေါ်ဂွန်မက်ဒူးဆာ (Gorgon Medusa)ကို သူရဲကောင်းပါဆီရပ်စ်(Perseus)ကခေါင်းဖြတ်လိုက်တဲ့အချိန်မှာ မက်ဒူးဆာရဲ့လည်ပင်းကနေ ပဲဂဆပ်စ် (Pegasus)ကိုမွေးဖွားလာတယ်။
သူ့ကို ဉာဏ်ပညာနဲ့ စစ်အတတ်တို့ရဲ့နတ်ဘုရားဖြစ်တဲ့ နတ်ဘုရားမ အသီးနား(Athena) ကမွေးမြူထိန်းကျောင်းလေ့ကျင့်ပေးခဲ့ပြီး အရွယ်ရောက်ချိန်မှာလွတ်လပ်စွာသွားလာခွင့်ပြုထားခဲ့တာ။
နတ်မြင်းပျံဖြစ်လို့ သူ့ကိုဘယ်သူကမှလဲ ရန်ပြုဖို့မလွယ်ကူသလို ဖမ်းဆီးဖို့လဲမဖြစ်နိုင်။

ရေကိုငုံ့သောက်နေဆဲ နတ်မြင်းပျံပဲဂဆပ်စ်ရဲ့ရေကန်နားကို လူတစ်ယောက်ချဥ်းကပ်လာတယ်။
အတောင်ပံကိုဖြန့်၊ ကောင်းကင်ကိုပျံတက်ဖို့ အားယူစဥ်မှာပဲ အဲဒီလူကလက်ထဲက တစ်စုံတစ်ခုကိုမြှောက်ပြလိုက်တာကိုတွေ့လိုက်ရတယ်။
ရွှေရောင်တလက်လက်တောက်ပနေတဲ့ မြင်းဇက်ကြိုးတစ်ခု။
တစ်ချိန်က သူ့သခင်မ အသီးနားအသုံးပြုခဲ့တဲ့ ရွှေရောင်ကကြိုးတန်ဆာ။
ပျံပြေးဖို့အဆင်သင့်ဖြစ်နေပေမယ့် မပြေးတော့ပဲ သူ့သခင်မရဲ့ ရွှေရောင်ဇက်ကြိုးကိုကိုင်ဆောင်သူ လူငယ်ရဲ့လက်မှာ အဖမ်းခံလိုက်တယ်။

" နတ်မြင်းပျံ ပဲဂဆပ်စ်၊
မကြောက်လင့်။
ငါသည် နတ်ဘုရားမ အသီးနား၏ကောင်းချီးပေးမှုဖြင့် သင့်ကိုဆောင်ယူရန်လာသော သင်၏သခင်အသစ် ဘယ်လာရိုဖွန် ပင်ဖြစ်ပေသည်"

ဘယ်လာရိုဖွန်
************
ဘယ်လာရိုဖွန် (Bellerophon) ရဲ့ မိဘတွေက ခေါရင့် (Corinth) တိုင်းရဲ့ဘုရင်ကြီး ဂလောကပ်စ် (Glaucus) နဲ့ မိဖုရားကြီး ယူရီနိုမီ ( Eurynome)။
လက်မြန်ခြေမြန်ရှိတဲ့ ဘယ်လာရိုဖွန်က ငယ်ငယ်ကတည်းက အမြဲပြဿနာတွေရှာလာတတ်တယ်။
အရွယ်ရောက်ချိန်မှာ‌တော့ မမျှော်လင့်ပဲ လူတစ်ယောက်ကို မတော်တဆသတ်မိပြီး သတ်မိတဲ့သူကလဲ သူ့ညီ ဖြစ်တဲ့ ဒယ်လီအာဒီးစ် (Deliades) ဖြစ်နေတယ်။
ဒီအပြစ်ကြောင့် ခေါရင့်တိုင်းကနေ နယ်နှင်ဒဏ်ပေးခံရပြီး အာဂိုတိုင်းရဲ့ဘုရင်တစ်ပါးဖြစ်တဲ့ ပရိုးတက်စ် (Proetus) ဘုရင်နန်းစိုက်ရာ တာရင်း(Tiryns)မြို့ကိုထွက်သွားခဲ့ရတယ်။
တာရင်းဘုရင် ပရိုတက်စ်က သူ့ရဲ့အပြစ်တွေကနေပြေပျောက်သန့်ရှင်းသွားစေဖို့ သန့်စင်ပွဲကြီးတစ်ခုကျင်းပပေးပြီး ဘုရင်တစ်ပါးပေးနိုင်တဲ့ကောင်းချီးပေးမှုနဲ့ အာပတ်ဖြေပေးတယ်။
တာရင်းမှာနေလာတာ အချိန်ကြာလာတာနဲ့အမျှ ဘုရင် ပရိုးတက်စ်နဲ့ ဘယ်လာရိုဖွန်တို့ဟာလဲ အတော်လေးခင်မင်သွားကြပြီး တစ်ယောက်နဲ့တစ်ယောက် မကြာခဏဝင်ထွက်သွားလာကြရင်း ပြဿနာဖြစ်ဖို့အကြောင်းဖန်လာတော့တယ်။

ချောမောခန့်ညားတဲ့ လူငယ်လေးဘယ်လာရိုဖွန်ကို တွေ့တဲ့မြင်တဲ့ မိန်းကလေးတော်တော်များများက သဘောကျကြလေ့ရှိတတ်တယ်။
ဒါပေမယ့် ဘုရင်ပရိုးတက်စ်ရဲ့ မိဖုရားဖြစ်တဲ့ အန်တီးရာ (Anteia) က သူ့ကိုစိတ်ဝင်စားသွားတဲ့အခါမှာတော့ ဘယ်လာရိုဖွန်အတွက် ချောက်ကျဖို့ဖြစ်လာတာပါပဲ။
မိဖုရားက ဘယ်လာရိုဖွန်ကို သဘောကျလို့ နီးစပ်ဖို့ကြိုးစားပါတော့တယ်။
အခွင့်အရေးရရင်ရသလို မြှူဆွယ်ခံရပေမယ့် သူ့ကိုဧည့်ခံကျွေးမွေးထားတဲ့ မိတ်ဆွေဖြစ်သူ ဘုရင်ပရိုးတက်စ်မျက်နှာကိုထောက်ထားပြီး ဘယ်လာရိုဖွန်က လွတ်အောင်ရှောင်လေ့ရှိတယ်။
တစ်နေ့မှာတော့ သူ့ကိုလာမြူဆွယ်တဲ့ မိဖုရားအန်တီးရာကို ဘယ်လာရိုဖွန်က ယတိပြတ်ငြင်းလိုက်ပါတယ်။
" အသင်မိဖုရား အန်တီးရာ...
သင့်ခင်ပွန်း မင်းကြီးပရိုးတက်စ်သည် ကျွန်ုပ်အား ဧည့်ခံစောင့်ရှောက်ထားသည့် ကျွန်ုပ်၏ချစ်စွာသော အဆွေဖြစ်သည်။
ကျွန်ုပ်၏ မိတ်ဆွေကောင်းအား သစ္စာဖောက်ရမည့်အလုပ်မျိုးကို မည်သည့်အခါမှ ကျွန်ုပ်လုပ်လိမ့်မည်မဟုတ်သည်ကို သင်သိထားသင့်ပေသည်"
ငြင်းပယ်ခံရမှုနဲ့ အလိုဆန္ဒမပြည့်မှုကြောင့် ဒေါသအကြီးအကျယ်ထွက်သွားတဲ့ မိဖုရားအန်တီးရာ ကသူ့ခင်ပွန်းဖြစ်သူ ဘုရင်ပရိုးတက်စ်ဆီကိုငိုပြီးသွားတိုင်လေရဲ့။
ဘယ်လာရိုဖွန်က သူ့ကို ထိကပါး၊ရိကပါးလုပ်ပြီး မတော်မတရားကြံစည်ပါတယ်ဆိုပြီးတော့ပေါ့။

ဘုရင်ပရိုးတက်စ်က အမျက်ပြင်းစွာထွက်ပေမယ့်လဲ သူအရိပ်ခိုခွင့်ပေး၊ အစားအသောက်ပေး၊ အကာအကွယ်ပေးရမယ့်သူဖြစ်တဲ့ သူ့ဧည့်သည် ဘယ်လာရိုဖွန်ကိုသတ်ဖို့အဆင်မပြေပါဘူး။
အိမ်မှာ ခိုလှုံလာတဲ့ဧည့်သည်ကိုသတ်ရင် ဇူးစ်နတ်ဘုရားရဲ့ အမျက်ဒေါသ သင့်မှာဖြစ်တဲ့အတွက် ဘယ်လာရိုဖွန်ကို တစ်ဖက်လှည့်နဲ့ သူ့ယောက္ခမဖြစ်သူ လစ်ဆီရား (Lycia) တိုင်းရဲ့ဘုရင် အိုင်အိုဘာတီးစ် (Iobates) ဆီကို ချိတ်ပိတ်ထားတဲ့ စာတစ်စောင်နဲ့အတူလွှတ်လိုက်ပါတယ်။
စာထဲမှာတော့ ဘယ်လာရိုဖွန်ဟာ သူ့ကိုသစ္စာဖောက်ပြီး အိုင်အိုဘာတီးစ်ရဲ့ သမီးဖြစ်သူ သူ့မိဖုရား အန်တီးရာကို မသင့်မလျော်ကြံစည်တဲ့အတွက် ကူညီပြီးသတ်ပေးဖို့ ရေးထားတယ်။

စာကိုချက်ချင်းမဖတ်သေးပဲ ဧည့်သည့်အဖြစ်ရောက်လာတဲ့ ဘယ်လာရိုဖွန်ကို ဘုရင်ကြီး အိုင်အိုဘာတီးစ်က အရင်ဆုံး ကောင်းကောင်းမွန်မွန်လက်ခံပြုစုပါတယ်။
အဲဒီပွဲမှာ အိုင်အိုဘာတီးစ်ရဲ့ ချောမောလှပတဲ့ သမီးငယ် ဖီလိုနိုး (Philonoe) နဲ့ ဘယ်လာရိုဖွန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်မျက်စိကျသွားကြပါလေ‌တယ်။
အချိန်အတော်ကြာမှ ပေးလိုက်တဲ့စာကိုဖတ်ပြီးတဲ့အခါမှာ ဘုရင်ကြီး အိုင်အိုဘာတီးစ်အတွက်ကလဲ စိတ်ဆိုးပေမယ့် ဇူးစ်နတ်ဘုရားရဲ့ အိမ်ရှင်နဲ့ဧည့်သည်ကျင့်ဝတ် ကိုမဖောက်ဖျက်ရဲတော့ဘယ်လာရိုဖွန်ကို မသတ်ရဲပြန်ပါဘူး။
ဒီတော့ ဉာဏ်ဆင်ပြီး ဘယ်လာရိုဖွန်တစ်ယောက် သူ့ဟာသူသေသွားအောင်ကြံစည်ရပါတော့တယ်။

ခိုင်မဲရာ (Chimera)
*****************

" ဘုန်းကြီးသော ခေါရင့်ဘုရင် ဂလောကပ်စ်၏သားတော် လုလင်ပျို ဘယ်လာရိုဖွန်...
ကျွန်ုပ်၏တိုင်းဇနပုဒ်‌ဒေသ၌ ခိုင်မဲရာ ဟုခေါ်သော သတ္တဝါဆန်းသည် ‌နှောက်ယှက်ဖျက်ဆီးလျက်ရှိ၏။
ထိုသတ္တဝါဆိုးသည် ကြီးမားထွားကြိုင်း၍ ခြင်္သေ့ကိုယ်ရှိ၏။
အမြီးမှာ မြွေဆိုးတစ်ကောင်၏ ဦးခေါင်းပိုင်းဖြစ်၍ ကိုယ်ပေါ်တွင် ခြင်္သေ့ခေါင်းအပြင် ဆိတ်၏ဦးခေါင်းပါကျောပေါ်၌ ပါ၏။
ထိုဆိတ်ခေါင်းမှ မီးတောက်မီးလျှံများထုတ်လွှတ်နိုင်၏။
ကျွန်ုပ်၏တိုင်းသူပြည်သားတို့မှာ ထို ခိုင်မဲရာ သတ္တဝါဆန်းကြောင့် ဒုက္ခရောက်လှပေပြီ။
စိုက်ပျိုးခင်းတို့မှာ မီးလောင်တိုက်သွင်းခြင်းခံရ၏။
ကျွဲနွားတိရစ္ဆာန်တို့မှာ ခိုင်မဲရာ၏ ဖမ်းယူစားသောက်ခြင်းခံရ၏။
သူရဲကောင်းတို့မှာ ထိုသတ္တဝါ၏ သတ်ဖြတ်ခြင်းကြောင့် အသက်ဆုံးပါးကြရ၏။
ထို ခြင်္သေ့ကိုယ်နှင့် မီးမှုတ်နိုင်သည့်ဆိတ်ခေါင်း၊ အဆိပ်ပြင်းသည့်မြွေဆိုးအမြီးကိုပိုင်ဆိုင်သည့် ခိုင်မဲရာသတ္တဝါဆန်းကို သုတ်သင်သတ်ဖြတ်‌ပေးနိုင်ပါက သမီးတော် ဖီလိုနိုးနှင့် လက်ဆက်ထိမ်းမြားပေးပါမည်။
အို...ရဲရင့်သည့် သူရဲကောင်းလုလင် ဘယ်လာရိုဖွန်...
ကျွန်ုပ်နှင့် တိုင်းပြည်အားကူညီသည့်အနေဖြင့် ခိုင်မဲရာသတ္တဝါဆန်းကို နှိမ်နင်းပေးပါလော့"

ဘယ်သူမှမသတ်နိုင်တဲ့ သတ္တဝါဆန်း ခိုင်မဲရာ (Chimera) ကိုသတ်ဖို့ကြိုးစားရင်း ခိုင်မဲရာသတ်လို့ ဘယ်လာရိုဖွန်သေသွားအောင် ဘုရင်အိုင်အိုဘာတီးစ်က စီမံတာပါ။

အသီးနား၏အကူအညီ
******************
ကူညီမယ်လို့ ကတိပြုပြီးတဲ့နောက် ဘယ်လာရိုဖွန်ဟာ ခိုင်မဲရာကိုသတ်ရာမှာ စီးဖို့အတွက် နတ်မြင်းပျံပဲဂဆပ်စ် ကိုဖမ်းဖို့အကြိမ်ကြိမ်ကြိုးစားပေမယ့် မအောင်မြင်ပါဘူး။
ဒါနဲ့ ခေါရင့်တိုင်းသား နတ်ဆရာတစ်ယောက်ရဲ့အကြံပေးချက်အတိုင်း နတ်ဘုရားမအသီးနားရဲ့ ဘုရားကျောင်းမှာ နေ့ရောညပါ ဝတ်ပြုပြီးနည်းလမ်းပေးဖို့ဆုတောင်းတယ်။
ဘုရားကျောင်းထဲက အသီးနားရဲ့ ရုပ်တုရှေ့ မှာ အိပ်ပျော်နေတုန်း အိပ်မက်ထဲမှာ နတ်ဘုရားမအသီးနားနဲ့တွေ့တယ်။
" ငါအားရိုသေမြတ်နိုးစွာကိုးကွယ်ပသသည့် လူငယ်ဘယ်လာရိုဖွန်...
သင်သည် ဘုရင်ဂလောကပ်စ်၏ သားအရင်းမဟုတ်။
သင့်ဖခင်အရင်းမှာ သမုဒ္ဒရာကိုပိုင်စိုးသည့် နတ်မင်း ပိုဆီဒန်ဖြစ်၍ သင့်မိခင်မှာ ဂလောကပ်စ်၏မိဖုရားကြီး ယူရီနိုမီပင်ဖြစ်သည်။
မြင်းသတ္တဝါများကိုချစ်ခင်မြတ်နိုးမှုမှာ သင့်မွေးစားဖခင်နှင့် သင့်ဖခင်ရင်း၏ အမွေပင်။
ငါ့အား ရိုကျိုးစွာဆည်းကပ်မှုနှင့် သင်၏မြင်းများပေါ်ကြင်နာချစ်ခင်မှုကိုထောက်ထား၍ သင့်အား ဤရွှေရောင်မြင်းဇက်ကြိုးကိုပေးလိုက်မည်။
ဤရွှေဇက်ကြိုးကိုပြ၍ ဖမ်းပါက သင်၏အဖေတူအမေကွဲအကိုတော်သူ နတ်မြင်းပျံပဲဂဆပ်စ်သည် လွယ်လင့်တကူအဖမ်းခံလိမ့်မည်။
ပဲဂဆပ်စ်၏အကူအညီဖြင့် ရန်များကိုအောင်နိုင်ပါလေ"
" ကျေးဇူးကြီးလှပါသည် အရှင်အသီးနား...
နတ်မြင်းပျံပဲဂဆပ်စ်ကို ကျွန်ုပ် ကောင်းစွာစောင့်ရှောက်မွေးမြူပါအံ့"

"ကောင်းပြီ။
သင့်အတွက် ငါ၏ သတိပေးစကားကို နားဆင်လော့။
သင်သည် ကြီးကျယ်ခမ်းနားသော သူရဲကောင်းတစ်ဦးဖြစ်လာလိမ့်မည်။
သို့သော် လူသားတစ်ဦးအဖြစ် မိမိအတိုင်းအတာကို မိမိသိ၍ မာနကိုချိုးနှိမ်နိုင်ပါစေ။
သို့မဟုတ်က သင်၏ပျက်စီးခြင်းသည် ဆိုက်ရောက်လတ္တံ့"

အဲဒီနောက် အိပ်ရာကနိုးလာတဲ့အခါ သူ့ဘေးမှာရွှေရောင်မြင်းဇက်ကြိုးတစ်ခုရောက်နေတာကို ဘယ်လာရိုဖွန်တွေ့လိုက်ရတယ်။
နတ်မြင်းပျံ ပဲဂဆပ်စ်ကိုလဲ အဲဒီရွှေရောင်ဇက်ကြိုးအကူအညီနဲ့အလွယ်တကူပဲ ဖမ်းလိုက်နိုင်တယ်။
နတ်မြင်းပျံပေါ်တက်ပြီး ကောင်းကင်ကိုထိုးတက်သွားတဲ့အခါ နတ်မြင်းပျံပဲဂဆပ်စ်နဲ့ သူနဲ့ တစ်သားထဲဖြစ်သွားပြီး မကြာခင်မှာပဲ တစ်ယောက်နဲ့တစ်ယောက်ကောင်းကောင်းနားလည်ပြီး ရင်းနှီးတဲ့အဖြစ်ကိုရောက်သွားတော့တယ်။

ခိုင်မဲရာကိုတိုက်ခိုက်ခြင်း
*******************
ဂန္ထဝင်သတ္တဝါဆန်းကြီးခိုင်မဲရာကို ဘယ်သူမှ မသတ်နိုင်ပါဘူး။
အကြောင်းရင်းက မီးတွေအဆက်မပြတ်မှုတ်လွှတ်နိုင်တဲ့ ကျောပေါ်ကဆိတ်ခေါင်းကြောင့် အနားကိုကပ်ဖို့မဖြစ်နိုင်သလို၊ အနားကပ်ခဲ့ရင်လဲ အမြီးကမြွေဆိုးနဲ့အစွယ်ထက်တဲ့ ခြင်္သေ့ခေါင်း၊ လက်သည်းချွန်တို့ကြောင့် သတ်ဖို့ရာမလွယ်ကူတာပါ။
လေးမြားအတတ်ကျွမ်းကျင်တဲ့ ဘယ်လာရိုဖွန်က ပဲဂဆပ်စ်ပေါ်ကနေ ခိုင်မဲရာကို မြားတွေနဲ့တရစပ် ပစ်ပါတယ်။
မြားအားလုံးဟာ ခိုင်မဲရာထုတ်လွှတ်လိုက်တဲ့ မီးတောက်မီးလျှံတွေရဲ့ ဝါးမျိုမှုကိုခံရပြီး အရာမရောက်ပါဘူး။
ဒါနဲ့ပဲ ဘယ်လာရိုဖွန်ကသူရဲ့လှံတံထိပ်မှာ ခဲတုံးကြီးတစ်ခုကို တပ်ဆင်လိုက်ပြီး ခိုင်မဲရာရဲ့အပေါ်ကနေ  လှည့်ပတ်ပြီး ပျံသန်းနေလိုက်တယ်။
ခိုင်မဲရာက ဒေါသတကြီးနဲ့ မီးတွေကိုမှုတ်ထုတ်လိုက်တဲ့အချိန်ရောက်မှ ပါးစပ်ဟထားတဲ့ဆိတ်ခေါင်းထဲကို ခဲတုံးတပ်ထားတဲ့ လှံနဲ့ အားရပါးရထိုးထည့်လိုက်ပစ်လိုက်တယ်။
ခဲတုံးက မီးမှုတ်နိုင်တဲ့ဆိတ်ပါးစပ်ထဲကိုဝင်သွားပြီး ဆိတ်ခေါင်းကမီးတွေကိုဆက်မှုတ်တဲ့အခါ လည်ချောင်းထဲမှာ ခဲ ကအရည်ပျော်သွားလို့ လည်ချောင်းပိတ်၊ အသက်ရှူကျပ်ပြီး ဆိတ်ခေါင်းက အသက်ငင်သွားတော့တယ်။
မီးလဲ မမှုတ်နိုင်တော့။
အဲဒီအချိန်ကျမှ ဘယ်လာရိုဖွန်က ပဲဂဆပ်စ်နဲ့ တဟုန်တိုး ထိုးဆင်းလိုက်ပြီး ခြင်္သေ့‌ခေါင်းကို ဓါးနဲ့အစွမ်းကုန်ပိုင်းချလိုက်တယ်။
ရှေ့ကို ခြေတစ်လှမ်း၊ နှစ်လှမ်းလောက်လှမ်းပြီးတဲ့နောက် သွေးပွက်ပွက်အန်လို့ နေရာမှာတင် ခိုင်မဲရာ သေဆုံးသွားပါတော့တယ်။
ဒီတော့မှ ဘယ်လာရိုဖွန်က သူ့ရဲ့ဆုလာဘ်ဖြစ်တဲ့ ခိုင်မဲရာခေါင်းကိုဖြတ်ပြီး သူ့ရဲဘော်ရဲဘက် နတ်မြင်းပျံပဲဂဆပ်စ်ပေါ်ကိုတင်လို့ သူ့ကိုသေစေဖို့ကြံစည်နေတဲ့ ဘုရင် အိုင်အိုဘာတီးစ် ဆီကို ဘာမှမရိပ်မိပဲပြန်သွားလေတယ်။

မောင်ဇိ ( ၁၂၊ ၀၅၊ ၂၀၂၀)
Pictures: Internet





No comments:

Post a Comment